ဇလုံနှင့်ရန်ကုန်

 ဇလုံနှင့်ရန်ကုန်

-----------------

ကျွန်တော်သည် ငါးပိရည်အလွန်ကြိုက်ခဲ့သူဖြစ်ပါသည်။


ကျွန်တော့်မိဘတွေကလည်း ငါးပိအလွန်ကြိုက်သည်။ အဖေတို့အမေတို့နှင့်အတူ နေထိုင်စဉ်ကဆိုလျှင် အမေသည် သနပ်ပင်ဘက်မှ ငါးပိကောင်းကောင်းတွေမှာကာ အိမ်တွင် အိုးကြီးတွေနှင့်လှောင်ထားတတ်သည်။ ထိုအိုးကြီးတွေက တက်လာသော ငံပြာရည်တွေကိုသာ ခပ်သုံးသည်။


လူပျိုပေါက်အရွယ် ငါးပိစားလွန်းဖြင့် ဝက်ခြံအလွန်ထွက်သည်။ ငါးပိရည်မပါလျှင် ထမင်းစားမဖြစ်အောင် မိဘတွေက သင်ခဲ့သည်။


မနက်ခင်းဆိုလျှင် အမေက လမ်းထိပ်မှ ဘူးသီးကြော်တွေဝယ်လာသည်။ သားသမီးတွေအားလုံး အိပ်ရာက နိုးလာလျှင် ငါးပိရည်ခွက်ကြီးကို အလယ်တွင်ချပြီး အကြော်တစ်ယောက်တစ်ခုနှင့် ထမင်းစားကြသည်။ ထိုခေတ်က အကြော်တစ်ခုကလည်း ထမင်းဝသည်။ ဘူးသီးကြော်တစ်ခုတွင် ဘူးသီးမြောင်း သုံးခုလောက် ပါသည်။ ယခုခေတ်ကတော့ တစ်ခုတစ်မြောင်း တစ်ချောင်းကို ၃၀၀ ကျပ်လောက် ပေးကာ စားနေကြရသည်။ တစ်ချောင်းကလည်း လက်နှစ်လုံးစာလောက်သာရှိသည်။


အရွယ်ရလာတော့ အငန်တွေလျော့ရသည်။ သကြားတွေလျော့ရသည်။ ငါးပိရည်ကိုပါ ဖြတ်လိုက်သည်။ တစ်ခါတစ်ရံတွင်တော့ ဆိုင်မှာကြုံလျှင် တို့စရာနှင့် နည်းနည်းစားသည်။


ကျွန်တော့်မှာ ယခုအခါ ပို့ထမင်း ပို့ဟင်းစားနေရသဖြင့် ကရိကထအနည်းဆုံးကိုသာ ပို့ခိုင်းရသည်။ ဟင်းတစ်ခွက်၊ ထမင်းတစ်ပန်းကန်လောက်ဆိုလျှင်ရပြီ။ ကိုယ့်လောက်တောင်မစားနိုင်သူတွေ ဤခေတ်တွင် များစွာရှိနေသဖြင့် ကိုယ်ကထိုမျှလောက် စားနေရခြင်းမှာ ကံကောင်း (အလုပ်ကောင်း) သောကြောင့်ဟု ယူဆပါသည်။


ထိုနေ့က ကျွန်တော်ရေဝေးတွင် အသုဘတစ်ခုလိုက်ပို့သည်။ ကျွန်တော်ထမင်းစားချိန်မှာ နေ့ ၂ နာရီဖြစ်သည်။ အသုဘက ၁ နာရီတွင်ဖြစ်သည်။ မနက်ကလည်း တိုရှည်လေးတစ်ခုသာစားထားသည်။ ၂ နာရီထိုးခါနီးသော် ဆာလာသဖြင့် လိုက်ပို့သော သားဖြစ်သူကို အပြန်လမ်းတွင် တစ်ခုခုဝင်စားရန် ပြောရသည်။


“ဇလုံထမင်းစားမလား”


“ဘာလဲ ဇလုံထမင်းဆိုတာ”


“အရမ်းကောင်းတာ … ဒီနားမှာဆိုင်ရှိတယ်”


“စားတာပေါ့”


အိမ်မှာတောင်ချေးမများတာ ဆိုင်ထမင်းဟင်း ငြင်းစရာအကြောင်းမရှိ။ လက်ဖက်ရည်ဆိုင်ကြီး တစ်ဆိုင်ကို ရောက်လာသည်။ သားဖြစ်သူက


“ဇလုံထမင်းနှစ်ပွဲ” ဟုမှာလိုက်သည်။


မကြာမီ ဇလုံနှင့် ထမင်းနှစ်ပွဲလာချသည်။ တကယ်သံဇလုံနှင့်ဖြစ်သည်။ ဇလုံထဲတွင် တို့စရာတွေကို တန်းစီထည့်ထားသည်။ သခွားသီး၊ မျှစ်၊ ကြောင်လျှာသီး၊ ခရမ်းကြွတ်သီး၊ ရုံးပတီသီး၊ ဘာအရွက်တွေမှန်းမသိ၊ ဆလတ်ရွက်လည်းပါသေးသည်။


ထမင်းကို ငါးပိရည်နှင့်နယ်ထားသည်။ ထမင်းထဲတွင် ချဉ်ပေါင်ကြော်ကလည်း ပါပြီးသားဖြစ်သဖြင့် ချဉ်၊ ငန်၊ စပ်ဖြစ်သည်။


ကျွန်တော်လည်း ဆာဆာနှင့် ချွေးပြန်အောင် စားလိုက်သည်။ ထိုငါးပိအရသာက ကျွန်တော့်ကို ငယ်စဉ် ဘဝအား သတိရစေသည်။ ငါးပိရည်ကောင်းမှ ငါးပိထမင်းသည် စားကောင်းပေလိမ့်မည်။ ယခုတော့ အစပ်အဟပ်တည့်စွာဖြင့် ငယ်စဉ်အိမ်ကိုသတိတရ စားသောက်ခဲ့ရသည်။


ကျွန်တော်ကအစပ် သိပ်မစားနိုင်ပါ။ ချွေးတွေပြန်လာသဖြင့် ရေသန့်တစ်ဘူးမှာသောက်ရသည်။


“ကောင်းရဲ့လား”


“ကောင်းပါ့ကွာ … ရန်ကုန်မှာ ဒီလိုတောစာစားလို့ရတယ်ဆိုတာ မသိခဲ့ဘူး”


“ခု ရန်ကုန်မှာ ဇလုံထမင်းဆိုပြီး ခေတ်စားနေတာ”


“ရန်ကုန်သားတွေကွာ ကြံဖန်ပြီး စားကြတယ်”


“ရန်ကုန်မှာက ရန်ကုန်သားစစ်စစ်တွေ သိပ်မှ မရှိတော့တာ။ တောနယ်တွေ၊ အညာအရပ်တွေကနေ ပြေးလာတဲ့ လူတွေပြည့်နေတာ။ ဒီတော့ တောစာ တောင်စာလေးတွေ လုပ်ရောင်းတတ်ရင် ရောင်းရတယ်”


ကျွန်တော်တို့ငွေရှင်းကြသည်။


ဇလုံထမင်းတစ်ဇလုံ ငါးထောင်ကျပ်ဟူ၏။ တောသူတောင်သား လက်ဝါးနှင့်ဆိုလျှင် လေးအုပ်လောက်နှင့် ပြတ်သည်။


ရန်ကုန်တွင် အကုန်ရသည်။


သို့သော် ငွေရှိဖို့တော့လိုသည်။


တင်ညွန့်


၇.၁၀.၂၀၂၅