လွဲပါစေ

 လွဲပါစေ

----------

ကျွန်တော်မနေ့က ဦးသိန်းမြင့်နှင့်အတူ လမ်းလျှောက်သည်။ သူက လမ်းလျှောက်အပြန် ကျွန်တော် ငှားထားသော စာအုပ်ကို ပြန်ပေးလိုက်ပါရစေဆိုသဖြင့် သူ့အိမ်ကို ကျွန်တော်ဝင်ခဲ့သည်။


မိုးမရွာသောကြောင့် ကျွန်တော်တို့ ခြံထဲတွင်ထိုင်ပြီး စကားပြောကြသည်။


ဦးသိန်းမြင့်က ခြံထဲဝင်လာသော သူ့သားဖြစ်သူကို


“သားရေ … အဖေ့ဗီရိုပေါ်က စာအုပ်လေးယူခဲ့စမ်းပါကွာ” ဟု ပြောလိုက်သည်။ သူ့သားဖြစ်သူက


“အဖေကလည်း မအားသေးဘူး” ဟုပြောကာ အိမ်ပေါ်တက်သွားသည်။


ဦးသိန်းမြင့် မျက်နှာပျက်သွားသည်။


သားဖြစ်သူက သူ့ကို စာအုပ်ယူမပေးနိုင်ကြောင်း ငြင်းပယ်ခြင်းကို ခံလိုက်သည်။


ထိုသို့ ငြင်းပယ်ခြင်း ခံလိုက်ရသည်ကလည်း သူစိမ်းရှေ့တွင် ဖြစ်နေသောကြောင့် ရှက်ပေလိမ့်မည်။ သူက


“ကိုယ့်ဘာသာကိုယ် သွားယူတာပဲကောင်းပါတယ်” ဟုပြောကာ အိမ်ပေါ်တက်သွားသည်။ စာအုပ်ယူပြီးနောက် ကျွန်တော့်ကို လာပြန်ပေးသည်။ ကျွန်တော်လည်း စာအုပ်ယူကာ သူ့ကိုနှုတ်ဆက်ပြီး ပြန်ခဲ့သည်။


ထိုမြင်ကွင်းသည် ကျွန်တော့်ကို လမ်းတစ်လျှောက်လုံး စိတ်အနှောင့်အယှက်ပေးနေသည်။ မိဘဖြစ်သူသည် သားသမီးဖြစ်သူ၏ ငြင်းပယ်ခြင်းကို ခံလိုက်ရခြင်းမှာ မည်မျှစိတ်မကောင်းဖြစ်မည်နည်း။ သူ့ဖခင်ခိုင်းသော ကိစ္စမှာလည်း မဖြစ်နိုင်သော ကိစ္စမဟုတ်။ ဖြစ်နိုင်သောကိစ္စလေးတစ်ခုကို အဘယ်ကြောင့်ငြင်းပယ်ကြရ သနည်း။ ငါငြင်းပယ်လိုက်တာသည် အခြားသူစိမ်းရှေ့တွင် ဖြစ်နေသဖြင့် ငါ့မိဘ ဘာဖြစ်သွားမည်ဆိုခြင်းကိုပင် မတွေးနိုင်လောက်အောင် ဖြစ်နေပြီလား။ သွန်သင်ဆုံးမမှုတွေ အားနည်းခဲ့လေသလား ကျွန်တော် အတွေးပွား နေမိသည်။


“ဒီခေတ်ကလေးတွေ ရိုင်းစိုင်းလာတယ်” ဆိုသည့် အပြောမျိုးကို ကျွန်တော်တို့ မကြာခဏကြားရပါသည်။


ကလေးတွေကို ရိုင်းစိုင်းသည်ဟုပြောသော ထိုလူကြီးတွေကရော ယဉ်ကျေးကြပါသလား ကျွန်တော် ပြန်မေး ကြည့်ချင်ပါသည်။


သူတို့ရှေ့တွင် မြင်နေ သိနေကြသော လူကြီးတွေက အစွမ်းကုန် ရိုင်းစိုင်းပြနေကြသည်မှာ အတုမြင်၊ အတတ်သင်စရာတွေ။


ကလေးတွေရိုင်းစိုင်းလာသည်ဟု ပြောကြခြင်းမှာ မျိုးဆက်တစ်ခုနှင့်တစ်ခုကြားတွင် အမြဲလိုလိုဖြစ်ပေါ်နေ သည့် အယူအဆတစ်ခုဖြစ်သည်။


အဘယ်ကြောင့်ထိုသို့ ဖြစ်ရသနည်း။


ယခုခေတ်လူငယ်တွေသည် လူမှုကွန်ရက်နှင့် ဖုန်းတို့တွင် အချိန်ပေးကြသူများ ဖြစ်လာသည်။ ထို့ကြောင့် လူကြီးမိဘတွေနှင့် စကားပြောဆိုမှု အလေ့အကျင့်များ နည်းပါးသွားကြသည်။ လူကြီးတွေကို သိပ်ပြီး အာရုံမစိုက်၊ အလေးမထားသောအခါ လူကြီးတွေက ရိုင်းစိုင်းသည်ဟု မြင်လာကြသည်။


လူကြီးနှင့်လူငယ် စကားပြောရာတွင်လည်း အဆင်မပြေမှုလေးတွေကို တွေ့လာရသည်။ လူငယ်တွေက အွန်လိုင်းတွင်သုံးသော အတိုကောက်စကားတွေ၊ အီမိုဂျီတွေကို ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည့်အခါတွင် လူကြီးတွေ အစဉ်အလာစကားတွေနှင့် ဆန့်ကျင်သလိုဖြစ်နေသည်။ လူကြီးတွေ စံထားသည့် အသုံးတွေနှင့် သူတို့ ပြောဆိုခြင်း မပြုသည့် အခါတွင်လည်း လူငယ်တွေကို ရိုင်းသည်ဟု မြင်လာကြသည်။


ယနေ့ခေတ်လူငယ်တွေကို မိဘများက ကိုယ်ပိုင်ထင်မြင်ချက်နှင့် လွတ်လပ်ခွင့်များပိုပြီး ပေးလာသည်ဟု ထင်ပါသည်။ ကလေးများ၏ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်တွေ ကျွန်တော်တို့ ငယ်စဉ်ကထက် ပိုရလာကြ သည်မှာ မငြင်းနိုင်ပါ။ ယခင် ကျွန်တော်တို့ ငယ်စဉ်ကလို “ငါပြောတာနာခံရမယ်” ဆိုသည့် စံနှုန်းတွေနှင့်လည်း ကွဲလာသောကြောင့် ပြန်ပြောလျှင် ဆန့်ကျင်သည်ဟု မြင်လာကြတော့သည်။


ယနေ့ခေတ်လူငယ်တွေသည် အစဉ်အလာအရ ခေါင်းငုံ့ခံတတ်ကြသူတွေ မဟုတ်တော့ပါ။ လူသားချင်း တန်းတူညီမျှဖြစ်သည်ဆိုသော အမြင်မျိုးတွေရှိလာသောကြောင့်လည်း ခွဲခြားဆက်ဆံသည်ဟု မြင်လာလျှင် သူတို့ဆန့်ကျင်ကြမည်သာဖြစ်သည်။


ယနေ့ခေတ်လူငယ်တွေသည် သတင်းအချက်အလက်ခေတ်တွင် လူဖြစ်နေကြရသူများဖြစ်သည်။ အလွန် များပြားသော လုပ်ဆောင်နိုင်မှုများ၊ ရယူသုံးစွဲနိုင်မှုများကြားတွင် နေထိုင်ကြရသည်ဖြစ်သောကြောင့် သူတို့ အာရုံစူးစိုက်နိုင်မှုသည် ခေတ္တမျှသာဖြစ်သည်။ သူတို့နှင့် အေးအေးဆေးဆေး စကားပြောဆိုနိုင်ရန်မှာ သိပ်မဖြစ် နိုင်တော့ပါ။ ထို့ကြောင့်လည်း စိတ်မရှည်တတ်ကြသဖြင့် ငြင်းပယ်လိုက်လျှင် ရိုင်းသည်ဟု ထင်တတ်ကြသည်။


ကျွန်တော် မနေ့က ကြုံတွေ့ခဲ့ရသည့် ဦးသိန်းမြင့်နှင့် သူ့သားပြဿနာမှာ မျိုးဆက်နှစ်ဆက်ကြားက ကွာခြားချက် တစ်ခုအနေဖြင့်သာ ကျွန်တော်သုံးသပ်ပါသည်။ အဖေ့ဘာသာ ထယူလိုက်လည်းရတာကိုဆိုသည့် အတွေးမျိုး သူ့ခေါင်းထဲ ဝင်နေတာလည်း ဖြစ်နိုင်သလို သူ့တွင် အရေးပေါ်ကိစ္စတစ်ခုခု ရှိလာသောကြောင့် လည်း ဖြစ်နိုင်ပါသည်။


မည်သို့ဆိုစေ ကျွန်တော် ဆီးဘန်နီဆရာတော်ဘုရားကြီး၏ ဆုတောင်းလေးကိုသတိရမိသည်။


ဆီးဘန်နီဆရာတော်ဘုရားကြီးဆုတောင်း


· ဝိနည်းမပိုက်၊ လောကလိုက်၊ ဘုန်းကြီးမိုက်နှင့် လွဲပါစေ


· ဘုရားမကြိုက်၊ အများလိုက်၊ ဆရာမိုက်နှင့် လွဲပါစေ


· တရားမကြိုက်၊ အမှားလိုက်၊ မိဘမိုက်နှင့် လွဲပါစေ


· သစ္စာမပိုက်၊ တစ်ဘို့လိုက်၊ မိတ်ဆွေမိုက်နှင့် လွဲပါစေ


· ဥစ္စာခိုးနှိုက်၊ လင်ငယ်ကြိုက်၊ မယားမိုက်နှင့် လွဲပါစေ


· မူးဖြုန်း ဖဲရိုက်၊ အငယ်ကြိုက်၊ လင်အမိုက်နှင့် လွဲပါစေ


· ဆုံးမ မကြိုက်၊ ဖီဆန်တိုက်၊ သားသမီးမိုက်နှင့် လွဲပါစေ


· စည်းကမ်းမလိုက်၊ တော်လှန်တိုက်၊ တပည့်မိုက်နှင့် လွဲပါစေ


· မငဲ့နောက်လိုက်၊ ငါကောင်းကြိုက်၊ ခေါင်းဆောင်မိုက်နှင့် လွဲပါစေ


· တိုင်းပြည်သိမ်းပိုက်၊ လမ်းမှားလိုက်၊ ဘုရင်မိုက်နှင့် လွဲပါစေ


· ရပ်ပြစ်ရှစ်တိုက်၊ မကြုံကြိုက်၊ ဘုံသုံးမိုက်နှင့် လွဲပါစေ။


(ဤဆုတောင်းကို ဓမ္မစာစဉ်နှင့် Young Buddhist Association မူနှစ်ခုအားတိုက်ဆိုင်ပြီး ကူးယူဖော်ပြခြင်းဖြစ်ပါသည်)


တင်ညွန့်


၁၉.၈.၂၀၂၅