လွှတ်ပေးလိုက်ပါ

 လွှတ်ပေးလိုက်ပါ

------------------

အိပ်ရာထက်တွင် သူတို့နှစ်ယောက် ရှိနေကြစဉ် ရုတ်တရက် အိပ်ခန်းတံခါးကပွင့်သွားသည်။


ဗလတောင့်တောင့် လူတစ်ယောက်၊ ဓားရှည်တစ်ချောင်းနှင့် အခန်းထဲကို ဝင်လာခြင်းဖြစ်သည်။ အနေ အထားက အားလုံး ဖရိုဖရဲဖြစ်ကုန်သည်။


“ဝတ် … အဝတ်တွေကို မြန်မြန်ဝတ်လိုက်၊ ပြောတဲ့အတိုင်းလုပ်နော်။ မလုပ်ရင် နှစ်ယောက်စလုံးဓားနဲ့ အခုတ်ပဲ”


ယောက်ျားရော၊ မိန်းမပါ အဝတ်အစားတွေကို အမြန်ဆုံး ကောက်ဝတ်လိုက်ကြသည်။


ဓားပြက နှစ်ယောက်စလုံးကို ကြိုးနှင့်တုပ်သည်။ ယောက်ျားကို စားပွဲတိုင်နှင့်တွဲပြီး တုပ်ကာ အမျိုးသမီးကို ကုလားထိုင်နှင့်တွဲတုပ်နှောင်ပြီး


“ကဲ ပစ္စည်းတွေ ဘယ်မှာထားသလဲ”


“ဗီရိုထဲမှာပါခင်ဗျာ”


“သော့ကရော”


“ဗီရိုပေါ်မှာပါ”


ဓားပြက ဗီရိုပေါ်မှာ သော့ကိုယူကာ ဗီရိုတံခါးကို ဖွင့်မည်အလုပ်တွင် ယောက်ျားဖြစ်သူက


“ဒီမှာခင်ဗျာ”


“ဘာလဲ”


“သူ့ကို လွှတ်ပေးလိုက်ပါခင်ဗျာ … တောင်းပန်ပါတယ်”


“ဟာ ဘယ်ဖြစ်မလဲ … သူ့ကို လွှတ်ပေးလိုက်ရင် အိမ်နီးချင်းတွေကို အကူအညီတောင်းမှာပေါ့။ ဒါမှ မဟုတ်လည်း ရဲကိုသွားခေါ်လာမှာပေါ့”


“ကျွန်မ ဘယ်သူ့ကိုမှ မတိုင်ပါဘူးရှင် ကတိပေးပါတယ်”


“ဟေ့ … ဓားပြတိုက်စားနေတာ အံတိုနေပြီ။ ဘယ်ဓားပြကမှ အိမ်ရှင်ကို ယုံရိုးထုံးစံမရှိဘူး။ ပါးစပ် ပိတ်ထားလိုက်”


“တောင်းပန်ပါတယ်ဗျာ … သူ့ကို လွှတ်ပေးလိုက်ဖို့ တောင်းပန်ပါတယ်”


“နားငြီးတယ် … ပါးစပ်ပိတ်ထား”


ဓားပြက ဗီရိုကိုဖွင့်ပြီး အဝတ်အစားတွေကြား ငွေနှင့် လက်ဝတ်လက်စားတွေကိုရှာသည်။


“လက်ဝတ်လက်စားတွေ ဘယ်မှာလဲ”


“မရှိပါဘူးခင်ဗျာ”


“ငါ့ကိုလိမ်တယ်ပေါ့ … ကဲကွာ”


ဓားပြက ယောက်ျားဖြစ်သူကို ပိတ်ကန်လိုက်သည်။


“ကျွန်တော် လက်ဝတ်လက်စားတွေကို ဝှက်ထားတဲ့နေရာ ပြောပါ့မယ်ခင်ဗျာ … သူ့ကိုတော့ လွှတ်ပေးလိုက်ပါ တောင်းပန်ပါတယ်”


“လွှတ်ပေးလို့ မဖြစ်ဘူးလို့ ပြောနေတယ်မဟုတ်လား။ ဒါကစားနေတာ မဟုတ်ဘူး။ ဓားပြတိုက်နေတာ”


“သူ့ကိုလွှတ်ပေးလိုက်ပါဗျာ … ရှိကြီးခိုးပါရဲ့ … လွှတ်ပေးလိုက်ပါနော်။ သူ ဘယ်သူ့ကိုမှ မတိုင်ပါဘူး။ ကတိ ပေးပါတယ်။ ဟဲ့ … ပြောလိုက်လေ … ကတိပေးပါတယ်လို့”


“ဟုတ်ပါတယ် ဓားပြ အစ်ကိုကြီးရယ် … ကျွန်မကို လွှတ်ပေးပါ … ကျွန်မဘယ်သူ့မှ မတိုင်ဘူးလို့ ကတိပေးပါတယ်”


ဓားပြ တွေသွားသည်။


“အင်း … ခင်ဗျားက ခင်ဗျားမိန်းမကို တော်တော်ချစ်ရှာတာပဲ။ ဒါပေမဲ့ မလွှတ်ပေးနိုင်ဘူး”


“နောင်ကြီးရယ် တောင်းပန်ပါတယ် … လွှတ်ပေးပါနော်”


“ဘာဖြစ်လို့ ဒီလောက်တောင် လွှတ်ခိုင်းနေရတာလဲ”


“ကျွန်တော့် မိန်းမက မကြာခင် ပြန်လာတော့မှာပါခင်ဗျာ … ဒါကြောင့် သူ့ကို လွှတ်ပေးလိုက်ပါနော်”


တင်ညွန့်


၂၅.၁၀.၂၀၂၅