မြတ်စိတ်ထား

 မြတ်စိတ်ထား

--------------

ဘဝတွင် ရွေးချယ်နိုင်စွမ်း၊ အခွင့်အရေးကို ဆုပ်ကိုင်နိုင်စွမ်း၊ ပြောင်းလဲနိုင်စွမ်းတို့သည့် အရေးကြီးသည်။ ယင်းကို အင်္ဂလိပ်လို C သုံးလုံးဟု ခေါ်သည်။


Choice


Chance


Change


ဘဝအတွက် ရွေးချယ်နိုင်ရမည်


အခွင့်အရေး ရလျှင် ရသလို ရွေးချယ်နိုင်ရမည်


အခွင့်အရေးရခိုက် ရွေးချယ်နိုင်စွမ်းမရှိလျှင် 


ဘယ်တော့မှ ပြောင်းလဲမှုကို လုပ်နိုင်မည်မဟုတ်ပေ။


အချို့သော အခွင့်အရေးတို့သည် ကိုယ်တိုင်ရယူခွင့်ရှိသည်မှန်သော်လည်း ထိုက်တန်သူကို ထိုက်တန်သလို နေရာပေးလိုက်ခြင်းက အပြောင်းအလဲတစ်ခုကို ဖြစ်စေနိုင်သည်။ အရေးကြီးသည်မှာ စိတ်ထားဖြစ်သည်။ 


ကိုယ်တိုင်က တတ်နိုင်သည်မှန်စေ သဘောထားကြီးနိုင်သူတွေမှ ကိုယ်ရသည့်အခွင့်အရေးကို သူတစ်ပါးအား ပေးနိုင်သည်။ ကိုယ့်ထက်သူက ပိုပြီး ထိုက်တန်သည်။ ကိုယ့်ထက်သူက ပိုပြီး လုပ်ဆောင်နိုင်လိမ့်မည် ဆိုသည့် မြင့်မြတ်သောစိတ်ထားကို လူတိုင်းထားနိုင်ခြင်းမရှိ။ 


ထိုကြောင့်လည်း အရာရာတွင် ငါတော်၊ ငါတတ်၊ ငါမြတ်၊ ငါသာလျှင် လုပ်ဆောင်နိုင်သည်ထင်ကာ တစ်ကိုယ်ကောင်းဆန်မှုကြောင့် လူမှန် နေရာမှန်တွေမရှိ ဖြစ်ခဲ့ရသည်။ 


လူတော်လူကောင်းတွေ ချောင်ထိုးခြင်း ခံရပြီး လူပေါ်လူဇော်လုပ်ချင်သူတွေ ရှေ့တန်းရောက်လာသည့်အခါ ပျက်စီးမှုတွေဖြစ်လာတော့သည်။


ငါ့ထက် သူကပိုစွမ်းသည်၊ ငါ့ထက်သူက ပိုပြီး လုပ်ဆောင်နိုင်သည်၊ သူဆိုလျှင် ပိုပြီးကောင်းလိမ့်မည်ဆိုသည့် မြတ်သောစိတ်ထားမျိုးတွေကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးရန်လိုသည်။ 


တစ်နေ့တွင် ရော်နယ်ဒိုသည် ဆုတံဆိပ်တစ်ခုကို လက်ခံယူသည့် ပွဲတွင်


“ကျွန်တော် နာမည်ကျော် ဘောလုံးသမားတစ်ယောက်ဆိုပြီး ဒီနေ့ အောင်မြင်လာရတာဟာ ကျွန်တော့် သူငယ်ချင်း အဲလ်ဘတ် ဖန်ထရောင်ကြောင့်ပါ” ထုတ်ဖော်ပြောဆိုလိုက်သည်။


လူတွေအားလုံးက အံ့အားသင့်ကုန်ကြသည်။ 


“အဲလ်ဘတ် ဖန်ထရောင်ဆိုတာ ဘယ်သူလဲ” ဟု အချင်းချင်း တီးတိုးပြောဆိုကြသည်။ သူတို့က ရော်နယ်ဒိုကိုပဲ သိကြသည်။ ဖန်ထရောင်ကို မသိကြ။


ရော်နယ်ဒိုက ဆက်ပြောသည်


“သူနဲ့ကျွန်တော် လူငယ်အသင်းတစ်သင်းမှာ ဘောလုံး အတူတူ ကစားခဲ့ကြတာပါ။ တစ်နေ့ ဘောလုံးသမား အသစ်တွေကို လိုက်စုဆောင်းနေတဲ့ အဖွဲ့တစ်ဖွဲ့က ကျွန်တော်တို့ဆီကို ရောက်လာပြီး ဂိုးအများဆုံး သွင်းနိုင်သူ လစ္စဘွန်းအားကစားကျောင်းကို တက်ခွင့်ရမယ်လို့ လာပြောတယ်။ အဲဒီနေ့က ကျွန်တော်တို့ တစ်ဖက် အသင်းကို သုံးဂိုး တစ်ဂိုးနဲ့ နိုင်ခဲ့ပါတယ်”


“ပထမဂိုးကို ကျွန်တော် သွင်းပါတယ်။ ဒုတိယဂိုးကိုတော့ အဲလ်ဘတ်ကသွင်းတယ်။ ကျွန်တော်တို့ အသင်းက နှစ်ဂိုးနဲ့ ဦးဆောင်နေတယ်။ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်တစ်ဂိုးစီသွင်းထားကြလို့ နောက်ထပ် တစ်ဂိုးကို ဘယ်သူသွင်းရမလဲဆိုပြီး အပြိုင်ကြိုးစားနေကြတယ်”


“အဲလ်ဘတ်က ဘောလုံးကို ဆွဲလာတယ်။ သူနဲ့ ဂိုးသမားနှစ်ယောက်ချင်းတွေ့နေပြီ။ ဘောလုံးကို ဂိုးသမား လွတ်နေတဲ့ဘက် အသာလေး သွင်းလိုက်ရုံပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော်ကလည်း သူ့နောက်က ကပ်ပါလာတယ်။ သူဘာလုပ်တယ်ထင်သလဲ။ ကျွန်တော့်ဆီကို ဘောလုံး ထိုးပေးလိုက်ပြီးတော့ နောက်ဆုံး ဂိုးကို ကျွန်တော့်ကို သွင်းခိုင်းလိုက်တယ်။ အဲဒါနဲ့ ကျွန်တော့်ကို အကယ်ဒမီကျောင်းက ရွေးချယ် လိုက်ပါတယ်။ ဘောလုံးပွဲအပြီးမှာ ကျွန်တော်က သူငယ်ချင်းကို မေးလိုက်တယ်။ မင်းဘာဖြစ်လို့ အဲဒီလို လုပ်လိုက် တာလဲလို့ပါ။ သူက ပြန်ပြောတယ်။ မင်းက ငါ့ထက်ပိုတော်လို့ပေါ့ကွာတဲ့”


ထိုအကြောင်းအရာမှာ စာနယ်ဇင်းများတွင် ရေးသားစရာ အကြောင်းအရာတစ်ခုဖြစ်သွားပြီး လူအများကလည်း စိတ်ဝင်စားကြသည်။ သတင်းထောက်တစ်ယောက်သည် အဲလ်ဘတ် ဖန်ထရောင်ကိုရှာပြီး ထိုကိစ္စကို သွားမေးသည်။ ရော်နယ်ဒိုပြောသည့်အကြောင်းအရာမှာ အမှန်လားဆိုကာ အတည်ပြုလိုသောကြောင့် ဖြစ်သည်။ 


ဖန်ထရောင်သည် ရော်နယ်ဒိုကို အားကစားကျောင်းက ရွေးချယ်သွားသည့် ထိုပွဲပြီးကတည်းက ဘောလုံး လောကကို စွန့်ခွာခဲ့သည်။ လက်ရှိလည်း အလုပ်လက်မဲ့တစ်ယောက် ဖြစ်နေကြောင်း သိလိုက်ရသည်။ သတင်း ထောက်က သူ့ကို မေးသည်


“ခင်ဗျား ဘောလုံးလည်း မကန်တော့ဘူး ... အလုပ်လည်းမရှိဘူး။ ဒါပေမဲ့ နေတဲ့အိမ်က အကောင်းစား၊ စီးတဲ့ကားက မာစီဒီး ... ဒီလောက်ချမ်းသာနေတာ ဘာကြောင့်လဲ"


အဲလ်ဘတ်က ဖြေလိုက်သည်


“ဒါတွေ အားလုံးဟာ ရော်နယ်ဒိုက ကျုပ်ကို လက်ဆောင်ပေးထားတာ” 


(Ref: Ronaldo and Albert, News From Sport World, WJ)


တင်ညွန့်


၁၇.၈.၂၀၂၂