ဆုတောင်းမှားချိန်

 ဆုတောင်းမှားချိန်

--------------------

“အမေ သမီး အိမ်ထောင်ပြုတော့မယ်”


နောက်ဆုံးတော့လည်း သူ့လမ်းသူလျှောက်ကြသည်သာဖြစ်သည်။ သားကြီးလည်း အိမ်ထောင်ကျ၊ သမီးငယ် လည်း အိမ်ထောင်ကျ။ ယခုတော့ အဘွားအို တစ်ယောက်တည်း ကျန်ခဲ့သည်။ 


အမေအိုက တစ်နေ့တွင် သားကြီးထံသွားလည်သည်။ သားကြီးတို့က အဆင်ပြေဟန်မတူ။ ဆင်းရဲစွာ နေကြရသည်။


“သားရယ် ... သားတို့ကိုတွေ့ရတာ အမေစိတ်မချမ်းသာလိုက်တာ”


“အမေရယ် အဆင်မပြေဘူး ... မိုးမရွာတော့ လယ်မစိုက်နိုင်ဘူးပေါ့ ... မိုးမှန်လို့ လယ်စိုက်နိုင်ရင်တော့ အဆင်ပြေကောင်းပါရဲ့”


အမေက သားကြီး၏ဆန္ဒကို ဖြည့်ဆည်းပေးချင်နေသည်။ ထို့ကြောင့် အမေအိုကဆုတောင်းသည်။


“မိုးမင်းကြီးရှင် ... ရွာလိုက်ပါနော် ... သားကြီးတို့အဆင်ပြေ လယ်တွေ ထွန်ယက်နိုင်အောင် ရွာလိုက်ပါနော်”


အမေအိုဆုတောင်းပြည့်သည်ဟု ဆိုရမည်။ ထိုညတစ်ညလုံး မိုးတွေရွာသည်။ အမေအိုပျော်သည်။ သားကြီးတို့ မိသားစုတွေလည်း ပျော်ကြသည်။


နောက်တစ်နေ့ နံနက်တွင် အမေအိုက သမီးငယ် မိသားစုထံသွားလည်သည်။

သမီးငယ်က ငိုနေသည်။


“သမီး ... ဘာဖြစ်လို့လဲကွယ်”


“အမေရယ် ... ညက တစ်ညလုံး မိုးတွေရွာတာကြောင့် သမီးတို့ ဘဝပျက်ပြီအမေရယ်”


“သမီးရယ် ... မိုးရွာတော့ မကောင်းဘူးလား ... သားကြီးတို့မှာ မိုးမရွာလို့ စိတ်ညစ်နေတာ ... ဒါကြောင့် အမေက ဆုတောင်းပေးလိုက်ရတာ မိုးရွာပါစေလို့ ... ဆုတောင်းပြည့်တယ်ခေါ်ရမလား ... ညကမိုးတွေရွာတယ်လေ”


“အမေ မတရားဘူး ... အမေ့သားကြီးအတွက်ပဲကြည့်တယ် ... သမီးတို့က အိုးလုပ်တာ ... မနေ့ကတစ်နေကုန် လုပ်ထားတဲ့ အိုးတွေကို နေလှမ်းထားတာ ... ညက ရွာလိုက်တဲ့မိုးကြောင့် အားလုံးပျက်စီးကုန်ပြီ ... အမေ မတရားဘူး ... အမေမျက်နှာလိုက်တယ်”


အမေအို ဘာလုပ်ရမည်နည်း


မိုးရွာပါစေ ဆုတောင်းပေးလျှင် သားကြီးတို့ မိသားစုအတွက်ကောင်းပြီး သမီးငယ်တို့ မိသားစုဘဝ ပျက်မည်။


နေပူပါစေ ဆုတောင်းလျှင် သမီးငယ်တို့ မိသားစုအတွက်ကောင်းပြီး သားကြီးမိသားစု ဘဝပျက်မည်။


အမေအိုက အခက်တွေ့နေပြီ


“အရှင်ဘုရား ... တပည့်တော် ဘာလုပ်ရမည်နည်း ... ကယ်တော်မူပါ”


အမေအို သူ့တဲအိုလေးကို ပြန်လာပြီး တစ်ယောက်တည်းထိုင်ကာ စိတ်မကောင်းဖြစ်နေသည်။ သူ့မှာ မိုးရွာပါစေဟုလည်း ဆုမတောင်းရဲ။ နေပူပါစေဟုလည်း ဆုမတောင်းရဲဖြစ်နေသည်။ ထိုအချိန်တွင် ရဟန်း တစ်ပါး ကြွလာသောကြောင့် ဆွမ်းထွက်လောင်းသည်။


“ဒကာမကြီး မျက်နှာမကောင်းပါလား”


အမေအိုက သူ့ခံစားချက်များကို ရဟန်းအား ရင်ဖွင့်ပြီး ငြိမ်းချမ်းမှုရှာသည်။ ရဟန်းက ပြောလိုက်သည်မှာ


“ဒကာမကြီး ... နွေမှာ မိုးရွာဖို့ ဆုတောင်းရင်မှားတယ် ... မိုးမှာ နေပူဖို့ဆုတောင်းရင်လည်း မှားမယ် ... သူ့ အချိန်နဲ့ သူ့အခါ သဘာဝတရားကြီးက လည်ပတ်နေတယ်။ မိုးတွင်းမှာ အိုးမဖုတ်ဘူး ... နွေမှာ အိုးဖုတ်ကြတယ်။ နွေမှာ မိုးမရွာ ရေမရှိရင် စပါးမစိုက်ကြဘူး ... မိုးရောက်မှ စပါးစိုက်တယ် ... သူ့အချိန်နဲ့သူ လုပ်သင့်တာတွေကိုလုပ်ဖို့ လူတိုင်းသိကြတယ် ... ဒကာမကြီး”


“ဘုရား”


“ကိုယ်ဘာလုပ်ရမည်ဆိုတာ ကိုယ်သိဖို့ ကြိုးစားပါ ... ဆုတောင်းမမှားစေနဲ့”


“မှန်ပါဘုရား ... တပည့်တော် ဆုတောင်းတာကိုက မှားနေတာပါဘုရား”


“အင်း ... အပ္ပမာဒေထ သမ္ပာဒေထ”


“ဦးတင်ပါ၏ဘုရား”


တင်ညွန့်


၂၅.၄.၂၀၂၀