မာန
#တင်ညွန့်
ဆိုင်အတွင်း ထမင်းစားချိန်ဖြစ်သောကြောင့် လူကျသည်။ တစ်နေရာလေး ရအောင်စောင့်ရသည်။
“ဦးလေး … ဒီမှာ တစ်နေရာလွတ်ပြီ”
ကျွန်တော်က ဆိုင်ခုံနှင့် အနီးတွင် ဝင်ထိုင်လိုက်သည်။
“ဘာနဲ့စားမလဲဦးလေး”
“ငါးကြော်နဲ့ ပဲဟင်းပေးကွာ”
ဆိုင်ရှင်က သဘောကောင်းသည်။ ပန်းကန်ထဲတွင် ပဲပင်ပေါက်ကြော်ရော၊ အာလူးကြော်ပါ ထည့်ပေးလိုက် သည်။ ထမင်းစားနေစဉ်
“ထမင်းတစ်ထုပ်ပေးပါ”
“ဟင်းပါသေးလားဆရာ”
“ဟင်းတစ်ပွဲ ဘယ်လောက်လဲ”
“ဘာဟင်းစားမလဲဆရာ”
“ဘဲဥဆိုရင်ရော”
“တစ်လုံး ၃၀၀ နှစ်လုံးတစ်ပွဲ ၅၀၀”
“တစ်လုံးပဲပေးပါ”
“ဟာ … ဘဲဥကုန်နေပါလား … ဆရာ ခဏလေး ထိုင်စောင့်ပေးပါနော် … ဘဲဥဟင်း ကုန်နေလို့ သွားယူခိုင်း ထားတယ်”
ဈေးဝယ်သူက ကျွန်တော့်ရှေ့မှ ခုံတွင် ထိုင်လိုက်သည်။
လူက အတော်လေး ပိန်သည်။ အဝတ်အစားကလည်း နွမ်းသည်။ သူက ဆေးလိပ်ကို အိတ်ထဲက ထုတ်လိုက်ပြီး
“ဆေးလိပ်သောက်မယ်နော်” ဟု ကျွန်တော့်ကို ကြည့်ကာ ပြောသည်
ကျွန်တော်က ခေါင်းညိတ်ပြလိုက်သည်။ သူက ဆေးလိပ်ကို မီးခြစ်နှင့် ညှိကာဖွာလိုက်သည်။ လက်ထဲတွင် ထမင်းထုပ်လေးကို ကိုင်ထားသည်။
ကျွန်တော့်စိတ်ကလည်း သနားတတ်သည်။ ထမင်းကတစ်ထုပ်၊ ဘဲဥလေးတစ်လုံးတည်း ဝယ်တာ မတတ်နိုင်လို့လားဟု စိတ်ထဲ တွေးလိုက်မိသည်။ အကယ်၍များ သူက လက်ခံမည်ဆိုလျှင် ထမင်းဖိုးနှင့် ဟင်း ကောင်းကောင်းတစ်ပွဲဖိုးကို ဒါနလုပ်ချင်သည်။ သို့သော် လူ့အရိပ်အကဲလည်း ကြည့်ရသေးသည်။ နေရာတိုင်း လိုက်လှူ၍မဖြစ်။ အချို့သော သူတွေမှာ ပစ္စည်းမဲ့မာနလေးတွေရှိကြသည်။ ပြီးတော့ ဆိုင်ရှင် ကောင်မလေးက “ဆရာ” ဟုခေါ်ထားသဖြင့် ဆင်ခြင်နေရသည်။ ဘာဆရာမှန်းတော့ မသိ။
“ဆရာ … ဘဲဥရပါပြီ”
သူက ဘဲဥထုပ်လေးကို ယူလိုက်ပြီး အိတ်ထဲက ၁၀၀၀ တန်လေးတစ်ရွက်ကို ထုတ်ပေးလိုက်သည်။ ဆိုင်ရှင်က လူများနေသောကြောင့် ပိုက်ဆံကို လှမ်းမယူနိုင်သေး။ သူက ပိုက်ဆံလေးကိုင်ကာ လှမ်းပေးနေသည်။
ဆိုင်ရှင်က သူ့ပိုက်ဆံကို လှမ်းယူလိုက်သည်။ ထို့နောက် ပိုက်ဆံ ပြန်အမ်းသည်။ ကျွန်တော်ကလည်း ဘာကြောင့်မှန်းမသိ ထမင်းစားရင်းကြည့်နေမိသည်။
“ဒီမှာ ဆရာ”
ဆိုင်ရှင်ပေးသော ပိုက်ဆံကို သူက ကိုင်ကြည့်နေသည်။ သူက ပိုက်ဆံကို ကိုင်ပြီး ရပ်နေသည်။ ထို့နောက်
“ဒီမှာ”
“ဘာယူဦးမလို့လဲဆရာ”
“ပိုက်ဆံအမ်းတာ မှားနေတယ် … ဘဲဥနဲ့ ထမင်းတစ်ထုပ် ဘယ်လောက်လဲ”
“၅၀၀ လေ”
“ဒီမှာ မှားအမ်းထားတယ်”
“ဘာမှားလို့လဲဆရာ … ၄၅၀၀ ပြန်အမ်းထားတယ်လေ”
“ငါပေးတာ ၁၀၀၀ တန်”
“မဟုတ်ပါဘူး ၅၀၀၀ တန်ပါ”
“ကလေးမ မဟုတ်ဘူး … ၁၀၀၀ တန် ကို ၅၀၀ ပဲပြန်အမ်းရမှာ … ရော့”
သူက ပိုက်ဆံပိုငွေကို ပြန်ပေးပြီး ၅၀၀ တန် တစ်ရွက်ပဲ ယူသွားသည်။
အချို့သော အမြင်နှင့် အထင်များသည် ကွာခြားတတ်သည်။ လူတစ်ယောက်ကို အသွင်အပြင်လောက် ကြည့်ပြီး မရိုးမသား လုပ်မည့်သူဟု ထင်ရန် မဖြစ်နိုင်ပါ။
ကျွန်တော်ကတော့ အတွေးတစ်ချက်ရလိုက်သည်။
“သူ့နေရာမှာ ငါ”
ထမင်းစားပြီးပြီ ဖြစ်သောကြောင့် ဆိုင်ရှင်ကောင်မလေးကို ပိုက်ဆံ သွားရှင်းသည်။
“ဦးလေးက ၁၀၀၀ အတိပဲ”
ကျွန်တော်က ၁၀၀၀ တန်တစ်ရွက် ထုတ်ပေးလိုက်သည်။
“ဟေ့ ကြည့်လည်း လုပ်ဦး … ၁၀၀၀ တန်ပဲ ပေးတာ … မှားပြီး ပြန်မအမ်းနဲ့နော်”
“မမှားပါဘူး ဦးလေးရယ် … ဘယ်တော့မှ မမှားပါဘူး”
“မမှားဘူးသာဆိုတယ် … စောစောက ၁၀၀၀ တန်ပေးတာကို ၅၀၀၀ တန်နဲ့ မှားအမ်းနေပြီးတော့”
“အဲဒါ သက်သက် မှားအမ်းတာ”
“ဘာ တမင်ကို မှားအမ်းတာ ဟုတ်လား”
“ဟုတ်တယ် … ဆရာကြီးကို ကူညီချင်လို့ သက်သက်ကို မှားပေးတာ … လက်ကို မခံဘူး”
“ကျောင်းဆရာလား”
“ဟုတ်တယ် … သမီးတို့ကို ငယ်ငယ်လေးကတည်းက သင်လာတဲ့ ဆရာကြီး”
“အိုကွယ် … ဆရာ့ကိုမှ သွားပြီး မှားရသလား”
“ဒီအတိုင်း ပေးလည်း မယူဘူး … ထမင်းထုပ်သွားပေးလည်း မယူဘူး”
“မာနရှိတာပေါ့ကွယ် … ဘယ်မှာနေသလဲ ငါလည်း သူ့ကို စိတ်ဝင်စားတယ်”
“နေစရာကို မရှိတော့တာ … ဆရာကြီးအကြောင်းပြောရရင် အရှည်ကြီး … ခုဆို ဘုန်းကြီးကျောင်းမှာ ကပ်နေတာ”
“ဟုတ်လား … နောက်ဆို ကိုယ့်ဆရာကို အဲသည်လို မစမ်းနဲ့နော် … ဆရာတိုင်းမှာ မာနလေးတွေ ရှိတာကွယ့်”
“ဆရာတိုင်းတော့ ဟုတ်မယ်မထင်ဘူး … သမီးတို့ဆရာကြီးမှာပဲ အဲဒီလိုမာနရှိတာ”
“ဪ … အေး … အေး”
ကျွန်တော် အသာလေး ပြန်ထွက်လာခဲ့ပါသည်။
#တင်ညွန့်