အမွေထက်အဖိုးတန်တဲ့ အသိစိတ်

 အမွေထက်အဖိုးတန်တဲ့ အသိစိတ်


"ငါတို့က တစ်အူတုံဆင်း မောင်နှမရင်းတွေပဲ" တဲ့။

အမေ့ကို မြေမြှုပ်တဲ့နေ့မှာ ငါ့မောင်နှမတွေက အဲဒီလို ပြောကြတယ်။

အမေ အိပ်ရာထဲက မထနိုင်ဘဲ အားကိုးရာ ရှာနေချိန်တုန်းက တစ်ယောက်မှ ရှိမနေခဲ့တဲ့သူတွေ။

အကြိမ်ကြိမ် ဖုန်းခေါ်ရင်လည်း မအားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းမကိုင်ခဲ့တဲ့သူတွေ။

"အခြေအနေထူးရင် အကြောင်းကြားလိုက်" ဆိုတဲ့ ဝတ္တရားအရ စကားတစ်ခွန်းနဲ့တင် ကျေနပ်နေခဲ့ပြီး တစ်ခါမှ ခြေဦးမလှည့်ခဲ့တဲ့သူတွေ။

ဒါပေမဲ့... အဲဒီနေ့မှာတော့ သူတို့တွေ အစောကြီး ရောက်လာကြတယ်။

ဝတ်ကောင်းစားလှတွေနဲ့၊ ပြင်ဆင်ထားတဲ့ မျက်ရည်တွေနဲ့။ နှစ်ပေါင်းများစွာ အေးစက်နေခဲ့ပြီးမှ အခုမှ လာပေးတဲ့ ဟန်ဆောင်ဖက်လဲတကင်း နှုတ်ဆက်မှုတွေနဲ့။

သူတို့ကို ကြည့်နေရင်း ငါ့အမေအတွက် ဝမ်းနည်းရမလား၊ ဒါမှမဟုတ် အမေ့ခေါင်းတလား ဘေးမှာ ယှဉ်လျှောက်နေတဲ့ သူတို့ရဲ့ အရေခြုံမှုတွေအတွက်ပဲ စက်ဆုပ်ရမလား ငါမဝေခွဲတတ်တော့ဘူး။

အမေ့ကို ငါ တစ်ယောက်တည်း ပြုစုခဲ့တာပါ။

"သူ့ကို တစ်ယောက်တည်း ထားလို့မရတော့ဘူး" လို့ ဆရာဝန်က အမိန့်ချသလို ပြောလိုက်တဲ့နေ့က အားလုံးဟာ ကြမ်းပြင်ကိုပဲ စိုက်ကြည့်ရင်း နှုတ်ဆိတ်သွားခဲ့ကြတယ်။ အဲဒီအချိန်မှာ ငါတစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်။

အမေ နာမည်တွေ စမေ့လာတဲ့အချိန်မှာ ငါရှိနေခဲ့တယ်။

အမေ့ကို ရေချိုးပေးဖို့ လိုအပ်တဲ့အချိန်၊ အမေက ငါ့ကို အားကိုးနေရလို့ အားနာတကြီး တောင်းပန်နေတဲ့အချိန်၊ အမေက သူတို့အကြောင်းကို မျှော်တလင့်လင့် မေးတဲ့အခါ အမေ့နှလုံးသား မကွဲကြေရအောင် ငါ့နှလုံးသားကို ခွဲပြီး လိမ်ညာပြောပေးခဲ့တဲ့ အချိန်တွေမှာလည်း ငါပဲ ရှိနေခဲ့တယ်။


ငါ့ဘဝဟာ ဆေးလုံးတွေ၊ မအိပ်ရတဲ့ ညတာတွေနဲ့

 "ငါ့အမေ တစ်ယောက်တည်း အစွန့်ပစ်ခံရတယ်" လို့ ခံစားရင်း သေဆုံးသွားမှာကို ကြောက်တဲ့ စိုးရိမ်စိတ်တွေကြားထဲမှာပဲ ပျော်ဝင်သွားခဲ့ရတယ်။

ဒါတွေကို သူတို့ မမြင်ခဲ့ဘူး။

ပင်ပန်းလွန်းလို့ အရိုးထဲထိ စိမ့်နေတဲ့ နွမ်းနယ်မှုတွေ၊ ခိုးချခဲ့ရတဲ့ မျက်ရည်တွေ၊ အမေ ချော်လဲတဲ့အခါ ရင်တထိတ်ထိတ်နဲ့ ပြေးထူခဲ့ရတဲ့ မနက်ခင်းတွေကို သူတို့ မမြင်ခဲ့ကြဘူး။

ဒါပေမဲ့ အမေ သေသွားတဲ့အခါမှာတော့... သူတို့တွေ ရောက်လာကြတယ်။

ငါ့ရဲ့ ပင်ပန်းမှုကို မေးဖို့ မဟုတ်ဘူး။

"ကျေးဇူးတင်ပါတယ်" လို့ ပြောဖို့ မဟုတ်ဘူး။

ငါ့ရဲ့ စွန့်လွှတ်မှုကို အသိအမှတ်ပြုဖို့လည်း မဟုတ်ဘူး။

သူတို့ လာမေးတာက...

"အိမ်က ဘယ်သူပိုင်မှာလဲ”

"ခြံကော ဘယ်လိုခွဲမှာလဲ”

"အမေ ဘာတွေ ချန်ထားခဲ့သေးလဲ”

အဲဒီအချိန်မှာပဲ ငါ့နှလုံးသားကို ဓားနဲ့မွှန်းသလို ခံစားလိုက်ရတဲ့ အမှန်တရားတစ်ခုကို ငါ နားလည်သွားခဲ့တယ်။

"အချို့သော သားသမီးတွေအတွက်တော့ ဖျားနာနေတဲ့ အမေဟာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ပေမဲ့၊ သေဆုံးသွားတဲ့ အမေကတော့ အခွင့်အရေးတစ်ခုပါပဲ။"

ပိုပြီး ရင်နာဖို့ကောင်းတာက "နင်က အမေနဲ့ အတူနေခဲ့တာပဲ၊ အများကြီး ရပြီးသားပဲ၊ အခုတော့ နင်က အဝေစု လျော့ရမယ်" ဆိုတဲ့ စကားတွေကို ကြားလိုက်ရတာပဲ။

ပြုစုစောင့်ရှောက်တာက ဆုလာဘ်တစ်ခုလိုလို၊ ချစ်ခြင်းမေတ္တာက စီးပွားရေးတွက်ကိန်းတစ်ခုလိုလို၊ ငါ့ရဲ့ အနစ်နာခံမှုတွေကို အမွေထဲကနေ နှုတ်ပစ်ရမယ်တဲ့လား။

သူတို့က အပြစ်ရှိစိတ်ကိုတော့ အတူမထမ်းချင်ဘဲ အိမ်ခြံမြေကိုတော့ အညီအမျှ ခွဲချင်ကြတယ်။

အနားမှာ မရှိခဲ့ဘဲ အမွေကိုတော့ ဆက်ခံချင်ကြတယ်။

တစ်ခါမှ တာဝန်မကျေခဲ့ဘဲ အခုမှ "တန်းတူညီမျှမှု" ကို အော်ဟစ်နေကြတယ်။

အဲဒီနေ့က ငါ ဘာမှ ပြန်မပြောခဲ့ဘူး။

မအော်ခဲ့ဘူး၊ ဘာမှလည်း မတောင်းပန်ခဲ့ဘူး။

ဘာလို့လဲဆိုတော့ သူတို့ ဘယ်တော့မှ မပိုင်ဆိုင်နိုင်မယ့် အရာတွေကို ငါ ရရှိထားပြီးသားဆိုတာ ငါ သိနေလို့ပဲ။

အမေ့ရဲ့ နောက်ဆုံးစကားတွေ။

အမေ့ရဲ့ နောက်ဆုံး အကြည့်။

ငါ့လက်ကို နောက်ဆုံးအကြိမ် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်သွားခဲ့တဲ့ နွေးထွေးမှု။

ပြီးတော့... အမေ တစ်ယောက်တည်း အထီးကျန်စွာ မသေဆုံးခဲ့ဘူးဆိုတဲ့ အသိစိတ်။

သူတို့က ပစ္စည်းဥစ္စာတွေကို ယူသွားကြတယ်။

ငါကတော့ "စိတ်အေးချမ်းမှု" ကို သိမ်းဆည်းထားလိုက်တယ်။

ငါ့ကို ယုံပါ... အဲဒီ စိတ်အေးချမ်းမှုက ဘယ်အမွေထက်မဆို ပိုပြီး လေးလံသလို၊ ပိုပြီးလည်း တန်ဖိုးရှိပါတယ်။

ဒီစာကို သင်ဖတ်နေပြီး ဒီနေ့မှာ သင့်မိဘကို မပြုစုဘဲ သူတို့ ဘာချန်ထားခဲ့မလဲလို့ပဲ တွေးနေမယ်ဆိုရင်... ဒါလေးကို သတိရပေးပါ။

"အမွေဥစ္စာကို ခွဲဝေလို့ရပေမဲ့၊ ကိုယ်ကျင့်တရားနဲ့ အသိစိတ်ကိုတော့ ခွဲဝေလို့ မရပါဘူး။"

ပိုက်ဆံနဲ့ ဘယ်တော့မှ ဝယ်လို့မရတဲ့ အရာတစ်ခု ရှိပါတယ် ။အဲဒါကတော့ ကိုယ့်ကို အလိုအပ်ဆုံးအချိန်မှာ ကိုယ်က တာဝန်မပျက်ခဲ့ဘူးဆိုတာကို သိနေပြီး ညတိုင်း အိပ်စက်တဲ့အခါ "ငါ တာဝန်ကျေခဲ့တယ်" ဆိုတဲ့ အသိနဲ့ အေးအေးချမ်းချမ်း အိပ်စက်နိုင်ခြင်းပါပဲ။


#ဟမ်စိုင်း(ဆေး-မန်း) 

ဘာသာပြန်

Daily Lifestyle