စစ်နှင့်လူသား

 စစ်နှင့်လူသား 

 တက္ကသိုလ်ဘုန်းနိုင်

(၁)

သွေးစွန်းသည့်ငွေလရောင်

၁၉၄၉ ခု၊ ဇန်နဝါရီလ ၃၁ ရက် …။

အင်းလျားကမ်း၏ ညှိုးနွမ်းစ ကုန်းသွယ်သွယ်မှ လွမ်းစဖွယ် ဆည်းဆာခင်းအောက်တွင် သက်ပြင်းကို အဖော်ပြု၍ ငေးရှုလျက် နေခဲ့မိသည်။

ဆောင်းနိဂုံးဝယ် နွေကူးတုန်းဖြစ်သဖြင့် နှင်းကြွင်းနှင့်မြူ ရောယှက်ရီခိုက် တောဆီတဝိုက် ပင်အလိုက်မျှ ညှိုးငိုက်ဝါရွှေ ရော်ရွက်တွေ ဖုံးစပြုနေပေပြီ။

ထိုစဉ်ဝယ် ညင်းလေငွေ့ငွေ့က ဝေ့ခနဲ အသာဝှေ့လာပါ၏။ ထိုစဉ်ဝယ် အမြောက်သံ ထိန့်ထိန့်က တအိန့်အိန့် ဟိန်းလွင့်လာသည်။

ခပ်လှမ်းလှမ်းရှိ အင်းလျားကျောင်းဆောင်သည် အမြောက်သံကို ပဲ့တင်ထပ်ခိုက် အင်းလျား ရေမျက်နှာပြင်သည် တလှပ်လှပ် ရင်ခုန်လိုက်ပါ၏။ ကံ့ကော်ရွက်ဝါတရွက်က ဖြုတ်ခနဲ ရေပြင်သို့ ဦးစိုက်ကျလာခိုက် ပိတောက်ပင်ဦးမှ နွေဦးတေးရှင်သည် ရုတ်ခနဲ လန့်ပျံ၍ အဝေးသို့ ပြေးပေသည်။ မြောက်ဘက်တောတန်းတို့၏ထိပ်ကို လွန်၍ မီးခိုးမှိုင်းမှိုင်း သည် အလှိုင်းလှိုင်းတက်လူလာသည်။

ဆည်းဆာ၏ ပန်းချီသည် ပျက်ပြယ်ခဲ့ပေပြီ။ နွေကြိုတေးလည်း ပျောက်လွင့်ခဲ့ပေပြီ။ အမြောက်သံသည် အင်းစိန်ဘက်မှ လာသည်။ ဤအသံသည် ဗမာပြည်တွင်းစစ်၏ ဆိုးဝါးမှု အထွတ်အထိပ်ကို ဟစ်ကြွေး သရုပ်ဖော်ပေသည်။

တက္ကသိုလ်ကျောင်းကြီးမှာ ရက်အကန့်အသတ်မရှိ ပိတ်ပြီးပြီဖြစ်သဖြင့် သည်အချိန်မျိုးတွင် လူအစည်ဆုံးဖြစ်သော ကျောင်းတော်သူ အမူတုံးတို့၏ ညှို့အပြုံးတို့ဖြင့် အသက်ဝင်ရာ အင်းလျားဆောင်တခုလုံးမှာ ခြောက်ကပ်ဆိတ်သုဉ်းလျက် ရှိသည်။

ထွက်ရတော့မည်။ ဘယ်ဆီတော့ မသိ။ ယနေ့ ဤအင်းလျားရိပ် ကျွန်းညိုညိုမှာ ရပ်နေခြင်းသည် နောက်ဆုံးအဖြစ်ဟုတော့ သိနေသည်။ တသက်တာအတွက် နောက်ဆုံးပင် ဖြစ်လေမည်လားဟုတော့ မသိခဲ့။

စစ် ပြည်တွင်းစစ် ဖြစ်ဖြစ်၊ ပြည်ချင်းစစ် ဖြစ်ဖြစ်၊ ကမ္ဘာစစ် ဖြစ်ဖြစ်- စစ် ဟူသည်မှာ မောဟ လကွယ်ည၏ မှောင်မိုက်ခြင်းဖြစ်၍ ငြိမ်းချမ်းရေးသည် ပညာ နံနက်ခင်း၏ လင်းရောင်ခြည်သစ်ပင် ဖြစ်ပေသည်။

စစ်၏သရုပ်ဖြစ်သော အမြောက်သံတို့ ဟိန်းဟောက်မင်းမူနေခိုက် ပညာ၏ ပြယုဂ် ဖြစ်သော တက္ကသိုလ်မှ သုတေသီ ရင်သွေးတို့ ကင်းဝေးခဲ့ပေပြီ။

မောဟ နန်းတည်ပြီမို့ ဒေါသမှူးမတ်နှင့် မာနစစ်သည်တို့ အာဃာတဗျူဟာတေးကို ရင့်ကြွေးခဲ့ကြချေပြီ တမုံ့။

ငါ့မြေ၊ ငါ့ပြည်၊ ငါ့လူမျိုး၊ ငါ့အဖွဲ့၊ ငါ့ဝါဒ၊ ငါပိုင်သည်သာ အမွန်ဖြစ်၍ ငါယုံသည်သာ အမှန် ဖြစ်သည်။ ပညတ်၏အာရုံမှ လူမှုအကျဉ်းသမားပီပီ "ငါလည်းလေ လောကီသား” ဟု

မရှိသော ငါ၏ မပိုင်သော တန်ဆာတို့အတွက် ငါတကား ကားရန် ဆုံးဖြတ်ပြီးလေပြီ။ သည်ညနေသည် အမှန်ပင် သည်မြေတွင် ရပ်တည်ခြင်းအတွက် နောက်ဆုံး ဖြစ်ခဲ့ပေသည်။ ကိုယ်ယုံကြည်သည့်အတွက် ကိုယ်မက်သော ပြည့်ခေါ်သံ”ကို နာခံလျက် ကိုယ်ထင်သော တာဝန်ကို ကိုယ်ထမ်းရင်း စာသင်ခန်းနှင့် ဝေးရာ စစ်မြေစခန်းဝယ် မကြာမီပင် သေနတ်ထမ်းလျက် ရောက်ရှိနေခဲ့ပေပြီ။

၁၉၄၉ ခု၊ ဖေဖော်ဝါရီလ ၂၇ ရက်။

အင်းစိန်စစ်မျက်နှာ၏ “ငှက်ပျောခြံ” စခန်းရှိ ချိုင့်ဝှမ်းများရှိ ချုံကွယ်နံဘေး ကျင်းတခုတွင် ရှစ်ရက်လကွေး၏ မှုန်မှေးမှေးအရောင်အောက်တွင် ကင်းစောင့်လျက် ရှိခဲ့သည်။

နေ့ခင်းကမူ နွေအစဖြစ်သဖြင့် တလောကလုံး သွေ့သွေ့ခြောက်နေသည်ကို မြင်ရသည်။ ပတ်ဝန်းကျင်တခုလုံးမှာ ညှိုးနွမ်းနေသည့်တောအရေး။ ဖက်ဖူးရောင် ရွက်နုကျင်တွေနှင့် လွင်သည့်အပင်တွေမှာ လွင်နေပေပြီ။ မြသစ်ရောင် အဆင်းဖြင့် သရက်ပင်တွေမှာ အစိမ်းရင့်ရင့် ဖြစ်နေသည်။ သည်နှစ်ရောင် စပ်ကြားတွင် ရွှေအိုရောင် ရွက်ဝါနှင့် အပင်တွေ၊ အရိုးကျဲကျဲနှင့် ပင်မွဲတွေကိုလည်း မြင်နိုင်သည်။ သစ်တိုပင်၏ အရွက်တို့မှာမူ ပတ္တမြားရောင် နီနေသည်။ ပတ္တမြားရွက်တို့သည် မြေသို့လည်း ခုန်ဆင်းကြသေးသည်။ မြေပြင်မှာမူ ကာကီရောင် မြက်ညှိုးတို့အထက် နဘဲပင် စိမ်းစိမ်းတွေသည် ထိုးထိုးထောင်ထောင် ပေါက်နေကြသည်။

ည၌မူ ဘာမျှ မသဲကွဲ။ လရောင်ဖျော့ဖျော့တွင် 

တခါက လူအတွက် အသုံးဝင်ခဲ့ဖူးဟန်တူသော

လှည်းလမ်းကြောင်းသည် ကမ္ဘာသေမှ လမ်းအိုပမာ ဖွေးဖွေးနှင့် ရေးရေးပေါ်ကာ တဖက်တောတန်းဆီသို့ ငုပ်လျှိုးဆင်း ပျောက်သွားသည်။ စောစောကပင် စနိုက်ပါတက်၍ ထုသွားသေးသဖြင့် အနားယူ အိပ်မောကျနေသော ရဲဘော်တို့အတွက် သတိကြီးစွာနှင့် ကင်းစောင့်နေရပေသည်။

တဖက်မှာမူ မုန်းရန် မဆိုထားဘိ၊ မြင်လည်း မမြင်ဖူး၊ ကြားမှလည်း မကြားမိ၊ သိပို့ရန် ဝေး၍ တဦးချင်းအနေနှင့်သော် ဤကမ္ဘာမြေဝယ် ရှိနေကြမှန်းပင် အမှတ်မထား မိသော ရန်သူ ဘွဲ့ခံ လူသားများ။ သည်မှာဘက်တွင်မူ တိရစ္ဆာန်တကောင်ကို ဝင်သတ်ရန် ဝန်လေးသော်လည်း ရန်သူအား သေစေတတ်သော လက်နက်နှင့် အချက်ကျကျ စောင့်နေသော မိမိနှင့်တကွ အခြားလူသားများ။

သွေးနံ့သင်းသော နွမ်းညဖြူ၏ ဤအခိုက်တန့်တွင်ပင် စစ်နှင့်လူသား၊ လူသားနှင့် စစ်၏ သဘာဝတ္ထကို ပထမဦးဆုံးအကြိမ် မှတ်မှတ်ရရ တွေးမိသည်။ ရှိသမျှ အသိဉာဏ်နှင့် တတ်သမျှ ပညာတို့ဖြင့် အဖြေရှာမရစဉ်ပင် စွမ်းသမျှသော အနုပညာကြောင့် ကဗျာတပုဒ်သည် ရင်မှာ အမှတ်မထင် ပေါက်ဖွားခဲ့သည်။

“ပုလဲငွေယှက်၊ ဝိုးဝါးလက်သည် ရှစ်ရက်လကွေး အရောင်တည်း။ သစ်ရိပ်ပြိုးပြောက် မိုးပြာအောက်လျှင်၊ လျှိုချောက်ကုန်းတန်း ပတ်လည်ဝန်းသည်၊ မြရွှန်းလဲ့လဲ့ သာဆဲတည်း။ လရောင်ဖိတ်ဖိတ်၊ ညချမ်းဆိတ်ဝယ် သံတိတ်ကိုယ်တောင့်၊ အမှောင်ထောင့်မှ ကင်းစောင့်ငါလျှင်၊ ငေးသည်အင်တည့် စက်ခွင်သာလွန်၊ ရတုမွန်ကား လှဟန်မပျက်၊ ရွှန်းမြလျက်လည်း ရက်စက်မာန်ပြင်း၊ လူ့ကျင့်ယွင်းသော် 

ဘရင်းဖြောက်ဖြောက်၊ အမြောက်ဟုန်ဟုန် သိမ့်တုန်မော်တာ၊ ဟိန်းဟောက်ဝါက ညဉ့်သာငှက်တေး၊ ဘယ်ဆီပြေးခဲ့ …။ သာရေးမစုံ၊ လှဂုဏ်မမြောက် စစ်ရောက်မြေပြင်၊ လရောင်လွင်မူ ကြည်လင်ဖွေးဖွေး၊ ငြိမ့်ငြိမ့်အေးလည်း လူသွေးစွန်းသည့်ရောင်သာတည်း”

အနုပညာသည်ပင် ဖြစ်ဖြစ်မြောက်မြောက် မဟုတ်သေးသော်လည်း သန္ဓေတည်စ အနုပညာ၏ ဗီဇပါ ငြိမ်းချမ်းရေးမြတ်နိုးမှု၏ “စိတ်မှတ်မဲ့” အဖြေပေးခြင်း ဖြစ်ဟန်တူပါ၏။

(၂)

မျိုးပျက်ချိန်မှ ကဗျာတပုဒ်

အမှန်ပင် မည်သည့် အနုပညာသည်မျှ စစ်၌ လှပခြင်းကို မမြင်ပါခဲ့။ မည်သည့် စစ်မှန်သော အနုပညာသည်မျှ စစ်အား သစ္စာတရားတဆူအဖြစ် မယူဆခဲ့။

ပမာဆိုသော် ပထမကမ္ဘာစစ် မုန်တိုင်းထန်ထန်အောက်မှ အင်္ဂလန်ကျွန်း၏ ဖြူရော် သွေးဆုတ်သော နှစ်သစ်ကူးတည အကာလကို မှန်းမျှော်ကြည့်လေစမ်းမည်။

စိတ်မချမ်းမြေ့သော ကဗျာဆရာ၏ စက်ခန်းပြင်ဘက် -

“မှောင်မည်းမည်း ပျက်စီးယိုယွင်းခဲ့ပြီဖြစ်သော ကျောက်လမ်းမထက် … ရူးသွပ်သောအဟုန်နှင့် စိုင်းနှင်လျက်နေသည့် အို … မြင်းငယ်လေ …။

ကြောက်ဇောဟုန်နှင့် မြောမေ့စေဟု လူသား၏တံခါးဝယ်

ခေါက်အားလေ့သော သေမင်းတမန်ကို 

သင် ယူဆောင်လေဟန်တကား …။

လူရိပ်လူယောင် ဟူ၍ မမြင်ရ ...။

မိမိကိုမျှ မည်သူပင် ဖွင့်ဟ မခေါ်ခဲ့။

ခွာသံသဲ့သဲ့မှလွဲ၍ ဘာကိုမျှ မကြားနိုင်ပြီ။

တားဆီးခြင်းလည်း ကင်းခဲ့ဟန်တည်း

ခြံဝလွန်သော် ညိုးညိုးညံ၍ .

တဖန်ပျောက်လွင့်လေသည်တကား။

တစီးရှင်၏ ဇာတိမှန်မူ

မည်သူသည်မျှ မမြွက်ကြားကြ။

သည်စဉ်တွင်

နှစ်ဟောင်းသည် သန်းခေါင်နှင့်အတူ ကြွေခဲ့၍

သက်ငင်သံယဲ့ယဲ့ဖြင့်

သည်စဉ်တွင် နှစ်သည် သဲ့သဲ့

ညည်းညူခဲ့သည်တကား....

ကျမျက်ရည် ပိုပိုထွေ၍

ငတ်ပွဲနှင့် မီးလျှံ ပိုပိုဝေလျက်

ပိုမိုသော ခက်ထန်ခြင်းနှင့် ပေါက်ကွဲမှုတွေသည်သာ ..

နှစ်သစ်အတွက် ကံကြမ္မာ၏ ခြွေအပ်သော

အမိန့်ပင်လော …။

ဤအမိန့်ကို ပန်ဆင်လျက် တစီးရှင်သည်

ဖြူရော်သော ဥရောပဆီသို့ လွင့်သွားခဲ့လေပြီ မသိ။

ထင်းရှူးပင်တို့သည်သာ

သောကတေးကို ပန်းလျစွာ

ရင့်ရူ ညည်းညူလျက် ရှိနေကြလေသည်တကား။”

ကဗျာဆရာမှာ သောမတ်စ်ဟာဒီ ဖြစ်၍ ကဗျာမှာ “စစ်အတွင်း တခုသော နှစ်သစ်ကြိုည” ဖြစ်လေသည်။

ရှင်ခြင်းကို နှစ်သက်သဖြင့် သေခြင်းကို ကြောက်ရွံ့သော လူသား၏ စစ်အတွင်း ထိတ်လန့်မှု၊ စိုးရိမ်မှု၊ အားငယ်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ကို ဟာဒီသည် သူ၏ကဗျာတွင် မှိုင်းညိုစွာ တင်ပြခဲ့လေသည်။

စစ်၌ လှပခြင်းကို သူ မမြင်။ သူမြင်သည်မှာ ပိုထွေရမည့် ကျမျက်ရည်နှင့် ပိုဝေတော့မည့် ငတ်ပွဲနှင့် မီးလျှံတို့သာတည်း။

တိုက်ခိုက်ရန် မွေးဖွားလာခဲ့သည် မဟုတ်သော လူသည် အချင်းချင်း သတ်ဖြတ်မှု ကို လိုလားနိုင်လိမ့်မည်မဟုတ်၊ စစ်နိုင်ခြင်း၏ ဝင့်ဝါမှုကို သော်လည်းကောင်း၊ စစ်ရှုံးခြင်း၏ သိမ်ငယ်မှုကို သော်လည်းကောင်း လူသည် သစ္စာတရားအဖြစ် ထာဝရ မကိုးကွယ်နိုင်ပါ။ စစ်၌ သစ္စာတရားကို မမြင်သော ဟာဒီသည် စစ်ကာလ၌ပင် စစ်မြူဖြင့် ဖုံးလွှမ်းခြင်းငှာ မတတ်သော လူသား၏ သစ္စာတရားနှင့် လူသား၏ မျှော်လင့်ခြင်းတို့ကို ဖော်ထုတ်ပြခဲ့ပေသည်။ ဤဖော်ထုတ်ပြမှုသည်ပင် သူ၏ ကမ္ဘာကျော်သော “မျိုးပျက်ချိန်” အမည်တွင်သည့် ကဗျာအမော်၏ အဆီအနှစ် ဖြစ်ခဲ့လေသည်။

ဟာဒီသည် စစ်ကြောင့် စိတ်ညစ်ညူးနေရာမှ ပြတင်းကိုကျော်ကာ အပြင်ဘက် လယ်ကွင်းတို့ဆီသို့ မျှော်မျှော်ကြည့်မိဟန် တူသည်။

သို့ မျှော်ကြည့်မိစဉ်မှာပင် သူသည် တနန်းကွယ် 

တနန်းပေါက်၊ တပြည်ပျောက် တပြည်ပေါ်နှင့် လူ့သမိုင်းအလီလီ ပြောင်းခဲ့သော်လည်း ဖောက်လှဲမဲ့ တည်မြဲသော လူသား၏ ထာဝရ ဇာတ်လမ်းစစ်ကို လည်းကောင်း၊ လူ့သမိုင်း ပင်လယ်ပြင်ဝယ် ရေပွက်ပမာ ခဏတာ ပေါ်ပေါက်သော စစ်မက်ရေးရာတို့ မှေးမှိန်ပျက်ကွယ်သွားသော်လည်း ဘယ်အခါမျှ မရိုး၍ ဘယ်အခါမျှ မတိမ်ကောသော လူသား၏ သဘာဝဖြစ်ရပ်ကို လည်းကောင်း ခံစားတွေ့မြင်မိဟန် တူသည်။ ဤခံစားတွေ့မြင်ချက်ကို အောက်ပါ ကဗျာ၌ ရောင်ပြန်ဟပ် သီကျူးခဲ့လေသည်။

“လယ်၏သားလည်း၊ စကားမဆို၊ ထွန်လျက်ကိုရှင့်။ လယ်မြင်းအိုမူ၊ ညွှတ်လိုယိမ်းချီ၊ ရုန်းတလီနှင့်။ ထွန်ရေးငင်ခိုက်၊ သခင်နှင့်ကျွန် အိပ်မူးဟန်တည်း။ လယ်မီးခိုးလည်း၊ မြက်ရိုးပုံထက်၊ ကွေ့လူတက်၏။ အဝေး၌မူ၊ ရွာသူပျိုမျစ်၊ ငယ်ကျွမ်းချစ်နှင့်၊ သစ္စာပုံပြင်၊ ကူလျှောက်စဉ်ဝယ်၊ တိုးညင်ဆိတ်ဆိတ်၊ 

သီတိတ်တိတ်တည့် …. ။ ရွှေအိမ်နန်းနှင့်၊ ကြငှန်းဆိုင်ဆိုင်၊ ပျောက်ယွင်းယိုင်လိမ့်။ လယ်သားနှင့်ကျွန် ထွန်မြဲ ထွန်လိမ့်။ လယ်မီးခိုးမူ၊ လူမြဲလူလိမ့်။ သစ္စာ့ပုံပြင်၊ မဆုံးခင်ဝယ်၊ စစ်အင်ခင်းလတ်၊ သမိုင်းဇာတ်မူ၊

လွတ်ပြတ်တိမ်နှယ် ပျောက်လိမ့်တကား။

(၃)

သဘာဝမှ သွေဖည်မှု

သေခြင်းကို ကြောက်လန့်၍ ရှင်ခြင်းကို နှစ်သက်သောလူသည် အသွေးကို ပေး၍ အသားကို ဆောက်တည်သည့် သီးနှံအတွက် မြေကို ထွန်သာ ထွန်ချင်ပါ၏။

ကျေးဇူးရှင် မိခင် လယ်မြေပြင်ဝယ် စက်ယန္တရားတို့၏ ဒဏ်ရာ ဒဏ်ချက်ကို လည်းကောင်း၊ လူသွေးစွန်းခြင်းကို လည်းကောင်း မမြင်လိုပါ၊ မတွေ့လိုပါ။ မရှိစေလိုပါ။ ချစ်သောဇနီး၏ သွေးခြည်ဥသော ပါးမို့နုနုတို့၏ နူးညံ့ခြင်းနှင့် ဝေးရာလည်း ဖြစ်သော၊ ရင်သွေး သမီးသားတို့၏ တီတာနွဲ့ဆိုးသော ဂီတသံနှင့် ကင်းရာလည်း ဖြစ်သော စစ်မြေပြင်သို့ မသွားလိုပါ၊ မရောက်လိုပါ၊ မပို့စေလိုပါ။

ချစ်လည်း ချစ်တတ်၍ အချစ်လည်း ခံချင်သော၊ ပေါင်းသင်းလည်း ပေါင်းသင်း တတ်၍ အပေါင်းအသင်းနှင့် နေလည်း နေသောလူသည် မုန်းတီးခြင်းနှင့် ကွေကွင်းခြင်းကို မမျှော်လင့်ပါ၊ မတောင့်တပါ၊ မဆိုက်ရောက်လာစေလိုပါ။

သစ္စာရှိစွာ အသီးအနှံကို မှန်မှန်ပေးသောမြေကို ခင်တွယ်၍ နွေးထွေးသော အိမ်၌သာ ကျင်လည်လိုသော လူသား၏ ချမ်းမြေ့ရိပ်မြုံ ဇာတ်လမ်းဝယ် ရေပွက်ပမာ စစ်မက်ရေးရာတို့သည် ပဇာကြောင့် မကြာ မကြာ ဝင်နှောင့်ရပါ သနည်း။

လူသား၏သဘာဝကို နက်မယောင်နှင့် တိမ်သော အဓိပ္ပာယ်ကင်းမဲ့သည့် “မွေးရာပါဗီဇသတ္တိ” သဘောတရားကြောင့်ဟု ရှင်းသော ရှေးဟောင်း အဘိဓမ္မာဆရာများ၊ နှစ်ဆယ်ရာစုနှစ် အစပိုင်း စိတ်ပညာဆရာတို့နှင့် မနုဿဗေဒဆရာတို့၏ အယူအဆတို့မှာ ပူရာဏ်ကျမ်းအိုတို့နှင့်အတူ ပျယ်ပြယ်လွင့်ပျောက်ခဲ့လေပြီ။

“စစ်ဆိုသည်မှာ ဤကမ္ဘာမှ မပျောက်နိုင်၊ အကြောင်းမှာ လူ၌ ဗီဇက သဘာဝအား ဖြင့် တိုက်ခိုက်လိုစိတ်ရှိသည်” ဟူသော ပါမောက္ခ မဂ်ဒူဂယ်၏ အယူအဆမျိုးကို မကြုံဖူး သော၊ စစ် ဟူသော စကား၏ အဓိပ္ပာယ်ကို ဘယ်ပုံ ရှင်းပြ၍မျှ နားမလည်သော ကမ္ဘာ့မြောက်ဖျားမှ အက်စကီးမိုး လူမျိုးတို့သည် ပြက်လုံးအဖြစ် ရယ်မောကြပေမည်။ ရူးသွပ်ခြင်းအဖြစ် အံ့သြကြပေမည်။

စစ်သည် ရှောင်လွှဲ၍ရသော လူဖန်တီးသည့် လူမှုရေးရာ တရပ်သာလျှင် ဖြစ်လေ သည်။ စစ်မရှိသော လူ့အဖွဲ့အစည်းများသည် ဤကမ္ဘာလောကအနှံ့အပြားတွင် အများ တည်ရှိနေပေသည်။ နယူးဂီနီကျွန်း၏ အာရေပိ လူမျိုးတို့အလယ်တွင် လည်းကောင်း၊ အမေရိကတိုက်ရှိ ဟိုပီနှင့် ခူနီ လူမျိုးတို့၏ အလယ်တွင် လည်းကောင်း စစ်သည် မရှိပေ။ “မြင့်မြတ်သော ရိုင်းစိုင်းသူများ” ဟု ကမ္ဘာ့ပညာရှင်အချို့တို့ ခေါ်သော ဤလူမျိုးစုတို့၌ စစ်သာလျှင်မက စစ်၏ရေသောက်မြစ်ဖြစ်သော၊ ကျွန်ုပ်တို့ကဲ့သို့ “လူယဉ်ကျေး” တို့ အလယ်၌ရှိသော လောဘ၊ ဒေါသ၊ မာန၊ အာဃာတမျိုးတို့သည် နကမ္ပတိ မရှိ ဖြစ်ချေ၏။ စစ်သည် လည်းကောင်း၊ စစ်၏ ရေသောက်မြစ်ဖြစ်သော ဤလောဘ၊ ဒေါသ၊မာန၊ အာဃာတ စသော သဘောမျိုးတို့မှာ လူမှန်လျှင် ဧကန်မုချ မလွဲမသွေရှိရလေမည့်

အရာများ မဟုတ်ချေ။ ရှိသောလူအုပ်စုတို့၌ ရှိ၍ ကင်းသောလူအုပ်စုတို့၌ ကင်းပေသည်။  လူသည် သဘာဝအမြဲအားဖြင့် ငြိမ်းချမ်းလည်း မငြိမ်းချမ်း၊ ကြမ်းတမ်းလည်း မကြမ်းတမ်းချေ။ ငြိမ်းချမ်းမည်၊ ကြမ်းတမ်းမည်မှာ ပတ်ဝန်းကျင် ဩကာသလောကနှင့် လူမှုလောကပေါ်၌ လုံးဝ မှီတွယ်နေပေသည်။

လူ၌ မှန်ကန်တည်မြဲသော သဘောတရပ်သည်မူ ရှိပေသည်။ လူသည် တဦးချင်းအနေနှင့် လည်းကောင်း၊ အုပ်စုအနေနှင့် လည်းကောင်း ထာဝရ ပြဿနာ ဖြေရှင်းနေပေသည်။ အခြေအနေနှင့် အခွင့်အရေးကို မှီ၍ လူသည် ငြိမ်းချမ်းသောနည်းနှင့် ဖြစ်စေ၊ ကြမ်းတမ်းသောနည်းနှင့် ဖြစ်စေ ပြဿနာကို ဖြေရှင်းတတ်ပေသည်။

လူသမိုင်းတလျှောက်ရှိ လူ၏ လှုပ်ရှားမှုအရပ်ရပ်ကို ပြဿနာဖြေရှင်းမှုအဖြစ်နှင့် မြင်နိုင်ပေသည်။

ဖြေရှင်းဖွယ် ပြဿနာများမှာ သဘာဝဘေးရန်နှင့် သားရဲတိရစ္ဆာန်တို့၏ အန္တရာယ်မျှသာ ဖြစ်သော ကမ္ဘာဦးလူတို့၏ခေတ်တွင် လူလူချင်း တိုက်ခိုက်မှုသည် မရှိ။ စည်းလုံး ရိုင်းပင်းမှုသာ ရှိပေသည်။ ရိုးသားမှန်ကန်သော အသုံးချမှုအတွက် ကုန်ထုတ်လုပ်ငန်းရှိသောခေတ်ဖြင့် ယနေ့တိုင် ဤစီးပွားရေးစနစ်မျိုး ရှိသေးသော လူအုပ်စုတို့အလယ်တွင် စစ်သည် လည်းကောင်း၊ ပြိုင်ဆိုင်မှုသည် လည်းကောင်း၊ ပုဂ္ဂလိကသဘော အထွေထွေတို့သည် လည်းကောင်း ကင်းမဲ့ပေသည်။

လူမှုလောကသည် အဘက်ဘက်၌ ကျယ်ဝန်းနက်နဲ သိမ်မွေ့ရှုပ်ထွေးလာသောအခါ လူ၏ ဖြေရှင်းဖွယ် ပြဿနာအရပ်ရပ်မှာ ပိုမို၍ လူမှုဆန်လာပေသည်။ သဘာဝလောက စည်းမျဉ်းတို့ထက် လူမှုလောကစည်းမျဉ်းတို့က ပို၍ အရေးပါ ထိရောက်လာသည်။

လူ၏ ပြဿနာဖြေရှင်းနည်းတို့သည်လည်း ထွေပြားနက်နဲ သိမ်မွေ့လာသည်။ အသိဉာဏ်ရှိသော လူသည် ငြိမ်းချမ်းသော ပြဿနာဖြေရှင်းနည်းနှင့် ကြမ်းတမ်းသော ပြဿနာဖြေရှင်းနည်း နှစ်မျိုးတို့၏ အကျိုး၊ အပြစ်ကို မြင်လာသည်။ မြင်လာသော အကျိုး၊ အပြစ်တို့ကို မှီ၍ ပိုမိုထိရောက် ကောင်းမွန်သောနည်းကို ဝေဖန်ပိုင်းစစ် ရွေးချယ်လာသည်။

အကြမ်းနည်း၏ အရှုံးများခြင်းအဖြစ်ကို လည်းကောင်း၊ လတ်တလောသာ တည်မြဲ သော အကျိုးမျိုးသာ ရရှိနိုင်ခြင်းသဘောကို လည်းကောင်း၊ ရန်မအေးသော သဘာဝကို လည်းကောင်း သိမြင်လာသည်။ ထာဝရတည်မြဲသော အကျိုးကို လည်းကောင်း၊ အနာဂတ်၏ ပြေပြစ်ခြင်းကို လည်းကောင်း ပေးတတ်သော အနုနည်း၏သဘောကို နားလည်လာသည်၊ လက်ခံလာသည်။ ဤ အကျိုး၊ အပြစ် မြင်သိခြင်း အတွေ့အကြုံပေါ် မှီ၍ ငြိမ်းချမ်းစွာ ပြဿနာ ဖြေရှင်းနည်းကို နားလည် လက်ခံလာသော “အကျင့်” ကိုပင် ယေဘုယျအားဖြင့် “လူ့သဘာဝ” ဟု မည်သည့် “မွေးရာပါဗီဇသတ္တိ” သဘောမျိုးကိုမျှ မရည်ညွှန်းဘဲ ခေါ်ဆိုလာသည်။ 

တနည်းအားဖြင့် အကျိုး၊ အပြစ် ဆင်ခြင်၍ ပြဿနာဖြေရှင်းခြင်းကိုပင် အသိဉာဏ်ယှဉ်သော” အပြုအမူဟု ခေါ်ဆိုလာသည်။ အဆင်ခြင်ကင်းသော “အသိဉာဏ်မဲ့”အပြုအမူနှင့် ခွဲခြားပြဆိုလာသည်။ တစ တစဖြင့် လူသည် မိမိအကျိုးအတွက် မိမိ ကြိုက်နှစ်သက် သကဲ့သို့ ပြုမူ ဆောင်ရွက်ခြင်း၏ အမြတ်ကို မြင်သိလာသည်။ လူတဦးနှင့် 

တဦးချင်း ပြဿနာ ဖြေရှင်းရာတွင် အင်အားထက် လူ့လောကစည်းမျဉ်းနှင့် တရားဥပဒေကို ပိုမို အသုံးချလာသည်။ ဤသို့ သဘောရှိသော လူ့သဘာဝ” (ဝါ) အသိဉာဏ်ယှဉ်သော အပြုအမူမျိုးမှ လွဲချွတ်သော အသိဉာဏ်မဲ့သော အပြုအမူမှန်သမျှကို “ရူးသွပ်ခြင်း”ဟု လည်းကောင်း၊ “ရာဇဝတ်မှု” ဟု လည်းကောင်း “လူတန်းလွဲခြင်း” အဖြစ် အမျိုးအစား ခွဲခြားဆိုစမှတ် ပြုကြသည်။ စစ်ဟူသည်ကား လူဖန်တီးသော ပြဿနာဖြေရှင်းနည်းတရပ်သာ ဖြစ်ပေသည်။ သို့ရာတွင် အရိုင်းဆုံး၊ အညံ့ဆုံး၊ အဓိပ္ပာယ် အကင်းမဲ့ဆုံး၊ ခေတ်မမီဆုံးသော ပြဿနာ ဖြေရှင်းနည်းတရပ်သာတည်း။ စစ်သည် ရာဇဝတ်မှုဖြစ်၍ ရူးသွပ်ခြင်းလည်း ဖြစ်ပေသေးသည်တကား။

(၄)

ကမ္ဘာ့စိတ္တဇရောဂါ

ယခုအခါ “ဘုံသုဉ်းကိန်း” ဘေးအန္တရာယ်ကို ညွှန်ပြ၍ စစ်တားဆီးရေးကို အော်ဖော် ရလာသော ဆာဝင်စတန်ချာချီသည် တခါက စစ်ကို “ဘဝမဟာ”ဟု ကင်ပွန်းတပ်ခဲ့ဖူးသည်။ သို့ရာတွင် စိတ်ပညာရှင်တို့၏ အမြင်တွင် စစ် ဟူသည်မှာ ရူးသွပ်ခြင်းမျှသာ ဖြစ်ပါ၏။ အဆိုးဝါးဆုံး၊ ကြောက်မက်ဖွယ် အကောင်းဆုံး၊ နှလုံးပျက်ဖွယ် အကောင်းဆုံးသော ရူးသွပ်ခြင်းပင် ဖြစ်ပါ၏။

စစ်၏တန်ဖိုးကို စစ်၏ ဖြုန်းတီးမှုကပင် တိုင်းတာပြပါ၏။ စစ်ကြောင့် သွေးချောင်း စီး ပျက်စီးကုန်ရသော အသက်တို့သည် လည်းကောင်း၊ ဆုံးပါးခဲ့ရသော ဓနပစ္စည်းတို့သည် လည်းကောင်း စစ်ကို ရူးသွပ်ခြင်းအဖြစ်မှလွဲ၍ ဘာအဖြစ်နှင့်မျှ မပြပါပေ။

၁၉၃ဝ ပြည့်နှစ် နောက်ပိုင်းဆီ၌ ဖြစ်ပွားခဲ့သော သုံးနှစ်ကြာသည့် စပိန်ပြည်တွင်းစစ်သည် လူကြီး၊ ယောက်ျား၊ မိန်းမ၊ ကလေးများအပါ အဝင် လူ

တသန်းကို သေကျေပျက်စီးစေခဲ့သည်။ တရုတ် - ဂျပန်စစ်၏ ပထမ သုံးနှစ်ပိုင်းအတွင်းတွင်ပင် လူနှစ်သန်းကျော် သေကျေခဲ့သည်။ နိုင်ငံပေါင်းချုပ်အသင်းကြီး၏ စာရင်းအရ ပထမကမ္ဘာစစ်ကြီးကြောင့် လူပေါင်း ဆယ်သန်းခန့် အသေအချာ သေခဲ့၍ နောက်ထပ် သုံးသန်းခန့်လည်း သေသည်ဟု ယူဆခဲ့ရသည်။ လူခြောက်သန်းကျော်မှာ သေလုနီးပါး ဒဏ်ရာရခဲ့၍ ကျန်ဆယ့်လေးသန်းမှာလည်း အတော်ပင် ဒဏ်ရာရခဲ့လေသည်။ ဗာဒန်ဒေသတဝိုက်ရှိ စစ်မျက်နှာတခုတည်းတွင် လူပေါင်း တသန်း သေဆုံးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြောင့် လူပေါင်း သန်းပေါင်းမြောက်မြားစွာ ပထမ ကမ္ဘာစစ်ထက် ပိုမို သေကျေရသည်ကို သိကြရသည်။ အဘယ်မျှ ပိုမို သေကျေသည် ဆိုသည်ကိုမခန့်မှန်းနိုင်လောက်အောင်ပင် ရှိရပေသည်တကား။

စစ်စရိတ် ကုန်ကျငွေကား အဆမတန် များပြားလှချေသည် ဖြစ်၏။ ၁၉၃ဝ နောက်ပိုင်းဆီက မိုးပျံခံတပ် အမျိုးအစား လေယာဉ်ပျံတစီးအတွက် ၁၉၃ဝ နှစ်ဆယ့်ငါးသိန်း ကုန်ကျသည်ကို ထောက်ရှု၍ လည်းကောင်း၊ လက်နက်အင်္ဂါ အပြည့်အစာ စစ်သင်္ဘောတစီး အတွက် ဒေါ်လာသန်းပေါင်း ခြောက်ဆယ် ကုန်ကျသည်ကို ထောက်ရှု၍ လည်းကောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း အဘယ်မျှ ရူးရူးမိုက်မိုက် ဖြုန်းတီးပစ်ခဲ့သည်က ခန့်မှန်းကြည့်နိုင်သည်။ ပထမ ကမ္ဘာစစ်၏ အကုန်အကျကို ဒေါ်လာတရာ့ကိုးဆယ် ဘီလျံမျှ ရှိသည်ဟု အတော်အတန် တိကျစွာ ခန့်မှန်းခဲ့နိုင်သည်။ တဘီလျံလျှင် သန်းပေါင်းတထောင် ရှိသည်။ ဆုံးရှုံးခဲ့သော ပစ္စည်းများ၏ တန်ဖိုး၊ ကုန်ထုတ် ကုန်သွယ်လုပ်ငန်းများကို ထိခိုက် ရပ်တန့်ခဲ့သဖြင့် နစ်နာမှုများ၏ တန်ဖိုး စသည်တို့ကိုပါ ထည့်၍တွက်လျှင် တကယ် ကုန်ကျစရိတ်မှာ ဒေါ်လာပေါင်း ဘီလျံလေးရာမျှ ရှိပေလိမ့်မည်။ ဒုတိယကမ္ဘာစစ်တွင် ၁၉၄ဝ ပြည့်နှစ်အတွင်း ဗြိတိန် တပြည်တည်းသည် “တနေ့” အတွက် စစ်စရိတ်ပေါင်ပေါင်း ခြောက်သန်း သုံးခဲ့ရသည်။ ပစ္စည်းဆုံးရှုံးမှုနှင့် ကုန်ထုတ် ကုန်သွယ်လုပ်ငန်း ထိခိုက်မှုကြောင့် ဆုံးရှုံးမှုစရိတ်များမှာမူ ခန့်မှန်း၍ မဖြစ်နိုင်ခဲ့ပေ။ ၁၉၄၅ ခု မေလ၌ ဥရောပစစ်မျက်နှာ ပြီးဆုံးသွားချိန်အထိ စုစုပေါင်း စစ်စရိတ် ကုန်ကျမှုမှာ ဒေါ်လာပေါင်း တထရီလျံဟု ခန့်မှန်းရသည်။ တထရီလျံတွင် ဘီလျံပေါင်း တထောင် ရှိ၏။ ဤတွင် အရှေ့ဖျား ပစိဖိတ်သမုဒ္ဒရာ အပိုင်း၌ ဆက်လက် တိုက်ခိုက်လျက် ရှိသေးသော စစ်ပွဲတို့၏စရိတ် မပါသေးချေ။

လူမှုကောင်းကျိုးလုပ်ငန်းတို့ မည်မျှ ထိခိုက်ကုန်၍ လူတို့အား မည်မျှ “ကပ်ဆိုက်” စေသည်ကို စစ်ပြီးသောအခါ စစ်ပွဲတွင် ဝင်နွှဲခဲ့သော ဗြိတိန်၊ ပြင်သစ်၊ ဂျပန်နှင့် အခြားကျန် ပြည်များတွင် လည်းကောင်း၊ စစ်ပွဲ၌ မပါသော်လည်း ဗမာပြည်ကဲ့သို့သော “မြေစာပင်” နိုင်ငံအများတွင် လည်းကောင်း ထင်ရှားစွာ တွေ့ရသည်။ ဤမျှ ဖြုန်းတီးခဲ့သော ငွေကြေး ဥစ္စာများအား ပညာရေး သုတေသနလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာမှုလုပ်ငန်းများ၊ လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်းများနှင့် အခြားအလားတူ စီမံကိန်းများအတွက်သာ သုံးခဲ့မည်ဆိုပါက လူ့လောကတွင် ပြောမပြနိုင်အောင်ပင် အကျိုးကျေးဇူး ပွားများလှပေမည်။ ယခုမူ ဤလုပ်ငန်းမျိုးများအတွက် သာမန်သုံးရိုးသုံးစဉ် ရန်ပုံငွေများမှ ဖဲ့၍ စစ်၌ ဖြုန်းတီးခဲ့ပေသည် တကား။ စစ်ပြီးသောအခါ နိုင်ငံတိုင်းလိုပင် ဒေဝါလီ ခံရမတတ်ဖြစ်၍ ကပ်သုံးပါးကို ရင်ဆိုင်ကြရပါ၏။

ဤမျှ အဓိပ္ပာယ်မဲ့သော၊ ဤမျှ ထိခိုက် နစ်နာစေတတ်သော၊ ဤမျှ အကျိုးယုတ်စေတတ်လှသော စစ်ကိုမှ ရူးသွပ်ခြင်းဟု မခေါ်လျှင် အဘယ်အရာကို ရူးသွပ်ခြင်းဟု ခေါ်ဆိုပါမည်နည်း။ ထို့ကြောင့်ပင် စစ်အား မက္ကာလေးက “အင်မတန်မှ သားရဲတိရစ္ဆာန် ဆန်သောအတွေ့အကြုံ” ဟု ရှုတ်ချပြစ်တင်ရေးခဲ့ခြင်း ဖြစ်ပေသတည်း။

(၅)

ကမ္ဘာ့ရန်သူမျိုးလေးပါး

ဤမျှ ယုတ်ညံ့နိမ့်ကျစစ်ကို တိုက်ခိုက်သင့်လောက်အောင် လုံလောက် ပြည့်စုံ ကောင်းမွန်သော ဆင်ခြေအကြောင်းအချက်သည် ဤလောကတွင် မရှိပေ။

“ထာဝရ ငြိမ်းအေး ချမ်းသာရေးကို စစ်ဖြင့် လည်းကောင်း၊ သတ်ဖြတ်တိုက်ခိုက် ခြင်းဖြင့် လည်းကောင်း၊ သွေးထွက်သံယိုမှုဖြင့် လည်းကောင်း အဆုံးသတ်ရယူမည်” ဟူသော ကြွေးကြော်သံထက် ပိုမို ရူးသွပ်သော ကြွေးကြော်သံသည်လည်း မရှိပြီ။ သွေးနှင့်ပျိုးလျှင် သွေးပင်သာ ပေါက်ပေမည်။ အမုန်းနှင့်ရင်းလျှင် အမုန်းပင် အမြတ်ထွက်ပေမည်။ သတ်ခြင်းနှင့်စလျှင် သေခြင်းပင် ဆုံးပေမည်။

ပထမကမ္ဘာစစ်ကြီးကို “စစ်ကိုအဆုံးသတ်စေမည့်စစ်”ဟု ကမ္ဘာသူ ကမ္ဘာသားတို့ မျှော်လင့်တကြီး ယူမှတ်ခဲ့သည်။ ပထမကမ္ဘာစစ်ကြီးကား စစ်ကို အဆုံးသတ်စေသည့် စစ်ကား မဟုတ်၊ ပိုမိုဆိုးဝါး ရက်စက်သော “စစ်ကို မွေးဖွားပေးသည့် မိခင်စစ်” သာတည်း။ ယခု မျက်မှောက်ခေတ်၌ အငြင်းပွားနေကြသော ဝါဒအထွေထွေတို့သည်လည်း စစ်ထတိုက်လောက်အောင် မွန်မြတ် အဖိုးတန်လှသော ဝါဒများ မဟုတ်ကြ။ လူသန်းတရာ၏ အသက်သွေးနှင့် လဲယူလောက်အောင် ထိုက်တန်သော ဝါဒသည် ဤကမ္ဘာမှာ မပေါ်ဖူး၊ ပေါ်လိမ့်မည်လည်း မဟုတ်။

မည်သည့် ဝါဒသည်မျှ သူ့အလိုသူ အဆုံးသတ်မှန်ကန်ပြီးသော ခရီးပန်းတိုင် သစ္စာတရား မဟုတ်ချေ။ ပန်းတိုင်သို့သွားရန် လူခန့်မှန်းထားသောလမ်းမျှသာ ဖြစ်ချေသည်။ ကောင်းနိုး ထင်သော “ဖော်နည်းကား” များမျှသာ ဖြစ်ချေ၏။

လူ၏အမှားကား ကိုယ်ယုံကြည်သည်ကို အမှန်ထင်ခြင်းပေတည်း။ “ယုံကြည်မှု” သည် ယုံကြည်မှုမျှသာ ဖြစ်၍ အမှန်မဟုတ်ချေ။ ထို့ကြောင့်ပင် ကမ္ဘာ့ပညာရှင်တဦးက “ကျွန်ုပ် ယုံကြည်သည်မှာ မယုံကြည်ရန်ပင် ဖြစ်၏” ဟု ရေးသားခဲ့ခြင်း ဖြစ်လေသည်။ ကမ္ဘာ့ထာဝရ ရန်သူများကို မြင်ရန်သည်သာ အရေးကြီးပေသည်။ စိတ်ပညာရှင် တဦးက ဤသို့ ရေးသားခဲ့လေသည်။

“စည်းရုံးညီညာ တကမ္ဘာသို့ ချီတက်ရာလမ်းခရီးရှိ အနှောင့်အယှက် အဖျက်အဆီးတို့မှာ အခြား မဟုတ်၊ လူသား၏ ထာဝရရန်သူကြီးလေးပါးဖြစ်သော ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်း၊ ရောဂါဘယနှင့် ပညာမဲ့ခြင်း မောဟတို့သာတည်း”

မည်သည့်ဝါဒကို လိုက်သည် ဖြစ်စေ၊ ဤ ရန်သူမျိုးလေးပါး ကမ္ဘာမြေပြင်မှ ပျောက်ကွယ်ရေးသည်သာ အဓိကဖြစ်ပေသည်။ မည်သည်ကအစ မည်သည်ကအဆုံးဟု မဆိုဘဲ မည်သည်က အဆိုးဆုံးဟု ဆိုလျှင် ပညာမဲ့ခြင်း မောဟသည်သာ အဆိုးဆုံး ဖြစ်ချေ၏။ ပညာနှင့် ပညာ၏ အသီးအနှံဖြစ်သော အတတ်သည်သာ ဆင်းရဲခြင်းကို လည်းကောင်း၊ ငတ်မွတ်ခြင်းကို လည်းကောင်း၊ ရောဂါဘယကို လည်းကောင်း၊ မောဟကို လည်းကောင်း ဤကမ္ဘာမြေပြင်မှ မောင်းနှင် သုတ်သင်နိုင်ပေသည်။

ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသော စစ်အေးသည် လည်းကောင်း၊ စစ်ပူတို့သည် လည်းကောင်း၊ အခြား အခြားသော တင်းမာမှုတို့သည် လည်းကောင်း အားလုံးသည် ဤ ကမ္ဘာ့ရန်သူကြီးလေးပါး၏ စနက်ကြောင့်သာတည်း။ ဤ ရန်သူကြီးလေးပါးကို ဖယ်ရှားနိုင်သော ယနေ့ ကမ္ဘာ့ခေါင်းဆောင်များသည် အနာဂတ်ကမ္ဘာ၏ တကယ့် “ကယ်တင်ရှင်များ” ဖြစ်လာကြပေမည်။

ယနေ့ ကမ္ဘာ့ခေါင်းဆောင်များသည် ဤ ရန်သူကြီးလေးပါးကို မမြင် မဟုတ်၊ မသိ မဟုတ်၊ သိကြ၏၊ မြင်ကြ၏။ သို့ရာတွင် ၄င်းတို့ကို ဤကမ္ဘာမြေပြင်မှ မည်သည့်နည်းနှင့် ဖယ်ထုတ်မည် ဆိုသည့် နေရာ၌ ကွဲလွဲကြသည်။ “ဖော်နည်းကား” ၌ ခြားနားကြသည်။ “ပန်းတိုင်” အတွက် မဟုတ်၊ “နည်းလမ်း” အတွက် အငြင်းပွားကြသည်။ သို့ဖြင့် ပန်းတိုင်သည် မှုန်မှေး ပျောက်ကွယ်ကာ နည်းလမ်းသည်ပင် ပန်းတိုင် ဖြစ်လာသည်။ ဤတွင် မောဟ၏ အသီးအနှံလည်းဖြစ်သော “ငါစွဲ”သည် ပြင်းပြင်းထန်ထန် တောက်လောင်လာသည်။

ငါပိုင်သည်သာ အမွန်ဖြစ်၍ ငါယုံသည်သာ အမှန်ဖြစ်သည်ဟူသော သဘောသည် ရှေ့တန်းမှ ကြံ့ကြံ့ခံလာသည်။

ဤ ငါစွဲ၏ ခြိမ်းခြောက်နေသော အန္တရာယ်ကိုပင်လျှင် ပါမောက္ခ တွိုင်ဘီးသည် အောက်ပါအတိုင်း ညွှန်ပြခဲ့သည်။

“လူထက်လည်း ရုပ်အင်အားကြီးသော၊ လက်ရှိ လူ၏ ဤကမ္ဘာကို စိုးမိုးခဲ့သော သက်တမ်းထက် အဆများစွာ ပိုရှည်ကြာသည့် စိုးမိုးမှုသက်တမ်းကိုလည်း စိုက်ထူခဲ့သော သတ္တဝါကြီးများစွာပင် သဘာဝ၏ အင်အားများကို မနိုင်နင်းလေ၍ ဤကမ္ဘာမြေပြင်မှ အစတုံး ပျောက်ကွယ်သွားကြခဲ့ရလေပြီ။ အနှစ်ရှစ်သောင်းနှင့် တသိန်းကြားဟုသာ ခန့်မှန်းရသော တိုတောင်းလှသည့် စိုးမိုးမှုကိုသာ စိုက်ထူခဲ့ရသေးသော လူသည် သဘာဝလောက ဥပဒေများ၊ အင်အားများကို နှိမ်နင်းအောင်မြင် ယဉ်ပါးစေနိုင်ရုံမျှနှင့် မာန်မာန မတက်သင့်သေး။ လူသည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ ငါတည်းဟူသော မာနဆင်ရိုင်းကို မနိုင်နင်းသေး၊ မအောင်မြင်သေး၊ မယဉ်ပါးစေရသေး။ ဤ မာနဆင်ရိုင်းသည်ပင် ဤကမ္ဘာမှ လူသား၏ ဇာတ်လမ်းဆုံးခန်းကို ပို့စွမ်းနိုင်သည်။”

တွိုင်ဘီး၏ စကားသည် သွေးထွက်အောင် မှန်လှပေသည် တကား။ အတိတ် ရာဇဝင်နှင့် လည်းကောင်း၊ ပစ္စုပ္ပန်ဖြစ်ရပ်တို့နှင့် လည်းကောင်း ညီညွတ်မှန်ကန်လှစွာတကား။ လူသည် တဦးနှင့်

တဦးကြား ခြားနားသော ပြဿနာကို ဖြေရှင်းရာ၌ “အင်အား သည်သာ အမှန်” ဟူ၍ အကြမ်းနည်းသုံးခြင်းကို စွန့်လွှတ်လျက် “အမှန်သည်သာ အင်အား”ဟု ငြိမ်းချမ်းသောနည်းကို လက်ခံကာ “ဥပဒေနိုင်ငံ” တည်ဆောက်လာနိုင်သည်အထိ တိုးတက်လာခဲ့သည်။ ကမ္ဘာ့ရေးရာများ ဖြေရှင်းရာ၌မူ အဘယ်ကြောင့် ဥပဒေနှင့် ပညာ၏ ဦးဆောင်မှုကို ထိထိရောက်ရောက် မလိုက်နာကြသေးပါ သနည်း။ အရှုံး အမြတ်ကို မြင်သိနားလည်၍၊ ဤ မြင်သိနားလည်ခြင်း အတွေ့အကြုံကို မှီ၍ တိုးတက်ပြောင်းလဲနိုင်သော လူသည် အဘယ်ကြောင့် ဤကမ္ဘာမြေဝယ် သာယာစိုပြည်သော ဥပဒေနှင့် ပညာနိုင်ငံကို အဆုံး မတည်ဆောက်ကြသေးပါသနည်း။  

တချိန်တွင် ဤသို့ သဘောရှိသော နိုင်ငံတော်သည် ပေါ်ပေါက်ချိမ့်မည်။ ထိုအချိန်သို့ မရောက်မချင်း လူသားနှင့်စစ်၊ စစ်နှင့်လူသားသည် ခွဲခြား ကင်းကွာနိုင်မည်မဟုတ်သေးချေတကား။

(၆)

လင်းရောင်ခြည်ဦး

စစ် ဟူသည်မှာ မောဟ လကွယ်ည၏ မှောင်မိုက်ခြင်းဖြစ်၍ ငြိမ်းချမ်းရေးသည် ပညာ နံနက်ခင်း၏ လင်းရောင်ခြည်သစ် ဖြစ်ပေသည်။ ဤကမ္ဘာမြေဝယ် ပညာနံနက် မိုးသောက်မလင်းမီ အမှောင်ထုသည် မင်းမူပေဦး မည်။ သို့တစေ မင်္ဂလာရှိသော နံနက်ခင်း၏ လင်းရောင်ခြည်ဦးတို့သည်မူ ထိုးပြူထွက်စ ပြုပေပြီ။ ပညာ့နိုင်ငံတော် ရောမမြို့ကို 

တနေ့ချင်းနှင့် ပြီးအောင်မူ မဆောက်နိုင်ချေ။ ပညာနိုင်ငံတော်တည်၍ ဥပဒေ ဥကင်ကနက် ပိုင်ပိုင် မဖြန့်ကြက်နိုင်သေးမီ အောက်ပါ လက်တွေ့ဆန်သော အချက်များကို လက်ခံကျင့်သုံးခြင်းဖြင့် လူသားသည် စစ်ကို ဟန့်တားနိုင်သည်။

(၁) ကွဲပြားခြားနားခြင်းကို အသိအမှတ်ပြု၍ ကွဲပြားခြားနားခြင်းကို သည်းခံ နိုင်ရမည်။ ဤသဘောကိုပင် ဒီမိုကရေစီဟု ခေါ်ဆိုပေသည်။

(၂) လူတဦးချင်းအနေနှင့် အခြားတဦးကို မထိခိုက် မနစ်နာစေသရွေ့ လွတ်လပ်စွာ ပြောဆိုရေးသား ဖော်ပြနိုင်ခွင့်၊ လွတ်လပ်စွာ စည်းရုံးပေါင်းသင်းနိုင်ခွင့်တို့ ရှိရပေမည်။ ဤသဘောကား အခြေခံ လွတ်လပ်ခွင့်ပေတည်း။

(၃) လူအုပ်စုတစုက အခြားအုပ်စု တစုအား စီးပွားရေးအရ လည်းကောင်း၊ စစ်ရေးအရ လည်းကောင်း၊ နိုင်ငံရေးအရ လည်းကောင်း၊ 

ဝါဒရေးအရ လည်းကောင်း၊ လူမှုရေးအရ လည်းကောင်း တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်သောနည်းနှင့် ဖြစ်စေ မဖိနှိပ်၊ မချုပ်ချယ်၊ မခြိမ်းခြောက် မကျူးကျော်ရ။ တနည်းဆိုသော် နယ်ချဲ့စနစ် မူဟောင်းနှင့် မူသစ် နှစ်မျိုးလုံးအား တားမြစ်ဖယ်ရှားရမည်။

(၄) လူကို လူမှုစက်ယန္တရား၏ အသက်မဲ့သော ဝက်အူတချောင်း၊ ခွေးသွားစိပ် တစိပ် အဖြစ် 

မယူဆဘဲ လူနှင့်ထိုက်တန်သော ရိုသေမှု၊ လေးစားမှု၊ ချစ်ခင်မှု၊ ကာကွယ်မှုတို့ကို ပေးရမည်။

(၅) လူ၏ ကံကြမ္မာကို ဖန်တီးရာ၌ လူတယောက်၊ လူတစု၊ အဖွဲ့အစည်းတစု၏ လက်ထဲ၌သာ အာဏာတန်ခိုးသည် မတည်ရှိရပေ။ တနည်းဆိုသော် အတိုက်အခံ အပြိုင်အဆိုင် ငြင်းဆိုနိုင်ခွင့်ရှိသော ပါလီမန် အုပ်ချုပ်ရေးသည်သာ ရှိရမည်။ 

(၆) တိုးတက်၍ အားကြီးသော နိုင်ငံတို့သည် 

မတိုးတက်သေး၍ အားငယ်သော နိုင်ငံတို့အား 

အထူးအခွင့်အရေးနှင့် အကူအညီကို ပေးရမည်။

(၇) ငြိမ်းချမ်းရေး ကြိုးပမ်းရာ၌ ဆန့်ကျင်ဘက် 

မအပ်စပ်သော စွပ်စွဲမှုများ၊ အပြန်အလှန် စွပ်စွဲမှုများ၊ မယုံသင်္ကာမှုများ၊ စော်ကား ခြိမ်းခြောက်မှုများ၊ အရွဲ့တိုက်မှုများကို ရှောင်ကြဉ်ရမည်။

(၈) အမှားကို ဝန်ခံရဲ၍ အမှားကို ဝန်ခံသူအား ခွင့်လွှတ် လေးစားနိုင်ရမည်။ ဤသည်တို့ကား ကမ္ဘာ့ငြိမ်းချမ်းရေး၊ လူသားနှင့်စစ် ကင်းဝေးရေးတို့အတွက် တည်ဆောက်ကျင့်ကြံအပ်သော ရှစ်ပါးသော သီလတည်း။

ဤသဘောတို့ကား အသစ်အဆန်း မဟုတ်။ ကုလသမဂ္ဂ ပဋိညာဉ် စာချုပ်ကြီး၌ အချို့မှာ ပါပြီး ဖြစ်ချေသည်။

စင်စစ် ကုလသမဂ္ဂကြီးသည် လူသား၏ မျှော်လင့်အားထားဖွယ်ပင် ဖြစ်ပေ၏။ ကုလသမဂ္ဂကြီးသည် လူ့သမိုင်းတလျှောက်၌ နှိုင်းဘက်တုမဲ့သော လူသား၏ အောင်မြင်မှုကြီးပင် ဖြစ်ပေသည်။ အနာဂတ်ကာလ၏ ပညာနှင့် ဥပဒေနိုင်ငံတော်၏ ရှေ့ပြေးစံနမူနာပင် ဖြစ်ပေသည်။

ကုလသမဂ္ဂ၌ ချွတ်ယွင်းမှုများ ရှိပေသည်။ ညံ့ဖျင်းမှုများလည်း ရှိသည်။ သို့ရာတွင် ကုလသမဂ္ဂ၏ အောင်မြင်မှုများ၊ စွမ်းဆောင်မှုများလည်း များစွာပင် ရှိပေသည်။ အနှစ် ရာပေါင်းချီ၍ ပြုစုပျိုးထောင် ပြင်ဆင်လာသော ဗြိတိသျှပါလီမန် စနစ်၌ ပင် အပြစ်အနာအဆာ လုံးဝ မကင်းမဲ့သေး။ ဆယ်နှစ်ကျော်ကျော်သာ သက်တမ်းရှိသေးသော ကုလသမဂ္ဂသည် ဘယ်နည်းနှင့်မျှ စင်းလုံးချော မဖြစ်နိုင်သေး။ စင်းလုံးချောဖြစ်ရန် စွမ်းဆောင်ရေးမှာ လူသားတိုင်း၏တာဝန်ပင် ဖြစ်သတည်း။

(၇)

မန်းတောင်ရိပ်မှ မိုးသောက်ကြယ်

မန္တလေးမြို့ တည်ပြီးသည်မှ အနှစ်တရာ့သုံးနှစ် အကြာ၊ မြန်မာပြည်အား ကိုလိုနီ နယ်ချဲ့စစ် အပြီးတိုင် ဝါးမျိုပြီးသည်မှ ခုနစ်ဆယ့်သုံးနှစ်အလွန်၊ မြန်မာ့လွတ်လပ်ရေး ရပြီးသည်မှ ဆယ်နှစ် အကွာတွင် သီးသန့်ခြားနား ထွန်းပြောင်လာတော့မည့် မန္တလေးတက္ကသိုလ်ကား ဗမာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သုတိသြဘာ မင်္ဂလာအဖြာဖြာ ပြည့်ဝလှပါဘိတော့သည်။

ဤအချက်တို့ထက် ၁၉၄၈-၄၉ ပညာနှစ်အပိုင်းတွင် ဗမာပြည် မှောင်ကြီးကျ၍ ပညာ၏ ပြယုဂ်ဖြစ်သော တက္ကသိုလ်ကျောင်းတို့ ပိတ်ကွယ်ဆိတ်သုဉ်းရသည်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ကာ ၁၉၅၈ - ၅၉ ပညာနှစ်ပိုင်းတွင် သီးခြား ထွန်းပြောင်လာတော့မည့် မန်းတက္ကသိုလ်ကား ငြိမ်းချမ်းရေးအတွက် အဓိပ္ပာယ်သက်ဝင် လေးနက်လှသော အတိတ်ကောင်း နိမိတ်မြတ်ပင် ဖြစ်ပေသတည်း။

မန်းတက္ကသိုလ်သည် ပညာနှင့် ငြိမ်းချမ်းရေး၏ မိုးသောက်ကြယ်ပင် ဖြစ်ပေ၏

တခါက ဖက်ဆစ်ရန်ကို ဖယ်ရှားခဲ့သော ကမ္ဘာ့သူရဲကောင်းတဦးဖြစ်၍ ယခုမူ အုပ်စုကြီးတစု၏ ခေါင်းဆောင်ဖြစ်နေရသော သမ္မတ အိုင်ဆင်ဟောင်ဝါ သည် တကြိမ်တွင်မူ ကိုလံဘီယာတက္ကသိုလ်၏ အဓိပတိဘဝ ပညာရှင်တဦးအနေနှင့် တက္ကသိုလ်ကျောင်းသားတို့အား အဖိုးမဖြတ်နိုင်သော ညွှန်ကြားချက် သြဝါဒတခုကို မြွက်ဟခဲ့သည်။

“သင်တို့၏ တာဝန်ကား ကျွန်ုပ်တို့ ပျောက်သွားဖို့ပင်တည်း”

သူ ဆိုလိုသည်ကား တက္ကသိုလ်ကျောင်းသားတို့၏ တာဝန်မှာ သူကဲ့သို့သော စစ်သားများ မရှိစေရန် ဖြစ်၏။ တနည်းဆိုသော် ပညာ၏ ရည်ရွယ်ချက်ကား ဤကမ္ဘာမြေမှ စစ် ဟူသည်ကို အပြီးတိုင် သုတ်သင်ဖယ်ရှားရေးပင် ဖြစ်ပေသည် ဟူ၏။

စစ်နှင့်လူသား၊ လူသားနှင့်စစ်တို့၏ ထာဝရကင်းကွာရေးအတွက် ထက်မြက်သော လက်နက်ဖြစ်အပ်သည့် ပညာ၏ ဗိမာန်တနန်းသည် မန်းတောင်ရိပ် မြကျွန်းသာတွင် တင့်ရွှန်းဖြာဖြာ ရောင်ဝါ မြူးကွန့်အံ့ချိမ့်မည်။ လင်းအရုဏ်ဦးဝယ် မိုးသောက်ကြယ်ထူးသည် ပွင့်ဖူးရောင်ဝေ တင့်လျှံကြည်ဝင်း တော့မည် တကား။

     တက္ကသိုလ်ဘုန်းနိုင်

       ၁-၉-၅၇

(ရည်ညွှန်းချက် ။ ။ ဤစာစုဖြင့် မီးရှူးတန်ဆောင် ထွန်းပြောင်တော့မည့် မန္တလေးတက္ကသိုလ်အား ဦးညွှတ်ကြိုဆိုပါ၏။)