မီးပိတ်လိုက်ပါ

 မီးပိတ်လိုက်ပါ

--------------

စာရေးလို့ အဆင်မပြေချိန် (ဘာဆက်ပြီးရေးရမှန်းမသိဖြစ်နေချိန်)၊ စာလည်းဆက်ဖတ်ဖို့ စိတ်မရောက်ချိန် ဆိုလျှင် ကျွန်တော်လုပ်လေ့ရှိသည့် အကျင့်တစ်ခုမှာ ကွန်ပျူတာကိုပိတ်၊ မီးတွေကိုပိတ်လိုက်ပြီး တိတ်တိတ်လေး ထိုင်နေတတ်ခြင်းဖြစ်သည်။ 


ရှေ့ဆက်၍မရသည်ကို အတင်းဖြစ်ညှစ်ကာ ကြိုးစားနေလျှင် ပင်ပန်းတာပဲ အဖတ်တင်မည်။ စာရေးဆရာကြီး တစ်ဦး (မည်သူမှန်းမမှတ်မိ) ပြောဖူးသည်။ ဦးနှောက်ကို အတင်းဖြစ်ညှစ်ပြီး အားထုတ်နေလျှင် ပင်ပန်းသည့် စာတွေပဲထွက်လာလိမ့်မည်ဆိုသည်ကို ကျွန်တော်ထောက်ခံပါသည်။ 


မြန်မာပြည်မှာက မီးပိတ်စရာမလိုပါ။ ပြတ်ချင်သည့်အချိန် ပြတ်နေတတ်သည့် လျှပ်စစ်မီးကို အကြောင်းပြုပြီး မီးမပြတ်မချင်း စာရေးသည်၊ စာဖတ်သည်၊ မီးပြတ်လိုက်လျှင် နားလိုက်သည်။ အတွေးသစ်တွေကို ပွားနိုင် အောင် ကြိုးစားသည်။ သူ့ဘာသာသူ လာချင်လာ၊ မလာချင်နေ။ ကိုယ့်ဘာသာကိုယ် ကိုယ့်စိတ်ကူး နှင့်ကိုယ် ပျော်အောင်နေ။ သို့သော် မီးပြတ်ချိန် စိတ်ကူးတွေက မီးလာချိန်တွင် ပြန်ပြီးဆက်စပ်မရတာတွေလည်း ရှိတတ်သည်။ ထို့ကြောင့် စာရွက်လေးနှင့် ခဲတံလေး ဘေးတွင်ချထားရသည်။ သဲလွန်စလေးတွေ ချန်ထားရသည်။


ကျွန်တော်နေသည့်နေရာမှာ အင်တာနက်ရသည်ဆိုသော်လည်း ဖောဖောသီသီသုံးနိုင်သည့် အနေအထားတွင် မရှိပါ။ ၁၀၀၀ မျိုး ၂၀၀၀ မျိုး ကတ်ဝယ်သုံးမှ အင်တာနက်ကို သုံးနိုင်ပါသည်။ သို့သော် ကျွန်တော်က ပညာရှာရ မည်ကို နှမြောတတ်သူတစ်ယောက်မဟုတ်။ ထို့ကြောင့် YouTube တွင်ငွေကုန်ခံပြီး TED Talk ပွဲလေးတွေကို လည်း နားထောင်နိုင်အောင်ကြိုးစားရသည်။ စိတ်ကူးသစ် အတွေးသစ်တွေကို ရစေနိုင်သောကြောင့်ဖြစ်သည်။ 


TED Talk တစ်ခုတွင်လည်း Holley Moyes ဆိုသူ၏


“သူများနှင့်မတူအောင်တွေးချင်သလား ... ရှင်တို့ခေါင်းပေါ်က မီးကို ပိတ်လိုက်ပါ” ဆိုသည့် စကားလေးက ကျွန်တော့်ကို အတွေးစတစ်ခုဖြစ်စေသည်။ 


လူတွေက အမှောင်ကို ကြောက်သူကကြောက်သည်။ သို့သော် အမှောင်ထဲတွင် ရှာတတ်လျှင်ရနိုင်သော ငြိမ်းချမ်းမှုတွေ၊ အတွေးအမြင်တွေ အများကြီးရှိနိုင်သည်။ 


ကျွန်တော့်အနေဖြင့် “မီးပိတ်လိုက်ပါ” ဆိုသည့် သဘောတရားလေးကို ကြိုက်သည်မှာကြာပါပြီ။ သို့သော် မြို့ပြ လူနေမှုတွင် မီးပိတ်လိုက်တိုင်း မငြိမ်းချမ်းခဲ့သဖြင့် ထိုနည်းကို ကျင့်သုံးရန် မအောင်မြင်ခဲ့ပါ။ မြို့ပြတွင် မီးပိတ် လိုက်လျှင် ခြင်တွေကလာသည်။ ခြင်ရန်ကို ကာကွယ်နေစဉ်မှာပင် အိမ်ရှေ့အိမ်မှ အလှူခံက ဓာတ်စက်ကြီးနှင့် အသံကုန်အော်တော့သည်။ ခြင်ကိုက် ဓာတ်လိုက်နေသည်နှင့် မီးကိုဖွင့်ကာ စာတွေကို အတင်းရေးနေရသည်။ လူပန်းတော့ စာပန်းသည်။


ယခုတောရွာလေးတွင်တော့ အေးချမ်းလှသည်။ မတွေးချင်လျှင် မီးပိတ်လိုက်သည်၊ မရေးချင်လျှင် မီးပိတ်လိုက် သည်။ ပတ်ဝန်းကျင်က ဖားလေးတွေ ပုရစ်လေးတွေ အော်သံကလွဲပြီး ဘာသံမျှ မကြားရ။ စိတ်ထဲတွင် ငြိမ်းချမ်းပြီး လန်းသွားလျှင် မီးဖွင့်လိုက်သည်။ ဆက်တွေးသည် ဆက်ရေးသည်။


Holley Moyes က သူမအနေဖြင့် လက်တွေ့စမ်းသပ်ခဲ့ဖူးသည်ကို ပြောပြသည်။ ကျောင်းသားတွေကို အုပ်စု နှစ်စု ခွဲလိုက်သည်။ တစ်စုကို မီးတွေလင်းနေသည့် အခန်းထဲတွင်ထားပြီး အခန်းပတ်လည်တွင် ပန်းချီကားတွေ ရုပ်ပုံတွေ ချိတ်ထားသည်။ အခြား ကျောင်းသားတစ်စု၏ အခန်းထဲတွင်ကား မီးကိုမှိန်မှိန်လေးသာ ထွန်းထားသည်။


လင်းသောအခန်းနှင့် မှောင်သောအခန်းမှ ကျောင်းသားအုပ်စုနှစ်စု၏ကို မေးခွန်းလေးတွေမေးသည်။ အလင်း ခန်းထဲမှ ကျောင်းသားများ၏ ခန့်မှန်းချက်တွေက သိပ္ပံနည်းကျသည်၊ လက်တွေ့ကျသည် ဆိုသော်လည်း၊ အမှောင်ခန်းထဲမှ ကျောင်းသားတွေ၏ အဖြေက ပိုပြီးစိတ်ကူးကောင်း၊ အတွေးကောင်းလေး တွေဖြစ်နေ သည်ကို တွေ့ရသည်ဟု ဆိုပါသည်။ 


ထို့ကြောင့်လည်း လက်ရှိအနေအထားထက် ပိုပြီးကောင်းသည့် စိတ်ကူးကောင်း၊ အတွေးကောင်းတွေကို လိုချင်လျှင်


“မီးပိတ်လိုက်ပါ” ဟုဆိုခြင်းဖြစ်သည်။ 


ကျွန်တော်တို့ဘဝတွင် ပတ်ဝန်းကျင်က အရေးကြီးသည်။ ငြိမ်းချမ်းသော ပတ်ဝန်းကျင်နှင့် ကြောက်ရွံ့ ထိတ်လန့်နေရသည့် ပတ်ဝန်းကျင်။ ထိုပတ်ဝန်းကျင်နှစ်ခုတွင် ရှင်သန်နေရသူတို့မှာ မည်သူတွေက ပိုပြီး အတွေးအမြင်ကောင်း၊ စိတ်ကူးကောင်းတွေကို ဖော်ထုတ်နိုင်မည်နည်း။


မီးပိတ်လိုက်သော်လည်း ကျွန်တော်တို့ ခြေသံတွေကို နားစွင့်နေရလျှင် ကျွန်တော်တို့ဘဝများသည် အဘယ်မှာလျှင် ငြိမ်းချမ်းနိုင်ပါမည်နည်း။ မငြိမ်းချမ်းသောဝန်းကျင်၊ မအေးဆေးသော အနေအထားတွေမှ မည်သည့် တိုးတက်သော တီထွင်မှုကောင်းများ စိတ်ကူးကောင်းများကို ရနိုင်ပါမည်နည်း။ ကျွန်တော်တို့ ကလေးတွေ၏ နစ်နာမှုများဖြစ်သည်။


Holley Moyes က ဘဝတွင် မိမိစိတ်ကူးအတွေးတွေကို ဆက်ပြီးရှင်သန်လိုလျှင် မိမိကိုယ်ကို ကုစားနိုင်အောင် ကြိုးစားရမည်။ အကောင်းဆုံးနည်းမှာ အလှည့်အပြောင်းတစ်ခုခု လုပ်လိုက်ပါ။ ငြိမ်ငြိမ်လေးထိုင်နေလိုက်ပါ။ မီးပိတ်လိုက်ပါ။ အားပြန်မွေးပါ ... ဆက်လုပ်ပါ။


ကျွန်တော်တို့အပေါ်တွင် စိုးမိုးထားသည့် အလင်းကို ကျွန်တော်တို့ အမြဲမလိုပါ။ ထို့ကြောင့်လည်း မီးခလုတ်ကို ထားခြင်းဖြစ်ပါသည်။ မီးခလုတ်ကို ကျွန်တော်တို့အတွက် လိုလျှင်ဖွင့်မည်၊ မလိုလျှင် ပိတ်ထားမည် ဆိုသည့် သဘောဖြင့် တီထွင်ပေးထားခြင်းဖြစ်သည်။ အိပ်စက်ရာတွင်ပင် အချို့က မီးဖွင့်ထားလျှင် အိပ်တတ်ပြီး၊ အချို့က မီးပိတ်ထားမှ အိပ်တတ်သည်။ လူအမျိုးမျိုး စိတ်အထွေထွေ။


သို့သော်


ကျွန်တော်တို့ခေါင်းပေါ်တွင် ထွန်းထားသည့်မီးသည် ကျွန်တော်တို့အတွက် အမြဲမလိုပါ။


စိတ်ထဲတွင် ပင်ပန်းနွမ်းနယ်နေချိန်တစ်ခုတွင်


ငြိမ်ငြိမ်လေး နေကြည့်လိုက်ပါ


“မီးပိတ်လိုက်ပါ”


တင်ညွန့်


၃၀.၆.၂၀၂၂