ပီတိ
-----
ယနေ့ ကိုလင်းတစ်ယောက်လစာထုတ်လာသည့်နေ့ဖြစ်သည်။ သူ့ဘဝအတွက် ပထမဆုံးလစာလေးလည်း ဖြစ်သည်။
လစာထည့်ထားသည့် စာအိတ်အညိုလေးကို သူကဖွင့်ကြည့်လိုက် ပြန်ထည့်လိုက်နှင့် ပီတိအကြိမ်ကြိမ် ဖြစ်နေ သည်။
သူက ဘတ်စ်ကားစီးရန် ကားဂိတ်ကိုရောက်လာသည်။ အလုပ်ပြန်ချိန်ဖြစ်သဖြင့် လူတွေကများသည်။
“အို ကားမစီးတော့ပါဘူး … တော်ကြာ”
သူကဆုံးဖြတ်ချက်နှင့် လမ်းလျှောက်လိုက်သည်။ သူ့အလုပ်ရုံမှ အိမ်ပြန်ရောက်ရန် ၁ နာရီလောက်တော့ လမ်းလျှောက်ရမည်။
သူကားမစီးချင်ရခြင်းမှာ အကြောင်းရှိသည်။ ခါးပိုက်အနှိုက်ခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ယခု ကာလ ဘတ်စ်ကားပေါ်တွင် ခါးပိုက်နှိုက်တွေ သောင်းကျန်းလွန်းနေသည်။
“ဟေ့ ကိုလင်း ဘယ်လဲ”
သူ့သူငယ်ချင်း ဖိုးချစ်က သူ့နောက်ကိုပြေးလိုက်လာပြီး ပခုံးဖက်လိုက်ကာ မေးလိုက်ခြင်း ဖြစ်သည်။
“အိမ်ပြန်မလို့လေ”
“ကားဂိတ်က ဟိုမှာလေ”
“ကားမစီးတော့ဘူးကွ … လမ်းလျှောက်ပြန်မလို့”
“အဝေးကြီးကို”
“ဒီနေ့မှ ငါ့လစာ ပထမဆုံးရလာတာလေ။ ခါးပိုက်နှိုက်ခံရမှာ ကြောက်လို့”
“ဒါဆို ငါလည်း မင်းနဲ့အဖော်လိုက်ခဲ့မယ်”
“ကောင်းတာပေါ့ကွ”
သူငယ်ချင်းနှစ်ယောက် စကားတပြောပြောနှင့် သူတို့ရပ်ကွက်ကို ရောက်မှန်းမသိ ရောက်လာကြသည်။ လမ်းထိပ်အရောက်တွင် သူ့သူငယ်ချင်းက
“ကိုလင်း မင်းလစာထုတ်လာတယ်မဟုတ်လား … လာ ဘီယာဆိုင်သွားကြရအောင်။ ငါ့ကို ဘီယာတိုက်”
“မလုပ်ပါနဲ့ကွာ ပထမဆုံးလစာလေးကို အဖေ့လက်ထဲအပြည့်အဝထည့်ပေးချင်လို့ပါ”
“မင်းကတော့ တကယ့် သားလိမ္မာလေးပါလား”
ကိုလင်းက အိမ်ပေါ်ကို အပြေးလေးတက်လိုက်သည်။ သူ့အမေရှိရာ မီးဖိုချောင်ထဲကို ပြေးဝင်လိုက်ပြီး
“အမေ … အမေ … “ ဟု အော်လိုက်သည်။
သူ့အမေက ရေချိုးခန်းထဲက ထွက်လာပြီး
“ရှူး တိုးတိုး သားအဖေ အိပ်နေတယ်”
“နေမကောင်းဘူးလား အမေ”
“နေကောင်းတယ် … စောစောကပဲ ထမင်းစားပြီးလို့ ခဏလှဲဦးမယ်ဆိုပြီး အိပ်ခန်းထဲဝင်သွားတာ။ သား လစာ ရခဲ့ပြီလား”
“ရခဲ့ပြီအမေ … သုံးသိန်းကြီးများတောင်ဗျ”
“ဟုတ်လား”
“ဟုတ်တယ် … အမေ ရော့ဒီမှာ”
သူက အိတ်ထဲက စာအိတ်ကိုထုတ်ပြီး သူ့အမေကိုပေးလိုက်သည်။
“မင်း အဖေကိုပေးပါ”
“အမေပဲ ပေးလိုက်ပါ”
“သားကိုယ်တိုင်ပေးလိုက်ပါ အဖေကြီး ဘယ်လောက်ဝမ်းသာနေလိုက်မလဲ”
“ဟင့်အင်း အမေပေးလိုက်ပါ”
“ဘာဖြစ်လို့ သားကိုယ်တိုင် မပေးချင်ရတာလဲကွယ်”
“အမေ … သားဒီအလုပ်ရဖို့ အဖေက ပညာတွေ သင်ပေးခဲ့တယ်။ ပြီးတော့ အလုပ်ဝင်နိုင်အောင်လည်း ပိုက်ဆံတွေ အများကြီး ကုန်ခဲ့တယ်။ အဖေဆီကပဲ သားက လက်ဖြန့်တောင်းနေကျလေ”
“အဲဒီတော့ ဘာဖြစ်သလဲကွယ်။ မိဘပဲဟာ”
“သားက လက်ဖြန့်တိုင်း အဖေကချည်း ထုတ်ပေးခဲ့ရတာလေ အမေရယ်။ ခု သားကပြန်ပြီး ရှာနိုင်တဲ့အချိန်မှာ အဖေ့ကို ပိုက်ဆံပေးရင် အဖေက လက်ဖြန့်တဲ့သူ ဖြစ်သွားမှာပေါ့။ အဖေ့ကို သားဆီကနေ လက်ဖြန့်ယူတဲ့ အဖြစ်ကို မမြင်ချင်ဘူးအမေရယ်”
ထိုအချိန်တွင် သူ့နောက်က ဖက်လိုက်သဖြင့် သူလန့်ပြီး နောက်ကိုလှည့်ကြည့်လိုက်သည်။
ဘယ်အချိန်ကရောက်နေမှန်း မသိသော သူ့အဖေက သူ့သားကို ဖက်လိုက်ရင်း
“သားရယ်” ဟု တစ်ခွန်းသာ ပြောနိုင်သည်။
သူ့အမေက သူတို့သားအဖကိုကြည့်ပြီး မျက်ရည်တွေ သုတ်နေသည်။
တင်ညွန့်
၅.၁၀.၂၀၂၅