‎မင်္ဂလာပါ(စ/ဆုံး)

 ‎မင်္ဂလာပါ(စ/ဆုံး)


‎———-

‎မြိုင်သာရွာသို့ နေ့စဉ်ထွက်သော ဘတ်စ်ကားက တစ်စီးတည်းသာရှိသည်။ ဒုတိယကမ္ဘာစစ်ကျန်ဘတ်စ်ကားက နောက်မြီးအား လူစီးခုံများထည့်ကာ ခရီးသည်တင်ကားအဖြစ် လုပ်ထားခြင်းဖြစ်သည်။ ကားကြီးက အိုမင်းလှပြီ။ ဆေးတွေကလည်း ကွက်တိကွက်ကြားဖြစ်နေသည်။ ဘော်ဒီ၏ သစ်သားတန်းတွေပင် လူတွေ ခေါင်မိုးပေါ်တက်လွန်းသောကြောင့် ပြောင်ချောနေသည်။

‎ကားဒရိုင်ဘာက မျက်နှာထားဆိုးသည်။ ဘိုတဲတွင် ဝန်ထောက်မင်း၏ မယားငယ်မွေးထားသော ခွေးဘီလူး ရုပ်အတိုင်း ပါးစုန့်တွေအိတွဲကာနေပြီ၊ ကျောက်ပေါက်မာတွေကြောင့် ကားဒရိုင်ဘာဆိုသည်ထက် ဓားပြပုံ ပေါက်နေသည်။ စပယ်ယာကတော့ ကားပိုင်ရှင် ကိုချက်ကြီး၏ ယောက်ဖဖြစ်ပြီး မိုက်ရိုင်းမှုအစုံကို ဘယ်ကျောင်းက သင်ပေးလိုက်မှန်မသိ။ ပါးစပ်ကလည်း ပွစိပွစိပြောတတ်သည်။

‎“ဆွဲဆရာရေ” ဟု စပယ်ယာက အော်လိုက်ချိန်တွင် ကားအိုကြီးမ မထွက်ချင် ထွက်ချင်နှင့် ဆောင့်ရုန်းလိုက် သည်။

‎“ဟိုးထား … ဟိုးထား”

‎ပန်းနုရောင်ခေါင်းပေါင်း၊ သျှောင်တစောင်းနှင့် လွယ်အိတ်ကြီးတစ်လုံးကို လွယ်ထားသည့် ပိန်ပိန်ရှည်ရှည်၊ ဖြူဖြူနုနု လူတစ်ယောက်က ပြေးလာသည်။ သူ့ တိုက်ပုံက အနက်ရောင်၊ ပုဆိုးက ကြက်သွေးရောင်နှင့် မည်သို့မျှ မလိုက်ဖက်။ လက်ထဲတွင်လည်း ကြက်ဆင်ဖဲထီးနက်ကြီးကို ကိုင်ထားသေးသည်။

‎ကားက ဘရိတ်ဆွဲသံထွက်လာသော်လည်း သုံးပေခန့်ဒယဉ့်တိုက်ဆွဲပြီးမှ ရပ်သွားသည်။ စပယ်ယာက

‎“လိုက်မယ်ဆိုလည်း စောစောစီးစီး မလာဘူး …တကတဲ” ဟု ဆိုသည်။

‎ကားပေါ်တွင် ဈေးသည်၊ လက်လုပ်လက်စား၊ တံငါ၊ ပန်းပဲ၊ ကြက်သမား၊ ဝက်ထိုး လူမျိုးစုံပါလာသည်။ ထိုသူတွေက ဖြစ်သလိုဝတ်ထားကြသည်။ အချို့က ညအိပ်ရာဝင်ကတည်းက ဝတ်ထားသည့် အဝတ်အစားများ ဖြစ်မည်။ တွန့်ကျေနေသည်။ အင်္ကျီတွင် ကြယ်သီးမတပ်ဘဲ ရင်ဟောင်းလောင်းသမားတွေရှိသည်။ မိန်းမ တစ်ယောက်က ဒူးကိုကားပြီး ရင်ဘတ်ကို ဖွင့်ကာ ကလေးကို နို့တိုက်နေသည်။

‎နောက်ဆုံးမှ ကားပေါ် ပြေးတက်လာသူကား အားလုံးနှင့် ခြားနားနေသည်။ သူ့ပုံက မင်းသားလိုဖြစ်နေ သောကြောင့် ငါးသည်အဖွားအိုက တိုးတိုးလေးပြောလိုက်သည်။

‎“ဖိုးစိန်ကြီးနဲ့ တူသလိုလိုပဲ”

‎ဒရိုင်ဘာနှင့် ဘေးချင်းယှဉ် တံခါးပေါက်မှ တက်လာသော ထိုသူက ခြေနင်းခုံတွင် ဟန်ချက်ကိုထိန်းပြီး ရပ်လိုက်ကာ

‎“မင်္ဂလာပါ ဒရိုင်ဘာကြီး”

‎“မင်္ဂလာပါ စပယ်ယာလေး” ဟု ထိုသူက နှုတ်ဆက်သည်။

‎ကားပေါ်လိုက်လာသူတွေ အားလုံး အံအားသင့်နေကြသည်။ ဒရိုင်ဘာက သူနှုတ်ဆက်သည်ကို အသိအမှတ် မပြုသည့်အလား ရှေ့ကိုကြည့်ရင်းက ဂီယာကို ဆောင့်ထိုးပြီး ခြေနင်းကို ဖိနင်းသည်။ ကားက ဝူး ဝူးအော်ကာ ဆက်ထွက်သည်။

‎သံဃာတော်များအတွက် ကားရှေ့ခန်းထိုင်ခုံကို ဖယ်ထားသော်လည်း သံဃာမရှိသဖြင့် ထိုသူက ထိုင်လိုက် သည်။ ထို့နောက် တိုးတိုးလေး

‎“အားလုံး မင်္ဂလာပါ … ကျန်းမာချမ်းသာကြပါစေ … ဘေးရန်ကင်းပါကြပါစေ … စိတ်ဆင်းရဲခြင်း ကင်းကြပါစေ” ဟုဆိုကာ အဝေးကို ငေးကြည့်ရင်း လိုက်ပါလာသည်။

‎တစ်ယောက်က ပြောသည်

‎“ဆေးရောင်းမလို့လား မသိဘူး”

‎သို့သော် သူတို့ထင်သလို ထိုသူက ဆေးမရောင်း။ ခေါင်းခန်းတွင် ပြုံးကာထိုင်နေသည်။

‎နောက်မှ ထိုသူသည် မြိုင်သာမူလတန်းကျောင်းလေးကို ရောက်လာသော ကျောင်းအုပ်ဆရာကြီးမှန်း သိကြ သည်။ သူ့အမည်ကာ ဦးပန်းအေးဖြစ်သည်။ ဆရာကြီးသည် နေ့တိုင်း ကားနှင့်လာသည်။ ကားနှင့်ပြန်သည်။ ကားပေါ်တက်တိုင်းလည်း

‎“မင်္ဂလာပါ” ဟု ပြုံးရွှင်စွာ တွေ့သူတိုင်းကို နှုတ်ဆက်သည်။

‎ပန်းသည် မပြုံးက

‎“ကျုပ်တို့ ဒီကားစီးလာတာ အိုသေတော့မယ် … ဘယ်သူမှ သူ့လို နှုတ်မဆက်ပါဘူး”

‎ဆရာကြီး ဦးပန်းအေးသည် ကားပေါ်တက်လာတိုင်း မျက်နှာပေါက်ဆိုးလွန်းသော ဒရိုင်ဘာကို နှုတ်ဆက်သည်။ အပေါက်ဆိုးသော စပယ်ယာကိုလည်း မင်္ဂလာပါဟု ပြောပြီးမှ ကားခ ငါးမူးကိုပေးသည်။ သူက ကျပ်စေ့ကို ပေး၍ စပယ်ယာက ငါးမူးပြန်အမ်းလျှင်လည်း

‎“ကျေးဇူးပါခင်ဗျာ” ဟုဆိုသည်။

‎တစ်ပတ်ခန့်အကြာတွင် ကားပေါ်ကလူတွေ အနေအထိုင်ပြောင်းလာသည်။ ပေါင်ကားပြီး နို့လှန်တိုက် သူတွေကကလည်း သိုသိုသိပ်သိပ် ဖုံးဖုံဖိဖိလေး လုပ်လာသည်။ စကားပြောလျှင် “ငါ …” ရှေ့ကထားပြီး ပြော တတ်သော ဝက်ထိုးသမားလှဘော်ပင် စပယ်ယာကို ပိုက်ဆံပေးပါက လက်နှစ်ဖက်နှင့် ဆရာကြီးအတိုင်း ပေး တတ်လာသည်။

‎စပယ်ယာကလည်း အငေါက်အငမ်း သိပ်မရှိတော့။ ဆရာကြီးက ခေါင်းခန်းမှထိုင်ကာ

‎“နောင်ကြီး ဒရိုင်ဘာ ဟိုမှာ အဘွားအိုတစ်ယောက် လယ်ကွင်းထဲမှာ လက်ပြနေတယ် … ရပ်ပေးလိုက်ပါလား ဗျာ” ဟု ရိုသေစွာ ပြောသည်။

‎ခါတိုင်းဆိုလျှင် မမြင်ချင်ယောင်ဆောင်ပြီး မောင်းပြေးတတ်သော ဒရိုင်ဘာမှာ ဆရာကြီးစကားကို ကြားပြီး နောက် ကားကို ရပ်ပေးသည်။

‎“နောင်ကြီးရယ် နောက်လေးများဆုတ်ပြီး သစ်ပင်အောက်မှာ ရပ်စောင့်ရင် ကားပေါ်ကလူတွေ အပူသက်သာမှာနော့” ဟု ပြုံးရွှင်စွာပြောလျှင် ဒရိုင်ဘာက ကားကို နောက်ပြန်ဆုတ်ပြီး သစ်ပင်အောက်ရပ်ကာ စောင့်တတ်သည်။

‎နေ့စဉ် ဆရာကြီး ဦးပန်းအေးသည် ကားဒရိုင်ဘေးပေါက်က တက်လာတိုင်း

‎“မင်္ဂလာပါ” ဆိုကာ နှုတ်ဆက်သည်။ ထို့နောက် မေတ္တာပို့သည်

‎သို့သော် ဒရိုင်ဘာက မျက်နှာကို စူပုပ်ထားပြီး သူ့ကားကိုသူမောင်းသည်။

‎ဆရာကြီးကတစ်နေ့တွင် သူလွယ်အိတ်ထဲမှ ကွမ်းယာပစ္စည်းများထည့်ထားသည့် ထန်းခေါက်ဖာအသေး လေးကိုထုတ်ကာ ကွမ်းယာသည်။ ကွမ်းယာပြီးနောက် ဒရိုင်ဘာကို လက်နှစ်ဖက်ဖြင့် ရိုသေစွာပေးကာ

‎“ဒီကနောင်ကြီး စားပါအုံးခင်ဗျာ” ဟုဆိုသည်။

‎ဒရိုင်ဘာကလည်း ယောင်တောင်တောင်ဖြင့် ကွမ်းကိုယူကာဝါးသည်။ ဒရိုင်ဘာပါးစပ်က အမှတ်မထင် ထွက်သွားသည့်စကားမှာ

‎“ကျေးဇူး” ဆိုသည့် စကားလေးဖြစ်သည်။

‎ဆရာကြီးက ပြုံးလိုက်သည်။

‎ဆရာကြီးသည် ကားပေါ်တက်တိုင်း မင်္ဂလာပါကစကာ ပြုံးရွှင်စွာဖြင့် ခရီးကိုစတင်စေသည်။ ဆရာကြီး နောက်ကျ၍ မလာမချင်း ကားစပယ်ယာရော ဒရိုင်ဘာရော စောင့်နေတတ်သည်။

‎“ဆရာကြီး မလာသေးဘူး ခဏစောင့်ပါဦး” ဟု စပယ်ယာက ပြောလာသည်။

‎နှစ်ပေါက်လုနီးဖြစ်လာသည့်အခါတွင် ကားပေါ်ရှိ ခရီးသည်များမှာ အပြုအမူ အနေအထိုင်တွေ ဆင်ခြင်လာ သည်။ စပယ်ယာသည်ပင် အပြော အဆိုတွေ ယဉ်ကျေးလာသည်။

‎“ကားမထွက်သေးဘူးလား”

‎“နောက်ကျနေပြီ”

‎တစ်နေ့တွင် ကားထွက်ချိန်ရောက်သော်လည်း မထွက်သေးသောကြောင့် ခရီးသည်တွေက အော်ကြသည်။

‎ဒရိုင်ဘာက စပယ်ယာကို မေးသည်

‎“ကျောင်းဖွင့်တဲ့နေ့ မဟုတ်လား”

‎“ဟုတ်တယ်”

‎“ဟို ဆရာကြီး ဒီနေ့ နောက်ကျလှပါလား”

‎“နာရီဝက်ကျော်နေပြီ … ထွက်မှတော်မယ်”

‎“ဆရာကြီးရောက်လာရင် ဒုက္ခပဲ”

‎“နေမကောင်းလို့လား မသိဘူး”

‎နောက်တစ်နေ့တွင် သတင်းကြားရတော့သည်။ ဆရာကြီး ဦးပန်းအေး ဆေးရုံတွင် ကွယ်လွန်သွားပြီ ဆိုသည့် သတင်းဖြစ်သည်။

‎“ဘာဖြစ်လို့လဲ”

‎“သွေးအံပြီးဆုံးသွားတာ”

‎“ဟာ ဒုက္ခပဲ မြိုင်သာကို နောက်ဆရာတစ်ယောက် ဘယ်တော့မှ ရောက်မယ်မသိဘူး”

‎ကားကထွက်လာသည်

‎သို့သော် သူတို့ တစ်ခုခုလိုနေသလို ခံစားရသည်

‎“မင်္ဂလာပါ” ဆိုသည့် အသံလေး လိုနေသည်။

‎ထို့ကြောင့် ကားက ထွက်သာလာရသည် မပြည့်စုံသလို ဖြစ်နေသည်။

‎ထိုစဉ်

‎“မင်္ဂလာပါ” ဆိုသည့် အသံလေးကို ကြားလိုက်ရသဖြင့် ဒရိုင်ဘာက နောက်လှည့်ကြည့်သည်။

‎စပယ်ယာ ကိုပေါက်ဆိုးက

‎“မင်္ဂလာပါခင်ဗျာ … ကားခလေးတွေ ထုတ်ထားကြပါခင်ဗျာ” ဟု ပြောသည်။

‎ငါးသည်အဒေါ်ကြီးက

‎“ကျားသားမိုးကြိုး” ဟုအော်သည်။

‎ထိုစဉ်ကားက ဘရိတ်ကို အတင်းဖမ်းသည်။ ဒရိုင်ဘာခွေးဘီလူးကြီးက

‎“ပေါက်ဆိုးရေ … ဟိုမှာ အဖွားအို ပြေးလာတယ် … ဈေးတောင်းကြီးက လေးသနဲ့ … သွားပြေးယူ ပေး လိုက်ပါကွာ” ဟုဆိုသည်။

‎အဖွားအိုက ကားပေါ်တက်လာပြီး

‎“ကျေးဇူးပါတော်” ဟုဆိုသည်။

‎ထိုနေ့ကစပြီး မြိုင်သာကားပေါ်တွင် “မင်္ဂလာ” နှင့် “ကျေးဇူး” စကားကို တွင်တွင်ကြီးကြားရတော့သည်။ ထိုမျှမက ကားအတွင်းပိုင်း ခေါင်းခန်း မှန်ပေါ်တွင် သင်္ဘောဆေးနှင့် ကျကျနနရေးထားသော

‎“မင်္ဂလာပါ” ဆိုသည့် စာတန်းလေးကိုလည်း လူတိုင်းတွေ့ရတော့သည်။

‎တင်ညွန့်

‎၂၁.၁.၂၀၂၂