အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပါ

 အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပါ

-------------------------------------
မကြာသေးမီက ဘီလ်ဂိတ်သည် သူချမ်းသာကြွယ်ဝလာစေရန် အထောက်အကူပေးခဲ့သူတစ်ဦးကို ဖော်ထုတ်ခဲ့ သည်။ ထိုသူကား ဝီလျံ စတီးဝပ် ဒါဂဲလ်ဖြစ်သည်။
ဝီလျံ စတီးဝပ် ဒါဂဲလ်အမည်ကို မည်သူမျှမကြားဘူးပါ။ ဘီလ်ဂိတ်၏ ဇနီးဖြစ်သူပင် သိဟန်မတူ။
တွေ့ဆုံပွဲတစ်ခုတွင် ဘီလ်ဂိတ်က ဝီလျံကို မတ်တတ်ထခိုင်းပြီး သူ့အကြောင်းကို အများသိအောင် ဖော်ထုတ် ခိုင်းလေသည်။
ဝီလျံက
“ကျွန်တော်က လေယာဉ်မောင်းအဖြစ် စစ်ပွဲတစ်ခုမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ရတယ်။ စစ်ပြီးတော့ ကျွန်တော်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျောင်းဆရာအလုပ်ပေါ့။ ကျွန်တော့်ကို အထက်တန်းကျောင်းတစ်ကျောင်းမှာ သိပ္ပံသင်ဖို့ လွှတ်လိုက်တယ်။ လိက်ဆိုက်ကျောင်းကိုပေါ့။ အဲဒီ ကျောင်းက ကျောင်းသားတွေ ကွန်ပျူတာ မမြင်ဖူးကြဘူး။ ကျွန်တော့်အတွက်လည်း သိပ္ပံအကြောင်းသင်မယ် ဆိုရင် ကွန်ပျူတာမပါလို့ ပြည့်စုံမယ်မထင်ဘူး။ ဒါကြောင့် ကျွန်တော်က ကျောင်းကို IBM ကွန်ပျူတာတစ်လုံး တပ်ဆင်ပေးဖို့ အကြံပြုခဲ့တယ်။ လအနည်းငယ်ကြာတော့ လိက်ဆိုက်ကျောင်းဟာ အမေရိကန်ပြည်ထောင်စု မှာသာမက ကမ္ဘာမှာပါ ပထမဆုံး ကွန်ပျူတာပိုင်ဆိုင်တဲ့ကျောင်းတစ်ကျောင်းဖြစ်လာခဲ့တယ်”
ဝီလျံက ဘီလ်ဂိတ်အထက်တန်းကျောင်းသားဘဝက နေခဲ့သည့်ကျောင်းကို ကျောင်းဆရာတစ်ယောက်အဖြစ် ရောက်ရှိလာပုံကို ပြောပြနေခြင်းဖြစ်သည်။
အထက်တန်းကျောင်းကိုရောက်လာသည့် ကွန်ပျူတာနှင့်ပတ်သက်ပြီး ကျောင်းသားများက ကြောက်ရွံ့နေခဲ့ကြ သည်။ သို့သော် ကျောင်းသားတစ်ယောက်ကတော့ ဝီလျံထံမကြာခဏရောက်လာပြီး ထိုစက်အကြောင်းကို မေးမြန်းစုံစမ်းသည်။
ကျောင်းသား၏ စိတ်အားထက်သန်မှုကို ဝီလျံကကြည့်ကာ သူ့ကိုကွန်ပျူတာနှင့် ပတ်သက်ပြီးသင်ကြားပေးရန် ဆုံးဖြတ်လိုက်သည်။ ထိုကျောင်းသားမှာ ဘီလ်ဂိတ်ဖြစ်သည်။
ခန်းမကြီးတစ်ခုလုံးရှိ ပရိသတ်တွေက ဝီလျံပြောသည့် အကြောင်းတွေကို စိတ်ဝင်စားစွာ နားထောင်နေကြ သည်။
“အဲဒီကောင်လေးက သူ့အရွယ်နဲ့ ကွန်ပျူတာကိုသင်ဖို့ နားလည်ဖို့ဆိုတာ ငယ်လွန်းတာမှန်ပေမယ့် သူ့စိတ်ဝင်စားမှု၊ အားထုတ်မှု၊ စိတ်အားထက်သန်မှုက သူ့ကို စွန့်ဦးတီထွင်သူတစ်ဦးဖြစ်အောင် လုပ်ပေး လိုက်တာပါပဲ”
ကျွန်တော်ဤဇာတ်လမ်းကိုပြောပြနေရသည်မှာ အကြောင်းရှိသည်။
ကျွန်တော့်ကို ဟောပြောပွဲတစ်ခုတွင် ကျောင်းသားတစ်ယောက်က
“ဆရာ ကျွန်တော်ဟာ ချမ်းသာတဲ့မိဘကမွေးဖွားလာတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် တစ်နေ့မှာ ဘီလ်ဂိတ်လိုချမ်းသာလာအောင် လုပ်လို့မရဘူးလား” ဟုမေးလိုက်သည်။
ကျွန်တော်အထက်ပါဇာတ်လမ်းလေးကို ပြောပြပြီးနောက် သူကမေးလိုက်ခြင်းဖြစ်သည်။
ကျွန်တော်က ပြုံးလိုက်ပြီး
“သားက ဘယ်လိုများ ချမ်းသာအောင် လုပ်ချင်သလဲကွယ်” ဟု သူ့ကို ပြန်မေးလိုက်ပါသည်။
“ကျွန်တော်လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံမယ်။ အဲဒီကနေ ချမ်းသာလာရင် သားစဉ်မြေးဆက် တည်တံ့တဲ့ လုပ်ငန်းကြီးတစ်ခု ထူထောင်သွားမယ်”
“ကောင်းပါတယ် … သားစိတ်ကူးကောင်းတယ်။ ဒါပေမဲ့ ဆရာမေးချင်တာက လုပ်ငန်းထူထောင်ဖို့ ရင်းနှီးမြှုပ်နှံ ရမယ့်ငွေကို သားဘယ်ကရမလဲဆိုတာကိုပဲသိချင်တာ”
“သားထီပေါက်ရင်ပေါ့”
အားလုံးကဝိုင်းရယ်ကြသည်။
“သားကိုတစ်ခုပြောမယ် ဆင်းရဲသားတွေရဲ့ ထွက်ပေါက်ဟာ ထီပေါက်ရင်ဆိုတဲ့ အဖြေမှာ အဆုံးသတ်နေတတ် တယ်။ ထီဆိုတာပေါက်နိုင်ခဲတဲ့အရာတစ်ခုဆိုတာ သားသိတယ်နော်။ လူတိုင်းထီမပေါက်နိုင်ပါဘူး။ သားတို့ ထင်နေတာက ချမ်းသာဖို့ဆိုတာ ပိုက်ဆံအများကြီးရှိမှလို့ စိတ်ထဲစွဲနေကြတာပဲ။ ဘီလ်ဂိတ်ဆိုတဲ့ ကောင်လေးမှာ အဲဒီလိုထီပေါက်ရင်ဆိုတဲ့ စိတ်မျိုးမရှိတာသေချာတယ်။ သူက မသိတာကို သိအောင်၊ မတတ် တာကိုတတ်အောင်။ မဖြစ်သေးတာကို မဖြစ်ဖြစ်အောင် လုပ်ဆောင်တီထွင်နိုင်စွမ်းရှိတာကြောင့် ချမ်းသာ သွားတယ်။ တို့ဆင်းရဲတဲ့သူတွေမှာ စိတ်ထဲစွဲနေတာက ကြိုးစားအားထုတ်ချင်စိတ်မဟုတ်ဘူး။ ထီပေါက်ရင် ဆိုတဲ့ အချောင်လိုချင်စိတ်။ ထီပေါက်တော့ရော ချမ်းသာရောလား။ မချမ်းသာပါဘူး။ မစားဘူးတာတွေစား၊ မဝတ်ဘူးတာတွေဝတ်၊ မနေဘူးတာတွေမှနေပြီး ပြန်ဆင်းရဲကုန်ကြတာ”
ကျွန်တော်တို့လူငယ်တွေ၏ စိတ်ဓာတ်တွေအားလုံးကို ပြုပြင်ပြောင်းလဲရန်လိုမည်။
ကျွန်တော်ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြချင်ပါသည်။
ဘီလျံနာသူဌေးကြီးတစ်ယောက်ကို သတင်းမီဒီယာတစ်ခုကမေးဖူးသည်။
“ခင်ဗျား ပတ်ဝန်းကျင်ကို ခင်ဗျား ဘာဖြစ်စေချင်သလဲ”
“ကျွန်တော့် ပတ်ဝန်းကျင်ကို ကျွန်တော် အားလုံးပြောင်းလဲလိုက်ချင်တယ်”
“ဘာတွေပြောင်းလဲမှာလဲဗျ”
“လမ်းတွေ၊ အိမ်တွေအားလုံးကို ကောင်းအောင်လုပ်ပေးပြီး လူတွေအားလုံးကို စီးပွားရေး ကောင်းအောင်လုပ် ပေးချင်တယ်။ သူတို့ရဲ့ မိုင်းဆက် (Mind-set) တွေကို ပြောင်းပစ်ချင်တယ်”
“ဘာဖြစ်လို့လဲဗျ”
“ချမ်းသာတဲ့ပတ်ဝန်းကျင်မှာမှ အားလုံးချမ်းသာခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ပီပြင်စွာ နားလည်နိုင်တယ်။ ဆင်းရဲတဲ့ ပတ်ဝန်းကျင်မှာ ချမ်းသာနေတာဟာ အန္တရာယ်များတယ်။ သူတို့က ချမ်းသာဖို့ပဲသိတယ်။ ချမ်းသာအောင် အားထုတ်ချင်စိတ်တွေနည်းတယ်။ ကျွန်တော်က ကလေးတွေကို စိတ်ဓာတ်တွေအားလုံး ပြုပြင်ပြောင်းလဲ လိုက်ချင်တယ်။ ချမ်းသာတာကို အားကျပြီး စိတ်ကူးယဉ်နေတာမျိုးကို မလိုချင်ဘူး။ ချမ်းသာအောင် အားလုံးက ကြိုးစား အားထုတ်နေတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကိုပဲလိုချင်တယ်”
လေ့လာဆန်းစစ်မှုတစ်ခုတွင် အမေရိကန်ပြည်ထောင်စုရှိ အသက် ၁၇ နှစ်အရွယ်ကလေးများသည် ဘဏ် တစ်ခုခုတွင် ငွေစာရင်းဖွင့်ထားကြပြီး၊ ဥရောပတွင် အသက် ၂၀ အရွယ်တွေ ဘဏ်စာရင်းများရှိနေကြောင်း သိရသည်။ သူတို့မိဘတွေကိုယ်တိုင်က သူတို့ကလေးတွေကို ငွေကြေးနှင့် စုဆောင်းခြင်း သဘောတရားတွေကို ငယ်စဉ်ကတည်းက သင်ကြားထားကြသည်ဆိုသည့် သဘောဖြစ်သည်။
အနောက်နိုင်ငံမှ ချမ်းသာသူများသည် သူတို့သားသမီးတွေကို အမွေဆိုသည့် မက်လုံးမပေးထား၊ ကိုယ့်အား ကိုယ်ကိုးလိုစိတ်တွေမွေးနိုင်ရန်သာ ပျိုးထောင်ပေးကြသည်။
ဘီလ်ဂိတ်သည် အထက်တန်းကျောင်းသားဘဝတွင် ကွန်ပျူတာပညာကို လေ့လာဆည်းပူးခွင့်ရသည့် ပထမဆုံးသော ကျောင်းသားတစ်ယောက်ဖြစ်လာသည်။ ထိုအချိန်က အထက်တန်းကျောင်းတစ်ကျောင်းတွင် ကွန်ပျူတာထားရန်မလွယ်သလို လေ့လာရန်လည်း မလွယ်ကူသေးပါ။ ဘီလ်ဂိတ်အနေဖြင့် ရလာသည့် အခွင့် အရေးကို ပိုင်နိုင်စွာအသုံးချနိုင်ခြင်းက သူ့ကိုယခုလိုဘဝမျိုးကို ရောက်လာစေသည်။
ကိုယ့်သားသမီးတွေကို အမွေပေးမည်ဆိုလျှင် ဘာကိုပေးမည်နည်း။ မိဘတွေ စဉ်းစားကြဖို့လိုသည်။ ငွေ သိန်း ၁၀၀ သူတို့အတွက် ရင်းနှီးမည်ဆိုပါစို့။ သူတို့လက်ထဲ ထိုငွေ သိန်း ၁၀၀ ထည့်ပေးလိုက်လျှင် မည်မျှ ခံမည်နည်း။ ကိုယ့်မှာ သိန်း ၁၀၀ သူတို့အတွက် ရင်းနှီးမြှုပ်နှံပေးနိုင်လျှင် ပညာနှင့် ရင်းနှီးမြှုပ်နှံပေးခြင်းကသာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။ ဘီလ်ဂိတ်ကို သူ့မိဘတွေက ဤနည်းဖြင့် ရင်းနှီးမြှုပ်နှံ ပေးခဲ့ခြင်းဖြစ်သည်။
ကလေးတွေကို အနာဂတ်အတွက် မျှော်လင့်ချက်ထားလျှင် ပညာဖြင့် ရင်းနှီးမြှုပ်နှံပေးထားကြပါ။
ပညာရေး ဆိုရာတွင်လည်း ပေးတာယူ ကျွေးတာစား ပညာရေးလောက်နှင့် မတင်းတိမ်သင့်ပါ။
အနာဂတ်အတွက် မျှော်တွေးပြီး သိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်သည့် ခေတ်နှင့်ကိုက်ညီမည့် ပညာရေးကို အားပေးကြပါဟု တိုက်တွန်းချင်ပါသည်။
တင်ညွန့်
၁၂.၁၂.၂၀၂၅