အဖေ့မှာတမ်း
-----------------
အဖေပြောမယ်
ယောက်ျားတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလွန်းရင် ဘဝကလည်း မင်းကို နိမ့်တဲ့နေရာမှာပဲ ထားလိမ့် မယ်။
မင်းဟာ ထဘီနားခိုစားတဲ့သူဖြစ်နေရင် မင်းခေါင်းပေါ်မှာ ဘုရားသခင်ကလည်း ဘယ်တော့မှ ရှိမနေဘူး။
မိန်းမတစ်ယောက်က မင်းကို သူ့နှလုံးသားနဲ့ နှစ်နှစ်ကာကာချစ်ကောင်းချစ်မယ်။ ဒါပေမဲ့ မှတ်ထားသား ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ ယောက်ျားမျိုးကိုပဲ မိန်းမတွေကလေးစားတာ။
မင်းယူတဲ့မိန်းမက မင်းကို ခေါင်းပေါ်ရွက်ပြီး ခေါ်သွားတဲ့ မိန်းမဖြစ်ကောင်းဖြစ်မယ်။ မင်းကို စားစရာအသင့်၊ နေစရာအသင့်၊ ပိုက်ဆံဆို လက်ဖြန့်တာနဲ့ရပြီးသား လိုလေသေးမရှိ ထားတဲ့သူ ဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမဲ့ မှတ်ထားသား အဲဒီဘဝမျိုးရောက်တာနဲ့ မင်းဘဝဟာသေနေပြီ။ မင်းဟာ ရှင်လျက်နဲ့ သေနေပြီ။
မိန်းမကိုမှီခိုစားနေတဲ့ကောင်ဆိုတာ အမြဲတန်းဝန်ထုပ်ဝန်ပိုးပဲ။ ဘယ်တော့မှ ရှေ့တန်းရောက်မလာဘူး။ မင်းကိုယ်မင်း လူကြီးတစ်ယောက်လိုထင်နေပေမယ့် မင်းဟာ ကလေးတစ်ယောက်ပဲ။
မိန်းမတစ်ယောက်ရဲ့ အမိုးအောက်မှာ ခိုလှုံရတဲ့ဘဝကို မရောက်စေနဲ့ကွ။ သူသနားမှ မင်းချမ်းသာတဲ့ဘဝ၊ သူ့အရိပ်မိုးမှ မင်းလုံခြုံတဲ့ဘဝ၊ သူအားပေးမှ မင်းရပ်တည်နိုင်တဲ့ဘဝ သွားပြီပေါ့ကွာ။
ထဘီနားမှီခိုစားနေရင်းက ယောက်ျားတွေနွဲ့တဲ့တဲ့ဖြစ်လာကြတယ်။ အဲဒီအချိန်ကစပြီး သူတို့အခန်းကဏ္ဍ၊ သူတို့မာနတွေဟာ မှေးမှိန်လာကြတယ်။
ယောက်ျားဆိုတာ ဖိအားတွေအပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ရမယ်။ ဆင်ခြေဆင်လက်တွေကို ကျော်ဖြတ် နိုင်ရမယ်။ သူယူထားတဲ့ မိန်းမကို ဦးစီးဦးဆောင်ပြုပြီးနေနိုင်ရမယ်။ မိန်းမထက် ဘယ်တော့မှ မနိမ့်ကျစေနဲ့ကွ။
မင်းမှာမာနရှိရမယ်။ မာနဆိုတာ တလွဲမာန ပလွှားဖို့မဟုတ်ဘူး။ အဲဒီမာနဟာ မင်းကိုယ်မင်း မတ်မတ်ရပ်တည် နိုင်စေမယ့် ကျောရိုးပဲဖြစ်ရမယ်။ အဲဒီမာနတွေမရှိတော့ရင် မင်းရဲ့မာန်၊ မင်းရဲ့ဟန်၊ မင်းရဲ့ဂုဏ်သိက္ခာ၊ မင်းဘဝကြမ္မာ အားလုံးဆုံးရှုံးသွားပြီသာမှတ်။
ဂုဏ်သိက္ခာရှိတဲ့အလုပ် ဘာမဆိုလုပ်ပါသား။ စားချိန်မှာစား၊ နားချိန်မှာနား၊ မိတ်ဆွေအပေါင်းအသင်းထား၊ အပန်းဖြေသင့်ရင်ဖြေပါ။ ဒါပေမဲ့ မင်းရဲ့ဂုဏ်သိက္ခာကို ဘယ်တော့မှ ရောင်းမစားပါနဲ့။ ထမင်းတစ်လုတ်အတွက် ထင်းခုတ်ချင်ခုတ်၊ မိန်းမကခိုင်းလို့ဆိုပြီး ဘယ်တော့မှ မဟုတ်တာ မလုပ်မိစေနဲ့။
ယောက်ျားလို ကျားကျားလျားလျား ရပ်တည်ပါကွာ။
မင်းကို ကလေးတစ်ယောက်လို ဆက်ဆံတာ ဘယ်တော့မှ မခံနဲ့။
ရှင်းပါတယ်နော်။
(Listen to me, son ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)
တင်ညွန့်
၁၄.၁၂.၂၀၂၅