စောင့်ကြည့်လိုက်ပါ
---------------------
မိတ်ဆွေတစ်ယောက်နှင့် စကားပြောဖြစ်သည်။
သူနှင့်ကျွန်တော်က ဘဝတူ
အဘယ်ကြောင့် ဘဝတူရသနည်းဆိုသော် ကျွန်တော်တို့နှစ်ယောက်စလုံး အလိမ်ခံခဲ့ရသောကြောင့် ဖြစ်သည်။ လိမ်သည့်သူကလည်း အတူတူ တစ်ဦးတည်းဖြစ်နေသည်။
သူကား လုပ်ငန်းရှင်တစ်ဦးဖြစ်သဖြင့် ယနေ့အထိလည်း ဟန်မပျက်နေထိုင်နိုင်သည်။ ကျွန်တော့်မှာကား ထိုစဉ်က ဘဝပါပျက်ခဲ့ရသည့်အပြင် ထိုဝဋ်ကြွေးကို ယနေ့တိုင်ဆပ်နေရသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော် အလိမ်ခံလိုက်ရသော ငွေသည် ကျွန်တော့် ကိုယ်ပိုင်ငွေမဟုတ်။ ကျွန်တော်က ကြားမှ အာမခံ ပေးထားမိ သောကြောင့်ဖြစ်သည်။
ကျွန်တော့်မိတ်ဆွေက
“ဆရာ ... ကျွန်တော်တို့ကို လိမ်သွားတဲ့သူနဲ့ ကျွန်တော်တွေ့တယ် ... ကျွန်တော်ကတော့ ဆုံးရှုံးသွားတဲ့ ငွေ တွေအတွက် ဘာမှမခံစားရပါဘူး ... ကျွန်တော့်စိတ်ထဲမှာ အဆုံးစွန်အထိသတ်မှတ်ပြီးတော့ မေ့နိုင်အောင် ကြိုးစားခဲ့တယ် … သူ့ကိုလည်းအခင်အမင်မပျက်ပါဘူး။ ဒီနေ့အထိ ခေါ်ပြောနေပါတယ်”
“အင်းပါဗျာ ... ကောင်းပါတယ် ... ကျွန်တော်လည်း ဒီအတိုင်းပါပဲ ... သူနဲ့တော့ မတွေ့တော့ဘူးပေါ့ ... ကျွန်တော်လည်း မေ့ထားပြီးပါပြီ”
“ဒါပေမဲ့ဆရာ ... သူပြောလိုက်တဲ့ စကားတစ်ခွန်းကိုတော့ ကျွန်တော် တွေးလို့မရနိုင်လောက်အောင် ဖြစ်နေတယ်”
“ဘာများပြောလိုက်လို့လဲဗျာ”
“သူက သူလုပ်ခဲ့တဲ့ကိစ္စအတွက် သူနောင်တမရဘူးလို့ပြောတဲ့စကားပဲ”
“သူက အဲဒီလို ပြောသလား”
“ဟုတ်တယ် ... ကျွန်တော်လည်း အံ့အားသင့်သွားမိတယ် ... အမှားလုပ်ထားတဲ့ လူတစ်ယောက်က သူ့အမှားကို ဘယ်တော့မှ နောင်တမရဘူးဆိုတော့ ဘယ်လိုပြောရမလဲဆရာ”
လူလိမ်တစ်ယောက်က သူလုပ်ခဲ့သည်ကို မှားမှန်းလည်း သိသည်။ သို့သော် နောင်တမရဟု ပြောခဲ့ခြင်းမှာ သူသည် ဝဋ်ဆိုသည်ကို မကြုံဖူးသေးသောကြောင့် ဖြစ်နိုင်ပါလိမ့်မည်။ သို့မဟုတ် ကြုံနေရသော်လည်း မခံစား တတ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
သူ့အကြောင်းကို တွေးရင်းက တော်စတွိုင်း၏ ဝတ္ထုတစ်ပုဒ်ကို သတိရမိသည်။
ရုရှားစာရေးဆရာကြီး လီယို တော်စတွိုင်း ၁၈၇၂ ခုနှစ်လောက် ကတည်းက ရေးသားခဲ့သော (God sees the truth, but waits) ဆိုသည့် ဝတ္ထုတိုလေးကို ဖတ်ဖူးကြမည် ထင်ပါသည်။ တော်စတွိုင်း၏ စာပေများကို နှစ်သက်မိကတည်းကအကြိမ်ကြိမ် ဖတ်မိသော ဝတ္ထုဖြစ်သည်။
ဇာတ်လမ်းထဲတွင် အီဗန်ဆိုသူသည် ချမ်းမြေ့သော ဘဝတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။ မိသားစုနှင့် ပျော်ရွှင်စွာနေထိုင်ရာမှ ဈေးပွဲတစ်ခုသို့ ကုန်ရောင်းအသွားတွင် ကံဆိုးမိုးမှောင်ကျခဲ့ရသည်။
လမ်းခရီးတစ်ဝက်တွင် သူ့လိုကုန်သည်တစ်ဦးနှင့်ဆုံကာ တည်းခိုးခန်းတွင် အတူတည်းခိုကြသည်။ နံက် မိုးလင်းလျှင် သူက တည်းခိုခန်းမှဦးစွာထွက်လာသည်။ ၂၅ မိုင်ခန့်ပေါက်ပြီး တည်းခိုခန်းတစ်ခုတွင် နားနေစဉ် နောက်က လိုက်လာသော စစ်သားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
သူနှင့်အတူ တည်းခိုခဲ့သော ကုန်သည်မှာ အသတ်ခံလိုက်ရပြီး စစ်သားတွေက အိုင်ဗန်ထံမှ ရှာဖွေရာတွင် သွေးစွန်းနေသော ဓားကို တွေ့လိုက်ရသဖြင့် အိုင်ဗန်သတ်သည်ဆိုကာ ဖမ်းဆီးလိုက်သည်။ အမှန်တော့ ထိုကုန်သည်ကို သူမသတ်။ သူမသတ်ကြောင်း ငြင်းသော်လည်း ဓားနှင့်အတူဖမ်းမိသဖြင့် လူသတ်သမားဟု ဆိုကာ ရုံးတင်သည်။ သူမသတ်ကြောင်း အမျိုးမျိုးထွက်ဆိုသော်လည်း နောက်ဆုံးတွင် သူ့မိန်းမကပါ သူ့ကို မယုံကြည်။
ဇာဘုရင်ထံ သူမသတ်ကြောင်း အသနားခံစာတင်သော်လည်း ပယ်ချခြင်းခံရသည်။
တရားရုံးက သူ့ကို ကြိမ်ဒဏ်ပေးပြီး သတ္တုတွင်းဆီသို့ အလုပ်ကြမ်းလုပ်ရန် အပြစ်ပေးသည်။ ကြိမ်ဒဏ်မှ သက်သာသော် ဆိုက်ဘေးရီးယားကို အပို့ခံရသည်။ ဆိုက်ဘေးရီးယားတွင် ၂၆ နှစ်ကြာ နေခဲ့ရသည်။ လူလည်း အိုပြီ၊ ဆံပင် မုတ်ဆိတ်တွေလည်း ဖြူပြီ၊ သူ့ထံတွင် ပျော်ရွှင်မှုတွေအားလုံး ဆိတ်သုဉ်းကုန်သည်။
သို့သော် သူက ဘုရားသခင်ကို ယုံကြည်သည့်အတိုင်း ဘုရားဝတ်ပြုသည်၊ ဆုတောင်းသည်၊ သူတော်စင်လို နေသည်။
တစ်နေ့တွင် ဆိုက်ဘေးရီးယားကို အကျဉ်းသားတွေ ထပ်ရောက်လာသည်။ နောက်ထပ်ရောက်လာသူတွေ ထဲတွင် အသက် ၆၀ ခန့်လူတစ်ယောက်ပါလာသည်။ ထိုသူက အာချောင်သဖြင့် လူသတ်မှုဖြစ်ပွားရာ မြို့တွင် ကုန်သည်ကို အမှန်တကယ်သတ်ခဲ့သူမှာ ထိုသူဖြစ်ကြောင်း အိုင်ဗန်သိသွားသည်။
တစ်နေ့တွင် နောက်မှရောက်လာသူကထွက်ပြေးရန်ကြံသည်။ အိုင်ဗန်က သိသော်လည်း အာဏာပိုင်တွေကို ထုတ်မပြော။ သူက ထုတ်ပြောလိုက်လျှင် ထိုသူဒုက္ခရောက်နိုင်သည်။ ထို့ပြင် သူသည် ထိုသူကြောင့် မတရား ဖမ်းဆီးခြင်းခံရသည်ကို အာဏာပိုင်တွေအား ထုတ်ပြောလိုက်လည်း သူအပြစ်က လွတ်နိုင်သည်။
သို့သော် သူက မပြော။ လူသတ်သမားက သူ့အသက်ကို ကယ်လိုက်သဖြင့် ကျေးဇူးတင်ကြောင်းပြောသည်။ ထို့ပြင် သူ့ကို ခွင့်လွှတ်ရန်လည်း တောင်းပန်သည်။ ကုန်သည်ကို သတ်ကြောင်းလည်းဝန်ခံသည်။
အိုင်ဗန်အနေဖြင့် ယခုအချိန်မှ လွတ်သွားလည်း ပြန်စရာမရှိ။ သူ့ဇနီးနှင့် သားသမီးတွေလည်း ဘယ်ရောက်နေပြီမသိ။ ထောင်ထဲက ထွက်သွားချင်စိတ်လည်း မရှိတော့။
လူသတ်သမားက အာဏာပိုင်များထံ သူ့အပြစ်ကိုသွားပြီးဝန်ခံလိုက်သည်။ အာဏာပိုင်တွေက အထက်ကိုတင် ပြသည်။ လွှတ်မိန့်ရောက်လာသည့်အခါတွင် အိုင်ဗန်ကွယ်လွန်သွားသည်။
God sees the truth, but waits. ဆိုသည့် ဝတ္ထုတိုလေးမှာ ဤမျှသာဖြစ်သည်။
လူလိမ် လူကောက် လူညစ်တို့ကြောင့် အပြစ်မဲ့သူတို့မှာ မရောက်သင့်သည့်နေရာရောက်၊ မနေသင့်သည့် နေရာတွင် နေရကာ သူတို့နှင့် ဆက်နွှယ်နေသူတွေသာမက သူတို့ဘဝတွေပါ ဆုံးရှုံးနစ်နာနေကြရသည်။
တော်စတွိုင်း၏ အတွေးအမြင်အတော်များများမှာ ဗုဒ္ဓဘာသာဝင်တို့၏ အယူအဆနှင့် တိုက်ဆိုင်နေကြောင်း တွေ့ရပါသည်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များကလည်း ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်၊ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်ဟု ရိုးရှင်းစွာဖြင့် ဓမ္မနိယာမကို လက်ခံကြသူများ ဖြစ်ပါသည်။
သို့သော်
မကောင်းသောအလုပ်ဖြင့် ကောင်းကျိုးကိုရနေသူများ
ကောင်းသောအလုပ်ကို လုပ်သော်လည်း မကောင်းကျိုးကို ရနေသူတွေလည်း များစွာရှိနေသည်။
ထိုသို့သော ဖောက်ပြန်သည့် ဓမ္မနိယာမတွေကို တွေ့မြင်လာရသည့်အခါတွင် ကုသိုလ်နှင့် အကုသိုလ် သက်ရောက်မှုအပေါ် သံသယရှိလာနိုင်သည်။ ထိုသံသယသည် ဗုဒ္ဓဘာသာဝင်များ၌လည်း ဖြစ်လာနိုင်ပါသည်။
ဤသည်နှင့်ပတ်သက်ပြီး ဆရာကြီး ဦးရွှေအောင် (ဓမ္မအပေါ်သစ္စာဖောက်မှုကြီး) ဆိုသည့် ဆောင်းပါးမှ ကောက်နုတ်ချက်တစ်ခုကို ထုတ်ပြလိုပါသည်။
“အမှန်အားဖြင့် အကုသိုလ် လုပ်ငန်းကြောင့် ကြီးပွားချမ်းသာခြင်းသည်လည်းကောင်း၊ ကုသိုလ်လုပ်ငန်းကြောင့် ဆင်းရဲမွဲတေခြင်းသည်လည်းကောင်းဓမ္မအပေါ်သစ္စာ ဖောက်ခြင်းပင်ဖြစ်သည်။ ကံနှင့် ကံ၏အကျိုး လိုက်လျောညီထွေမရှိခြင်းသည် ဓမ္မအပေါ် သစ္စာဖောက်ခြင်းမည်၏။ ဓမ္မအပေါ် သစ္စာဖောက်ခြင်းမှန်သမျှ ဓမ္မ၏ ဒဏ်ခတ်ခြင်းကို ခံရမည်မှာ မလွဲမသွေ မှန်ကန်လှပေ၏။
သက်ရောက်အားနှင့် တန်ပြန်သက်ရောက်အားတို့၏ နိယာမအရ အပုပ်ချခြင်း ခံရသော ဓမ္မသည် မိမိအပေါ် အပုပ်ချသူအား ပြန်၍ ဒဏ်ခတ်ရသည်မှာ မရှောင်လွဲနိုင်သော နိယာမအရဖြစ်၏။ ထိုနိယာမအတိုင်း ဓမ္မက ဒဏ်ခတ်မည်မှာ သေချာပါသည်။
သို့ရာတွင် မည်သည့်အချိန် ဒဏ်ခတ်မည်နည်း ဟူ၍ အချိန်ကာလနှင့် ပတ်သက်ပြီး စဉ်းစားစရာသာရှိ၏။ ထို့ကြောင့် ကာလအရ မသေချာသော်လည်း နိယာမအရ ဒဏ်ခတ်မည်တော့ အလွန်ပင်သေချာပါ၏”
အဓမ္မသမားတွေအတွက် အချိန်တစ်ခုသာလိုပါသည်။
မည်သို့ဆိုစေ
ကျွန်တော်တို့ အချိန်တစ်ခုကိုတော့ စောင့်ရပေလိမ့်မည်။
(ကိုးကား - Leo Tolstoy, God sees the truth, but waits နှင့် ဦးရွှေအောင်၏ “အမြင်များ ပြောင်းလဲခြင်းနှင့် အတွေးအမြင်စာစုများ”)
တင်ညွန့်
၁.၅.၂၀၂၂