" မြင်အောင်ကြည့်ပေးပါ.....''
သူတို့က ကဒ်ထူးပုံးတစ်ခုကို အမှိုက်ပုံးထဲ ပစ်တော့မယ့်အချိန် ဝါကျင့်ကျင့် အရောင်ကိုပြောင်းနေတဲ့ စာရွတ်ခေါက်လေးတစ်ခု ထွက်ကျလာပါတယ်။
ဒီဖြစ်ရပ်က ချီကာဂိုမြို့ပြင်မှာရှိတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုမှာ၊ မိုးရွာနေတဲ့ အင်္ဂါနေ့က ဖြစ်ပျက်ခဲ့တာပါ။
အခန်းနံပါတ် ၃၁၂ ကို နောက်ထပ် လူသစ်တစ်ယောက် လက်ခံဖို့အတွက် ပိုးသတ်ဆေးတွေနဲ့ တိုက်ချွတ်ပြီး သန့်ရှင်းရေးလုပ်နေကြတာပါ။
အရင်ကရှိခဲ့တဲ့ လာဗင်ဒါပန်းနံ့နဲ့ လူအိုနံ့တွေဟာ ပိုးသတ်ဆေးနံ့တွေရဲ့အောက်မှာ ပျောက်ကွယ်သွားခဲ့ပါပြီ။
ဒီအခန်းရဲ့ အရင်ပိုင်ရှင် "အယ်လီနာ" ဟာ လွန်ခဲ့တဲ့ သုံးနာရီကပဲ အိပ်ပျော်နေရင်း အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့ပါတယ်။
အလုပ်များလွန်းတဲ့ ဝန်ထမ်းတွေအတွက်တော့ 'အယ်လီနာ' ဟာ ကိုင်တွယ်ရခက်ခဲသူ တစ်ယောက်ပါပဲ။
သူမဟာ အသက် ၈၇ နှစ်အရွယ်ရှိပါပြီ။ ထမင်းခွံ့နေရင်၊ ဇွန်းကို ပုတ်ထုတ်ပစ်တတ်တဲ့သူပါ။ ကျေးဇူးတင်စကားလည်း တစ်ခွန်းမှ မပြောပါဘူး။
တီဗီကို ဘာအဓိပ္ပာယ်မှ မရှိသလိုမျိုး ငေးငေးငိုင်ငိုင် စိုက်ကြည့်နေတတ်ပါတယ်။
အိပ်ရာခင်းလဲပေးပြီးတာနဲ့ မကြာခင်မှာပဲ အညစ်အကြေးတွေကို စွန့်တတ်ပါတယ်။ ရှူးရှူးတွေလည်း ပေါက်ပစ်လိုက်တတ်ပါတယ်။
တာဝန်ကျတဲ့ အလုပ်ချိန် ၁၂ နာရီကို၊ နာရီ ၂၀ လောက်ဖြစ်အောင် ဒုက္ခပေးတတ်သူလို့ပဲ သူတို့မြင်ခဲ့ကြပါတယ်။
သူ့မှာ အဖော်မရှိဘူး။ ဖိုင်ထဲမှာတော့ 'ကာလီဖိုးနီးယား'မှာ သားတစ်ယောက်၊ 'အက်တလန်တာ'မှာ သမီးတစ်ယောက်ရှိတယ်လို့ ရေးထားပေမဲ့ နှစ်နှစ်အတွင်း တစ်ခါမှ လာမကြည့်ကြပါဘူး။ သူတို့က ကုန်ကျစရိတ်တွေအတွက် ပေးကြပေမဲ့ မေတ္တာတော့ မပေးခဲ့ကြပါဘူး။
"ဒါတွေ အကုန်လွှင့်ပစ်လိုက်တော့" လို့ ကြီးကြပ်ရေးမှူးက သက်ပြင်းချရင်း ပြောပါတယ်။
ဖိနပ်ဗူးခွံတစ်ခုပါ။ အထဲမှာက...
အယ်လီနာ့ရဲ့ "အမွေအနှစ်" လို့ပြောရမယ့် ပလတ်စတစ်ဘီးတစ်ချောင်း၊ တစ်ဝက်ပဲကျန်တော့တဲ့ လိုးရှင်းပုလင်းနဲ့ မှန်ကွဲနေတဲ့ ဓာတ်ပုံဘောင်ဟောင်းလေး တစ်ခုပဲ ရှိတာပါ။
"ဒီအမှိုက်တွေကို ဘယ်သူမှ လာယူတော့မှာမဟုတ်ဘူး။"
ဒါပေမဲ့ ကျောင်းမှာချေးငွေပြန်စပ်ဖို့ အချိန်ပိုတွေဆင်းနေရတဲ့ အသက် ၂၂ နှစ်အရွယ် နာ့စ်အကူမလေး "ဆာရာ" ကတော့ တွန့်ဆုတ်နေခဲ့ပါတယ်။
သူမဟာ ဗူးထဲကနေ အောက်ကိုပြုတ်ကျသွားတဲ့ ဝါကျင့်ကျင့် စက္ကူခေါက်လေးကို ကောက်ယူလိုက်တယ်။
အဲဒါက ငွေရှင်းပြေစာ မဟုတ်သလို ဆေးမှတ်တမ်းတစ်ခုလည်း မဟုတ်ပါဘူး။ ပါကင်ဆန်ရောဂါကြောင့် တုန်ရီနေတဲ့ လက်ရေးနဲ့ အားစိုက်ပြီး ရေးထားတဲ့ စာတစ်စောင် ဖြစ်နေပါတယ်။
"ခဏလေးရှင်၊ အဘွား တစ်ခုခု ရေးထားခဲ့တယ်" လို့ ဆာရာ ပြောရင်း စာရွက်ခေါက်ကို ဖြန့်ဖတ်လိုက်ပါတယ်။
အခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားပါတယ်။ မိုးရေတွေက ပြတင်းပေါက်ကို ဆက်တိုက်ရိုက်ခတ်နေပါတယ်။ ဆာရာဟာ သူမလက်ထဲက စာကို အသံထွက်ဖတ်ဖို့စတင်လိုက်ပါတယ်။
ဒါဟာ စာတစ်စောင်မဟုတ်ပါဘူး။ အရွယ်လွန် အဖွားအို တစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ဖြစ်နေပါတယ်။
သူမရဲ့ စာထဲမှာ _
"နာ့စ်တို့ရေ... မင်းတို့ ဘာကို မြင်ကြသလဲ?"
"မင်းတို့ ငါ့ကိုကြည့်တဲ့အခါ ဘာမြင်သလဲဆိုတာ ငါသိပါတယ်။ စိတ်တိုတတ်တဲ့ အဘွားကြီးတစ်ယောက်၊အရိုးပေါ်မှာ အသားမရှိတော့ဘဲ ကြုံလှီနေတဲ့ ခန္ဓာကိုယ်တစ်ခု၊ အစာစားရင် အောက်ကို ဖိတ်ကျတတ်တဲ့ လူမိုက်တစ်ယောက်လို့ပဲ မြင်ကြမှာပေါ့။ 'ကဲ... အယ်လီနာ၊ နည်းနည်းလောက် ကြိုးစားပြီး စားပါဦး' လို့ မင်းတို့ပြောရင် အင်းအဲတောင် ပြန်မပြောနိုင်တဲ့ အဘွားကြီးပေါ့။"
"မင်းတို့ မြင်တာကတော့... နားကြားကိရိယာ ခဏခဏ ပျောက်တတ်တဲ့သူ၊ ကလေးတစ်ယောက်လို ရေချိုးပေးနေရတဲ့သူ၊ နယ်ဖတ်ထားတဲ့ ခပ်ပျော့ပျော့ အစားအစာတွေကို ခွံ့ကျွေးပေးနေရတဲ့သူ..။ မင်းတို့ ငါ့ကို အဝတ် အစားတွေ လဲပေးနေရင်း မင်းတို့ရဲ့ အားလပ်ချိန်အကြောင်း၊ မင်းတို့ရည်းစားတွေအကြောင်းကို တွေးပြီး နာရီကိုပဲ ခဏခဏ ကြည့်နေကြတာလေ။ ဒီအိပ်ရာပေါ်က မကြာခင် လောကကြီးကို စွန့်ခွာသွားတော့မယ့် လူတစ်ယောက်ကို၊ မင်းတို့ ဂရုမစိုက်ကြဘူး။"
"ဒါပဲလား? ငါက မင်းတို့အတွက် အဲဒီလောက်ပဲလား? စာရင်းတစ်ခုထဲမှာပါတဲ့ ပစ္စည်းတစ်ခုလား၊ အိပ်ရာနံပါတ်တစ်ခုပဲလား?"
"မင်းတို့ မြင်နေရတာက အဲ့ဒီလောက်ပဲဆိုရင်တော့ မင်းတို့မျက်စိတွေကို ဖွင့်လိုက်ကြပါတော့။ မင်းတို့ ငါ့ကို ကြည့်နေတာမှန်ပေမဲ့ ငါ့ကို မမြင်ကြဘူး။ '
"လက်တစ်ဖက်တောင် ကောင်းကောင်း မမြှောက်နိုင်တော့တဲ့ ဒီကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့သူဟာ ဘယ်သူလဲဆိုတာ ငါပြောပြပါရစေ။"
ဆာရာ့ရဲ့ အသံတွေ တုန်ရီလာတယ်။ လမ်းလျှောက်လာတဲ့ ဆရာဝန်က တံခါးဝမှာ ရပ်ပြီးနားထောင်တယ်။ ကြမ်းတိုက်နေတဲ့သူတွေကလည်း အလုပ်လုပ်တာရပ်သွားကြပါတယ်။
"ဒီပျက်စီးနေတဲ့ ခန္ဓာကိုယ်ထဲမှာ၊ ငါဟာ ၁၀ နှစ်အရွယ် မိန်းကလေးငယ်လေး တစ်ယောက်အတိုင်းပဲ ရှိနေဆဲပါ။ 'အိုင်အိုဝါ'ပြည်နယ်က ပြောင်းဖူးခင်းထဲမှာ ငါပြေးလွှားနေတုန်းပဲ။ လေထုထဲမှာ နွေရာသီရဲ့ ဖုန်နံ့နဲ့ မိုးနံ့လေးတွေက သင်းနေတုန်းပါပဲ။ ငါ့အဖေက တံခါးဘောင်ရဲ့ထိပ်ကို ငါထိနိုင်အောင် ချီမြှောက်ပေးခဲ့တာတွေကို မှတ်မိနေတုန်းပါပဲ။"
"ငါ့အသက်က ၁၆ နှစ်အရွယ် မိန်းကလေးပဲ။ ဆံပင်မှာ အပြာရောင်ဖဲပြားလေး စီးထားတယ်။ငါဖြတ်သွားတဲ့အချိန်မှာ ဓာတ်ဆီဆိုင်ထဲက ကောင်လေးက ငါ့ကိုကြည့်ပြီး ပြုံးပြလိုက်လို့ ရင်ခုန်နေခဲ့တဲ့သူ။ ငါ့မှာ အိပ်မက်တွေ ရှိခဲ့တယ်။ တစ်နေ့နေ့မှာ သမုဒ္ဒရာကို သွားကြည့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ငါဟာ တက်ကြွနေခဲ့တာ။"
"ငါက အသက် ၂၀ အရွယ် သတို့သမီးလေးလေ။ အဲဒီ အချိန်တုန်းက တုန်နေတဲ့လက်တွေဟာ အသက်ကြီးလို့ တုန်တာမဟုတ်ဘဲ ရင်ခုန်လွန်းလို့ တုန်နေခဲ့တာ။ ခန်းမထဲက လမ်းကလေးအတိုင်း လျှောက်လာခဲ့တယ်။ ကြင်နာတတ်တဲ့ မျက်လုံးတွေပိုင်ဆိုင်ထားတဲ့ လူသားတစ်ယောက်ကို ကြယ်တွေ ကြွေတဲ့အထိ ချစ်ပါ့မယ်လို့ ကတိပေးခဲ့တဲ့သူ။ ငါ သိပ်ကြောက်နေခဲ့တယ်။ ငါအရမ်းလည်း ပျော်နေခဲ့တယ်။
"ငါ့အသက် ၂၅ မှာ ပထမဆုံး ရင်သွေးလေးကို ချီထား ခဲ့ရတယ်။ မနက် ၃ နာရီအချိန်လောက်ဆို သူငိုငိုနေလို့ ငါ သိပ်ပင်ပန်းခဲ့ရတယ်။ သူ့ရဲ့ လက်ချောင်းလေးတွေကို ကြည့်ပြီး ဘဝရဲ့ အဓိပ္ပာယ်ကို ငါနားလည်ခဲ့ရတယ်။ ငါတို့ အိမ်လေးတစ်လုံးကို ဆောက်ခဲ့တယ်။ မွေးနေ့ကိတ်တွေကို ဖုတ်တယ်၊ ဒဏ်ရာတွေကို ပတ်တီးစီးပြီး ဆေးထည့်ပေးခဲ့တယ်။ ငါဟာ တစ်အိမ်လုံးရဲ့ အရေးပါတဲ့သူ ဖြစ်ခဲ့တယ်။
"ငါ့အသက် ၃၅ နှစ် မှာတော့ အိမ်ထဲမှာ ဆူညံနေတာပါပဲ။ ရေဒီယိုက ရော့ခ် သီချင်းတွေ လာနေတယ်။ ငါ့ယောက်ျားက တီဗီထဲက ဘောလုံးပွဲကို အော်ဟစ်ပြီးအားပေးနေခဲ့တယ်။ဘဝအတွက် ရုန်းကန်နေရလို့ ပင်ပန်းခဲ့ပေမဲ့ ငါတို့ အတူတူရှိနေခဲ့ကြတယ်။ ငါ့မှာ ရည်မှန်းချက်ရှိခဲ့တယ်။ မိသားစုနဲ့ ငါ့ရဲ့ သံယောဇဉ်က ငါ့အတွက် ဖြတ်တောက်လို့မရခဲ့ဘူး။ ''
"ငါ့အသက် ၅၀ မှာတော့ အိမ်ကြီးက တိတ်ဆိတ်သွားခဲ့ပါပြီ။ ကလေးတွေက မြို့ကြီးတွေမှာ ကိုယ့်ဘဝနဲ့ကိုယ် နေဖို့ ထွက်သွားကြပြီ။ ဒါပေမဲ့ ငါ့ယောက်ျား ရှိနေသေးတယ်။ တနင်္ဂနွေနေ့တွေမှာ ကားလျှောက်မောင်းရင်း ငါတို့ လက်ချင်းဆုပ်ကိုင်ထားကြတယ်။ ငါ့ဆံပင်တွေ ဖြူနေတာတောင် ငါဟာ လှနေဆဲပဲလို့ သူပြောခဲ့တယ်။"
"အသက် ၆၅ နှစ် မှာတော့ အမှောင်ထုက ရောက်လာခဲ့တယ်။ ငါ့ရဲ့ ကျောက်ဆောင်၊ ငါ့ရဲ့အကောင်းဆုံး သူငယ်ချင်းဖြစ်တဲ့ ငါ့ယောက်ျားဟာ တစ်မနက်မှာ နိုးမလာတော့ဘူး။ လမ်းအကျယ်ကြီးဖြစ်ခဲ့တဲ့ အနာဂတ်ဟာ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး ကြောက်စရာကောင်းတဲ့ လမ်းကြားလေး ဖြစ်သွားတယ်။ ငါ့ကလေးတွေက မအားကြဘူး။ သူတို့အပူနဲ့ သူတို့ပေါ့။ ခရစ္စမတ်ရောက်မှ သူတို့ ဖုန်းဆက်ကြတယ်။ ငါဟာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာခဲ့တယ်။"
"အခုတော့ ငါဟာ ၈၇ နှစ်။ သဘာဝတရားက ရက်စက်လိုက်တာ။ နှုတ်ယူခြင်းရဲ့ ကစားပွဲတစ်ခုပဲ။ ငါ့ရဲ့ အကြားအာရုံကို ယူသွားတယ်။ ငါ့ရဲ့ ခွန်အားတွေကို ယူသွားတယ်။ ငါ့ယောက်ျားကို ယူသွားတယ်။ ငါ့ရဲ့ ဂုဏ်သိက္ခာကို ယူသွားတယ်။ ငါ့နှလုံးသားဟာ မွန်းကြပ်နေပြီ။ မှန်ထဲမှာ ငါ့ကိုယ်ငါ ကြည့်လိုက်ရင် ဝမ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ အဖွားကြီးတစ်ယောက်ကို သူစိမ်းတစ်ယောက်လိုပဲ မြင်နေရတယ်။"
"ဒါပေမဲ့ နာ့စ်တို့ရေ... နားထောင်စမ်းပါ။"
"ဒီပျက်စီးနေတဲ့ ခန္ဓာကိုယ်ဟောင်းကြီးထဲမှာ ဟိုးတုန်းက မိန်းကလေးငယ်လေးဟာ ရှိနေဆဲပါ။ သူက ဒီခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတာ။ ပထမဆုံး အနမ်းရဲ့ ခံစားချက်ကို ငါမှတ်မိသေးတယ်။ ပထမဆုံးသားရဲ့ ဆံပင်နံ့လေးကို မှတ်မိသေးတယ်။ ၁၉၆၈ ခုနှစ်ရဲ့ ခရစ္စမတ်ကို မှတ်မိသေးတယ်။ အဲဒီတုန်းကအတိုင်းပဲ ပျော်ရွှင်မှုကို ငါ အပြည့်အဝ ခံစားနေရတုန်းပဲ။ အတွင်းစိတ်ထဲမှာ ငါဟာ မအိုသေးဘူး။ ငါဟာ ချစ်နေဆဲ၊ ကြောက်နေဆဲ၊ အသက်ရှင်နေဆဲပါ။"
"ဒါကြောင့် နောက်တစ်ခါ အခန်း ၃၁၂ ထဲကို ဝင်လာတဲ့အခါ ငါ တောင်းပန်ပါရစေ။ 'စိတ်တိုတတ်တဲ့ အဘွားကြီး' ကိုပဲ မကြည့်ပါနဲ့။ နည်းနည်းလောက် ပို ကြည့်ပေးပါ။ 'ငါ့ကို' မြင်အောင် ကြည့်ပေးကြပါ..."
ဆာရာက စာရွက်ကို ချလိုက်တယ်။ အခန်းထဲမှာ တိတ်ဆိတ်နေပေမဲ့ အရင်ကနဲ့တော့မတူတော့ပါဘူး။ အဲဒါက အဖွားအိုတစ်ယောက် သေဆုံးသွားလို့ဖြစ်လာတဲ့ တိတ်ဆိတ်မှုမျိုးမဟုတ်ဘဲ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားလို့ ဖြစ်ပေါ်လာတဲ့ တိတ်ဆိတ်မှုမျိုးပါ။
တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ မျက်ရည် တစ်ခါမှမကျဖူးတဲ့ ခက်ထန်တဲ့ ကြီးကြပ်ရေးမှူးတောင် မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်လိုက်ပါတယ်။ သူမဟာ အယ်လီနာ့ ရုပ်အလောင်းဆီ လျှောက်သွားပြီး စောင်ကို အသာအယာ မလိုက်ပါတယ်။ အယ်လီနာ့ရဲ့ ငွေရောင်ဆံပင်တွေကို သပ်ပေးလိုက်တယ်။ ဒါဟာ အယ်လီနာ အသက်ရှိစဉ်က သူမ တစ်ခါမှ မလုပ်ပေးခဲ့ဘူးပါဘူး။
"ကျွန်မ မသိခဲ့ဘူး" လို့ ဆာယာက အိပ်ရာဟောင်းကို ကြည့်ရင်း တိုးတိုးလေး ပြောပါတယ်။
"သူက ဂျစ်ကန်ကန်နိုင်တဲ့သူလို့ပဲ ကျွန်မ ထင်ခဲ့တာ။"
အဲဒီစာတစ်စောင်ဟာ စောင့်ရှောက်ရေးဂေဟာရဲ့ အရာအားလုံးကို ပြောင်းလဲပစ်လိုက်ပါတယ်။
စာကို မိတ္တူကူးပြီး နာ့စ်တွေရဲ့ နားနေဆောင်မှာ ကပ်ထားကြပါတယ်။ ဒါဟာ သူတို့အတွက် ကြေညာစာတမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
အခန်း ၂၀၄ က မီးကိုပိတ်လိုက်ရင် အော်ဟစ်တတ်တဲ့ အဘိုးကြီးကို ကြည့်တဲ့အခါ ဝန်ထမ်းတွေဟာ "ပြဿနာရှာတတ်တဲ့ အဖိုးကြီး တစ်ယောက်'' လို့ မမြင်တော့ပါဘူး။ အမေကို လွမ်းပြီး ကိုရီးယားစစ်မြေပြင်က ကျင်းထဲမှာ တုန်တုန်ရီရီနဲ့ နေခဲ့ရတဲ့ ၁၈ နှစ်အရွယ် စစ်သားလေးကို မြင်လာကြပါတယ်။
အခန်း ၁၀၅ က ထမင်းမစားဘဲ နေတဲ့ အဘွားကို ကြည့်တဲ့အခါ "ခေါင်းမာတဲ့သူ" လို့ မမြင်တော့ပါဘူး။ မိသားစုအတွက် ထမင်းအနပ်ပေါင်း ၅ သောင်းလောက် ချက်ကျွေးခဲ့ရပြီး၊ အခုတော့ သူ...အသုံးမဝင်တော့ဘူးလို့ ခံစားနေရတဲ့ မိခင်တစ်ယောက်ရဲ့ ဝမ်းနည်းမှုကို မြင်လာကြပါတယ်။
ကျွန်တော်တို့ဟာ ပြောင်းလဲမှု မြန်ဆန်လွန်းတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်နေကြပါတယ်။ လူတွေကို သူတို့ရဲ့ အသုံးဝင်မှုနဲ့ပဲ တိုင်းတာကြပါတယ်။ ဖုန်းတစ်လုံးဟောင်းသွားရင် အသစ်လဲတယ်၊ ကားပျက်ရင် နောက်တစ်စီးပြောင်းတယ်။ ဝမ်းနည်းစရာကောင်းတာက သက်ကြီးရွယ်အိုတွေကိုလည်း အဲဒီလိုပဲ ဆက်ဆံလာကြတာပါ။
ဒါပေမဲ့ အယ်လီနာဟာ သေပြီးသွားတာတောင် ကျွန်တော်တို့အတွက် နောက်ဆုံးလက်ဆောင်တစ်ခု ပေးသွားခဲ့ပါတယ်။
သက်ကြီးရွယ်အိုတစ်ယောက်ဆိုတာ အခွံသက်သက်မဟုတ်ဘူးဆိုတာကို သူ သတိပေးသွားခဲ့ပါတယ်။
သူတို့ဟာ အချစ်၊ အလွမ်း၊ အကြမ်း၊ အနုတွေ ပြည့်နှက်နေတဲ့ ဝတ္ထုတစ်အုပ်လုံး ဖြစ်ပေမဲ့ စုတ်ပြဲနေတဲ့ မျက်နှာဖုံးအောက်မှာ ပိတ်မိနေကြတာပါ။
ဒါကြောင့် ဒီနေ့အတွက် သင့်ကို စိန်ခေါ်မှု တစ်ခုရှိနေပါတယ်။
နောက်တစ်ခါ သက်ကြီးရွယ်အိုတစ်ယောက်ကို မြင်လိုက်တဲ့အခါ 'ဖုန်းမဆက်ဖြစ်တာ ကြာနေပြီဖြစ်တဲ့ ဆွေမျိုးပဲဖြစ်ဖြစ်၊ ဈေးဝယ်တဲ့နေရာမှာ တုန်တုန်ရင်ရင်နဲ့အကြွေစေ့တွေကို ရေတွက်နေတဲ့ သူစိမ်းပဲဖြစ်ဖြစ်' သူတို့ကို လျစ်လျူမရှုလိုက်ပါနဲ့။ သူတို့ရဲ့ လက်တွေကတုန်နေလို့ စိတ်မရှည်မဖြစ်လိုက်ပါနဲ့။
အနားမှာ ရပ်လိုက်ပါ။ သူတို့ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပါ။
အဲဒီ အိုမင်းနေတဲ့ ခန္ဓာကိုယ်ထဲမှာ... အသဲကွဲခဲ့ဘူး ၁၆ နှစ်အရွယ် ဆယ်ကျော်သက်၊ ရည်မှန်းချက်တွေ ပြည့်နေတဲ့ အသက် ၂၀ အရွယ် လူငယ်၊ လောကကြီးရဲ့ အလေးချိန်ကို ထမ်းပိုးခဲ့ရတဲ့ အသက် ၄၀ အရွယ် လူလတ်ပိုင်းတစ်ယောက် ရှိနေတယ်ဆိုတာကို သတိရပါ။
သူတို့ကို မြင်အောင် ကြည့်ပေးပါ။
ဘာကြောင့်လဲဆိုတော့ တစ်နေ့မှာ သင်သာ အသက်ရှည်ရှည် နေရမယ်ဆိုရင်... အဲဒီ ဝှီးချဲပေါ်က "စိတ်တိုတတ်တဲ့ အဘွားကြီး ဒါမှမဟုတ် အဘိုးကြီး" ဟာ သင်ကိုယ်တိုင် ဖြစ်လာမှာမို့လို့ပါ။
အဲဒီအချိန်ကိုရောက်ရင် အိုမင်မစွမ်းဖြစ်နေတဲ့ သင့်ရဲ့ ခန္ဓာကိုယ်ကို ကျော်လွန်ပြီး၊ သင့်အတွင်းစိတ်ထဲမှာ ရှိနေဆဲဖြစ်တဲ့ လူသားကို၊ တစ်ယောက်ယောက်က မြင်အောင်ကြည့်ပေးဖို့ သင်လည်း စောင့်မျှော်နေရပါလိမ့်မယ်။
Saya U Khin Zaw ( ဘာသာပြန် )
#SayaUKhinZaw