လွန်ကြိုး(စ/ဆုံး)
———
***ညကသမီးလေးကိုယ်နွေးလိုက် အန်လိုက်နဲ့မို့ သီရိ တစ်ညလုံးမအိပ်ရသေး၊၊ မိုးလင်းမှမှေးခနဲပျော်သွားပေမဲ့နိုးနေကြအတိုင်းမနက် ငါးနာရီနိုးလာတာပါပဲ၊၊ ဒီအချိန်မှမထရင် အပြင်စာမစားကြတာမို့ ရုံးသမားထမင်းချိုင့် တစ်အိမ်လုံးမနက်စာ ဈေးသွားဖို့ ဘယ်လိုမှမှီမယ်မထင်။
သီရိတို့အိမ်မှာက ယောက္ခမ နှစ်ယောက် ယောင်းမနှစ်ယောက် သီရိတို့မိသားစု သုံးယောက်နဲ့မို့ လူဦးရေကမနည်းလှပါ၊၊ လူများသလောက်ပွဲမစည်ဆိုသလို အားလုံးကသိီရိကလွဲရင်အခွင့်ထူးခံလူတန်းစားတွေချည်းပဲ။ ယောက္ခထီးကြီးကဆို မနက် ခုနှစ်နာရီဒေါင်ဆိုတာနဲ့ ကော်ဖီ၊ပေါင်မုန့်မီးကင်၊ကြက်ဉ half အဆင်သင့်ဖြစ်မှ၊ယောက္ခမနဲ့ယောက်ျားက မုန့်ဟင်းခါး၊ထမင်းကြော်စတဲ့ဗိုက်ပြည့်တဲ့ဟာစားရမှ၊ အလှကြိုက်ဝိတ်ချနေတဲ့တက္ကသိုလ်ကျောင်းသူယောင်းမနှစ်ယောက်က အသီးဖျော်ရည် အရွက်သုပ် စတာေတွလုပ်ပေးရတယ်၊၊ သူတို့စားနေတုန်းသီရိမှာဈေးပြေး၊ချက်ပြုတ်၊ ထမင်းချိုင့်အသီးသီးပြင်ပြီးမှ သမီးလေးကိုနှိုး သန့်ရှင်းရေးလုပ် မနက်စာကျွေး၊သူ့ဖအေအနားခဏချထားပြီး သိရိကျောင်းသွားဖို့ပြင်ရတယ်၊၊သီရိကရက်ကွက်ထဲကကျောင်းလေးကမူလတန်းကျောင်းအုပ်မို့ ကျောင်းတက်ချိန်မနက်ကိုးနာရီခွဲမှသွားလို့ရတာကျေးဇူးတင်ရတယ်၊၊
အားလုံးပြင်ဆင်ပြီး ထမင်းချိုင့်ဆွဲလို့ အသီးသီးထွက်သွားမှ သီရိတစ်ယောက် ယောက္ခမ နှစ်ယောက်ဖို့နေ့လည်စာပြင်ထားခဲ့ပေး၊ ညကလျှော်ထားတဲ့အ၀တ်တွေထုတ်လှန်း၊ သုံးနှစ်မပြည့်တပြည့်သမီးလေးကိုတစ်ဖက်ကချီ၊ကလေးဝေယျာ၀စ္စ နဲ့ကျောင်းပစ္စည်းတွေရောထည့်ထားတဲ့ခြင်းကြီးလက်ကဆွဲလို့ကျောင်းသွားဖို့ပြင်ရတယ်။
ကလေးထားခဲ့ပါလားလို့မတွေးကြနဲ့။အမတန်သိတတ်တဲ့လင်တော်မောင်ကသူ့မိဘတွေ အသက်ကြီးမှအပင်ပန်းမခံနိူင်ဘူး၊၊ ကိုယ်မွေးထားတာကိုယ်ကြည့်ဆိုလို့ မထားခဲ့ရပါ၊၊ ညနေပြန်လာတော့ရော ကျောင်းမှာတစ်နေကုန်ပင်ပန်းလာတဲ့သမီးလေးကိုသိပ်ပြီးတာနဲ့
လှည်းကျင်း သိမ်းဆည်း ညနေစာချက်။အဲအချိန် တစိမ်းတွေကိုမပြောလိုပါ လူငယ်တွေမို့ အခန်းအောင်းဖုန်းသုံးကြတာရှိစေတော့၊၊ယောက္ခမကြီးကလည်းဖုန်းနဲ့မျက်နှာမခွာ၊၊ ယောက္ခထီးကြီးကအစထဲက အခွင့်ထူးခံလူတန်းစားမို့ အိမ်ကိစ္စသူနဲ့လုံး၀မဆိုင်၊၊
တစ်နေ့တစ်နေ့ သီရိဒေါသအဖြစ်ရဆုံးက လင်တော်မောင် မင်းမြတ်ကောင်းကိုပဲ။ ဘယ်အရာမှအလိုက်တသိကူမယ်ဆိုတာမရှိ။ သီရိအကူအညီေတာင်းလို့ မကောင်းတတ်လို့လာလုပ်ပေးရင်တောင် ဟယ် ငါ့သားကြီးကိုအဲလိုတွေမခိုင်းပါနဲ့အေ၊၊ မသောက်မစား မဖေါက်မပြန် ဒီလောက်ကျတ်သရေရှိတဲ့ကျုပ်သားလိုလူမျိုး ညည်းရတာ ထိုင်တောင်ရှိခိုးဖို့ကောင်းသေး။ ပြောလည်းပြော မီးဖိုထဲဝိုင်းကူနေတဲ့သားကိုဆွဲထုတ်သွားတာမြန်မှမြန်။
သားလုပ်တဲ့သူကတစ်ပြုံးပြုံး ငါ့ကိုအမတန် တန်ဖိုးထားလွန်းတဲ့မွေးမိခင်ကြီးဆိုပြီး မအေ့နား တုံးလုံးလှဲလို့ game လေးဆော့နေတာများ တခါတခါထုရိုက်ကုတ်ဖဲ့ချင်မိတယ်။။
တကယ်ဆိုသီရိလည်းဆင်းတောင့်ဆင်းရဲမဟုတ်ပါ။ ပြေပြေလည်လည်အဆင့်အတန်းရှိရှိ အသိုင်းအဝိုင်းကမွေးလာတဲ့အဖိုးတန်သမီးလေးပါ။ သီရိပြည့်စုံသျှင် ဆိုတဲ့အတိုင်း ပေါင်လည်လောက်ရောက်အောင်မဲနက်ဖြောင့်စင်းနေတဲ့ဆံပင်၊အသားလေးက၀င်း၀င်း၊မျက်ခုံးထူထူ၊မျက်လုံးဝိုင်းဝိုင်း၊နှာတံစင်းစင်း ၊ပါးမို့မို့လေးနဲ့ကိုယ်လုံးလေးပါလှတဲ့အပြင်အိမ်မှု့ကိစ္စနိုင်ပြီးပညာတတ်ကျောင်းဆရာမလေးမို့ သီရိဟာ သူတို့နယ်မြို့လေးမှာတော့သားရှင်တိုင်းမျက်စိကျတဲ့ချွေးမလောင်းလေးပါ။
သိပ်မြင့်မားလွန်းတဲ့အသိုင်းအဝိုင်းဆို သမီးလေးကိုနှိမ်မယ် ကိုယ့်အသိမိတ်ရင်းဆွေရင်း ကိုယ့်ထက်အနည်းငယ်နိမ့်ပါးရင်ပို အဆင်ပြေမယ်ထင်ပြီး သီရိတို့ဘိုးဘွားတွေရဲ့ကျေးဇူးခံကျေးဇူးစားမကင်းတဲ့မင်းမြတ်ကောင်းနဲ့လူကြီးချင်းစီစဉ်ခဲ့ကြတာပါ။
မယူခင်က တယုတယနဲ့ သမီးလေးသမီးလေးဆိုပြီး ချိုသာတဲ့ ယောက္ခမကလည်းယူပြီးတာနဲ့ ဟဲ့ နင်နဲ့ငါ့သား
ငါ့သမီးတွေက ဆိုတာမျိုးအချိုးပြောင်းသွားသလို
မယူခင်က ဒီလောက်လှတဲ့ရတနာလေး ရွှေလိုဥထားမှာဆိုတဲ့မင်းမြတ်ကောင်းကလည်း ငါမဟုတ်တာဘာမှမလုပ်ဘူးဆိုတဲ့မဟာပုရိသဝါဒနဲ့ဟုတ်တာလည်းဘာတစ်ခုမှမကူညီပါ။
သူ့အလုပ်သူသွား သူငယ်ချင်းတွေနဲ့ လည်ပတ် အချိန်တန်အိမ်ပြန်လာ ပိုက်ဆံရှာပေးရင်တာ၀န်ကျေပြီဆိုတဲ့လူစားမျိုးမို့ ကလေးရလာတဲ့အချိန် မနိူင်၀န်ပိလာပြီမို့ သီရိတစ်ယောက်ရုပ်ပင်မပေါ်တော့ပါ။
ကရုမစိုက်နိူင်တော့တဲ့ခန္တာကိုယ်က၀လာခဲ့သလို စိတ်ဖိစီးမှု့ကြောင့်ဆံပင်တွေလည်းပါးလာပြီလေ။
နဂိုအခံလေးလှလွန်းလို့သာ ၀င်း၀င်းစက်စက်ပုံလေးမပျောက်သေးပေမဲ့ အရယ်အပြုံးမရှိတဲ့မျက်နှာလေးက သနားစရာလေးပါ။
သေးသေးလေးတွေဆိုပေမဲ့နာတာတွေများလာတဲ့အခါပေါက်ကွဲတော့တာပါပဲ။ ဘ၀မှာငါမှားလေခြင်းမတန်လေခြင်းဆိုတဲ့ယူကြုံးမရစိတ်တွေဖြစ်ခဲ့ရတဲ့နေ့ကိုသီရိတစ်သက်မမေ့ပါ။ ထိုနေ့က အကုန်လုံးအလုပ်ပိတ်ကျောင်းပိတ်ကြပေမဲ့ သီရိအရေးပေါ်အစည်းအဝေးရှိတာမို့ အိမ်မှု့ကိစ္စတွေကမန်းကတန်းလုပ်နေတာမို့ သမီးလေးကိုတစ်ချက်သတိလွတ်သွားခဲ့တယ်။ စီကနဲကလေးငိုသံကြားလို့ပြေးကြည့်တော့ ဆတ်ဆတ်တုန်နေတဲ့သမီးလေးရယ် သူတို့အလှပြင်ပစ္စည်းတွေကိုင်လို့ အော်ဟစ်နေတဲ့ယောင်းမရယ် သီရိမျက်လုံးထဲဘာမှမပြင်တော့ဘူး။
ဒါဒါနဲ့ဇာဇာ ဒါနင်တို့အစ်ကိုက မွေးထားတဲ့ နင်တို့တူမပါ။ဒီကလေးကိုနင်တို့ပါဝိုင်းကြည့်ရမှာလေ။ ပြောလည်းပြောငိုလည်းငိုမိတာမို့ အသံကြားလို့ထွက်လာတဲ့ယောက္ခမရဲ့အသံစာစာကသီရိစိတ်ကိုပိုဆွသလိုပါပဲ။
**ဟဲ့သီရိ နင်ဘာစကားပြောတာလဲ ငါ့သမီးတွေကိုနင်ပြောစရာမလိုဘူး။ နင့်သားသမီးအမြင်မတော်ရင်ဆုံးမမှာပဲ ဘာဖြစ်လဲ။ နင်ကငါတို့မိသားစုစည်းစည်းလုံးလုံးအေးအေးချမ်းချမ်းနေတာမမြင်ချင်ဘူးလားတဲ့။
သီရိ စိတ်တွေလျှော့ချလိုက်ရပေမဲ့ မျက်နှာပျက်နေတာတော့ပြင်လို့မရတာမို့ အပြင်ကပြန်လာတဲ့ မင်းမြတ်ကောင်းသတိထားမိသွားတာမို့ သီရိပြောပြမိတယ်။
မင်းမြတ်ကောင်းတုံ့ပြန်ပုံကမယုံနိုင်စရာ နင်ကဘာဖြစ်နေတာလဲသီရိ။ နင်ဒီအိမ်မှာဘာလိုအပ်လဲ။ ငါ့အမေတွေနင့်ကိုအကောင်းဆုံးထားတာ နင်ကိုက အတွင်းကောက်ကောက်ပြီးငါ့မိသားစုကိုအကောင်းမမြင်တာ။ ငါ့အမေကအမှန်ပြောတာ နင်ဘာမှနာစရာမလိုဘူးတဲ့။
ဘုရားဘုရား ရင်တွေနာလိုက်တာ တစ်ဘ၀လုံးဖျာလိုခင်းပြီးပေးဆပ်ထားတဲ့သူရဲ့နှုတ်ထွက်စကားတဲ့လားလေ။
ဒီမှာမင်းမြတ်ကောင်း။ တစ်ခြားသူတွေငါ့ကိုပြောဆိုရင်တောင် နင်ကကာကွယ်ပေးရမှာ။ နင်ကိုယ်တိုင်က တန်ဖိုးမထားမှတော့တစ်ခြားမိသားစု၀င်တွေနှိမ်တာမဆန်းပါဘူး။ နင့်ကိုပေးဆပ်ရသမျှမတန်ဘူးသိလား။
ပြောလည်းပြော ဒီမိသားစုကနေ သမီးလေးခေါ်ပြီးထွက်သွားဖို့ပြင်နေတဲ့သီရိ သမီးလေးရဲ့စကားကြောင့်ဆွံ့အသွားမိတယ်။။ **မေမေ မီးမီး ဖေဖေက တစ်ခါတစ်လေမှ မေမေ့ကို ပြောဆိုလုပ်တာပါ။ ဖေဖေ့ကိုမမုန်းပါနဲ့နော်။ မီးမီးက ဖေဖေနဲ့မေမေ သပ်သပ်စီ မနေနိုင်ဘူး။ မီးမီး တစ်အားငိုမှာနော်တဲ့**။
မပီကလာ ပီကလာနဲ့ ငိုရင်းပြော နေတဲ့သမီးလေးရဲ့စကားသံတွေအောက်မှာ အရာရာအဆုံးသတ်ဖို့ပြင်နေတဲ့ သီရိစိတ်တွေတစ်ခါယိုင်လဲခဲ့ရပြန်ပါပြီ၊၊ ဒီလိုလွန်ကြိုးလေးတွေကြောင့်ရုန်းမရတဲ့ လောကငရဲက အိမ်ရှင်မတွေ ဘယ်လောက်များ ရှိနေကြပြီလဲနော်။။
ခတ္တာဖူးငုံ