အတိတ်နေ့စွဲများ(စ/ဆုံး)
———————
ကျွန်မသည် ပညာရေးမိသားစုမှ မွေးဖွားလာသူဖြစ်ပြီး မောင်နှမ သုံးယောက်အနက် အလတ် ဖြစ်သည်။ အလတ်ဆိုသည့်အတိုင်း ကျွန်မက မိသားစုထဲမယ် လိုသုံးဖြစ်လေသည် ။ တခြားသော အလတ်တွေတော့ သူတို့ကို မိသားစုက ဘယ်လိုဘယ်ပုံဆက်ဆံသည် မသိပေမဲ့ ကျွန်မကတော့ မိသားစုထဲ အဆူခံ အရို က်ခံ ဖြစ်သည် ။ ကျွန်မ၏ အမေသည် ကျောင်းဆရာမ ပီသစွာ စည်းကမ်းလည်း ကြီးသလို ၊ အရို က်လည်း ကြမ်းပါသည် ။ ကျွန်မသည် အဖေနှင့် အမေ နှစ်ယောက်ထဲတွင် အမေ့ကိုပို၍ ကြောက်ရပါသည်။ အဖေကတော့ အေးအေးဆေးဆေး သမားဖြစ်သည် ။ သူတာဝန်ကျရာမြို့များတွင် သွားရောက်နေရတတ်ပြီး ကျောင်းပိတ်ရက်များ၌သာ အဖေ့ကို တွေ့ရပါသည် ။ ကျွန်မသည် ကျွန်မ၏ အထက်က အစ်ကိုကြီးကိုတော့ အရမ်းချစ်ပါသည် ။ ကျွန်မ အော က်က မောင်လေးနှင့်တော့ ၈ နှစ်လောက် ကွာတာမို့ အနေလည်း မနီးသလို သိပ်ပြီးလည်း မခင်တွယ်ပါ ။ မောင်လေးက အငယ်ဆုံးမို့ အမေက သူ့ကိုဆို အကဲပိုသည် ။ မောင်လေးကလည်း ဆိုးပါသည်။ ထို့ကြောင့် ကျွန်မနှင့် အနေအထိုင်သိပ်မကပ်ကာ မတည့်ကြပေ။
ကျွန်မသည် နွေးထွေးမှုဆိုတာ ဘာလဲ ဟု မေးရလောက်အောင်ပင် မိသားစုဆီက ချစ်ခြင်းမေတ္တာကို မရရှိခဲ့ပေ ။ အဖေသည်လည်း တာဝန်ကျရာ မြို့များ၌ နေရတာမို့ အိမ်မှာ မတွေ့ရသလို အမေသည်လည်း အိမ်မကပ်ပါ ။ အမေသည် ကျောင်းတက်ရ ၊တောင်သူအလုပ် လုပ်ရ ၊ ဈေးရောင်း ရနှင့် စီးပွားရှာသည်။ ကျွန်မသည် အိမ်အလုပ်များလုပ်ရ ၊ မောင်လေးကို ထိန်းရနှင့် ကျွန်မအတွက် အချိန်တောင် ရှာမရပါ။ အစ်ကိုကြီးကလည်း သူ၏ ကျောင်းစာ ၊ သူ၏ အလုပ်နှင့် မအားလပ်ပါ။
အဖေနှင့်အမေသည် စီးပွားတွေ ကုန်းရုန်းရှာကာ မိသားစုအတွက်တောင် အချိန် မပေးနိုင်ပေ ။ ထိုအခါပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိပေ ။ ဒီမိသားစုမှာ ဘာပျော်ရွှင်မှုမှ မတွေ့ရပေ ။ ထိုအခါ ကျွန်မ အတွေးတစ်ခုဝင်မိသည် ။ သူများမိသားစုတွေ မရှိအတူ တောင်ယာအလုပ် လုပ်ကာ ညနေဆို သိမ်း၍ ညစာကို ထမင်းပူပူလူလူ ယပ်ခတ်ကာ မိသားစုလိုက်တစ်ပျော်တစ်ပါး လက်ရည်တစ်ပြင်တည်း စားကြသောက်ကြရသည်။ သူတို့သည် မရှိပေမဲ့ ပျော်ရလေသည်။ မိသားစုတစ်စု၏ နွေးထွေးမှု ပျော်ရွှင်မှုဆိုတာကို ခံစားကြရေလသည်။ ကျွန်မတို့မှာတော့ ပိုက်ဆံရှိသော်ငြား မပျော်ရွှင်ရ ။ ပျော်ရွှင်မှုမဲ့နေလေသည် ။ မရှိတဲ့ဘဝကမှ တော်ေပပါဦးမည် ။
ကျွန်မသည် ပိုက်ဆံဆိုတာ ဘာမှန်းပင်မသိရပါ။ မသုံးရသလို ကိုင်လည်း မကိုင်ရပါ ။ ကျောင်းတက်တော့ သူများကလေးတွေ စားသလို စားချင်သည်။ သူများကလေးတွေ ဝယ်သလို ဝယ်ချင်သည်။ ထိုအခါ အိမ်ကိုတောင်းသည်။ မပေးပါ ။ ရှိပါလျက်နှင့် မပေးပေ။ မပေးလို့ ပူဆာတော့လည်း ဝယ်မပေးပေ ။ တစ်ခါ ပူဆာ နှစ်ခါ ပူဆာ သုံးခါ ပူဆာသော်ငြား မပေးပေ။ ထိုအခါ ကျွန်မ ပိုက်ဆံခိုးမိသည်။ ပိုက်ဆံမရှိလို့ မေပးတာ ၊ မဝယ်ေပးတာမှ မဟုတ် ။ ရှိနေပါလျက် မပေးတာမှန်း သိလေတော့ ခိုး၍ သုံးမိလေသည် ။
ထိုသို့ ခိုးတာကို အမေမိလေတော့ ကျွန်မ လက်ကို ရေနွေးပူနှင့် လောင်းသည်။
” ပိုက်ဆံ ခိုးတာ ဒီလက်လား ” ဟု မေးမေး၍ လောင်းလေသည် ။ လက်အပူလောင်တော့ အော်ငို ရသည် ။ ပိုက်ဆံခိုးတာဟာ လိုချင်တာရှိလို့ ခိုးတာမှန်း သိသော်လည်းအမေက ဝယ်မပေးပါ။ ထိုအခါ ကျွန်မသည် အမှတ်မရှိ ထပ်ခိုးမိလေသည်။ အမေ့၏ ပြစ်ဒဏ်များက တဖြည်းဖြည်း ကြီးမားလာပါသည် ။ ဒုတိယအကြိမ်မိတော့ ကျွန်မကို တိုင်မှာ ကြိုးနှင့်တု တ်၍ ရို က်သည်။နေပူလှန်းထားသည်။ တတိယအကြိမ် မိတော့ ထမင်းအငတ်ထားသည့် ပြစ်ဒဏ်တစ်ခု ထပ်တိုးလိုက်သည် ။ ခန္ဓာကိုယ်မှာ အရှိုးရာထပ်အောင် ရို က်လေသည်။
” နင် ပိုက်ဆံခိုးတယ်မလား ” ဟု အမေက ဒေါသတကြီးနှင့်မေးသောအခါ ကလေးပီပီကြောက်တာကြောင့် ” မခိုးဘူး” ဟု လိမ်မိလျှင် လျှာကို အပ်နှင့်ထိုးသည်။
“လျှာထုတ် လိမ်တဲ့လျှာ အပ်နဲ့ထိုးမယ် ” ဟု ဆိုကာ အပ်တစ်ချောင်းကိုကိုင်၍ စိတ်ဆိုးမာန်ဆိုးပြောသည်။ နာမှာလည်းကြောက် ၊ အမေ့ကိုလည်းကြောက်တော့ လျှာကို မထုတ်ချင်ထုတ်ချင်ဖြင့် ထုတ်ရသည်။ ဤသို့ဖြင့် ကျွန်မသည် ငယ်စဉ် ကတည်းကပင် အမေ့ကိုဆို အသည်းခိုက်အောင် ကြောက်ရွံရပါသည်။
အမေသည် ကျွန်မစကားထက် ဘေးလူ၏ စကား၊ အပြင်လူတွေ၏ စကားကို ပို၍ ယုံကြည်ပါသည်။ ကျွန်မ ရည်းစားမထားပါဘဲနှင့် ဘေးလူက ကျွန်မရည်းစားရနေသလား မသိဘူး ဟု အမေ့ကိုလာပြောလျှင် အမေသည် ထိုလူကို ယုံကြည်ကာ ကျွန်မကို ရို က်တော့သည် ။ ကျွန်မသည် အမေနှင့် နေရသည်မှာ အမြဲ အရို က်ခံ အဆူခံ၍ နေရခြင်း ဖြစ်သည် ။
ကျွန်မ ၉ တန်းနှစ်တွင် အစ်ကိုကြီးဆုံးသည်။ ဆိုင်ကယ်နှင့်ကား တိုက်မိ၍ သွေးထွက်လွန်သွားသည် ဟု သိရသည်။ အစ်ကိုကြီး ဆုံးသည့်နေကစ၍ ရက်လည် ဆွမ်းသွတ်သည့်နေ့အထိ အမေသည် ကျွန်မကို တခြားရွာက အဒေါ့်အိမ်ဆီပို့ထားကာ အိမ်ကိုလုံးဝ ပြန်လာမခံပေ။ ကျွန်မသည် အမေ့အတွက် အနှောက်အယှက်ဖြစ်စရာ ၊ အာရုံနောက်စရာ ဖြစ်နေသလား ဆိုတာ ကျွန်မ မသိပါ ။ ကျွန်မသည် အဒေါ့်အိမ်မှာ မျက်ရည်လည်ရွဲ ဖြစ်ခဲ့ရသည်။ အစ်ကိုကြီး၏ နောက်ဆုံး မျက်နှာလေးကိုပင် မမြင်ခဲ့ရတာကြောင့် ဝမ်းနည်းကြီးစွာ ငိုခဲ့ရေလသည်။
အစ်ကိုကြီးထွက်သွားပြီးနောက်မှာ အဖေကပါ အစ်ကိုကြီးနောက် လိုက်သွားပြန်သည်။ အဖေသည် ကျွန်မ ၁၀ တန်းနှစ်တွင် ဆုံးလေသည် ။ လူကြီးရောဂါဟုသာ သိရသည် ။ မိသားစုထဲတွင် ကျွန်မအခင်တွယ်ရဆုံး လူနှစ်ယောက်သည် ရှေ့ဆင့်နောက်ဆင့် ထွက်ခွာသွားကြလေသည်။ အဖေဆုံးတော့ အဖေ့ရုပ်အလောင်းရှေ့တွင် အမေ နှင့် ကျွန်မ ရန်ဖြစ်ခဲ့ရသည်။ ကျွန်မ ဘာလုပ်လုပ် အပြစ်မြင်ကာ ဆူပူမာန်မဲနေသော အမေ့ကို အဖေမရှိတော့သည့်အခါမှာ ကျွန်မ သည်းမခံနိုင်တော့ပေ ။ အဖေရှိတုန်းကတော့ …
” နင့်အမေကို နားလည်ပေးလိုက်ပါ ”
” နင့်အမေစကား နားထောင် ” ဟူသော အဖေ့စကားဖြင့် ကျွန်မ ဘယ်လောက် အဆူခံရ အရို က်ခံရပါစေ သည်းခံခဲ့သည်။ အမေသည် ကျွန်မနှင့် စကားများ ရန်ဖြစ်တိုင်း အိမ်ပေါ်က နှင်ချတတ်သည် ။ ဒီတစ်ခေါက်လည်း အဖေ့ရုပ်အလောင်းရှေ့မှာပဲ သူ၏ အမြင်မကြည်မှုတစ်ခုကို ပုံကြီးချဲ့ကာ ကျွန်မကို နှင်ချပြန်သည်။ ကျွန်မ ငိုယို၍ အိမ်ပေါ်က ဆင်းလာခဲ့ရသည်။ အဖေ့ ရက်လည်တွင် ရေစက်ချခွင့်မရခဲ့သလို အိမ်အရိပ်ပင် လာခွင့်မရှိခဲ့ပါ ။ ကျွန်မ၏ အမေသည် ထိုမျှေလာက်အထိ ဒေါသ၊ အတ္တ ကြီးမာပါသည်။
ရက်အနည်းငယ်ကြာမှ အမေက စိတ်လျှော့၍ ကျွန်မကို အဒေါ့်အိမ်ဆီ လိုက်ခေါ်ခဲ့သည်။ သို့သော် အမေနှင့် အမြဲ ကတောက်ကဆ ဖြစ်ရစမြဲပင် ။ ကျွန်မသည် ထိုအချိန်ကစ၍ ရည်းစားပွေခဲ့သည် ။ စိတ်ထွက်ပေါက်ရလိုစိတ်ဖြင့် ရည်းစားတစ်ယောက်ပြီးတစ်ယောက်ထားခဲ့သည် ။ အိမ်တွင် အမေသည် ကျွန်မကို ပြသနာ အမြဲရှာသည်။ ကျွန်မဘာသာ နေနေလျှင်လည်း အမေက ကြံဖန်အပြစ်ရှာတတ်သည် ။ သူ့ဘာသာ ပိုက်ဆံပျောက်လျှင်လည်း ကျွန်မခိုးတယ် ဟု စွပ်စွဲသည်။ ကျွန်မကို အမြဲ မယုံသင်ကာ ဖြစ်နေပြီး အိမ်လာသမျှလူတိုင်းကို ကျွန်မဟာ ဘယ်လို ခိုးတတ်တဲ့အကျင့်ရှိကြောင်း ဘယ်လိုဆိုးကြောင်း ပြောလေသည်။ ကျွန်မသည် မိဘအိမ်၊ အမေ့အိမ်မှာ နေနေရပေမဲ့ နွေးထွေးမှု ၊ ကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာ ငတ်မွတ်ခဲ့ရသည် ။ ပျော်ရသည့်ရက်ပင်မရှိခဲ့ပေ။
အမေ့စကားများကြောင့် လူတကာသည် ကျွန်မကို အထင်သေးအမြင်သေးဖြင့်ကြည့်ကြသည် ။ ကျွန်မလာလျှင် သူခိုးတစ်ယောက်ကိုကြည့်သော မျက်လုံးများဖြင့်ကြည့်ကြသည် ။ ကျွန်မသည် ဘဝမယ် မိဘကမပေးလို့သာ မိဘဆီက ခိုးမိပေမဲ့ သူတစ်ပါးဆီကနေ အပ်တိုတစ်ချောင်း ပင် မယူခဲ့ဖူးပေ ။ သို့သော် လူတွေဟာ အမေ့စကားတွေကိုသာနားဝင်နေတာကြောင့် ကျွန်မကို သူခိုးတစ်ယောက်အလား နှိမ်သလိုကြည့်ကာ အယုံအကြည်မရှိကြတော့ပေ။ ကျွန်မ စိတ်ပင်ပန်းခဲ့ရသည် ။ အမေ့၏ ကျွန်မအပေါ်အမြင်နှင့် ပတ်ဝန်းကျင်ကလူတွေ၏ အမြင်များကြောင့် ကျွန်မအနေကျဉ်းကြုပ်ကာ စိတ်ဆင်းရဲခဲ့ရသည် ။ ထို့ကြောင့် စိတ်သက်သာရာရအောင် ရည်းစားတွေထားမိခြင်းဖြစ်သည် ။
ကျွန်မ ၁၀ တန်းအောင်တော့ တက္ကသိုလ်တက်ဖို့ စရိတ်ကို အမေ့ဆီကမရပါ ။ ကိုယ်တိုင် အလုပ်လုပ် ပိုက်ဆံရှာ၍ အဝေးသင် တက်ခဲ့ရသည် ။ ကိုယ်ရသည့်ပိုက်ဆံနှင့် ချွေချွေတာတာ သုံးရင်း ကျောင်းတက်ခဲ့ရသည် ။ ပထမနှစ်မှာပဲ ကွမ်းယာဆိုင်က ကောင်လေးတစ်ယောက်နှင့် ကျွန်မ ချစ်ကြိုက်မိသည်။မိဘဆီက ငွေကြေးပိုင်းရော စိတ်ဓာတ်ခွန်အားပိုင်းရော ဘာဆိုဘာတစ်ခုမှ မရသည့်ကျွန်မ အတွက် ထိုကောင်လေးဆီကရသော အချစ်တစ်ခုက ဘဝဖြစ်ခဲ့သည် ။ သူ့နံမည်က သူရဇော်ဟု ခေါ်သည်။ငယ်သေးတော့ အိမ်ထောင်ပြုခြင်းဆိုသည့်ကိစ္စကို သာမာန်ကာလျှံကာ သဘောထား၍ သူရေဇာ်နှင့် ယူမိသည်။ အမေက ကျွန်မ ကို မတားသလို ၊ သဘောတူသည် မတူသည် ဘာဆိုဘာမှမပြောပါ ။ ကျွန်မကိစ္စကို အမေဟာ လုံးလုံးလျားလျားကို စိတ်ဝင်စားခြင်း မရှိခဲ့ပေ ။
အိမ်ထောင်ကျပြီးတော့ စိတ်ကူးထားသလို အဆင်ပြေသာယာမှု မရှိခဲ့ပေ ။ သူရဇော်နှင့် သဘောထားချင်း မတိုက်ဆိုင်တာတွေ ၊ နားလည်မှုမရှိတာတွေများလာသည် ။ ကျွန်မ သူနှင့် တတ်နိုင်သမျှ အဆင်ပြေအောင် ညှိသော်လည်း သူ့ဘက်က မညှိချင် ။ ကျွန်မတတ်နိုင်သမျှ ပြေလည်ဖို့ကြိုးစားသော်လည်း သူ့ဘက်က မကြိုးစားတာကြောင့် တစ်နှစ်မပြည့်ခင်မှာပဲ ကွာရှင်းလိုက်ရသည်။
သူရဇော်နှင့် ကွာရှင်းပြီးသွားတော့ ကျွန်မပုံမှန်အတိုင်းပဲ ကျောင်းဆက်တက်သည် ။ အလုပ်လုပ်သည် ။ အမေနှင့်ကတော့ ထုံးစံအတိုင်း အဆင်မပြေ ။ အမေ့ဆီက မုန့်ဖိုးလည်းမရသလို ပိုက်ဆံနှင့်တူတာ ဘာတစ်ခုမှမရခဲ့ပေ ။ ပထမနှစ်လည်း ကိုယ့်စရိတ်နှင့်ကိုယ် ဒုတိယနှစ်လည်း ကိုယ့်စရိတ်နှင့်ကိုယ်သာ တက်ခဲ့ရသည်။ တတိယနှစ်မှာ ကျွန်မထက် အသက် ၅ နှစ်ကြီးသော ကိုမျိုးမင်းအောင် ဆိုသူနှင့် ချစ်သူ ဖြစ်ခဲ့သည်။ သူက ကျွန်မကို သိပ်ချစ်သည် ။ သိပ်ဂရုစိုက်သည်။ ကျွန်မအတိတ်ကိုလည်း သူကနားလည်ပေးသည်။ ကျွန်မအတိတ်ကို လက်ခံပေးနိုင်သူမို့ ကျွန်မလည်း သူ့အပေါ် အားကိုးယုံကြည်မိခဲ့သည်။ ချစ်သူဖြစ်ပြီးမကြာ ကျွန်မကို လက်ထပ်ခွင့်တောင်းတာမို့ ကျွန်မ သူနှင့် တတိယနှစ်မှာ ယူဖြစ်ခဲ့သည်။ သို့သော် ယောက်ျားတွေဟာ ကျွန်မနှင့်ယူပြီးမှ ဘာကြောင့်ပြောင်းလဲသွားကြသလဲဆိုတာ ကျွန်မ စဉ်းမရခဲ့ ။
ကိုမျိုးမင်းအောင်သည် ကျွန်မကို အရမ်းသဝန်တိုသည်။ ကျွန်မကို အစစအရာရာ လိုက်ချုပ်ချယ်ကာ အိမ်ထဲက အိမ်ပြင်ကိုပင် မထွက်ခိုင်းပေ။ အဆိုးဆုံးကတော့ မူးလာလျှင် ကျွန်မကို တွေ့ကရာလူနှင့် ပေးစားပြီး ပြောဆို ဆဲဆို တတ်တာဖြစ်သည်။ ကျွန်မသည် အိမ်ထောင်ကွဲမဖြစ်လိုတော့တာကြောင့် သူ့ကို အစစအရာရာ သည်းခံ၍ နေခဲ့သည် ။ သူ့စိတ်တိုင်းကျနေပေးသည် ။ သူမကြိုက်တာကို ရှောင်ကျဉ်ပြီး နေပေးသည် ။ ကလေးရလျှင်တော့ လိမ္မာကောင်းပါရဲ့ဟု ကျွန်မထင်ခဲ့သည်။ သို့သော် ကလေးတစ်ယောက်ရသည် အထိ သူ့ အကျင့်ကမပြောင်းလဲပေ။ မူးလာလျှင် သူ့ညီအစ်ကိုမောင်နှမနှင့်ပါ မချန် ကျွန်မကို ပေးစားပြီးဆဲသည်။ ကျွန်မသည် ကျန်တာ သည်းခံနိုင်ပေမဲ့ ထိုသို့ ပေးစားတာကိုတော့ သိပ်ရွံမုန်းသည်။ ကျွန်မသည် သားလေး မျက်နှာနှင့် သူ့ကို တတ်နိုင်သမျှ သည်းခံပြီးပေါင်းသော်ငြား သူက တစ်နေ့ထက်တစ်နေ့ဆိုးသွမ်းလာသည်။ အချိန်ကြာလာတာနှင့်အမျှ သူ့အပေါ် ချစ်ခြင်းမေတ္တာ မရှိတော့ဘဲ ကြောက်ရွံ့စိတ်သာကြီးစိုးလာသည် ။ ထိုအခါ ကျွန်မသားလေးကိုခေါ်ကာ သူ့ဆီက ထွက်ပြေးမိတော့သည်။
သူက ကျွန်မကို လိုက်ခေါ်သည်။ ကျွန်မသည် သူနှင့်အတူနေရမှာ သိပ်ကိုကြောက်ရွံ့နေပြီမို့ ပြန်မလိုက်ချင်ပေ ။ ထို့ကြောင့် ရှေ့နေတစ်ယောက်ငှားကာ သူနှင့်ကွာရှင်းဖို့ စီစဉ်သည်။ သူသည် သားလေးကို သူခေါ်ထားမည် ဟု ရှေ့နေကနေတဆင့် ပြောသည် ။ သားလေးကို သူခေါ်မထားရလျှင် ကွာရှင်းမပေးနိုင်ကြောင်း ယတိပြ တ်ပြောသည်။ ကျွန်မမှာ ရွေးချယ်စရာမရှိခဲ့ပေ ။ သူနှင့် ဘယ်လိုမှတစ်အိမ်တည်းမနေနိုင်တော့တာကြောင့် သားလေးကို သူ့ပေးကာ ကွာရှင်းလိုက်ရသည်။
၂၀၁၃ ခုနှစ်မှာ ကျွန်မ ကျောင်းပြီးသည်။ ထိုအချိန်ထိ သားလေးကို ကိုမျိုးမင်းအောင်မသိအောင် ခဏခဏ သွားတွေ့ပါသည် ။ ကျွန်မသားလေးကို လာတွေ့သည့်အကြောင်း ကိုမျိုးမင်းအောင်၏ မိသားစုကတော့ သိထားသည်။ သူတို့ သူ့ကို ပြန်မပြောကြသည့်အတွက် ကျွန်မကျေးဇူးတင်ရပါသည်။
ကျောင်းပြီးသွားတော့ အမေက ကျွန်မကို လူတစ်ယောက်နှင့် သဘောတူေနသည် ။ ကျွန်မအိမ်ထောင်ရေးကို စိတ်ဝင်တစားမရှိခဲ့ပါသော အမေက ကျွန်မကို ယောက်ျားပေးစားချင်နေသည် ။ ကျွန်မသည် အမေနှင့်ပြေလည်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်တာမို့ သူပေးစားသော ယောက်ျားကို လက်ထပ်ခဲ့သည် ။ သူ့နံမည်က ကိုစိုးမြင့် ဟု ခေါ်သည် ။ ကိုစိုးမြင့်က အပြင်ပိုင်းမှာတော့ သူဌေးသားယောင်ယောင် ထင်ရပေမဲ့ တကယ့်တကယ်မှာတော့ လူလိမ်တစ်ယောက်ဖြစ်သည်။ သူနှင့်ယူပြီးမှ သူလိမ်ညာထားသည့် ကိစ္စတွေပေါ်လာကာ ပြသနာတွေ တက်ခဲ့သည်။ ထို့အပြင် သူက ဆေးသမားလည်း ဖြစ်ပြန်သည် ။ ကျွန်မသည် စိတ်ဓာတ်ဒုန်းဒုန်းကျကာ အမေ့ကိုလည်း အပြစ်တင်မိသည်။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးကာ ကိုစိုးမြင့်နှင့်ဝေးရာကို ထွက်လာခဲ့သည်။ အစပိုင်းမှာတော့ ကိုစိုးမြင့်က ကျွန်မကို မကွာရှင်းပေးဘဲ လိုက်ရှာသေးသည်ဟု အမေကပြောသည် ။ ကျွန်မသည် သူလံုးဝရှာမတွေ့အောင်ဇာတ်မြုပ်၍နေနေတာကြောင့် သူ လက်လျှော့သွားလေသည်။ သူကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးပြီး အမေ့ကို လာပေးသည်ဟု သိရသည်။
နောက်တစ်နှစ်လောက်နေမှ ကျွန်မအမေ့အိမ်ကိုပြန်တော့ အမေက သူ့သားအငယ်ဆုံး ၊ကျွန်မ မောင် ၁၀ တန်းအောင်ကြောင်း ကျွန်မရှေ့ ချီးမွမ်းခန်းစဖွင့်သည် ။ ပြီးတော့ သူ့သားကို Pol တက်ခိုင်းမည် ဖြစ်ကြောင်း ပြောကာ ကျွန်မကို မောင်လေးတက်သည့် POL မှာ သူ့အတွက် လိုအပ်တာ လိုက်လုပ်ပေးဖို့ ခိုင်းလေသည်။ ကျွန်မ ငြင်းလို့လည်း မရခဲ့ပါ ။ တစ်လကို ၄ ကြိမ် POL မှာ မောင်လေး လိုအပ်တာ မှန်သမျှ လိုက်လုပ်ပေးရင်း နေခဲ့ရသည် ။ ဒုက္ခတွေအများကြီးကြားကနေ မလုပ်ချင်ဘဲ လိုက်လုပ်ပေးရင်း ကျွန်မဘဝဆိုတာ ဘာမှန်းပင် မသိခဲ့ရပေ ။
ထိုအချိန်တွင် တပ်ကြပ်တစ်ဦးနှင့် တွေ့ဆုံကာ မေတ္တာမျှခဲ့သည်။ ကျွန်မဘဝ အစစအရာရာ ဖူလုံ ၊ လုံခြုံရေးအတွက် အားကိုးတကြီးဖြင့် ယူခဲ့မိသည် ။ သူနှင့် အိမ်ထောင်ကျတော့ ကျွန်မဘဝလေး အဆင်ပြေလာေတာ့မည်ဟု တွေးကာ ပျော်ရွှင်ခဲ့ရသည် ။ သို့သော် တစ်နှစ်ပင်မပြည့်ခဲ့ပါ။သူ ရှေ့တန်းထွက်ရတော့ ကျွန်မမှာ အိမ်ကနေ ကိုယ်ဝန်ကြီးနှင့်စိတ်တွေပူနေခဲ့ရသည် ။ သူ့အတွက် မေတ္တာတွေပို့ ၊ သူအန္တရာယ်ကင်းဖို့ ယတြာချေ ဆုေတာင်း ပေးနေခဲ့သည် ။ သူကတော့ လစာတွေကို ဖဲရို က်ပစ်သည်။ မိန်းမတွေနှင့် ပွေရှုပ်သည်။ ကျွန်မမှာ သူ့လစာမရတော့ ချက်ဖို့လည်းမရှိ စားဖို့လည်း မရှိ ဒုက္ခတွေရောက်ကာ ယောက္ခမအိမ်မှာ မျက်နှာငယ်ဖြင့် ကပ်စားခဲ့ရသည်။ ကလေးမွေးတော့လည်း ပိုက်ဆံကိုချေးငှား၍ ဆေးရုံကြီးမှာ အနား လ င်ယောက်ျားမရှိ ၊ မိသားစု မရှိဘဲ တစ်ယောက်တည်း မွေးခဲ့ရသည်။ ဒုက္ခများစွာကို သမီးလေးမျက်နှာဖြင့် ခါးစည်းခံခဲ့ရသည်။ ဘေးမယ် အားပေး ၊ ဖေးမဖော် ဘယ်သူမှမရှိခဲ့ပါ။
သမီးလေး ၂ လ ပြည့်မှ ရှေ့တန်းကနေ သူပြန်ရောက်လာသည်။ သို့သော် ကောင်းကြောင်းဆိုးကြောင်း ဘာတစ်ခွန်းမှမေမး မပြော ။ ဖုန်းတစ်လုံးဖြင့် အချိန်ကုန်နေကာ အမြဲ မူးနေတတ်သည် ။ ကျွန်မနှင့်သမီးလေးကိုလည်း တစ်စက်ကလေးမှ သူ့စိတ်ထဲမရှိပေ ။ သမီးလေး အသည်းအသန်ဖျားတော့ ကျွန်မမယ် ဆပ်ပြာသည် လ င်ပျောက်သလို ပျာယာခတ်နေခဲ့သည် ။ ဆေးရုံတင်ဖို့ သူ့ဆီလစာတောင်းတော့ သူက အကုန်သုံးပစ်လိုက်ကြောင်း ပြောသည်။
” ငါ့မှာ တစ်ပြားမှမရှိဘူး ” ဟု တာဝန်မဲ့စွာပြောသည် ။ ကျွန်မသည် သူနှင့် ရန်ဖြစ် ငိုယိုကာ စစ်တပ်ထဲမယ် မျက်နှာအောက်ကျို့ခံ၍ လှည့်ပတ် ချေးငှားရသည် ။ သူကတော့ ဆေးရုံကိုတောင် မူးရူးပြီး ရောက်လာသည်။ သမီးလေး နေကောင်းသွားတော့ ကျွန်မသည် သူ့ကို စိတ်နာကာ ကွာရှင်းဖို့ ပြောမိသည် ။စစ်သားမို့ အလွယ်ကွာရှင်းလို့မရပါ ။ ယူတုန်းကလည်း အထက်ကို တင်ပြီးမှ ယူထားတာမို့ ကွာရှင်းတော့လည်း အထက်ကို တင်ပြီးမှ ကွာရှင်းခွင့်ရသည်။ သူနှင့် ကွာရှင်းပြီးသွားတော့ အမေ့အိမ်သာ ပြန်ခဲ့ရသည် ။ စင်စစ်သော်လည်း အမေ့အိမ်သည် မနွေးထွေးပေမဲ့ ကျွန်မတွင် ပြေးကြည့်မှ ဒီအိမ် ပဲရှိတာမို့ ဒီအိမ်ကိုသာ မပြန်ချင်ဘဲလည်း ပြန်ခဲ့ရေလသည်။
အမေ့အိမ်ရောက်တော့ အမေက ကျောင်းဆရာမ လုပ်ဖို့အကြံပြုသည် ။ အမေ့ဆန္ဒအရ ဆရာဖြစ်သင်တန်း တက်ကာ ကျောင်းဆရာမ ဝင်လျှောက်ခဲ့သည်။မူလတန်းပြ အဖြစ် အစပိုင်းမှာတော့ သမီးလေးကို အမေနှင့်ထားကာ တာဝန်ကျရာမြို့ကို သွားရောက် နေရသည်။ တဖြည်းဖြည်း ပြောင်းရွှေ့ရင်းနှင့်မှ ကိုယ့်မြို့ကေကျာင်းတွင် တာဝန်ပြန်ကျသည်။ ထိုအချိန်တွင် ကျွန်မသည် ဆုံးဖြ တ်ချက် မှားယွင်းခဲ့ပြန်၏ ။ ကျွန်မကို ပိုးပန်းသည့်အမည်အရင်း နှင်းနှင်းအေး ၊ သူ့ကိုယ်သူ ကိုလင်း ဟုခေါ်သော ယောက်ျားလျာလေး တစ်ယောက်ရှိသည်။ ကျွန်မကိုဆို သူက သိပ်ချစ်တော့ ကျွန်မ သူနှင့် တွဲခဲ့သည်။ ယောက်ျားတွေယူမိလို့ ဒုက္ခရောက်ရတော့ မိန်းမချင်းဆို အဆင်ပြေမည် ဟု တလွဲအတွေးဝင်ကာ သူနှင့် တရားဝင် လက်ထပ်စာချုပ်ပေါ် လက်မှတ်ရေးထိုး၍ ယူခဲ့သည် ။ အစပိုင်းမှာ အဆင်ပြေခဲ့သည်။ မိန်းမချင်းဆိုပေသိ သူက ယောက်ျားတစ်ယောက်လိုနွေးထွေးကာ အစစအရာရာ အားကိုးလို့ရခဲ့ပါသည် ။ သို့သော် ကံဆိုးပြီးသားသူဟာ ကံအမြဲဆိုးနေဆဲပင် ။
ကိုလင်းသည် ကျွန်မဆီကနေ ရသမျှ ချူစားကာ ကျွန်မနောက်ကွယ်မှာ တခြား မိန်းမများနှင့် ပတ်သက်လေသည်။ ကျွန်မသည် တအံ့တဩဖြစ်ခဲ့ရ၏ ။ ကျွန်မကိုတော့ ရှေ့ကနေ ပိုက်ဆံရှာသူအဖြစ်ထားကာ သူက ကျွန်မရသမျှနှင့်နောက်ကနေ မိန်းမတကာနှင့် ဖော က်ပြန်လေသည်။ ယောက်ျားနေနေ မိန်းမနေနေ ဖော က်ပြန်တတ်သော ဗီဇရှိသူဟာ ဖော က်ပြန်တာပဲ ဆိုသည့်သဘောတရားကို ကျွန်မနားလည်သွားခဲ့ရသည် ။ ယောက်ျားစစ်စစ်မဟုတ်တာတောင် ကျွန်မအပေါ် သူ ဖော က်ပြန်လေသည်။
ကျွန်မသည် ဘယ်ဘဝက ရခဲ့သော ဝဋ်ကြွေးလည်းမသိ ။ ယောက်ျားစင်စစ်များကိုတောင် ပြ တ်သားနိုင်ခဲ့ပြီး ကိုလင်းကို ကျမှ မပြ တ်နိုင်ခဲ့ပေ ။ ကျွန်မဘဝသည် ဆုပ်လည်းစူးစားလည်းရူးဖြစ်ကာ တစ်နေ့မှစိတ်မချမ်းသာရပေ။ တစ်နေ့တစ်နေ့ သူတခြားမိန်းမနှင့် ဖုန်းပြောတာကို ဘေးကနေ ထိုင်ကြည့်ရင်း အသံတိတ် မျက်ရည်ကျခဲ့ရသည် ။ ရင်ဘက်ထဲနာကျင်ပေမဲ့ ပြုံးပြုံးလေး နေခဲ့ရသည် ။ သူနှင့်ပတ်သက်နေသော မိန်းမကလည်း ဆရာမဟု သိရသည်။ နံမည်က နေခြည်ဟုခေါ်ပြီး ထိုဆရာမမှာ သူ့အိမ်က သဘောတူထားသော လူရှိသည်။ ထိုအကြောင်းတွေ ကျွန်မသိရတော့ ထိုဆရာမကို သွားတွေ့ကာ ကျွန်မ ဒူးထောက်မတတ်တောင်းပန်ခဲ့သည် ။
” အစ်မရယ် ကျွန်မတောင်းပန်ပါတယ် ၊ သူနဲ့ ကျွန်မက တရားဝင် လက်မှတ်ထိုးပြီးယူထားတာပါ ၊ ဘယ်လိုပဲ မိန်းမချင်း လို့ဆိုဆို သူနဲ့ကျွန်မက လ င်မယားတွေပါပဲ ၊ သူနဲ့ ဆက်မပတ်သက်ပါနဲ့ ကျွန်မတောင်းပန်ပါတယ် ”
ကျွန်မက ထိုသို့ တောင်းပန်တော့ ထိုဆရာမက မပတ်သက်တော့ဘူး သူတို့ ပြ တ်သွားပြီဟု လိမ်ညာသည်။ နောက်ကွယ်မှာတော့ ဖုန်းထဲမှာ အိပ်ရာပေါ်က ကိစ္စတွေအထိ ပြောဆိုနေကြသည် ။ ထိုဆရာမက …
” မိန်းမအချင်းချင်း ပတ်သက်တာဘာဖြစ်သလဲ ” ဟု ကျွန်မကို အလေးအနက် မထားဘဲ ပြောဆိုလာသည် ။ ထိုဆရာမသည် ဘွဲ့ရပညာတတ်ဖြစ်ပါလျက် သူတစ်ပါးအိမ်ထောင်ရေးကို ဖျ က်လုပ် ဖျ က်စီးလုပ်လေသည်။ မိန်းမအချင်းချင်း ဆိုသည့် စကားကို ခဏခဏ ပြောကာ ကျွန်မကို ထိုးနှက်ခဲ့သည်။ မိန်းမအချင်းချင်းလည်း သံယောဇဉ်တွယ်မိလျှင် ဖြ တ်တောက်ရ ခက်ခဲတာပဲမဟုတ်လား ။ သူတောင် အိမ်ကသဘောတူထားသော ယောက်ျားရှိပါလျက် ဒီ အိမ်ထောင်သည် ယောက်ျားလျာ ကို မှ ပတ်သက် ချင်နေတာ မဟုတ်လား ။
” နင်ဟာ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထောင်ရှိတဲ့သူကို မရှောင်တဲ့ အော က်တန်းစား မ ပဲ ” ဟု ကျွန်မ ပြောပစ်လိုက်မိသည်။ ကျွန်မသည် ဘုရားရှိခိုးတိုင်း ထိုဆရာမနှင့်ကိုလင်း တို့နှစ်ယောက်ကို မေတ္တာပို့မိသည် ။ ဘုရားရှိခိုးတိုင်း ကျွန်မဘဝအမြန်အေးချမ်းဖို့ မျက်ရည်များဖြင့် ဆုတောင်းမိသည်။ ထိုဆရာမသည် ကျွန်မ၏ အိမ်ထောင်ရေးကို ဖျ က်စီးရလို့ သာယာနေလေသည် ။
” နင့်ကိုမချစ်လို့ ငါ့ကိုချစ်တာပေါ့ ” ဟု တလွဲမာနဖြင့် မာန်ထောင်ပြသေးသည် ။ ဘယ်လောက်ပဲဘွဲ့ရ ပညာတတ်ဖြစ်ဖြစ် အသိညာဏ်ခေါင်းပါးလှသည်ဟု ကျွန်မ ဆင်ခြင်မိသည်။ ကျွန်မနှင့်ကိုလင်းဟာ ဘယ်လိုပဲမိန်းမချင်းဖြစ်ပါစေ တရားဝင်လက်မှတ်ထိုး၍ ယူထားတာမို့ ထိုဆရာမဟာ မယား ငယ် သာ ဖြစ်လေသည် ။ သူ့အဖြစ်မှန်ကို သူမြင်တတ်သော အသိညာဏ်ပါမလာပေ ။ ကျွန်မသည် သူ့ကို အစပိုင်းတော့ မုန်းမိသည် ။ နောက်ပိုင်းတော့ သနားမိလေသည် ။ ဘုရားရှိခိုးသည့်အခါ လူတိုင်း သူတစ်ပါးအိမ်ထောင်ကို မဖျ က်စီးမိစေဖို့ ဆုတောင်းမိသည် ။ ကာမေသု ကံဆိုသည်မှာ ငါးပါးသီလထဲ အပြစ်အကြီးမားဆုံး ကံတစ်ပါးဖြစ်ပါသည်။မိန်းမချင်းပဲ ဖြစ်စေကာမူ သူတစ်ပါး အပိုင်ဆို ရှောင်သင့် လေသည်။ သူတို့သည် ယနေ့တိုင် ဖော က်ပြန်နေဆဲ ဖြစ်သည် ။ သို့သော် ကျွန်မသည် သူတို့အပေါ် စိတ်မရှိတော့ဘဲ ကျွန်မသမီးလေးနှင့် စိတ်ပျော်အောင် ကြိုးစားနေထိုင်သည်။ သမီးလေးသည် သိပ်စကားတတ်သော ချစ်စရာကလေးတစ်ယောက်ဖြစ်သည်။ သမီးလေးသာဘေးရှိလျှင် ကျွန်မအရာရာကို မေ့နိုင်လေသည်။
ကျွန်မသည်အတိတ်နေ့စွဲများက ဝေဒနာတွေကို မေ့ဖျော က်ကာ ရှေ့ဆက်လျှောက်ရမည့်လမ်းကိုသမီးလေးလက်ဆွဲရင်း ရဲရဲလျှောက်လှမ်းနိုင်ဖို့ ကြိုးစားမည်။ ထို့အပြင် အမေ့ကိုလည်း ခွင့်လွှတ်နိုင်ဖို့ ကြိုးစားပါမည်။ ငယ်စဉ်ကတည်းကအေမ့ေကြာင့် ရခဲ့သောစိတ်ဒဏ်ရာများစွာသည် ရင်ဘက်ထဲက ဟိုနေရာ ဒီနေရာမှာ တစ်စတစ်စ ကျန်ရှိနေသေးသည်။ ကျွန်မလို ကလေးတွေများရှိခဲ့လေမလား ။ မိဘများ သားသမီးများအပေါ် စေတနာ အမှားတွေ မထားမိကြဖို့လည်း ဆုတောင်းမိသည်။ မွေးထားသမျှ သားသမီးတိုင်းအပေါ် တန်းတူမေတ္တာ ပေးနိုင်ဖို့လည်း ဆုတောင်းမိသည် ။ အားလုံးဟာ ကိုယ့်သွေးကဖြစ်သည့် ကိုယ့်သား ကိုယ့်သမီးတွေပဲမဟုတ်ပါလား ။ ကျွန်မ ဘဝဖြစ်ရပ်များကနေ သင်ခန်းစာရကြဖို့ ကျွန်မျှော်လင့်မိသည် ။ ကျွန်မလို လူမျိုးရှိခဲ့လျှင်လည်း အတိတ်နေ့ရက်ေတွကို မေ့ဖျောက်ပြီး အနာဂတ်ကို ကောင်းမွန်စွာ လျှောက်လှမ်းသွားနိုင်ပါစေဟု ကျွန်မဆုမွန်ကောင်း တောင်းပေးချင်ပါသည်။
ပြီးပါပြီ ။
#JoJo
ဖြစ်ရပ်မှန်အခြေခံဝတ္ထုတို တစ်ပုဒ်ပါ ။