သံသရာကြွေး

  သံသရာကြွေး


------------------


ဦးထွန်းဝသည် သူ၏ ကုန်စုံဆိုင်ကို မနက် ၆ နာရီထိုးသည်နှင့် ဖွင့်လေသည်။ သူဆိုင်ဖွင့်ဖွင့်ချင်း တွေ့လိုက်ရ သည်မှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ အဝတ်အစားနွမ်းနွမ်းပါးပါးနှင့်ဖြစ်သော်လည်း ဆင်းရဲနိမ့်ပါးသည့် အမျိုး အစားထဲကမဟုတ်ကြောင်း သတိပြုမိသည်။ သူက




“ငါ့နှမ ဘာများအလိုရှိလို့လဲကွယ်” ဟု မေးလိုက်သည်။




အမျိုးသမီးက




“မနေ့က ဦးလေးဆိုင်မှာ ကျွန်မသားလေးကို ဆန်တစ်ပြည်ဝယ်ခိုင်းလိုက်ပါတယ်”




“ဟုတ်လား ဘာများဖြစ်လို့လဲကွယ်”




“ဆန်တစ်ပြည် ၈ ကျပ်မဟုတ်ပါလားရှင်”




“ကောက်သွယ်ထဲကလား”




“ဟုတ်ကဲ့ပါရှင်”




“တစ်ပြည် ၈ ကျပ်ဟုတ်ပါတယ် ဘာများဖြစ်လို့လဲကွယ်”




“ကျွန်မက သားကို ၁၀ တန်တစ်ရွက် ပေးလိုက်ပါတယ်ရှင်။ အဲဒါ ဆန်တစ်ပြည် ၈ ကျပ်ဆိုတော့ ဦးလေးက ၂ ကျပ်ပဲ ပြန်အမ်းရမယ်လေ”




“အဲဒါဘာဖြစ်လို့လဲကွယ်”




“ဦးလေးက သားကို ၂ ကျပ်မအမ်းဘဲ … ငါးကျပ်တန်တစ်ရွက် မှားအမ်းလိုက်လို့ပါ။ သားကလည်း ကစားချင် ဇောနဲ့ ဒီအတိုင်းယူလာပါတယ်။ အိမ်ရောက်တော့ ကျွန်မကို ၂ ကျပ်ပေးရမယ့်အစား ၅ ကျပ်တန်ပေးတော့ ကျွန်မလည်း အံ့အားသင့်သွားပါတယ်။ ၃ ကျပ်ပိုအမ်းလိုက်တာ ညကတည်းက လာပေးမလို့ပါရှင်။ ဒါပေမဲ့ မိုးချုပ် သွားတာနဲ့ ဒီမနက်မှ လာပေးရတာပါ။ ရော့ပါ ဒီမှာ ၅ ကျပ်တန်ပါရှင်။ ကျွန်မကို ၂ ကျပ်ပဲ ပြန်အမ်းပါ”




ဦးထွန်းဝက အတော်လေးအံ့ဩသွားသည်။ သူကပိုအမ်းလိုက်သည်ကို လာပြန်ပေးသောဈေးဝယ်နှင့် တစ်ကြိမ်မျှ မကြုံဘူးသောကြောင့်ဖြစ်သည်။




“ငါ့နှမ ဘယ်ကတောင်လာရသလဲကွယ်”




“ရွှေသာလျောင်းကပါရှင်”




“ဟာအဝေးကြီးပဲ … မြင်းလှည်းနဲ့လာရင်တောင် အသွားအပြန် ၂ ကျပ်လောက်ကျမယ်၊ ယူသွားပါ့တော့ကွယ်”




“ကျွန်မ သူများပစ္စည်းကို မတရား မယူချင်ပါဘူးရှင်။ ညက သားလေးပိုပြီးယူလာလို့ တစ်ညလုံး စိတ်မကောင်း ဖြစ်နေတာ။ လူဆိုတာသေမျိုးရှင့်။ ခုချက်ချင်း သေချင်သေနိုင်တာ။ သေသွားရင် ဦးလေးရဲ့အကြွေး ကျွန်မဆီ အပါ မခံနိုင်ဘူးရှင့်။ တော်ကြာ နောင်ဘဝ ဦးလေးဆီမှာ ဒီ ၃ ကျပ်လေးနဲ့ ကျွန်လာခံနေရမှာ ကြောက်လို့ပါ”




“အေးကွယ် ငါ့တူမလိုဈေးဝယ်မျိုးနဲ့ မကြုံဖူးပါဘူး။ ရွှေတွေ ငွေတွေဝတ်လာပြီးတော့တောင် မပေးရသေး တာကို ပေးပြီးပြီလို့ ငြင်းတာနဲ့ ကြုံဖူးတော့ ငါ့နှမစိတ်ဓာတ်ကို လေးစားသွားပြီကွယ်”




“ကျွန်မတို့ မချမ်းသာပါဘူးဦးလေး … ဒါပေမဲ့ သံသရာကြွေးအတင်မခံဘူး”




ဦးထွန်းဝက သူ့ထံမှ ၅ ကျပ်တန်ကိုယူပြီး ၂ ကျပ်ပြန်အမ်းလိုက်သည်။ အမျိုးသမီးက သူ့ဆိုင်မှထွက်သွားသည်။ သူ့နားထဲတွင် ကြားနေမိသည့် စကားလုံးမှာ “သံသရာကြွေး” ဆိုသည့် စကားလုံးဖြစ်သည်။




ဦးထွန်းဝတစ်ယောက် ထိုင်ရမလို၊ ထရမလိုဖြစ်နေသည်။ သူစဉ်းစားနေသည်မှာ ဦးထောင်ကြီးပွဲရုံကို သူအကြွေးပေးစရာရှိနေသည်။ ထိုအကြွေးကလည်းကြာပြီ။ အကြွေး နှစ်သောင်းဆပ်စရာကို သူလည်း နေ့ရွှေ့၊ ညရွှေ့နှင့် လုပ်နေခဲ့သည်မှာ နှစ်ပေါက်နေပြီ။ အမှန်တော့ သူမပေးနိုင်၍မဟုတ်။ ပေးနိုင်ပါသော်လည်း ငွေတွေကို ဟိုလိုလှည့်၊ သည်လိုလှည့်ကာ သုံးနေမိခြင်းဖြစ်သည်။




“ငါသေရင် သံသရာကြွေးပါသွားတော့မှာပါလား”




သူကစဉ်းစားပြီး စိတ်တွေလှုပ်ရှားနေသည်။ နောက်ဆုံး သူ့မိန်းမကို ခေါ်လိုက်သည်။




“မိန်းမရေ ဆိုင်ထိုင်ပေးဦး … ငါဦးထောင်ကြီးပွဲရုံကို သွားလိုက်ဦးမယ်”




သူက ဦးထောင်ကြီးပွဲရုံမသွားမီ အိမ်ထဲက ငွေနှစ်သောင်းယူသွားသည်။ ဦးထောင်ကြီးပွဲရုံကို ရောက်သည့် အခါတွင်




“အထောင်ရေ ကြွေးလာဆပ်တာ”




“ကျားသားမိုးကြိုး … နင်အကြွေးလာဆပ်သတဲ့လား။ နှစ်ပေါက်နေပြီ။ ငါအကြိမ်ကြိမ် လူလွှတ်တောင်းခိုင်းတာ နင်ရှောင်နေတယ်။ ခုမှ ဘာစိတ်ကူးပေါက်လို့လဲ”




“အထောင်ရေ … နင့်အကြွေးကို ငါသေရွာပါအောင် မယူသွားချင်ဘူး”




“နင်က ဘယ်တော့သေမှာမို့လို့လဲ”




“လူဆိုတာ ဒီနေ့သေမလား … တော်ကြာ သေမလား ဘယ်သူကပြောနိုင်သလဲအထောင်။ ငါနင့်အကြွေး မပေးဘဲ ချက်ချင်းသေသွားရင် နောင်ဘဝ နင့်အိမ်မှာ ကျွန်လာခံနေရမှာပေါ့။ နင့်ကျွန်တော့ မဖြစ်ချင်ဘူး အထောင်။ ဒါကြောင့် အကြွေးလာဆပ်တာ”




“နင့်စကား ငါသဘောကျတယ်။ ဘုန်းကြီးလည်းဟောတယ်။ မသေခင် အရှုပ်တွေရှင်းခဲ့ရမယ်တဲ့။ နင့်စကား ငါသဘောကျတယ်။ ဘုန်းကြီးစကားလည်း ခုမှလေးနက်မှန်းသိတယ်။ ဟုတ်တယ်မသေခင် ရှင်းခဲ့ရမယ်”




ဦးထွန်းဝက အထောင်ကို ငွေနှစ်သောင်း အကြွေး ဆပ်လိုက်သည်။ သူက သူ့ဈေးထဲကဆိုင်ကို ပေါ့ပါးစွာဖြင့် ပြန်လာသည်။




စိတ်ထဲတွင် မတင်မကျနှင့် ထိုင်မရ၊ ထမရဖြစ်နေသူမှာ ဦးထောင်ကြီးခေါ် အထောင်ဖြစ်သည်။




“ငါဘယ်လိုလုပ်ရမလဲ … သူ့အကြွေးမဆပ်ရင် သံသရာကြွေးပါသွားမှာတဲ့။ ငါ့သူငယ်ချင်း မြင့်မောင်ဆီက လွန်ခဲ့တဲ့ ၅ နှစ်လောက်က ငွေတစ်သိန်းချေးထားတာ မြင့်မောင်သေသွားတော့ ငါလည်း ဒီလိုပဲ မသိချင်ယောင် ဆောင်နေခဲ့တာ။ အလို အဲဒီသံသရာကြွေး ငါ့ဆီပါသွားတော့မှာပါလား။ မဖြစ်သေးပါဘူး သူ့မိန်းမနဲ့ ကလေးလည်း ဆင်းရဲဒုက္ခရောက်နေတယ်ကြားတယ်။ ငါအမြန်ဆုံး အကြွေးသွားဆပ်မယ်။ တော်ကြာ ငါ သူ့အိမ်မှာ ကျွန်သွားဖြစ်နေမှဒုက္ခ”




ညနေစောင်းတွင် အထောင်သည် မြင်းလှည်းလေးစီးကာ ရွှေသာလျောင်းဘုရားအနီးရှိ ရပ်ကွက်လေးတစ်ခု ဆီကို သွားခဲ့သည်။ သူက တဲအိမ်လေးတစ်ခုရှေ့တွင် ရပ်လိုက်ပြီး




“ဟဲ့ … ရွှေကြည် … ရွှေကြည်”




“ဘယ်သူလဲ”




အိမ်ထဲက မိန်းမတစ်ယောက်ထွက်လာသည်။




“ဪ အထောင်ပါလား … ရှင်ဘာလာလုပ်တာလဲ”




“လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက နင့်ယောက်ျားဆီက ငါငွေ တစ်သိန်း ချေးထားတယ်။ အဲဒါ လာပြန် ဆပ်တာ”




“ကိုမြင့်မောင်သေပြီးတော့ ရှင့်ဆီကိုလာပြောတော့ ရှင်က မချေးထားပါဘူးဆို”




“ငါမှားသွားပါတယ် ရွှေကြည်ရယ်။ ငါသံသရာကြွေး မပါသွားချင်ပါဘူး၊ ဒါကြောင့်နင့်ကို အကြွေး လာဆပ် တာပါ။ ရော့ဒီမှာ ငွေတစ်သိန်း”




မရွှေကြည်က ငွေတစ်သိန်းကို လက်ခံလိုက်သည်။




“သံသရာကြွေး … သံသရာကြွေး” ဟုသူက နှုတ်ကတဖွဖွပြောလိုက်သည်။




ထိုမရွှေကြည်မှာ မည်သူဖြစ်မည်ထင်ပါသနည်း။




မနက်က ဦးထွန်းဝဆိုင်ကို ငွေ သုံးကျပ်ပိုသောကြောင့် လာပြန်ပေးသွားသော အမျိုးသမီးပင်ဖြစ်သည်။




(အိန္ဒိယဇာတ်လမ်းလေးတစ်ပုဒ်ကိုမှီငြမ်းထားခြင်းဖြစ်သည်)




တင်ညွန့်




၂.၁၁.၂၀၂၅