အောင်မြတ်သာနှင့်ဝင်္ကဘာဇရပ်
နေပူကျဲကျဲကြီးထဲမှာ နှစ်ထပ်သင်္ကန်းကို ပခုံးပေါ်တင်ပြီး လမ်းလျောက်လာနေတဲ့ ကိုယ်တော်နှစ်ပါးကို လမ်းဘေးမှာဈေးရောင်းနေကြတဲ့ ဈေးသည်တွေသတိထားမိခဲ့ကြတယ်။
အပူဒဏ်ကိုနေ့စဉ်ရင်းနှီးကျွမ်းဝင်နေတဲ့ ဈေးသည်တွေတောင် ယပ်တောင်တစ်ဖျတ်ဖတတ်ခတ်နေကြတဲ့အချိန် ထူထဲတဲ့သင်္ကန်းကို သေသပ်စွာခြုံထားပြီး လမ်းလျောက်လာနေတဲ့ကိုယ်တော်နှစ်ပါးကတော့ ချွေးတောင်မစို့နေခဲ့ဘူး။
" အရှင်ဘုရားတို့ရပ်တော်မူပါဦး"
လမ်းဘေးမှာ ထမ်းဆိုင်းလေးချပြီး ကောက်ညှင်းကျည်တောက်ရောင်းနေတဲ့ ဈေးသည်မလေးရဲ့အသံကြောင့် လမ်းလျောက်လာနေတဲ့ ကိုယ်တော်နှစ်ပါးက ရုတ်တရက်ရပ်တန့်လိုက်တယ်။
" အရှင်ဘုရားတို့ ဆွမ်းကိစ္စပြီးစီးကြပီလားဘုရား"
ဈေးသည်မလေးစကားကြောင့် ကိုယ်တော်နှစ်ပါးက
" မပြီးစီးသေးပါဒကာမလေး "
" ဒါဖြင့် မွန်းလဲတည့်တော့မယ် ဆွမ်းကိစ္စကို တပည့်တော်မတို့ ဈေးသည်တွေစီစဉ်ပေးပါ့မယ် အရှင်ဘုရားတို့ အရိပ်ရတဲ့အပင်အောက်မှာ ခေတ္တသီတင်းသုံးတော်မူပါဘုရား"
ဈေးသည်မလေးရဲ့ဒါနကို ကိုယ်တော်နှစ်ပါးက ဆိတ်ဆိတ်နေခြင်းနဲ့လက်ခံခဲ့ကြတယ်။ ခဏအကြာမှာတော့ မလှမ်းမကမ်းမှာရှိတဲ့ လမ်းဘေးဈေးတန်းကနေ အိုးခွက်သံတွေ၊ စကားပြောသံတွေဆူညံစွာထွက်လာခဲ့တယ်။
" အရှင်ဘုရားတို့ ဆွမ်းဘုန်းပေးတော်မူပါ တပည့်တော်မတို့ရဲ့ဆွမ်းအလှူက ဖွယ်ဖွယ်ရာရာမရှိတာကို သည်းခံဘုန်းပေးတော်မူပါဘုရား"
" ဒီလောက်ဆိုပြည့်စုံပါတယ်ဒကာတို့ လှူဒါန်းခြင်းဆိုတဲ့စိတ်မှာ ခမ်းနားဝင့်ဝါမှုတွေကိုထည့်မတွက်ရဘူး အချို့တွေကျ ငါတို့အလှူက အရမ်းသေးငယ်နေလို့ ကြီးမားအောင်ကြိုးစားပြီးလှူမယ်ဆိုတဲ့အတွေးတွေရှိတတ်ကြတယ် ဒါဟာလုံးဝမှားယွင်းနေတဲ့အရာတွေပဲ လှူချင်တန်းချင်စိတ်ရှိရင် ဒါနအသေးအမွှားလေးကအစ အဖိုးတန်ပါတယ် "
ကိုယ်တော်နှစ်ပါးရဲ့ဩဝါဒစကားကြောင့် ဆွမ်းကပ်လှူကြတဲ့ ဈေးသည်တွေရဲ့မျက်နှာမှာ ညိုးငယ်မှုတွေပပျောက်သွားပြီး ပျော်ရွှင်ဝမ်းသာမှုတွေအတိုင်းသားပေါ်လာခဲ့တယ်။
ကိုယ်တော်နှစ်ပါးလဲ ဆွမ်းကိစ္စကို အတန်သင့်ရုံသာဘုန်းပေးပြီးပိုလျှံနေတဲ့ဆွမ်းတွေကို ဈေးသည်တွေဆီပြန်စွန့်ခဲ့ကြတယ်။
" အရှင်ဘုရားတို့က ဘယ်ကိုများကြွမလို့ပါလဲဘုရား "
" ဝင်္ကဘာဇရပ်ကိုဒကာတို့ကြားဖူးကြရဲ့လား ဥူးဇင်းတို့ကအဲဒီဇရပ်ကိုကြွမလို့ကွဲ့"
ကိုယ်တော်နှစ်ပါးရဲ့စကားကြောင့် ဈေးသည်တွေခေါင်းချင်းဆိုင်တီးတိုးပြောလိုက်ကြပြီး
" ဝင်္ကဘာဇရပ်ကိုတော့မကြားဖူးဖူးဘုရား ဒီအနီးတစ်ဝိုက်မှာတော့ ဇရပ်ကျောင်းကန်တွေများပါတယ်ဘုရား "
ဈေးသည်တွေရဲ့စကားကြောင့် ကိုယ်တော်နှစ်ပါး ခေါင်းတစ်ဆတ်ဆတ်ညိမ့်လိုက်ပြီး
" အခုလိုဆွမ်းကိစ္စပြီးစီးအောင် စီစဉ်ပေးကြတာကို ဥူးဇင်းတို့အသိအမှတ်ပြုပါတယ် စီးပွားဥစ္စာတွေလဲဒီရေအလားတိုးတက်ကြပါစေ ဒါနဲ့ ဒီမှာရှိတဲ့သူတွေက ဘယ်အရပ်ဒေသမှာနေကြတာလဲ"
" တပည့်တော်မတို့က နေရာအတည်တကျရယ်လို့မရှိပါဘူးဘုရား လမ်းမှာပဲလှည့်သွားလာ နေထိုင်ကြပါတယ်ဘုရား"
" အိမ်း ကုသိုလ်မျိုးစေ့ကိုအခုလို ချခဲ့တဲ့အတွက် မကြာခင်အပင်ပေါက်လာပါလိမ့်မယ် ဥူးဇင်းတို့လဲ ခရီးဆက်ရမှာမို့ သွားလိုက်ပါဦးမယ်"
ကိုယ်တော်နှစ်ပါးက ဈေးသည်တွေကို ဆုမွန်ကောင်းတောင်းပေးပြီး ခရီးဆက်ဖို့သင်္ကန်းပြင်ဝတ်လိုက်တဲ့အချိန် မလှမ်းမကမ်းက ကုက္ကိုပင်အောက်မှာအိပ်နေတဲ့လူတစ်ယောက်ကထလာပြီး
" ကိုယ်တော်တို့ပြောတဲ့ ဝင်္ကပါဇရပ်ကို ကျုပ်သိတယ် ကျုပ်လိုက်ပို့ပေးရမလား" လို့ပြောလိုက်တော့ ဈေးသည်တွေက
" ဦးနဂါး ပေါက်ကရတွေ လျောက်ပြောမနေနဲ့ အရှင်ဘုရားစိတ်ထဲမထားပါနဲ့ ဒီလူကြီးက စိတ်မမှန်ဘူး သူက တပည့်တော်တို့သွားတဲ့နောက်ကို တကောက်ကောက်လိုက်နေတာ ဒီကဈေးသည်တွေကလဲ သနားတာနဲ့ ဘာမှမပြောပဲ လွှတ်ထားတာပါ"
" ဟဲ့ မိလုံးစိန် ငါကိုအရူးလို့ပြောနေတာလား ငါမရူးဘူးနော် နင်တို့ကဘာသိလို့လဲ ဝင်္ကဘာဇရပ်ဆိုတာ အရင်ကခေါ်ခဲ့တာ အခုက ဦးကျင်စွမ်ဇရပ်လို့ခေါ်တယ် ဘာလို့ဝင်္ကဘာဇရပ်လို့ခေါ်လဲရောပြောပြရဦးမလား"
ရေမချိုးမသန့်စင်ပဲနှစ်ပေါင်းများစွာရှိနေတဲ့ ဆံပင်တွေကိုလက်နဲ့ထိုးဖွပြီး ထလာတဲ့ လူကိုကြည့်ပြီး ကိုယ်တော်နှစ်ပါးက
" ပြောပါဒကာကြီး ဥူးဇင်းတို့ နားထောင်ပေးပါ့မယ်"
" ကိုယ်တော်နှစ်ပါးကစိတ်ကောင်းတယ် နင်တို့လိုစိတ်မပုတ်ဘူး ဟဲဟဲ အရင်က အဲဒီဇရပ်နားမှာ တောအုပ်တစ်ခုရှိခဲ့တယ် တောကအရမ်းထူလို့ လမ်းမသိပဲဝင်သွားရင် ပြန်ထွက်မတတ်တော့ဘူး ဒါကြောင့် တောထဲသွားကြမယ့်သူတွေက လမ်းမှတ်မိအောင် ဇရပ်သေးသေးလေးတစ်ခုကိုဆောက်ခဲ့ကြတယ် ဇရပ်ရဲ့ ညာဘက်ကလမ်းကိုသွားရင် တောထဲပြန်ရောက်တယ် ဘယ်ဘက်ကိုသွားရင်တော့ အပြင်ရောက်တယ်ပေါ့ နောက်ပိုင်းနှစ်တွေကြာလာတော့ တောလဲအရင်ကလောက်မနက်တော့ဘူး အခုဆိုလူသွားလမ်းတောင်ဖောက်ပြီးပြီထင်တယ် တစ်နေ့ကျတော့ ဦးကျင်စွမ်ဆိုတဲ့လူကြီးက အဲဒီဇရပ်ကိုအကြီးစားပြုပြင်ခဲ့တယ် အဟဲ သူပြင်ပြီးတဲ့အချိန်ကစလို့ ကျင်စွမ်းဇရပ်ဖြစ်သွားတာပဲ ဟဲ့ ဟိုဈေးသည်တွေ ငါပြောတာတွေကြားတယ်မလား ငါကအကုန်သိပါတယ်လို့ အစထဲကပြောတာ နင်တို့မှမယုံကြတာ"
" ဦးနဂါးက အရင်ကအလိုအတည်တွေပြောတာမှမဟုတ်တာ ပါးစပ်ထဲထွက်ရာလျောက်ပြောနေပြီးတော့ အခုမှ ဆရာကြီးလေသံနဲ့ပြောနေတာ"
" တော်ပြီ တော်ပြီ ငါနင်တို့နဲ့မလိုက်တော့ဘူး ဒီက ကိုယ်တော်တွေနောက်ကိုပဲလိုက်သွားတော့မယ် "
" အမလေး ဦးနဂါးရယ် ကိုယ်တော်နှစ်ပါးကိုတော့ ဒုက္ခလိုက်မပေးပါနဲ့ ဒီမှာပဲနေခဲ့ပါတော်"
" မရဘူး ငါဒီမှာနေခဲ့တာကြာပြီ အခုငါသွားဖို့အချိန်ကျလာပြီ လိမ်လိမ်မာမာနေခဲ့ကြနော် အချင်းချင်းရန်တွေလဲမဖြစ်ကြနဲ့ တစ်နေ့ကျရင် ငါနင်တို့ဆီပြန်လာခဲ့မယ် ကိုယ်တော်တို့သွားကြရအောင်"
ဦးနဂါးက ဥူးဇင်းနှစ်ပါးကို လက်ဟန်နဲ့ပြပြီး အရှေ့ကနေ မြူးတူးပျော်ပါးစွာ ထွက်သွားခဲ့တယ်။ လမ်းတစ်လျောက်လုံး ပါးစပ်ထဲထွက်ရာ ပြောရင်းခရီးဆက်လာခဲ့တာ သုံးနာရီနီးပါးကြာတော့ လူအတော်အတန်ပြတ်တဲ့ နေရာတစ်ခုကိုရောက်လာခဲ့တယ်။
" ကိုယ်တော်တို့ အရင်ကဒီနေရာကိုရောက်ဖူးလား"
" မရောက်ဖူးပါဘူး အခုမှပထမအကြိမမရောက်ဖူးခြင်းပါ"
" ဒါဆို ဝင်္ကဘာဇရပ်ကိုဘယ်လိုသိတာလဲ လိမ်ပြောရင်ငရဲကြီးမှာနော် ဘုန်းကြီးတွေဆိုတာမလိမ်ရဘူး"
" မလိမ်ပါဘူး ဒကာကြီး ဥူးဇင်းတို့ကို ဒီဇရပ်ကိုလာဖို့ ခေါ်တဲ့အတွက်လာရခြင်းဖြစ်ပါတယ် ဒကာကြီးကိုကြည့်ရတာ အသက်အတော်ကြီးနေပြီ ဘယ်လိုကြောင့် အခုလိုဘဝမျိုးရောက်နေတာလဲ"
ကိုယ်တော်နှစ်ပါးစကားကြောင့် ဦးနဂါးခေတ္တငြိမ်သွားပြီး
" ကျုပ်ကိုအရမ်းလှပတဲ့ နတ်သမီးတွေပြုစားလိုက်တာ သူတို့ရဲ့အလှမှာနစ်မြောသွားတဲ့အချိန် ကျုပ်ဒီလိုဖြစ်သွားတာပဲ ဟဲဟဲ ထူးဆန်းတယ်မဟုတ်လား ဒါနဲ့ပြောရဦးမယ် ကျုပ်ကမရူးဘူးနော် အကုန်သိတယ် ဟဲ့ မြို့ရွှေမန်းသား ဘာတဲ့ ဇာတ်မင်းသားလေး ဖိုးနဂါးလာပြီဟေ့ ပလို့ဂျိ ပလို့ဂျိ" လို့ပြောကာ ကွေးနေအောင်ကပါလေရော။
" ဟင်း ဝဋ်ကြွေးကြီးလိုက်တာ ဒါနဲ့ ဝင်္ကဘာဇရပ်ကိုရောက်ဖို့ဘယ်လောက်ကြာဦးမလဲမသိဘူး"
ကိုယ်တော်နှစ်ပါးတီးတိုးပြောလိုက်တဲ့အသံကြောင့် ကွေးနေအောင်ကနေတဲ့ ဦးနဂါးက ရုတ်တရက် ကတာကိုရပ်လိုက်ပြီး
" ဝင်္ကဘာဇရပ်က အရှေ့နားလေးမှာပဲ ရှိတယ် ကျုပ်ကတဲ့နောက်ကိုလိုက်လာခဲ့ကြ ဟဲ့ ဘာတဲ့ နာမည်ကျော် ဇာတ်မင်းသား ဖိုးနဂါးတဲ့လား "
တစ်ယောက်ထဲပါးစပ်ထဲထွက်ရာပြောပြီး ထွက်သွားတဲ့ ဦးနဂါးနောက်ကို ကိုယ်တော်နှစ်ပါးလိုက်လာခဲ့ကြတယ်။
ထမင်းအိုးတစ်လုံးချက်လောက်ဆက်သွားပြီးတဲ့အခါမှာတော့ အတန်အသင့်ကြီးမားတဲ့ ဇရပ်တစ်ဆောင်ကိုမြင်လိုက်ရတယ်။
ဦးနဂါးက ဇရပ်ကိုတွေ့တော့ ပြေးတက်သွားပြီး
" ဝင်္ကဘာဇရပ်ကိုရောက်ပြီ ဟေ့ ဟေ့ ဒီနေရာက ငါ့ရဲ့အောင်မြေပဲ ငါပြန်ရောက်လာပြီ ငါဝဋ်ကြွေးတွေကုန်တော့မယ် " လို့ပြောကာ ခုန်ပေါက်ပါလေရော။
ကိုယ်တော်နှစ်ပါးလဲ သင့်တော်ရာနေရာမှာ သီတင်းသုံးလိုက်ပြီး ဇရပ်ထဲကိုကြည့်လိုက်တော့ သောက်ရေအိုးစင်အဟောင်းတွေတင်ထားတဲ့စင်အောက်မှာ ခွေခွေလေးအိပ်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
ဦးနဂါးက ဇရပ်ပေါ်မှာ အိပ်နေတဲ့လူကိုမြင်တော့
" အမယ် အမယ် တစ်ဖြဲနှစ်ဖြဲအိပ်နေလိုက်တာ ငါလာတာတောင် ထမကြည့်ဘူး ဟေ့လူ ထစမ်း " ဆိုပြီးအော်ကြီးဟစ်ကျယ်နဲ့ပြောလိုက်တော့ ရေအိုးစင်အောက်မှာ အိပ်နေတဲ့လူက အိပ်မှုန်စုံမွှားနဲ့ထလာပြီး
" နားညီးနေတာပဲ ကျုပ်ဘာသာအေးဆေးအိပ်နေတာ ခင်ဗျားတို့ကိုဘာလုပ်လို့လဲ"
" မရဘူး ဒီနေရာက အရင်ထဲက ငါအိပ်လာတာ မင်းအိပ်ချင်ရင်အခြားနေရာသွားအိပ်"
ဦးနဂါးစကားကြောင့် ဇရပ်ပေါ်မှာအိပ်နေတဲ့လူက မဖြီးမသင်ပဲထားတာကြာပြီဖြစ်တဲ့ ဆံပင်တွေကို လက်နဲ့ထိုးဖွလိုက်ပြီး
" ဒီတိုင်းတော့ဖယ်ပေးလို့ဘယ်ရမလဲ အလောင်းအစားတစ်ခုလုပ်ရမယ် ခင်ဗျားနိုင်ရင် ကျုပ်ဖယ်ပေးမယ် မနိုင်ရင်တော့ ဒီနေရာက ကျုပ်အပိုင်ပဲ"
ဆံပင်စုတ်ဖွားနဲ့လူရဲ့စကားကြောင့် ဦးနဂါးစိတ်တိုသွားပြီး
" ဘာအလောင်းအစားလဲ ပြောဗျာ ကျုပ်ကစိတ်ခေါ်ရင်တိမ်ပေါ်ထိလိုက်တဲ့လူစားနော် ခင်ဗျားကတိတော့တည်ဖို့လိုတယ်"
" ကျုပ်လဲယောင်္ကျားပါ ပြောတဲ့စကားတည်တယ် အလောင်းအစားကဘာလဲဆိုတော့ ဇရပ်ပေါ်ကနေဘယ်မှမသွားပဲနေရမယ် စားချိန်သောက်ချိန်ဆိုတာလဲမရှိရဘူး စေတနာပါလို့ လမ်းသွားလမ်းလာတွေက လာလှူရင်တောင် ငါ့ကိုပေးပါ ကျွေးပါလို့မပြောရဘူး နောက်ဆုံးအချိန် ဗိုက်ဆာတယ်ပြောတဲ့လူကအရှူံး ဘယ်လိုလဲ သဘောတူလား"
" အဟား အရူးကတစ်မူးသာနေသေးတယ် သဘောတူတာမှ ဟိုဘက်ကမ်းတောင်လွန်သေး မစားရလဲ မစားရုံပေါ့ အရှုံးတော့မပေးပါဘူး"
" အဲလိုမျိုးကို ကျုပ်ကသဘောကျတာ စိန်လိုက်လေ ဒါနဲ့ ဟိုကိုယ်တော်နှစ်ပါးကရော ပြိုင်ပွဲမှာပါဦးမလား"
ရေအိုးစင်အောက်မှာ ခြေတစ်ဖက်ချိတ်ပြီး ထိုင်နေတဲ့သူရဲ့စကားကြောင့် ကိုယ်တော်နှစ်ပါးပြုံးလိုက်ပြီး
" သင်တို့အလုပ်ကို ဝင်မရှုပ်ပါဘူး ကိုယ့်ဘာသာပြိုင်ကြပါ "
" ဟဲဟဲ ကိုယ်တော်တို့လဲ ဆွမ်းမစားရမှာကြောက်နေတယ်နဲ့တူတယ် ထားပါ ထားပါ မပြိုင်ချင်တဲ့သူကိုအတင်းမတိုက်တွန်းပါဘူး "
ရေအိုးစင်အောက်ကသူရဲ့စကားအဆုံးမှာ ဦးနဂါးက
" ပြိုင်ပွဲကဘယ်တော့စမှာလဲ "
" အခုကစပြီလေ ဇရပ်ပေါ်ကဘယ်မှမသွားနဲ့တော့ "
ဦးနဂါးနဲ့ ဇရပ်ပေါ်က အရူးရဲ့ပြိုင်ပွဲက ခရီးဆိုက်ရောက်ချင်းမှာပဲစတင်ခဲ့တယ်။ ဇရပ်ပေါ်ကြိုရောက်နှင့်နေတဲ့အရူးက ရေအိုးစင်အောက်မှာ ထိုင်လိုက် ထလိုက် မှောက်အိပ်လိုက်နဲ့ ဦးနဂါးကိုယှဉ်ပြိုင်ခဲ့သလို ဦးနဂါးကလဲ ဇရပ်ပေါ်မှာ လမ်းလျောက်လိုက် အိပ်လိုက်နဲ့ ပြိုင်ပွဲကိုအံတုခဲ့တယ်။
ပြိုင်ပွဲအရှိန်က တစ်ရက်လောက်ကြာတော့ ဦးနဂါး နေမထိထိုင်မထိဖြစ်လာခဲ့တယ်။ ဒါပေမယ့် အရှုံးပေးရမှာကြောက်တာနဲ့ ဆာလောင်မှုဒဏ်ကို သည်းခံနေခဲ့တာ မွန်းမလွဲခင်အချိန်ကိုရောက်လာခဲ့တယ်။
ကိုယ်တော်နှစ်ပါးလဲ ဇရပ်ပေါ်မှာ သီတင်းသုံးရင်း တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေကြသလို ဦးနဂါးနဲ့ ဇရပ်ပေါ်ကအရူးကလဲ တစ်ယောက်နဲ့တစ်ယောက် စောင်းငန်းစောင်းငန်းကြည့်ကာ အကဲခတ်နေကြတယ်။ အဲဒီအချိန်
" ငှက်ပျောသီးအမှည့်တွေပိုလို့ စားချင်တဲ့သူရှိလား" ဆိုတဲ့အသံက ဇရပ်အောက်ကနေပေါ်လာခဲ့တယ်။
ဦးနဂါးကလဲ ငှက်ပျောသီးဆိုတဲ့အသံကြားလို့ ခေါင်းထောင်ကြည့်လိုက်တော့ ရေအိုးစင်အောက်ကအရူးက ဘာမှမကြားသလို ခြေလေးလှုပ်ကာ ငြိမ်သက်နေခဲ့တယ်။
" ဘယ်လို လူလဲမသိဘူး မနေ့ထဲက အခုထိ ရေလဲမသောက် အစားလဲမစားဘူး နေနိုင်လွန်းတယ်" ဆိုပြီးစိတ်ထဲက ရေရွတ်လိုက်တဲ့အချိန်
" ဟိုလူကြီး ဗိုက်ဆာနေပြီးလား ဟဲဟဲ အရှုံးပေးရမှာကြောက်လို့ တင်းခံနေတာလား ယောင်္ကျားပဲ အရှုံးကိုလက်ခံလိုက်စမ်းပါ"
" ဆာတယ်ဆိုတာ ဘာမှန်းတောင်မသိသေးဘူး ဟားဟား မင်းစားချင်ရင်ထယူလိုက်လေ"
အရူးနှစ်ယောက်ရဲ့ မထိခလုပ်ထိခလုပ်ပြောနေတဲ့အသံကြောင့် ဇရပ်အောက်မှာရပ်စောင့်နေတဲ့လူတွေက
" ဟိုအရူးနှစ်ကောင် မင်းတို့ကထယူဖို့တောင် ပျင်းနေကြတာပေါ့လေ ငါတို့ကလဲ မင်းတို့ကို လုံးဝမပေးဘူး ဇရပ်ပေါ်က ကိုယ်တော်နှစ်ပါးအတွက်ပဲ ပေးတော့မယ်" လို့ပြောပြီး ငှက်ပျောသီးနှစ်ဖီးကို လှူသွားခဲ့တယ်။
ကိုယ်တော်နှစ်ပါးလဲ ခရီးသွားတဲ့သူတွေလှူခဲ့တဲ့ ငှက်ပျောသီးနဲ့ နေ့ဆွမ်းဘုန်းပေးခဲ့ကြတယ်။ ဦးနဂါးကတော့ ကိုယ်တော်နှစ်ပါးဘုန်းပေးနေတဲ့ ငှက်ပျောသီးကိုခိုးကြည့်လိုက် တံတွေးမြိုချလိုက်လုပ်နေတာကို ရေအိုးစင်အောက်က အရူးကတွေ့သွားပြီး
" ဟိုလူကြီး မျှော်တော်ယောင်လုပ်မနေနဲ့ ကိုယ်တော်နှစ်ပါးကလဲ ကျုပ်တို့ပြိုင်ပွဲကို မဖျက်ကြနဲ့နော် " လို့ပြောလိုက်တော့ ကိုယ်တော်နှစ်ပါး သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ဘုန်းမကုန်တဲ့ငှက်ပျောသီးတွေကို ဇရပ်အလည်တိုင်မှာမသိမသာလေးချိတ်ထားလိုက်ကြတယ်။
" ဂွီ ဂွီ ဂွီ"
ဗိုက်ထဲမှာရှိတဲ့ ပိုးမျိုးကိုးဆယ်က ဦးနဂါးကို အတိုင်းထက်အလွန်ဒုက္ခပေးနေကြတယ်။ စားကလဲစားချင် ရှုံးမှာလဲကြောက်နေတဲ့ ဦးနဂါးအခြေအနေကိုသိတဲ့ အရူးက
" ဘယ်လိုလဲ အရှုံးပေးတော့မှာလား ကျုပ်ကတော့ အခုထိမဆာသေးဘူးဗျို့ ခင်ဗျားဆာရင်စားလိုက်တော့ အဲလောက်ထိဒုက္ခခံမနေပါနဲ့" လို့ပြောလိုက်တော့ ဦးနဂါးက ဗိုက်ကိုလက်နဲ့မသိမသာဖိပြီး
" စားချင်စိတ်ကိုမရှိတာ ကျုပ်အိပ်ချင်တာပဲသိတယ် " လို့ပြောကာ ခွေခွေလေးအိပ်ချလိုက်တယ်။
ဦးနဂါးအိပ်သွားတော့ ဇရပ်ပေါ်မှာရှိနေတဲ့ကိုယ်တော်နှစ်ပါးက
" ဒီအရူးနှစ်ယောက်က ထူးတော့ထူးတယ် သူတို့ရဲ့ရုပ်သွင်တွေကိုကြည့်လိုက်ပြန်တော့လဲ ဟန်ဆောင်ဖုံးဖိထားတာမတွေ့ရဘူး တကယ့်ကိုရူးနေကြတဲ့ပုံစံပဲမြင်နေရတယ် "
" ဟုတ်တယ် သူတို့နှစ်ယောက်မှာ တပည့်တော်တို့မသိတဲ့အကြောင်းတစ်ခုခုတော့ရှိမယ်ထင်တယ် တပည့်တော်နဲ့ ဥူးဇင်းရဲ့ပညာကလဲ နိမ့်တဲ့အဆင့်ထဲမပါဘူး ဒါပေမယ့် သူတို့ရဲ့မူလအနေအထားကိုခန့်မှန်းမရတာက အဓိကသော့ချက်ပဲ"
ကိုယ်တော်နှစ်ပါးက တစ်ယောက်တစ်ထောင့်စီအိပ်နေကြတဲ့ အရူးနှစ်ယောက်ကိုကြည့်ပြီး ဝေဖန်လိုက်ကြတယ်။
ညမှောင်ချိန်ရောက်လာတော့ အိပ်နေတဲ့ဦးနဂါး လှုပ်လှုပ်ရွရွဖြစ်လာတယ်။ ဦးနဂါး လှုပ်ရှားတာနဲ့တစ်ပြိုက်နက်ထဲ ရေအိုးစင်အောက်မှာအိပ်နေတဲ့ အရူးက ခေါင်းမော့ကြည့်ပြီး
" ဘယ်လိုလဲ ဗိုက်ဆာနေပြီမဟုတ်လား အရှုံးပေးလိုက်ပါတော့ ကိုယ့်လူ ဒီတိုင်းဆက်သွားနေရင် အူပြတ်ပြီးသေလိမ့်မယ် ဟားဟားဟား"လို့ပြောကာ ရယ်ပါလေရော။
ဦးနဂါးကအရှုံးလဲမပေးချင် ဒါပေမယ့်ဗိုက်ထဲကလဲ မခံမရပ်နိုင်အောင်ဆာနေတဲ့အတွက် မာနကိုလျော့ပြီး
" ကျုပ်အရှုံးပေးတယ် ခင်ဗျားကိုလဲမဖယ်ခိုင်းတော့ဘူး တစ်ရက်နဲ့တစ်ညလုံးဘာမှမစားပဲနေနိုင်တဲ့ခင်ဗျားကိုတော့အံ့ဩတယ်"
" အဟက်အဟက် အရှူံးပေးတယ်ဆိုတော့ ဟိုးမှာချိတ်ထားတဲ့ငှက်ပျောသီးကိုစားလို့ရပြီ ဒါပေမယ့် စားပြီးရင်တော့ ရှုံးသွားတဲ့ကတိအတိုင်း ကျုပ်ခိုင်းတာကိုလုပ်ရမယ် "
" အဲဒါနောက်မှပြောဗျာ ကျုပ်ဗိုက်ဆာနေပြီ"
ဦးနဂါးက ဘာမှဆက်မပြောတော့ပဲ တိုင်မှာချိတ်ထားတဲ့ငှက်ပျောသီးကိုဖြုတ်ကာ အားရပါးရစားပါလေရော။ ငါးလုံးခြောက်လုံးလောက်ကုန်တော့ ဆက်မစားတော့ပဲ ကျန်တဲ့ငှက်ပျောသီးတွေကို တိုင်မှာပြန်ချိတ်ထားလိုက်တယ်။
" ငှက်ပျောသီးစားပြီးရင် ရေဆာလိမ့်မယ် ရးကျုပ်ရေဘူးထဲကရေသောက်လိုက်"
ရေအိုးစင်အောက်မှာ အိပ်နေတဲ့လူက ညစ်ပတ်ဟောင်းနွမ်းနေတဲ့ရေအူးကိုထုတ်ပေးလိုက်တယ်။ ဦးနဂါးလဲ ကမ်းပေးတဲ့ရေဘူးကိုယူပြီး တစ်ကျိုက်ထဲမော့ချလိုက်ရာ ဘူးထဲကရေတွေအကုန် ကုန်သွားခဲ့တယ်။
" ဘယ်လိုလဲ ရေကသောက်လို့ကောင်းတယ်မဟုတ်လား"
" ကောင်းပါ့ဗျာ ဒီလိုဘူးအစုတ်ထဲမှာရှိတဲ့ရေက ဘာလို့ဒီလောက်အေးမြနေရတာလဲ"
ဦးနဂါးအမေးကို ရေအိုစင်အောက်ကလူကပြန်မဖြေပဲ ရေဘူးကိုပြန်ယူကာ လွယ်အိတ်ထဲထည့်လိုက်တယ်။
ဦးနဂါးလဲသူမေးတာကို အဖက်မလုပ်တဲ့လူကို ဘုကြည့်ကြည့်ပြီး သူ့နေရာသူပြန်သွားကာ လုံချည်ကိုခြုံကာအိပ်ချလိုက်တယ်။
မနက်အရုဏ်တက်ချိန်ရောက်တော့
" ဦးနဂါး ထ ထ အရုဏ်တက်နေပြီ"ဆိုတဲ့အသံကြောင့် အိပ်ပျော်နေတဲ့ ဦးနဂါး လန့်နိုးလာခဲ့တယ်။
" ဟေ့လူ အခုမှ အစောကြီးရှိသေးတာ ကျုပ်ကိုဘာလို့လာနှိုးနေတာလဲ"
" တယ် ဒီလူကြီးကတော့ အလောင်းအစားလုပ်တာရှူံးရင် ကျုပ်ခိုင်းတဲ့အတိုင်းလုပ်မယ်လို့ ကတိပေးထားတာမေ့နေပြီလား ယောင်္ကျားဆိုတာကတိတည်ရတယ် "
ဦးနဂါးနဲ့ ရေအိုစင်အောက်ကလူ စကားကတောက်ကဆဖြစ်နေတာကို အင်းကွက်တွေရေးဆွဲနေတဲ့ကိုယ်တော်နှစ်ပါးက မသိမသာလှမ်းကြည့်လိုက်တယ်။
" ပြီးရောဗျာ ကျုပ်ထပြီ ဘာလုပ်မလို့လဲ "
" ရော့ ဒီပိုက်ဆံကိုယူပြီး ဈေးထဲသွား ဟိုရောက်ရင် တွေ့သမျှ အရိုးတွေအကုန်သာဝယ်ခဲ့ နေ့လည်ရောက်ရင် အလှူလုပ်ဖို့ရှိတယ် "
" ဟာ အလှူဆိုတာ အသားတွေကျွေးရတာဗျ ဘယ်နှယ့်အရိုးတွေကျွေးမလို့လုပ်နေတာလဲ"
" ဒီမယ် ကျုပ်လုပ်မယ့်အလှူက လူတွေကို ကျွေးဖို့မဟုတ်ဘူး ဒီနားတစ်ဝိုက်က ခွေးလေခွေးလွှင့်တွေကို ကျွေးမလို့ စကားမများပါနဲ့ ဝယ်မှာသာသွားဝယ်စမ်းပါ သယ်မနိုင်ရင် လူငှားလာခဲ့ နောက်ပြီး ဆန်တစ်တင်းအိတ် တစ်အိတ်ပါဝယ်လာခဲ့ဦး ရော့ဒီမှာ ပိုက်ဆံ"
ဦးနဂါးလဲ ကမ်းပေးလာတဲ့ ပိုက်ဆံအထပ်လိုက်ကိုကိုင်ကြည့်ပြီး
" ဟေ့လူ ပိုက်ဆံတွေက အသစ်တွေပါလား ဒီပိုက်ဆံတွေက ရိုးရိုးသားသားရှာလို့ရတာတွေလား မရိုးမသားပဲရှာခဲ့တာတွေလား"
" ကျုပ်က မကောင်းဘူးထင်ရင် ဘာမှကိုမလုပ်တာ ဒီတော့စိတ်ဖြောင့်ဖြောင့်နဲ့ သွားဝယ် နေထန်းတစ်ဖျားမကျော်စေနဲ့နော် "
ဦးနဂါးလဲ လက်ထဲကပိုက်ဆံကို ကိုင်ပြီး ဇရပ်ပေါ်ကနေဆင်းသွားလိုက်တယ်။ နေထန်းတစ်ဖျားလောက်ရောက်တော့ ကူလီသမားလေးယောက်နဲ့အတူ ဦးနဂါးပြန်ရောက်လာတယ်။
" မှာထားတာတွေ အကုန်ပါတယ် အခုဘာဆက်လုပ်ရဦးမှာလဲ"
" ဘာလုပ်ရမလဲ နေ့လည်အမှီချက်ပြုတ်ရမှာပေါ့ ဒါနဲ့ ခင်ဗျားဈေးသွားဝယ်တာ အရင်ကလို ကခုန်ပြီးစိတ်ဖောက်တာတွေများဖြစ်သေးလား"
ရေစင်အောက်ကလူရဲ့စကားကြောင့် ဦးနဂါး အံ့ဩသွားပြီး
" ဟုတ်တယ် ဟုတ်တယ် ကျုပ်အရင်လိုမဖြစ်တော့ဘူး စကားတွေလဲ ထွက်ရာမပြောတော့ဘူး"
" ကဲကဲ ကူလီသမားတွေလဲ မပြန်ကြနဲ့ဦး လိုအပ်တာတွေဝိုင်းလုပ်ပေး နေ့စားခမြိုးမြိုးမြက်မြက်လေးထပ်ပေးမယ် ကုသိုလ်လဲကဝမ်းလဲဝပေါ့ကွာ"
ရေစင်အောက်ကလူရဲ့စကားကြောင့် ကူလီသမားတွေက
" ရပါတယ်ဗျာ ဇရပ်ပေါ်မှာနေပြီး လူတွေကို ကူညီနေတဲ့သူကို ကြားဖူးတာတော့ကြာပြီ အခုမှအပြင်မှာတွေ့ဖူးတော့တယ် ဘာလုပ်ချင်လဲသာပြော ကျုပ်တို့က အချက်အပြုတ်လဲ ရတယ် "
" တယ် ဟန်ကျသကိုး ဒါဖြင့်လဲ ဇရပ်အောက်မှာထည့်ထားတဲ့ ဒန်အိုးအဟောင်းတွေထုတ်ပြီး အမဲရိုးတွေနဲ့ဆန်နဲ့ကိုရောပြုတ်ကြကွာ ငါ့ဧည့်သည်တွေက မကြာခင်လာတော့မှာ"
ဇရပ်ပေါ်ကလူရဲ့စကားကြောင့် ကူလီသမားတွေလဲ ဇရပ်အောက်ကိုငုံ့ကြည့်လိုက်ရာ မိုးဗြဲဒယ်အဟောင်းသုံးလုံးကိုတွေ့လိုက်ရတယ်။
" ဒီမိုးဗြဲဒယ်တွေက ဘယ်ကနေဘယ်လိုရောက်လာတာလဲ "
" ဟဲဟဲ ဒီအိုးတွေက ငါ့ဟာတွေတော့ မဟုတ်ဘူး ဟိုးမှာမှုန်ကုပ်ကုပ်နဲ့ထိုင်နေတဲ့ ဦးနဂါးပိုင်ခဲ့တဲ့အိုးတွေပဲ"
ဦးနဂါးဆိုတဲ့အသံကြားတော့ ဇရပ်အတက်အဆင်းလှေကားမှာထိုင်နေတဲ့လူက
" မဖြစ်နိုင်တာ ကျုပ်မှာပိုင်ဆိုင်တာဆိုလို့ ဝတ်ထားတဲ့အဝတ်ပဲရှိတယ် ဒီအိုးတွေက ဘယ်လိုလုပ်ကျုပ်ဟာတွေဖြစ်မလဲ"
" ဟုတ်တာမဟုတ်တာအပထား အခု ကူလီသမားတွေကို ဝိုင်းလုပ်ပေးလိုက်ဦး "
" မလုပ်ချင်ပါဘူး ကျုပ်အသက်က ငယ်တော့တာမဟုတ်ဘူး အဲလိုပင်ပင်ပန်းပန်းတွေမလုပ်နိုင်တော့ဘူး"
" ဘာလဲ ကတိကိုဖျက်ချင်နေတာလား"
ရေစင်အောက်ကလူရဲ့စကားကြောင့် ဦးနဂါး ဆောင့်ဆောင့်အောင့်အောင့်နဲ့ထကာ ဟိုယောင်ဒီယောင်လိုက်လုပ်နေခဲ့တယ်။ ကူလီသမားတွေလဲ ထင်းချောက်တွေလိုက်စုပြီး မီးဖိုဖိုကာ ဝယ်လာတဲ့ အရိုးတွေနဲ့ဆန်ကိုရောပြုတ်လိုက်ကြတယ်။
ဦးနဂါးနဲ့ ကူလီသမားတွေ အလုပ်ရှုပ်နေတဲ့အချိန် ရေစင်အောက်မှာအိပ်နေတဲ့လူက ကိုယ်တော်နှစ်ပါးရှိရာထလာပြီး
" ကိုယ်တော်တွေအတွက်ကတော့ ငှက်ပျောသီးပဲရှိတယ် ဒါနဲ့ ဒီဇရပ်ကိုဘာကိစ္စကြောင့် ရောက်လာတာလဲ"
စုတ်တီးစုတ်ပြတ်ဖြစ်နေတဲ့လူရဲ့စကားကြောင့် ကိုယ်တော်နှစ်ပါးက
" လူတစ်ယောက်ကိုတွေ့ဖို့လာစောင့်နေတာပါ "လို့ခပ်ပြတ်ပြတ်ပြောပြီး အင်းစာရွက်တွေကို အခေါက်လေးတွေဖြစ်အောင် လိပ်လိုက်တယ်။
" ဒါဖြင့်လဲ ဆက်စောင့်ပါ ဆက်စောင့်ပါ "
" ဒီကဒကာကြီးရဲ့နာမည်က ဘယ်လိုခေါ်လဲ "
" ကိုယ်တော်နှစ်ပါးက နာမည်မေးပြီး ဘာလုပ်ကြမလို့လဲ ကျုပ်မှာနာမည်တွေကအများကြီးပဲ ငယ်ငယ်ကနာမည်ကိုပြောတာလား အဲ သူငယ်ချင်းမိတ်ဆွေတွေကခေါ်တဲ့နာမည်ကိုပြောတာလား အရူးလောကမှာ ခေါ်တဲ့နာမည်ကိုပြောတာလား "
" ရပြီရပြီ ဥူးဇင်းတို့မမေးတော့ဘူး ဒကာကြီးလုပ်စရာရှိတာသာဆက်လုပ်ပါ"
ကိုယ်တော်နှစ်ပါးစကားအဆုံးမှာ ဆံပင်ဘုတ်သိုက်နဲ့လူက ဟက်ဟက်ပက်ပက်အော်ရယ်လိုက်ပြီး
" ဒီကိုယ်တော်တွေ အတော်ရယ်ရတာပဲ နာမည်
မပြောတာကို စိတ်ဆိုးတဲ့လေသံနဲ့ မမေးတော့ဘူးဆိုပဲ ဟက်ဟက်ဟက်" ဆိုပြီးခနဲ့ကာ ဇရပ်ပေါ်ကဆင်းသွားခဲ့တယ်။
ဇရပ်အောက်ရောက်တော့ အငွေ့တစ်ထောင်းထောင်းထနေတဲ့ မိုးပြဲဒယ်ကြီးကိုတွေ့လိုက်ရတယ်။
" အနံ့လေးတွေတောင်ထွက်နေပါလား ခဏလေး ခဏလေး ငါ့ဧည့်သည်တွေကျန်းမာရေးကောင်းဖို့ ဆေးမြစ်စုံအပင်ထည့်ပေးရမယ်" လို့ပြောပြီး ဇရပ်ဘေးမှာပေါက်နေတဲ့ အပင်တစ်ပင်ကိုဆွဲနှုတ်လိုက်ပြီး ဟင်းအိုးထဲပစ်ထည့်ပြီး ဇရပ်ပေါ်ပြန်တက်သွားခဲ့တယ်။
" အလကားအရူး မြက်ချိုပင်ကိုများ ဆေးမြစ်စုံအပင်တဲ့ ဒါနဲ့ မင်းတို့က ဒီအရူးကိုသိလို့လား"
" မသိစရာလား ဒီအရူးအကြောင်း တစ်မြို့လုံးသ်နေတာ ဦးလေးကမသိဘူးလား"
" အေး ငါကအခုမှသိတာ သူကဘာတွေထူးခြားနေလို့ တစ်မြို့လုံးကသိနေရတာလဲ"
" သူဒီဇရပ်မှာနေနေတာ နှစ်အတော်ကြာပြီ စိတ်ပါရင်ပါသလို လူတွေကို ကူညီတတ်သေးတယ် သူစိတ်မပါရင်တော့ ဘယ်လိုပြောပြော လှုပ်ကိုမလှုပ်တာ "
" ဟုတ်လား ဒီလူက အစားစားတာလဲမတွေ့ဘူး အခုလဲ အမဲရိုးတွေဝယ်ခိုင်းပြီး ခွေးတွေကိုကျွေးမလို့ဆိုပဲ ဘာတွေမှန်းမသိတော့ပါဘူးကွာ"
ဦးနဂါးက ကူလီသမားတွေကိုပြောရင်း ဆူပွက်လာတဲ့မိုးပြဲဒယ်အိုးကို သစ်သားယောင်းမအဟောင်းနဲ့ထိုးမွှေလိုက်တယ်။
နောက်ထပ် ဆယ်ငါးမိနစ်လောက်ကြာတော့ ဆန်စေ့တွေအလုံးကွဲလာပြီး အမဲရိုးတွေကလဲ ကျက်လုနီးပါးဖြစ်လာခဲ့တယ်။
" အနံ့လေးကတော့ ငါ့ကောင်တွေအကြိုက်ပဲဟေ့ လုပ်အားပေးသမားတွေ ဒီလောက်ဆို ရပါပြီ ဒီမှာလုပ်အားခလေးယူသွားကြဦး"
" ရပါတယ်ဗျာ တစ်ခါတစ်လေကူညီရတာပဲ ကုသိုလ်တောင်ရပါသေးတယ်"
" ငါပေးရင်ယူလိုက် ပြန်မပြောနဲ့ ဟိုကောင် မင်းအိမ်မှာ နေမကောင်းတဲ့ ကလေးရှိနေတယ်မဟုတ်လား ဒီငွေနဲ့ဆေးခန်းသွားပြလိုက် နောက်တစ်ယောက် မင်းအိမ်ကကိုယ်ဝန်သည်မိန်းမစားချင်နေတဲ့ ဝက်သားခါးပတ်ကြော်လေးဝင်ဝယ်သွား ဒီမှာလာယူကြ"
ကူလီသမားတွေလဲ သူတို့အကြောင်းအကုန်သိနေတဲ့ဇရပ်ပေါ်ငလူကိုကြည့်ပြီး ဝမ်းသာအားရနဲ့ ပိုက်ဆံတွေကိုယူကာ ကျေးဇူးတင်ကြောင်းပြောပြီး ထွက်သွားကြတယ်။
ကူလီသမားတွေထွက်သွားတော့ ဇရပ်ပေါ်ကလူက
" ဟေ့လူ တောထဲမှာ ငှက်ပျောလက်တွေသွားခုတ်ဦး ဓါးလိုချင်ရင် ဇရပ်အောက်မှာသွားရှာ"လို့ပြောလိုက်တဲ့အချိန် ဦးနဂါးအတွေးထဲမှာ မသဲကွဲတဲ့အသိတစ်ခုပေါ်လာခဲ့တယ်။
" ငါဒီအလုပ်တွေအရင်ကလုပ်ဖူးခဲ့လား ငါအရမ်းရင်းနှီးနေသလိုပဲ"
ဦးနဂါးတစ်ယောက်ထဲတွေးရင်း ဇရပ်အောက်က ပစ္စည်းပုံတွေထဲလိုက်ရှာလိုက်တော့ သံချေးအထပ်ထပ်တက်နေတဲ့ ဓါးမတိုတစ်ချောင်းကို တွေ့ခဲ့တယ်။
ဦးနဂါးလဲ ဓါးမအနှောင့်လက်ကိုင်ကို ကိုင်လိုက်တဲ့အချိန်
" ဒီအထိအတွေ့တွေကလဲ ငါခံစားဖူးနေသလိုပဲ ငါဒီဇရပ်ကိုများအရင်ကရောက်ခဲ့ဖူးလား မဟုတ်သေးဘူး ငါမှဒီကိုတစ်ခါမှမရောက်ဖူးတာ နေဦး ဒါဆိုရင် ကိုယ်တော်နှစ်ပါးကို ဒီဇရပ်ရောက်အောင် ငါဘယ်လိုလမ်းပြခဲ့တာလဲ "
ဦးနဂါးတစ်ယောက်ထဲ စဉ်းစားနေရင်း ခေါင်းထဲကနေထိုးတက်လာခဲ့တယ်။
" ဟိုလူကြီး ဘာတွေလိုက်စဉ်းစားနေတာလဲ အချိန်မကျသေးဘူး မစဉ်းစားနေနဲ့ အချိန်ကျရင်သူ့အလိုလိုသိလာလိမ့်မယ် တောထဲသွား ငှက်ပျောဖက်သွားခုတ်တော့"
ဇရပ်ပေါ်ကနေ ခါးထောက်ပြီး အော်ပြောလိုက်တဲ့ သူကြောင့် ဦးနဂါးစဉ်းစားတာတွေရပ်ပြီး လှမ်းမြင်နေရတဲ့ တောထဲကိုထွက်သွားခဲ့တယ်။ တောထဲရောက်တော့ ငှက်ပျောတောရှိတဲ့နေရာကို အရင်ကရောက်ဖူးသလိုခံစားမိရာကနေ ဆက်သွားခဲ့ရာ အကိုင်းအလက်တွေသန်မာထွားကျိုင်းစွာပေါက်နေတဲ့ တောငှက်ပျောပင်တွေကိုတွေ့လိုက်ရတယ်။
ဦးနဂါးလဲ ငှက်ပျောရွက်တွေကို ဓါးမနဲ့ခုတ်ချပြီး သေချာစည်းနှောင်ကာ ဇရပ်ကိုပြန်လာခဲ့လိုက်တယ်။
ဇရပ်ကိုရောက်တော့ ထမ်းလာတဲ့ ငှက်ပျောရွက်တွေကို ပစ်ချပြီး အပေါ်ကိုတက်လာခဲ့လိုက်တယ်။ ဇရပ်အပေါ်လဲရောက်ရော ကိုယ်တော်နှစ်ပါးဘေးမှာဝင်ထိုင်လိုက်တယ်။ ကိုယ်တော်နှစ်ပါးကတော့ ဇရပ်ကြမ်းပြင်ပေါ်မှာ ဆီစိမ်စက္ကူတွေဖြန့်ခင်းပြီး တစ်စုံတစ်ခုလုပ်နေတာမြင်တော့ ဦးနဂါးလဲ မသိမသာလေးစပ်စုကာချောင်းကြည့်လိုက်တယ်။
ဆီစိမ်စက္ကူလေးပေါ်မှာရေးနေတဲ့ စာလုံးသေးသေးလေးတွေကိုမြင်တော့ ဦးနဂါးက
" ကိုယ်တော်တွေ ၃၂ကွက်အင်းအထိပဲရောက်သေးတယ်ထင်တယ် နောက်တစ်ဆင့်တက်ဖို့ အမိန့်မကျလာသေးဘူးဟုတ်လား" ဆိုပြီးလွှတ်ခနဲထွက်သွားခဲ့တယ်။
ဦးနဂါးစကားကြောင့် စက္ကူပေါ်မှာ စိတ်ဝင်တစားရေးဆွဲနေတဲ့ ကိုယ်တော်နှစ်ပါး ခေါင်းထောင်လာပြီး
" ဒကာကြီးက ဒီစာလုံးတွေကိုသိလို့လား ဒီအင်းက ၃၂ကွက်အင်းဆိုတာ ဘယ်လိုပြောနိုင်တာလဲ"
" အဲ ဟိုလေ တပည့်တော်လဲမသိဘူးဗျ ဒီတိုင်းပြောမိသွားတာ တစ်ခါတစ်ခါစိတ်ရူးပေါက်တာနဲ့တူပါတယ်ဗျာ"
" ဒကာကြီး ဒီကိုလာတဲ့အချိန်နဲ့ ဒီကိုရောက်ပြီးတဲ့အချိန် အမူအရာအပြောအဆိုတွေကအစပြောင်းသွားတာ ဥူးဇင်းတို့သတိထားမိတယ် အခုလဲ အင်းစမကွက်တွေရဲ့အခြေခံမျဉ်းကိုကြည့်ပြီး ၃၂ကွက်အင်းဆိုတာ တပ်အပ်ပြောနိုင်တယ် ဒကာကြီးက ဘယ်သူလဲ "
" အဲ တပည့်တော် နာမည်ဦးနဂါးလေ "
ကိုယ်တော်နှစ်ပါးလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကိုအသိရသွားဟန်နဲ့
" ဒကာကြီး ဝတ်ထားတဲ့ အင်္ကျီချွတ်လိုက်ပါ ဥူးဇင်းတို့ကြည့်စရာတစ်ခုရှိတယ် "
ကိုယ်တော်နှစ်ပါးရဲ့စကားကြောင့် ဦးနဂါးလဲ ဝတ်ထားတဲ့ အင်္ကျီအစုတ်လေးကိုချွတ်ပြလိုက်တယ်။
" ဟင် ကိုယ်ပေါ်မှာ ဘာမှလဲမရှိပါလား ဒါဆို တပည့်တော်တို့တွေးတာများ မှားနေတာလား ဥူးဇင်း"
" ဟုတ်လောက်တယ် တပည့်တော်တို့ တွေးတာမှန်ရင် ကိုယ်ပေါ်မှာ ဆေးမှင်ထိုးထားတာတွေရှိရမှာ အခုက ဘာဆိုဘာမှမတွေ့ရဘူး "
" အိမ်း တပည့်တော်တို့အထင်မှားတာဖြစ်မှာပါ ဒါမှမဟုတ်ရင်လဲ ဒီပညာကိုအရင်က လေ့လာလိုက်စားဖူးတာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ် "
ဦးနဂါးလဲကိုယ်တော်နှစ်ပါးပြောနေတဲ့စကားတွေကိုနားမလည်ဟန်နဲ့ခေါင်းကုတ်လိုက်ကာ အိပ်ဖို့ပြင်လိုက်တဲ့အချိန်
" ဟိုလူကြီး ဘာအိပ်ဖို့လုပ်နေတာလဲ ဧည့်သည်တွေရောက်နေပြီ ငှက်ပျောဖက်ခင်းပြီး ဧည့်ခံလိုက်ဦးလေ ခဏနေကျုပ်ဆင်းလာမယ်"
ရေစင်အောက်မှာဒူးလေးနှံ့ကာ အိပ်ရင်းပြောလိုက်တဲ့စကားကြောင့် ဦးနဂါး မျက်နှာမဲ့သွားပြီး
" ရှူံးထားတော့လဲ လုပ်ရမှာပေါ့ ဘယ်တတ်နိုင်ပါ့မလဲ"ဆိုပြီးပြောကာ ဇရပ်ပေါ်ကနေဆင်းသွားခဲ့တယ်။
ဇရပ်အောက်ကိုရောက်တော့ မလှမ်းမကမ်းက အပင်အောက်တွေမှာ အုပ်စုလိုက် အုပ်စုလိုက်ရောက်နေကြတဲ့ ခွေးအုပ်တွေကိုတွေ့လိုက်ရတယ်။ဦးနဂါးလဲ ခုတ်လာတဲ့ငှက်ပျောရွက်တွေကို အနေတော်ချိုးပြီး ချထားလိုက်တယ်။
" ဝုတ် ဝုတ် ဝုတ် အီ အီ အီ"
" ဟာ ဒီခွေး ဘယ်လိုဖြစ်လို့ ပွတ်သီးပွတ်သပ်လုပ်နေတာလဲ "
ဦးနဂါးက အနားကပ်လာတဲ့ ခွေးတစ်ကောင်ကို ခြေနဲ့ကန်ထုတ်ပြီးပြောလိုက်ပေမယ့် ခွေးက မထွက်သွားပဲ ခြေသလုံးကိုခေါင်းနဲ့ပွတ်နေခဲ့တယ်။
ဇရပ်ပေါ်က ကိုယ်တော်နှစ်ပါးက ဦးနဂါးအသံကြောင့် ဇရပ်အောက်ကို တစ်ချက်မျှ လှည့်ကြည့်ပြီး သူတို့အလုပ်သူတို့ဆက်လုပ်နေခဲ့တယ်။
ဦးနဂါးလဲ ငှက်ပျောရွက်တွေနေရာချပြီးတဲ့အချိန်
" အချိန်ကျပြီဟေ့ ချက်ထားတဲ့အမဲရိုးထမင်းကို ထည့်ပေးလိုက်တော့ "ဆိုတဲ့အသံကြားလိုက်ရတယ်။
ဦးနဂါးလဲ မိုးပြဲဒယ်ထဲမှာ ချက်ထားတဲ့ အမဲရိုးထမင်းတွေကို ခွက်တစ်လုံးနဲ့ခပ်ပြီး ငှက်ပျောဖက်တွေထဲ လိုက်ပုံပေးနေတဲ့အချိန် ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားပြီး မျက်လုံးထဲကို စူးရှရှအလင်းတစ်ခုဝင်လာခဲ့တယ်။
" ကျုပ်မျက်လုံးတွေ ဘာဖြစ်တာလဲမသိဘူး ဘာမှမတွေ့ရတော့ဘူး "
ဦးနဂါးကြောက်လန့်တကြားအော်ဟစ်လိုက်ပေမယ့် အသံကလည်ချောင်းဝမှာတင်ပျောက်ကွယ်သွားခဲ့တယ်။
" စိတ်အေးအေးထားပြီး မျက်လုံးဖွင့်ကြည့်လိုက်ပါ မယုံနိုင်လောက်တဲ့အခြေအနေတစ်ခုကိုမြင်ရပါလိမ့်မယ်" ဆိုတဲ့အသံက အော်ဟစ်နေတဲ့ ဦးနဂါးနားထဲကို ချိုသာစွာဝင်လာခဲ့တယ်။
နားထဲကြားလိုက်ရတဲ့အသံကြောင့် ဦးနဂါး မိက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ ခွေးတွေကို အစာကျွေးနေတဲ့ လူနှစ်ယောက်ကို မြင်လိုက်ရတယ်။
ဒါပေမယ့်မြင်ရတဲ့အရာတွေက ပိတ်ကားထက်မှာပြသနေတဲ့ဓါတ်ရှင်တွေလိုဖြစ်နေပြီး ထိလို့ကိုင်လို့မရတာသတိထားမိလိုက်တယ်။
" ဟင် ခွေးတွေကို အစာကျွေးနေတဲ့လူက ငါနဲ့အတော်တူတာပဲ ငါများဖြသ်နေမလား မဟုတ်လောက်ပါဘူးလေ ငါ့ကိုယ်မှာ ဆေးမှင်တွေမှမရှိတာ ငါမဖြစ်နိုင်ဘူး "
ဦးနဂါးတစ်ယောက်ထဲ ဇဝေဇဝါဖြစ်နေတဲ့အချိန် ခွေးစာကျွေးနေတဲ့လူနှစ်ယောက်က ဦးနဂါးဘက်ကိုလှည့်ပြီး
" ကျွတ်ချိန်တန်ပြီ သင့်ရဲ့ငုံ့လျှိုးနေတဲ့ မသိစိတ်တွေကိုလွှတ်ထုတ်လိုက်ပါတော့ " လို့ပြောလိုက်တဲ့အချိန် ဦးနဂါးခေါင်းထဲမှာရှိတဲ့ မှတ်ဉာဏ်တွေအားလုံးပွင့်ထွက်သွားခဲ့တယ်။
မှတ်ဉာဏ်တွေပွင့်ထွက်သွားတဲ့အချိန် မျက်လုံးဖွင့်ကြည့်လိုက်တော့ မိုးပြဲဒယ်အိုးထဲကနေ အမဲရိုးထမင်းကိုခပ်ပြီး ခွေးလေခွေးလွင့်တွေကို ကျွေးမွေးနေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။
" မင်း မင်းက ခုနက မြင်လိုက်ရတဲ့သူတွေထဲက တစ်ယောက်မဟုတ်လား"
ဦးနဂါးစကားကြောင့် ခွေးစာတွေကို ခပ်နေတဲ့ လူက မချိပြုံးလေးပြုံးလိုက်ပြီး
" အဲဓီလူလဲဟုတ်တယ် ရေအိုးစင်အောက်ကလူဆိုလဲဟုတ်တယ် ဘယ်လိုလဲ အတိတ်ဘဝကမှတ်ဉာဏ်တွေပြန်ရပြီလား"
" ဒါဆို ခုနက ခွေးစာတွေကျွေးနေတဲ့ ဆေးမှင်နဲ့လူက ကျုပ်ပေါ့ "
" ခင်ဗျား မှတ်ဉာဏ်တွေအကုန်ပြန်မရသေးဘူးထင်တယ် "
ခွေးစာကျွေးနေတဲ့လူကပြောရင်းဆိုရင်း လက်ထဲကတုတ်နဲ့ ဦးနဂါးရဲ့ ခေါင်းကိုမနာကျင်အောင် အသာရိုက်ချလိုက်တယ်။
အဲဒီတော့မှ အတိတ်ကဖြစ်ရပ်တွေအားလုံး ဦးနဂါးရဲ့ ခေါင်းထဲမှာတစ်ရိပ်ရိပ်ပြန်ပေါ်လာခဲ့တယ်။
" ကျုပ်သတိရပြီ ကျုပ်သတိရပြီ ပြန်ဆုံရတာဝမ်းသာလိုက်တာ အောင်..."
ဦးနဂါးစကားမဆုံးခင်မှာ ခွေးစာကျွေးနေတဲ့လူက ပါးစပ်ကိုလက်ညိုးနဲ့ပိတ်ပြလိုက်ပြီး
" ဝမ်းသာမနေနဲ့ဦး အခုမှ တစ်ကနေပြန်စရမှာ ဒါကြောင့် ကျုပ်ဘယ်သူဆိုတာ ပြောချိန်မတန်သေးဘူး"
" ဇရပ်ပေါ်က ကိုယ်တော်နှစ်ပါးကရော ဘယ်သူတွေလဲ"
" ခင်ဗျားကို ဒီကိုခေါ်လာတဲ့သူတွေလို့ပဲမှတ်လိုက်ပါ အခု ကျုပ်ဧည့်သည်တွေကို ကျွေးမွေးလို့ပြီးပြီ ခင်ဗျားလဲ အသိပြန်ရပြီဆိုတော့ နောက်ထပ်တစ်နေရာခရီးဆက်ဖို့လိုနေပြီ"
" ဘယ်ကိုသွားမလို့လဲ "
" မနက်ဖြန် ကျုပ်လာနှိုးတဲ့အချိန်သာ ထလိုက်ခဲ့ပါ ဘယ်သွားမယ်ဆိုတာ ဟိုရောက်ရင်သိလိမ့်မယ်"
ဦးနဂါးလဲ ရေစင်အောက်ကလူရဲ့စကားကို စောဒကမတက်တော့ပဲ သိမ်းဆည်းဆေးကြောစရာရှိတဲ့ အိုးတွေခွက်တွေသယ်ကာ ရေကန်ရှိရာဘက်ကိုထွက်သွားခဲ့တယ်။
++++++++
ညဘက်ရောက်တော့ ခွေအကောင်ပေါင်းများစွာက ဇရပ်ကိုကြည့်ပြီး စွဲစွဲငင်ငင်အူပါလေရော။ ခွေးအူသံကြောင့် ကိုယ်တော်နှစ်ပါးက ဦးနဂါးနဲ့ ရေစင်အောက်ကလူကို လှမ်းကြည့်လိုက်ရာ ဟိုနှစ်ယောက်က တုပ်တုပ်ပင်မလှုပ်ပဲ အိပ်မောကျနေတာမြင်လိုက်ရတယ်။
ကိုယ်တော်နှစ်ပါးလဲ ညဘက်လုပ်စရာရှိတဲ့ အမှုကိစ္စတွေကိုလုပ်ပြီး ကျိန်းစက်ခဲ့ကြတယ်။ မနက်အရုဏ်တက်ချိန် ကိုယ်တော်နှစ်ပါး နိုးလာတော့ ဦးနဂါးနဲ့ ရေစင်အောက်ကလူကို မတွေ့ရတော့ဘူး။ ဒါပေမယ့် ရေစင်အောက်မှာတော့ " ဇရပ်အနောက်ဘက်မန်ကျီးပင်အောက်ကို တူးပါ ၊ တွေ့မြင်လို့သိခဲ့ရင် လောကနန္ဒာဘုရားက သုဇာတာဇရပ်ကို လူဝတ်လဲပြီးလာခဲ့"ဆိုတဲ့စာသားတစ်ခုကိုတွေ့ခဲ့ရတယ်။
ကိုယ်တော်နှစ်ပါးလဲ စာကိုတွေ့တာနဲ့ မန်ကျီးပင်အောက်ကိုတူးကြည့်တဲ့အခါ အင်းစမတွေကို
ဆေးမှင်ထိုးထားတဲ့သားရည်ပြားတစ်ချပ်နဲ့အတူ အရိုးစုတစ်ခုကိုတွေ့လိုက်ရတယ်။
အရိုးစုနဲ့ အင်းစမဆေးမှင်ပါတဲ့ သားရေပြားကိုတွေ့တော့မှ ကိုယ်တော်နှစ်ပါး ပြုံးလိုက်ကြပြီး
" ငါတို့မသိအောင် လှည့်စားသွားပြန်ပြီ ဝင်္ကဘာဇရပ် ဝင်္ကဘာဇရပ် နာမည်နဲ့လိုက်အောင် အရူးလုပ်ခဲ့တာပဲ" ဆိုပြီးပြောကာ မြေပုံကိုပြန်ဖို့ပေးခဲ့ကြတယ်။
နောက်တစ်နေ့ရောက်တော့ ဖျင်ကြမ်းအင်္ကျီကိုယ်စီဝတ်ထားပြီး ခမောက်ကိုယ်စီဆောင်းထားကြတဲ့ လူနှစ်ယောက်က သုဇာတာဇရပ်ကို ဦးတည်ပြီး ထွက်လာခဲ့ကြတယ်။
++++++++
စာကြွင်း။ အောင်မြတ်သာနှင့် ဦးတိက္ခဆုံခန်းဆိုတဲ့ဝတ္တုလေးကို ဖတ်ပြီးရင် ဒီအပုဒ်လေးကို နားလည်သွားမှာပါ။
နောက်ဝတ္တုမှာတော့ ဦးတိက္ခကနေ ဦးနဂါးဘယ်လိုဖြစ်သွားရလဲဆိုတာကို ဖော်ပြပေးသွားမယ့်အပြင် အကျွတ်တရားရအောင် ဘယ်လိုအစွဲချွတ်ပေးမလဲဆိုတာကိုတော့အောင်မြတ်သာနှင့် နှစ်ဘဝအစွဲဆိုတဲ့ဝတ္တုလေးမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)