” ရေတိမ်ကြာ ” [ ခင်ဖြူ ]

 ” ရေတိမ်ကြာ ” [ ခင်ဖြူ ]

—————–

အိမ်ရှေ့မှ သမီးများ၏ ရယ်မောသံများ တစ်ချက်တစ်ချက် ကြားနေရသည်။ ကျွန်မ မီးဖိုချောင်မှ စားပြီး သောက်ပြီး ပန်းကန်ခွက်ယောက်များကို ဆေးကြော ပြီးစီး၍ အိမ်ရှေ့ထွက်လာတော့ သမီးနှစ်ယောက်နှင့် သူ့တို့အဖေကို အပျော်မျက်နှာများဖြင့် တွေ့ရသည်။

သမီးကြီးက

မေမေရေ ဖေဖေ ငယ်ငယ်တုန်းက အကြောင်းတွေ ပြောပြနေတာ သိပ်ရယ်ရတာပဲ သိလား

ဘာတွေ ပြောလို့ ဒီလောက်သဘောကျ နေရတာလဲ

ဟိုလေ၊ ဖေဖေ ကိုးနှစ် ၁ဝ နှစ် လောက်တုန်းက ပဲလှော်ရောင်းတဲ့ ဘွားဘွားကြီးတို့အိမ်မှာ ရာဝင်အိုးကြီးထဲ ထည့်ထားတဲ့ ပဲလှော်တွေ ရှိတယ်တဲ့၊ အဲဒါ လူမသိအောင် နှိုက်နှိုက်စားတာ တစ်ခါတော့ ပဲလှော်က နည်းနေတော့ မမီတမီ ဖြစ်နေလို့ တအားကုန်းပြီး နှိုက်လိုက်တာ ပဲလှော်အိုးထဲ အရှိန်လွန်ပြီး ခေါင်းစိုက်ကျသွားသတဲ့၊ ခေါင်းပြန် မထောင်နိုင်တော့ လုပ်ကြပါဦး၊ ပဲလှော်အိုးထဲ ကျနေပြီဆိုပြီး အော်ငိုရတယ်တဲ့၊ အဲဒီတော့ ပဲလှော် ခိုးစားတာ လူမိသွားတဲ့အကြောင်း ပြောပြနေတာ၊ ရယ်နေရတယ်

အေး သမီးဖေဖေက အဲသလောက် အစားမက်တာ၊ အဲဒါသာ ကြည့် ကျွန်မ ပြုံးစိစိနှင့် ကိုကို့ကို ကြည့်ပြောလိုက်သည်။

ဆေးလိပ်ခဲရင်း ပြုံးနေသော ကိုကိုက အမယ်၊ လူတိုင်း ပဲလှော်အိုးထဲ ကျအောင် နှိုက်စားနိုင်တာ မှတ်လို့ ဟု ဆိုကာ ရယ်နေပါသည်။

ဖေဖေကတော့ ပြောပြီးသွားပြီ၊ မေမေကော မေမေ ငယ်ငယ်တုန်းက အကြောင်း သမီးတို့ကို ပြောပြပါဦး

သမီးကြီးက တောင်းဆိုသည်။

သည်လိုဆိုတော့ ကျွန်မ ငယ်ငယ်တုန်းက အကြောင်းများကို ပြန်ပြောင်း သတိရသည်။ ငယ်ငယ်တုန်းက ဆိုတော့ ကွယ်လွန်ပြီး ဖြစ်သော အဘွားမျက်နှာကို ကျွန်မ ပြေးမြင်ယောင် လာမိသည်။

ကျွန်မ၏ ငယ်ဘဝများတွင် အဘွားသည် ချစ်စရာ အကောင်းဆုံး ဖြစ်ခဲ့သည်။ အဘွားသည် သာဝတ္ထိမြို့နယ် အတွင်းရှိ သပြေကုန်း မည်သော ရွာကလေး တစ်ရွာမှ ရိုးသားသော တောသူတစ်ယောက် ဖြစ်သည်။ အဘွားတွင် သားသမီး ငါးယောက် ရှိသည့်အနက် နို့ညှာဖြစ်သော အဖေ့ကို အချစ်ပိုလေသည်။ ကျန် သားသမီးများကတော့ တောတွင် ဓားမဦးချ တောင်ယာလုပ်ခြင်း၊ ဈေးရောင်းခြင်းများဖြင့် အသက်မွေးကြသော်လည်း တစ်မိပေါက် တစ်ယောက်ထွန်း ဆိုရမလို အဖေသည် အစိုးရဝန်ထမ်း ဖြစ်ခဲ့သည်။

အဖေ အလုပ်နှင့် နယ်ပြောင်းလေရာတွင် အဘွားသည် တောင်းတစ်လုံးကို ခေါင်းပေါ်တင်၍ တကောက်ကောက် လိုက်ပါတတ်သည်။ အဘွားသည် တောနှင့် မြို့ကို သွားချည်လာချည် ရှိခဲ့သည်။ ကျွန်မ မှတ်မိစအရွယ် ကိုးနှစ် ၁ဝ နှစ်တွင် ခေါင်းပေါ်တွင် တောင်းတစ်လုံး ရွက်၍ မကြာမကြာ ရောက်လာတတ်သော အဘွားကို ကျွန်မ မြင်ယောင်နေသည်။

အဘွားလာလျှင် ကျွန်မတို့မြေးများ ပျော်ရွှင်တတ်သည်။ အဘွား၏တောင်းထဲတွင် စုံတကာစေ့နေအောင် ပါလာတတ်သည်။ မောင်းဖြင့် ထောင်းလာသော ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ကောက်ညှင်း၊ ပဲမျိုးစုံ၊ သစ်စေ့မျိုးစုံ၊ မျှစ်ချဉ်၊ တို့ဟူးနှင့် အညာမှထွက်သော ရွှေအပ်သီး ခေါ် ငရုတ်သီးခြောက်ကလေးများ အထိ ပါလာတတ်ပါသည်။

အဖေသည် မုန့်လက်ကောက်၊ မုန့်ဆီကြော်၊ စာလေးခွေ စသည်တို့ကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် အဘွားသည် သူ့သား ကြိုက်တတ်သော မုန့်တို့ကို အမျိုးမျိုး လုပ်ကျွေးနိုင်ရန် အမျိုးမျိုး ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

နံနက်စောစော ကျွန်မတို့ အိပ်ရာထလျှင် အဘွား၏လက်ရာ မုန့်မျိုးစုံတို့အနက် တစ်မျိုးမဟုတ် တစ်မျိုး စားရတတ်သည်။ ယခုတိုင် ကျွန်မ သတိရ နေသေးသည်ကတော့ မုန့်လက်နှိပ် ဖြစ်သည်။ ကောက်ညှင်းဆန်နှင့် ဆန်အနည်းငယ် ရောထားသော မုန့်နှစ်ကို ဒယ်အိုးတွင် ဆီလေးပါရုံ ဆွတ်ကာ အိုးကင်းပူတိုက်ပြီး ပဲစေ့၊ ကြက်သွန်မြိတ်ကလေးများ ဖြူးလျက် မွှေးနေအောင် လုပ်၍ ထန်းလျက်ရည် ပျစ်ပျစ်ကလေးနှင့် တို့ကာ တို့ကာ စားရသောမုန့် ဖြစ်သည်။

ကျွန်မတို့ အိပ်ရာက နိုးလျှင် မီးဖိုခန်းတွင် မုန့်လုပ်နေသော အဘွားကို တွေ့သည်နှင့် မျက်နှာ မသစ်နိုင်သေးဘဲ –

အဘွားရေ သမီးဖို့ မုန့်နှစ်ချပ် ချန်ထားနော်၊ သုံးချပ် ချန်ထားနော် နှင့် ပြောကာ မျက်နှာ ပြေးသစ်ကြသည်။ ထို့နောက် အားပါးတရနှင့် လောဘတကြီး တဝစားကြသည်။

တစ်ခါတစ်ရံတွင် မုန့်ပျားသလက် အဖြူအနီကလေးများ ကိုလည်း စားရတတ်သည်။ မုန့်ဆီကြော်နှင့် မုန့်လက်ကောက်ကြော် စသည်များကိုလည်း အလှည့်သင့်သလို ဖန်တီး ပေးတတ်လေသည်။ အဘွား လုပ်ကျွေးသော ဆီထမင်း၊ မုန့်ဆီကြော်၊ မုန့်လက်ကောက်ကြော် ကြွပ်ကြွပ်ရွရွလေးများကို မည်သူမျှ လိုက်၍ မီနိုင်လိမ့်မည် မထင်။

နေ့လယ် နေ့ခင်းများတွင်လည်း စာလေးခွေကြော် စသည်တို့ကို လုပ်ကျွေးတတ် ပါသေးသည်။

ကျွန်မတို့သည် အဘွား၏ ကျေးဇူးကြောင့် မြန်မာမုန့်မျိုးစုံကို တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် ကြိုက်သလောက် စားခဲ့ကြရသည်။

ထို့ပြင် အဘွားသည် ရွာမှ ပြောင်းဖူး မျိုးစေ့များ ယူလာတတ်ပါသည်။ ထို ပြောင်းဖူးစေ့ကလေးများကို အိမ်နောက်ဖေး ကွက်လပ်တွင် တုတ်ကလေး တစ်ချောင်းနှင့် မြေကြီးကို ဆွကာ ဆွကာ စိုက်သည်။ ထို့နောက် ပြောင်းဖူးပင်ကလေးများ ပေါက်လာပြီး လူတစ်ရပ် ပြောင်းပင် ဖြစ်လာကာ အဖူးများ ဖူးလာသောအခါ ပြောင်းဖူး လတ်လတ်ဆတ်ဆတ်ကို ဖုတ်၍ တစ်မျိုး၊ ပြုတ်၍ တစ်ဖုံ၊ ကြိုက်နှစ်သက်ရာ အချိန်တွင် အပင်မှ ချိုး၍ စားနိုင်ခဲ့သည်။ ကျွန်မတို့ ကလေးများသည် ပြောင်းဖူးပင်မှ ပြောင်းဖူးများကို တစ်ပင်စီ ကိုယ်ကြိုက်ရာ ပြောင်းဖူးကို ချိုးကာ နေ့လယ် နေ့ခင်းများတွင် ဖုတ်၍ စားခဲ့သော အရသာကို ပြောင်းဖူးမြင်တိုင်း သတိရမိတတ်သည်။

ဖေဖေသည် ကယားပြည်နယ်သို့ အပြောင်းတွင် အဘွားသည် ဝေးလံလွန်းသဖြင့် တောနှင့် မြို့ ကူးချည်သန်းချည် မလုပ်နိုင်တော့ဘဲ ရွာတွင် ပြန်ကာ ရသေ့တောင်တွင် ယောဂီဝတ် လိုက်ပါတော့သည်။ ယောဂီဝတ်ပြီး တစ်နှစ်ခန့်အကြာ အဘွား ကွယ်လွန်ခဲ့ပါသည်။

အဘွား ကွယ်လွန်ပြီး မေမေ့လက်ထက်တွင်လည်း မေမေသည် အဘွားလို မြန်မာမုန့်မျိုးစုံကို မလုပ်ကျွေးသော်ငြား၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲကြော် စသည်တို့ကို စားချင်သည် ဆိုတိုင်း မဆိုင်းမတွ လုပ်ကျွေးတတ်သူ ဖြစ်ပါသည်။

ကျွန်မတို့ သားသမီးတွေက စားချင်တိုင်း စားပြီး မုန့်ထည့်ရာတွင် မေမေ ပြောလေ့ရှိသော စကားမှာ အခုထည့်တဲ့ မုန့်ပန်းကန်ဆို အပြင်မှာ ဝယ်စားရင် ဘယ်လောက်ဖိုးလောက် ရှိတယ် စသဖြင့် ပြောလေ့ ရှိပါသည်။

ကျွန်မတို့က အိမ်တွင် မေမေချက်ကျွေးသော မုန့်ကို တဝတပြဲကြီး ဗိုက်ကားအောင် စားပြီးခါမှ –

အင်း မေမေ့မုန့်ဟင်းခါးက ဆိုင်မှာ ဝယ်စားရတာလောက် အရသာ မရှိဘူး ဟု တစ်မျိုး၊ တစ်ခုခု လိုနေသလိုပဲနော် ဆို၍ တစ်ဖုံ တစ်ယောက်တစ်မျိုး ဝိုင်းစကြလျှင် မေမေ အလွန် စိတ်ဆိုးတတ်သည်။

ဟဲ့ နင်တို့ အပြင်မှာ ဝယ်စားတာက ရောင်းတန်း ချက်ထားတာ၊ ငါးက နည်းနည်းနဲ့ သကြားတို့ ထန်းလျက်တို့နဲ့ ချိုအောင် လုပ်ထားတာမျိုး မဟုတ်ဘူး၊ ကိုယ့်အိမ်မှာ ဘဲဥဆို ကြိုက်သလာက်၊ ငါး ကြိုက်သလောက်၊ ငန်ပြာရည် ကောင်းကောင်း၊ ဒီလို ချက်တာမှ မကောင်းရင် ဘယ်ဟာ ကောင်းဦးမလဲ၊ နင်တို့က ပိုက်ဆံပေးပြီး မဝတဝ စားရမှ ကောင်းတယ်ထင်တဲ့ ဟာတွေ

ဟု မြည်တွန်တောက်တီးကာ ချက်ပြုတ် ကျွေးမွေးခြင်း ကိစ္စမှ မကြာခဏ အငြိမ်းစား ယူတတ်သဖြင့် ဝိုင်းချော့ရသည်လည်း ပျော်စရာ တစ်မျိုးပင်။

ကျွန်မတို့ ငါးတန်း ခြောက်တန်းလောက်က သမဆိုင်မှ ဂျုံများ ရောင်းချပေးပါသည်။

ထိုအခါတွင်လည်း ဂျုံဖြင့်လုပ်သော ပလာတာ၊ စမူဆာ စသဖြင့် လုပ်ကျွေးတတ် ပါသည်။ ဂျုံဖြင့်လုပ်သော မုန့်များကိုလည်း အသိမိတ်ဆွေများထံတွင် သင်ယူကာ သားသမီးများကို အမျိုးမျိုး မရိုးရအောင် ရှာကြံ လုပ်ကျွေး တတ်သူလည်း ဖြစ်ပါသည်။ ရံဖန်ရံခါ ချက်နည်း ပြုတ်နည်း မုန့်လုပ်နည်း စာအုပ်များထဲတွင် ပါသော သီးစုံကျောက်ကျော စသည့် သရေစာမျိုးကိုလည်း လုပ်ကျွေးတတ်သည်။

မုန့်လက်ဆောင်း သောက်ချင်သည် ဆိုလျှင်လည်း မုန့်လက်ဆောင်းဖတ်ကို မုန့်လက်ဆောင်းသည် ထံတွင် ကိုယ်တိုင် သွားကြည့်ပြီး မှတ်သားကာ အိမ်တွင် ပစ္စည်းကိရိယာ စုံအောင် ဝယ်ယူစုဆောင်းကာ ကိုယ်တိုင်ကိုယ်ကျ စီမံပေးတတ်သည်။

မေမေသည် မုန့်လက်ဆောင်းကို အုန်းနို့များများ၊ သကြားချိုချိုဖြင့် လုပ်ကာ ကျွန်မတို့ကို တိုက်ကျွေးတတ်သည် ဖြစ်ရာ အေးစိမ့် ချိုမွှေး နေပါသည်။

ပေါင်မုန့် အုန်းနို့ဆမ်းများ ဆိုလျှင် မစားနိုင်လောက်အောင် အီစိမ့်၍ ကောင်းလွန်းလှသည်။

ကျွန်မတို့က

မေမေကလဲ သူများ ရောင်းသလို သကြား နည်းနည်း၊ အုန်းသီး နည်းနည်းနဲ့ လုပ်ပါ

မလုပ်ဘူးဟေ့၊ ညည်းတို့ တစ်ခါ စားပြီးရင် နောက်တစ်ခါ မတမ်းတရအောင် အကောင်းဆုံး လုပ်ပေးတာ၊ ဈေးသည်ဆိုတာက အမြတ်များများ ကျန်အောင် ခိုပြီး သကြား နည်းနည်း ဆေးသကြား များများ ထည့်ထားတာ၊ ချောင်းဆိုးရင်ကျပ် ရောဂါတောင် ရဦးမယ် ဟု ပြန်ပြောတတ်သည်။

မှတ်မိပါသေးသည်။

ကျွန်မသည် အချဉ် အလွန်ကြိုက်သူ ဖြစ်ပါသည်။ ဒါကို မေမေကလည်း သိသည်။ ထို့ကြောင့် အိမ်တွင် ရာသီအလိုက် ဇီးယို၊ ရှောက်ယို၊ သရက်ယို၊ မရန်း(ရမ်း?)ယို စသည်များ လုပ်၍ ပုလင်းကြီးများဖြင့် ထည့်ကာ ထားပေးသည်။

ကျောင်းတွင် ရောင်းသော သကြား၊ မဆလာ၊ ငရုတ်သီးမှုန့်များဖြင့် နယ်ထားသော ရှောက်သီး၊ ဂွေးသီး၊ မရမ်းသီး စသည်တို့ကို ဝယ်မစားရန် အမြဲပြော၍ အိမ်တွင်ရှိသော ယိုများကို ကျောင်းသို့ ထည့်ပေးတတ်ပါသည်။

သို့သော် ကျွန်မသည် ကိုယ့်ပစ္စည်းမှ လွဲလျှင် အားလုံး အကောင်းထင်ပြီး သူငယ်ချင်းများနှင့် ကျောင်းမှ မုန့်များကို လဲစား ခဲ့ဖူးသည်။

ကျွန်မ ကျွန်မ၏ အဘွားလက်ထက်မှ အမေလက်ထက်အထိ အစားအသေက် ဇာတ်ကြောင်းများကို တမ်းတမ်းတတဖြင့် သမီးတို့ကို ပြန်ပြောင်း ပြောပြနေမိသည်။ ကျွန်မ ပြောပြနေသည်ကို ငေးမော နားထောင်နေရင်း –

စားလို့ သိပ်ကောင်းမှာပဲနော် မေမေ၊ သမီးတို့လဲ စားချင်လိုက်တာ၊ သွားရည်တောင် ကျလာတယ် ဟု ဆိုလေသည်။

မထင်မှတ်သော သမီးကြီး၏ စကားသည် ဘာ့ကြောင့်မှန်း မသိ၊ ကျွန်မရင်ကို နင့်ခနဲ ခံစားစေခဲ့သည်။

မေမေက ဘွားဘွားကြီးတို့၊ မေမေရဲ့ ဘွားဘွားကြီးတို့ဆီက မုန့်လုပ်နည်းတွေ သင်မထားဘူးလားဟင်၊ မေမေကော မလုပ်တတ်ဘူးလားဟင်

သင်ထားတာပေါ့ သမီးရယ်၊ မေမေ လုပ်တတ်တာပေါ့

တကယ်လားဟင်

အေးပေါ့ သမီးရဲ့

နောက်ပြီးတော့ ဘွားဘွားဆီက မုန့်ဟင်းခါးတို့ အုန်းနို့ခေါက်ဆွဲတို့ ချက်နည်းတွေကော သင်မထားဘူးလားဟင်

သင်ထားတာပေါ့ သမီးရယ်

ဒါဆို မေမေ ချက်တတ်မှာပေါ့နော်

အေးပေါ့ သမီးရဲ့

တကယ်လား

သမီးကြီးသည် ကျွန်မဖြေသော အဖြေများကို မယုံသလို သံသယ မျက်လုံးများဖြင့် မေးခွန်းပေါင်းများစွာ ထပ်ကာထပ်ကာ မေးနေပြီးမှ အတည်ပြုချက် ရယူကာ –

ဘွားဘွားကြီးတို့က မေမေတို့ကို ဘာပြုလို့ ချက်ကျွေးတာလဲဟင်

စားစေချင်လို့ပေါ့ သမီးရဲ့

ဘာပြုလို့ စားစေချင်တာလဲ

ချစ်လို့ပေါ့ သမီးရဲ့

သမီးကြီး၏ အမေး၊ ကျွန်မ၏ အဖြေ စကားများကို မယောင်မလည် နားထောင်ရင်း သမီးငယ်သည် ကျွန်မ လည်ပင်းကို ပြေးခိုကာ မုန့်ဟင်းခါး စားမယ်၊ မုန့်ဟင်းခါး စားမယ်၊ မုန့်လက်ကောက် စားမယ်၊ မုန့်ဆီကြော် စားမယ်၊ ဗိုက်ဆာတယ်၊ ဗိုက်ဆာတယ် စသဖြင့် တကျီကျီ နားပူနားဆာ လုပ်လေတော့သည်။

ကျွန်မလည်း ပြေရာပြေကြောင်း

အေး အေး စားရမယ်၊ စားရမယ် ဟု ပြောလိုက်မိပါသည်။

ခု စားမယ်၊ ခု စားမယ် ဆို၍ ထပ်မံ ကျီတိုက်ပြန်လေရာ

အခုပဲ ထမင်းစားပြီးတယ် မဟုတ်လား သမီးရဲ့၊ ဗိုက်ကြီး တင်းနေပြီ၊ ထပ်စားလို့ရှိရင် ဗိုက်ကြီး ကွဲထွက်သွားမယ်

ဟုတ်တယ်

အေးပေါ့ သမီးရဲ့

ဒါဆို ဘယ်တော့ စားရမလဲဟင်

မနက်တော့ စားကြတာပေါ့ သမီးရဲ့

ဘာ စားရမလဲဟင်

မုန့်ဟင်းခါး

သမီးငယ်ကို ကျေနပ်စေရန် ကျွန်မ တောင်စဉ်ရေမရ လျှောက်ပြော နေသည်များကို သမီးကြီးက အဟုတ်ထင်ကာ

မေမေ မနက်ကျရင် မုန့်ဟင်းခါး ချက်ကျွေးတော့မယ်၊ ဟုတ်လား

ရုတ်တရက် ကျွန်မ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားသည်၊ တစ်ခါတစ်ရံတော့လည်း ဒီသမီးများကို ကျွန်မငယ်ငယ်က စားခဲ့ရသလို စားစေချင်သည်။ ကျွန်မသည်လည်း အဘွားတို့၊ အမေတို့၏ မျိုးဆက် မဟုတ်ပါလား။ ကိုယ့်သားမီးများကို မုန့်မျိုးစုံ လုပ်ကျွေးရမှာ၊ အစားမျိုးစုံ ချက်ပြုတ် ကျွေးမွေးရမှာ ဝါသနာ ပါသည်ပဲပေါ့။

မေမေ ဘာ ငေးနေတာလဲ၊ သမီး မေးတာလဲ မဖြေဘူး

မဟုတ်ပါဘူး သမီးရယ်၊ လမ်းထိပ်က ဝယ်ကျွေးမှာပေါ့

ရုတ်တရက် ယောင်ကန်းကန်း ကျွန်မ ပြောလိုက်မိသည်။ ကျွန်မစိတ်ထဲတွင် ယနေ့ ကုန်ဈေးနှုန်းများ၊ စားဝတ်နေမှုကိစ္စ၊ အပိုကုန်ကျမှုများ လက်မခံနိုင်သည့် အခြေအနေ များစွာတို့ကို ဘာကြောင့်များ အပြေးအလွှား မိန်းမတွက် တွက်နေမိသည် မသိ။

ဟင် မေမေကလဲ ချက်မကျွေးဘူးပေါ့

အင်း

မေမေက သမီးတို့ကို မချစ်လို့ပေါ့နော်

သမီးကြီး၏ အမေးများကို ကျွန်မ မည်သို့ ပြန်ဖြေရမည် မသိသဖြင့် စစ်ကူ ရလိုရငြား ကိုကို့ဘက် လှည့်ကြည့်လိုက်သည်။

စောစောက သားအမိတစ်တွေ မေးကြ၊မြန်းကြ၊ ပူဆာသံ၊ ဆူညံ နေကြသည်များကို တပြုံးပြုံးဖြင့် ထိုင်ကြည့်နေသော သမီးတို့ အဖေသည် ဆေးလိပ်မီးခိုးများကို ဖူးခနဲ နေအောင် မှုတ်ထုတ်ရင်း မတ်တတ်ထလျက် မယောင်မလည်ဖြင့် ဖိနပ်ချွတ်သို့ ဆင်းသွားသည်ကို မြင်ရသဖြင့် ကျွန်မ ဒေါသ ဖြစ်မိလေသည်။

ချစ်တယ်၊ ချစ်တယ် မေမေ့ကို ချစ်တယ်ဟေ့

ဟူ၍ ဘုမသိ ဘမသိ အော်ဆိုနေ သော သမီးငယ်ကို သမီးကြီးက မျက်စောင်းတစ်ချက် ထိုးရ၏။

မေမေတို့ ဖေဖေတို့က မမတို့ကို မချစ်ပါဘူး ညီမလေးရယ်၊ ဒါကြောင့် ဘာမှ လုပ်မကျွေးတာပေါ့

ဟု ဆို၍ သူ့အဆိုကို အင်အားထပ်မံ ဖြည့်ဆည်းလေသည်။

ယခုဆို မုန့်ဟင်းဖတ် တစ်ပိဿာ ဘယ်လောက်၊ ငါးက ဘယ်ဈေး၊ ဆီက ဘယ်ရွေ့၊ ပြီးတော့ စပါးလင်၊ ချင်း၊ ငရုတ်သီး၊ ကြက်သွန်၊ ငန်ပြာရေ စုစုပေါင်းစရိတ်က ဘယ်မျှ စသဖြင့် စိတ်တွက် တွက်ကြည့်ရင်း သမီးကြီး မသိအောင် သက်ပြင်း ခိုးချမိသည်။ သမီးတို့ စားချင်သည်ကို ကျွန်မတို့ ငယ်စဉ်ကလို တဝတပြဲ စားရအောင် ချက်ကျွေးလိုသည့် ဆန္ဒများကို ဂလုခနဲနေအောင် မျိုချရင်း တစ်ခါတရံတော့ ဘာပဲဖြစ်ဖြစ် ဇွတ်အတင်း ချက်ကျွေးလိုက်မယ်ဟဲ့ ဆိုသော စိတ်ကူးထဲမှ ကြိုးပမ်းမှုများကို ဖျက်သိမ်းရင်း –

လက်ရှိအခြေအနေကို သည်သမီးများ နားလည်အောင် မည်သို့ ရှင်းပြရမည်ကို မတွေးတတ်တော့သဖြင့် ရှောင်ထွက်သွားသော သူတို့၏အဖေကိုပင် မကျေမနပ် ဖြစ်နေမိတော့သည်။

——-
ခင်ဖြူ
ရနံ့သစ် မဂ္ဂဇင်း
ဧပြီ ၁၉၉၃