‎တတိယမြောက်သမီး(စ/ဆုံး)

 ‎တတိယမြောက်သမီး(စ/ဆုံး)


‎———————

‎ကျောင်းကို ဆရာမလေးသူဇာမြင့်ရောက်လာသည်။ ဆရာမလေးက ရုပ်လည်းချော၊ သဘောလည်းကောင်း၊ အသင်အပြလည်းကောင်း၊ အပြောလည်းကောင်းသဖြင့် ကျောင်းသား၊ ကျောင်းသူတွေကချစ်ကြသည်။

‎ဆရာမလေးက အသက် ၃၂ နှစ်ရှိနေပြီ။ ဤအရွယ်သည် ငယ်တော့သည့် အရွယ်တော့မဟုတ်။ ပြောရလျှင် အပျိုကြီး စာရင်းဝင်အရွယ်ဖြစ်နေပြီဟုဆိုရမည်။ ယခုထက်တိုင် အိမ်ထောင်လည်းမပြု၊ ရည်းစားလည်း ရှိပုံမပေါ်သဖြင့် ကျောင်းရှိ လူပျိုဆရာနှစ်ဦးက သဘောကျနေကြသည်။

‎ကျောင်းတွင် လုပ်သက် သုံးနှစ်ခန့်ရှိလာပြီဖြစ်သောအခါ ကျောင်းအုပ်ဆရာကြီး ဦးဘဆွေကလည်း သူ့သမီးလေးသဖွယ် ဆရာမလေးကိုစောင့်ရှောက်သည်။ လူပျိုဆရာနှစ်ဦးကလည်း အနေတည်သော ဆရာမ လေးကို ချစ်စကား၊ ကြိုက်စကားပြောချင်သော်လည်း ကြောက်သဖြင့် စကားမစရဲကြပေ။

‎တစ်နေ့ ရုံးခန်းထဲတွင် လူစုံစဉ် ဆရာကြီးက နောက်ပြီး

‎“သူဇာမြင့် ရေ”

‎“ရှင် ဆရာကြီး”

‎“ညည်းကွယ် ဘာဖြစ်လို့များ အိမ်ထောင်မပြုသေးတာလဲ … အကြိုက်မတွေ့သေးလို့လား” ဟု နောက်ပြောင် သလို မေးလိုက်သည်။

‎“ကျွန်မ အိမ်ထောင်ပြုလို့ မဖြစ်ဘူးဆရာကြီးရယ်” ဟု သူကအေးဆေးစွာပြောလိုက်သည်။

‎ဆရာကြီးက စကားမဆက်သော်လည်း ဆရာမလေးက သူ့ဘာသာသူဆက်ပြောသည်။

‎“ဆရာကြီးကို သမီးမိသားစုလေးတစ်ခုအကြောင်း ပြောချင်တယ် နားထောင်မလား”

‎“သမီး အိမ်ထောင်မပြုတာနဲ့ ဆက်စပ်နေလို့လားကွယ်”

‎“နားထောင်ကြည့်ပါဦးဆရာကြီး”

‎သူဇာမြင့် ပြောပြသည့် အကြောင်းအရာဖြစ်သည်။

‎အိမ်ထောင်တစ်ခုတွင် မိခင်ဖြစ်သူသည် သမီးချည်း နှစ်ယောက်ဆက်တိုက်မွေးသည်။ ဖခင်နှင့် ဖခင်၏ မိခင် ဖြစ်သူတို့က ယောက်ျားလေးလိုချင်ကြသည်။ ထို့ကြောင့် မိန်းမကို နောက်တစ်ခါ မိန်းကလေးဆက်မွေးလျှင် ကွာရှင်းမည်ဟု ပြောလိုက်သည်။

‎မိခင်ဖြစ်သူ၏ တတိယမြောက်ကလေးမှာလည်း မိန်းကလေးပဲဖြစ်နေသည်။ ဖခင်ဖြစ်သူက စိတ်ပျက်စွာဖြင့် ကလေးနှင့် မိခင်ကို ကွာရှင်းမည်ဟုပြောသည်။ မိခင်ဖြစ်သူက မိသားစု ပြိုကွဲမည်ကို မလိုလားသောကြောင့် ယောကျ်ား ဖြစ်သူကို တောင်းပန်သည်။ ယောကျ်ားနှင့် ယောက္ခမတို့က နောက်ဆုံးမွေးသည့် ကလေးကို စွန့်ပစ်လျှင်လက်ခံမည်ဆိုသဖြင့် ကလေးငယ်ငယ် လေးကို သွားပြီး စွန့်ပစ်ရန် ဆုံးဖြတ်လိုက်ရသည်။

‎ကလေးကို လူစည်ကားရာ ဈေးထဲတွင် ဆွဲခြင်းထဲထည့်ကာ စွန့်ပစ်ရန် မိခင်ဖြစ်သူက ယူလာသည်။

‎မိခင်ဖြစ်သူက သမီးလေးကို မခွဲနိုင်သဖြင့် ဆွဲခြင်းကိုပြန်ယူပြီး အိမ်ကိုပြန်လာသည်။ ယောက္ခမနှင့် လင်က မောင်းချသဖြင့် မိခင်သည် ကလေးသုံးယောက်ကိုပါခေါ်ကာ အိမ်ပေါ်ကဆင်းခဲ့သည်။ သမီးသုံးယောက်နှင့် ဒုက္ခရောက်နေသော မိခင်ကို အခြားမိသားစုတစ်စုကခေါ်ပြီး စောင့်ရှောက်ပေးထားသည်။

‎နောက်ဆုံးတွင် ခင်ပွန်းဖြစ်သူက လာပြီးလိုက်ခေါ်သည်။ ကလေးတွေနှင့် ပြန်ပါသွားသည်။ ယောက္ခမကြီး ကွယ်လွန်သွားသည်။ သူတို့နောက်ထပ် ကလေးမယူရန်ဆုံးဖြတ်ကြသော်လည်း ကိုယ်ဝန်ထပ်ရှိပြန်သည်။ နောက်ထပ်မွေးလာသော ကလေးမှာ ယောကျ်ားလေးဖြစ်နေသဖြင့် ခင်ပွန်းဖြစ်သူက သဘောကျသည်။ သို့သော် စိတ်မကောင်းစရာ တစ်ခုမှာ ထိုယောကျ်ားလေးကို မွေးလာပြီး တစ်လအကြာတွင် သမီး အကြီးဆုံး သေသွားသည်။

‎နောက်ထပ် ကိုယ်ဝန်ထပ်ရှိပြန်သည်။ ထပ်မွေးလာသော ကလေးမှာလည်း ယောကျ်ားလေးဖြစ်သည်။ ထိုကလေး မွေးလာပြီးနောက် တစ်ပတ်အကြာတွင် ဒုတိယသမီး သေပြန်သည်။

‎ထူးဆန်းသော တိုက်ဆိုင်မှုကို ကြောက်လွန်းသဖြင့် နောက်ဆုံးတွင် ဖခင်ဖြစ်သူသည် ကလေးနောက်ထပ် မရနိုင်ရန် သားကြောသွားဖြတ်လိုက်သဖြင့် နောက်ဆုံးသမီးလေးတစ်ယောက် အသက်ရှင်ခွင့်ရတော့သည်။ သူတို့မိသားစုတွင် သားနှစ်ယောက် သမီးတစ်ယောက် စုစုပေါင်း သုံးယောက်ပြန်ဖြစ်သော်လည်း သမီးလေး နှစ်ယောက်ကို စွန့်လွှတ်ခဲ့ကြရသည်။

‎သူဇာမြင့်က သူ့ဇာတ်လမ်းကို အဆုံးသတ်လိုက်သည်။

‎“ညည်းဇာတ်လမ်းကြီးကလည်း ဘယ်လိုကြီးပါလိမ့်”

‎ရုံးခန်းအတွင်းရှိနေသော ဆရာ၊ ဆရာမများအားလုံးက စိတ်ဝင်စားစွာ နားစွင့်နေကြသည်။

‎“အဲဒီ သမီးလေးတစ်ယောက်တည်းကျန်တာ ဘယ်သူများထင်သလဲဆရာကြီး … အဲဒါ သမီးလေ”

‎အားလုံးက သူဇာမြင့်ကို သနားကရုဏာဖြင့် ကြည့်နေကြသည်။ ဆရာကြီးက

‎“ဒါလည်း နင်အပျိုကြီးလုပ်တာနဲ့ မဆိုင်သေးဘူးကွယ်”

‎“ဆိုင်လာပါလိမ့်မယ်ဆရာကြီး။ သားနှစ်ယောက်မွေးထားတာ ဆိုးလိုက်တာမှာ တာတေလန်နေရောပဲ။ ခုလည်း ဘယ်မှာ ကျွန်မအဖေနားကို ကပ်လို့လဲ။ သူတို့ အိုး၊ သူတို့အိမ်တွေနဲ့ တစ်နှစ်နေလို့တောင် သူတို့ အဖေ့ကို တစ်ခါလာမတွေ့ကြပါဘူး။ အဖေက ခုလေဖြတ်ထားလို့ အိပ်ရာထဲ လဲနေတာကြာပြီ။ သူ့ကို ပြုစု စောင့်ရှောက်ပေးဖို့ဆိုတာ သမီးတာဝန်ပဲလေ။ သမီးပဲ ခုချိန်အထိ အဖေ့ကို ပြုစုစောင့်ရှောက်ပေးနေတာ။ ဒါကြောင့်လည်း ခုထိ အသက်ရှည်နေတာပေါ့ဆရာကြီးရယ်။ အဖေ့ကို ပြုစုစောင့်ရှောက်နေရတာနဲ့ သမီးမှာ ဘာကိုမှ စဉ်းစားချိန်မရပါဘူး”

‎“သမီး အမေကရော”

‎“အမေက ဆုံးသွားတာကြာပြီဆရာကြီး … ငါးနှစ်ပြည့်တော့မယ်”

‎“အိုကွယ်”

‎ထိုစဉ် ကျောင်းတက်ခေါင်းလောင်းထိုးသဖြင့်ဆရာ၊ ဆရာမများကိုယ့်အတန်းကိုသွားကြသည်။

‎သူဇာမြင့်တစ်ယောက် အတန်းမရှိသေးသဖြင့် ရုံးခန်းထဲတွင် ကျန်ခဲ့သည်။

‎“သမီး အဖေက သမီးကို စွန့်ပစ်ခိုင်းခဲ့တယ်နော်”

‎“ဟုတ်တယ်လေဆရာကြီး”

‎“သမီး စိတ်မနာဘူးလား”

‎“မနာဘူးဆရာကြီး”

‎“သာဓုကွယ် … သာဓု … သာဓု”

‎“ဘာဖြစ်လို့လဲသိလားဆရာကြီး”

‎“ပြောပါဦး”

‎“သူနောက်ထပ်ကလေးထပ်မယူဖို့ဆုံးဖြတ်ပြီး တစ်ခုခုလုပ်လိုက်တယ်လေ။ တကယ်လို့သာ သူက နောက်ထပ် ကလေးယူဖို့ ဆုံးဖြတ်ပြီး ယောက်ျားလေးမွေးခဲ့ရင် သမီးလည်း ဒီနေ့ဘယ်ရှိတော့မလဲ”

‎“ဒါကတော့ကွယ် တိုက်ဆိုင်မှုလို့ ဆိုရမလား … သမီးလေး ထပ်မွေးတာလည်း ဖြစ်နိုင်ပါတယ်ကွယ်”

‎“ဘာပြောပြောပါဆရာကြီးရယ် … အဖေက အဖေပါပဲ”

‎တင်ညွန့်

‎၁၃.၂.၂၀၂၅