အထက်ရောက်နေသူ
-----------------------
ဇင်ပုံပြင်တစ်ပုဒ်တွင်
ဟိုးရှေးရှေးက ခပ်ကြောင်ကြောင် လူတစ်ယောက်ရှိသည်။ သူသည်အများနှင့်မတူသောကြောင့်လည်း သူ့ကို အရူးဟု သတ်မှတ်ကြသည်။
ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ကပ်နေရသည့် ထိုအရူးကို ကစားဖော် ကျောင်းသားများက အမြဲ ဝိုင်းပြီး စကြ၊ နောက်ပြောင်ကြသည်။
ကျောင်းသားတွေ အိပ်ရသောအဆောင်မှာ နှစ်ထပ်ဆောင်ဖြစ်သည်။ တစ်ညတွင် ကျောင်းသားတွေ အချင်းချင်း တိုင်ပင်ပြီး အရူးကို အပေါ်ထပ်တွင် အိပ်ခိုင်းကာ တံခါးကို ပိတ်ပြီး၊ သော့ခတ်၍ အောက်ထပ်ကို အသာလေး ဆင်းလာကြသည်။ အရူးသည် ညဉ့်လယ်တွင် သေးထပေါက်ပါက အခက်တွေ့စေရန်ဖြစ်သည်။
ညဉ့်သန်းခေါင်အချိန်တွင် တဝုန်းဝုန်းအသံများကို ကြားရသဖြင့် တစ်ကျောင်းလုံး လန့်နိုးလာသည်။
ကျောင်းအပြင်ကို ထွက်ကြည့်သောအခါ လရောင်အောက်တွင် ခေါင်မိုးပေါ်ရောက်ကာ အော်ဟစ် ရယ်မော ခုန်ပေါက်နေသော အရူးကို တွေ့ကြရလေသည်။
ဆရာတော်က ထိုအရူးကိုကြည့်ပြီး
“ဟာ ခက်တော့နေပြီ ... ဘယ့်နှယ် ဒီအရူးက ခေါင်မိုးပေါ် ရောက်သွားပါလိမ့်။ ဟဲ့ကောင် ဆင်းခဲ့စမ်း ... လိမ့်ကျလို့ သေတော့မှာပဲ” ဟု အော်လေသည်။
ခေါင်မိုးပေါ်ရောက်နေသည့် အရူးကား ပျော်နေသည်။
“ဟေ့ကောင် ခေါင်မိုးပေါ်ကို ဘယ့်နှယ်ရောက်သွားတာလဲ”
“တပည့်တော် သေးပေါက်ချင်လို့ ခုန်ချလိုက်တာဘုရား”
“ဘယ်ကိုခုန်ချလိုက်တာလဲ”
“တပည့်တော် အောက်ကို ခုန်ချလိုက်တာဘုရား”
“နင် ခုန်ချရင် အောက်ကို ကျရမှာပေါ့ ဘယ်လိုလုပ်ပြီး ခေါင်မိုးပေါ် ရောက်သွားရတာလဲ”
“တပည့်တော်လည်း မသိဘူးဘုရား ... သေးပေါက်ချင်လို့ထလိုက်တာ တံခါးကပိတ်ထားတယ်ဘုရား။ ဒါကြောင့် ပြတင်းပေါက်ကနေ ခုန်ချလိုက်တာ ခေါင်မိုးပေါ် ရောက်သွားတာပဲဘုရား”
အပေါ်က ခုန်ချလျှင် အောက်ကို ကျရမည်သာဖြစ်သည်။
သို့သော်
အရူးကတော့ ခုန်ချလိုက်ရာ ခေါင်မိုးပေါ်ရောက်သွားသည်။
ခေါင်ပေါ်ရောက်အရူးမှာ ယခုတော့ အောက်ကိုပါ သေးပန်းချနေသည်။
အရူးသည် အဘယ်ကြောင့် အောက်ကိုခုန်ချရာ အထက်ကိုရောက်သွားသည်မသိ။ အချို့သော အနေအထား များတွင် အရူးသည် ခုန်ချတာလား အိပ်ချင်မူးတူးတက်သွားတာလား သူလည်း သိချင်မှ သိနိုင်ပေလိမ့်မည်။
မည်သို့ဆိုစေ ခေါင်မိုးပေါ် မည်သို့ရောက်သွားမှန်းမသိသော အရူးတစ်ယောက်ကို ဆရာတော်ကိုယ်တိုင် အောက်ပြန်ချရန် အခက်တွေ့နေသည်။
အရူးကလည်း လရောင်အောက်တွင် ခေါင်မိုးပေါ်မှာ ပျော်ရွှင်စွာကနေသည်။
ပြုတ်ကျမလား ရင်တထိတ်ထိတ်နှင့် အားလုံးက စိုးရိမ်နေကြသည်။
ဆရာတော်ကတော့ သူ့တပည့် ခုန်ချလိုက်လျှင် အပေါ်ကိုရောက်နိုင်သည်ကို ယုံကြည်စွာဖြင့်
“ထားခဲ့လိုက်ကြ ... သူဘာသာသူ ဆင်းခဲ့လိမ့်မယ်” ဟု ပြောကာ ကျောင်းထဲပြန်ဝင်သွားသည်။
အရူးကား ပျော်ရွှင်စွာဖြင့် ခေါင်မိုးပေါ်မှာကျန်ခဲ့သည်။
သူ့သူငယ်ချင်းတွေကတော့ ခုန်ချလိုက်လျှင် နောက်ထပ်ရောက်စရာ ဘယ်နေရာများနည်းဆိုကာ စိတ်ဝင် စားစွာ စောင့်ကြည့်နေကြသည်။
(Lower and Higher)
တင်ညွန့်
၂၄.၅.၂၀၂၄