ခေတ်ပျက်သူဌေး

 ခေတ်ပျက်သူဌေး

#တင်ညွန့်

ကျွန်တော့်အဘိုးလေးသည် ဘဏ်ဝန်ထမ်းတစ်ဦး ဖြစ်ခဲ့ပါသည်။ သူသည် လူပျိုကြီးလည်းဖြစ်သည်။ အစားအသောက် အနေအထိုင်အလွန်ခြိုးခြံချွေတာသည်။ အနေကုတ်ကျစ်သဖြင့် ထိုခေတ်က ရွှေငွေကို အထုပ်လိုက် စုနိုင်သူလည်းဖြစ်ပါသည်။

သူက နေ့လယ်ဆိုလျှင် တစ်ပွဲ ၁၀ ပြားသာပေးရသော ကုလားပဲသုပ်ကိုသာ စားလေ့ရှိသည်။

“ပဲစားပြီး ရေသောက် တစ်နပ်စာ လွတ်ရောကွ” ဟုဆိုတတ်သည်။

ဘဏ်ရှေ့တွင် ကုလားပဲသုပ်ရောင်းသူမှာ အညာသား မောင်အုန်းဖြစ်သည်။

မောင်အုန်းသည် အိန္ဒိယပြန်သွားသော ကဘာဒီဆိုသည့် ကုလားကြီးထံတွင် နေထိုင်ခဲ့ရသည်။ အညာမှ အောက်ပြည်ကို တက်လာလာချင်း၊ နေစရာလည်းမရှိ၊ စားစရာလည်းမရှိဖြစ်နေချိန်တွင် ဘဏ်ရှေ့၌ ပဲသုပ် ရောင်းနေသော ကဘာဒီက သူ့ကို ပဲသုပ်အလကားကျွေးရာမှ ပန်းကန်ဝိုင်းဆေးပေးရင်း ခင်မင်သွားကြသည်။

ကဘာဒီက မောင်အုန်းကို သူ့အိမ်သို့ခေါ်သွားပြီး နေစရာတစ်နေရာပေးသည်။ မောင်အုန်းဘဝသည် ကဘာဒီ၏ ရွှံနံရံတဲလေးထဲတွင် စတင်ခဲ့ရသည်။

ဒုတိယကမ္ဘာစစ်ဖြစ်ပြီးသည့်နောက် မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေလည်း မကောင်းသဖြင့် ကဘာဒီ သည် ရှိတာအားလုံးထားခဲ့ကာ မောင်အုန်းကိုပေးခဲ့သည်။ မောင်အုန်းသည် ပဲသုပ်ရောင်းသည့် အိုးခွက်တွေသာ မက တဲတစ်လုံးကိုပါ အမွေရလိုက်သည်။

မောင်အုန်းသည် သူ့မွေးစားအဖေလိုဖြစ်ခဲ့သော ကဘာဒီ၏ အမွေကိုဆက်ခံပြီး သူလည်း ဘဏ်ရှေ့တွင် ပဲသုပ် ရောင်းလေသည်။ ကဘာဒီက လက်ထပ်သင်ပေးခဲ့သဖြင့် ပဲသုပ်ကို ကဘာဒီလက်ရာအတိုင်း လုပ်နိုင်သည် ဖြစ်ရာ အလွန်ရောင်းကောင်းခဲ့သည်။

တစ်နေ့တွင် မောင်အုန်းသည် ကျွန်တော်အဘိုးလေးကို တိုင်ပင်သည်။

“ဦးဘတင် ကျွန်တော် ယုံကြည်စွာနဲ့ တိုင်ပင်ပါရစေ”

“တိုင်ပင်နိုင်ပါတယ်ကွ”

“ဦးတို့ဘဏ်မှာ ကျွန်တော့်ငွေ သိန်း ၂၀ ရှိပါတယ်ခင်ဗျာ။ ဘဏ်တိုးလောက်ပဲစားရင် ဖြစ်ပေမယ့် ကျွန်တော်က လုပ်ငန်းလုပ်ချင်တာကြောင့် ဘာလုပ်ငန်းလေးများ လုပ်ရင်ကောင်းမလဲလို့ တိုင်ပင်ချင်လို့ပါ”

ထိုခေတ်မှာ ထီအမြင့်ဆုံး ဆုသည်ပင် တစ်သိန်းဆိုဖြစ်လေရာ ဘဏ်ရှေ့တွင် ပဲသုပ်ရောင်းပြီး ဘဏ်တွင် ငွေ သိန်း ၂၀ အပ်ထားနိုင်သည်ဆိုသော မောင်အုန်းကို ကျွန်တော့်အဘိုးလေးသည် မယုံသင်္ကာဖြစ်၍

“ဘာလဲကွ ကဘာဒီဆီက မင်းရထားတဲ့ ငွေတွေလား”

“မဟုတ်ပါဘူးဗျာ။ ကဘာဒီက သူရှာထားတဲ့ငွေတွေနဲ့ ရွှေတွေပဲ လုပ်ထားတာဗျ။ အိန္ဒိယပြန်တော့လည်း ရွှေတွေချည်း ယူသွားတာ။ ဘဏ်မှာ အပ်ထားတဲ့ငွေတွေက ကျွန်တော့်ငွေတွေပါ”

ကျွန်တော့် အဘိုးလေးသည် မယုံဝံ့သဖြင့် ဘဏ်ကိုပြန်လာပြီး မောင်အုန်းပြောသည့် စာရင်းအတိုင်း ရှာကြည့်ရာ အမှန်တကယ်ပင် သူ့နာမည်နှင့် ဘဏ်၌ ငွေ သိန်း ၂၀ အပ်ထားကြောင်း သိလိုက်ရသည်။

ထို့ကြောင့် အဘိုးလေးသည် မောင်အုန်းကို ဆန်စက်သူဌေးတစ်ယောက်နဲ့ ဆက်သွယ်ပေးလိုက်သည်။ မကြာမီ မောင်အုန်းသည် ဘောဂသီရိဆန်စက်ကြီး၏ ပါတနာ ရှယ်ယာရှင်တစ်ယောက်ဖြစ်သွားလေသည်။

ကျွန်တော်က အဘိုးလေးကို မေးမိသည်

“အဘိုးလေး”

“ဟေလကွာ”

“အဲဒီ မောင်အုန်းဆိုတဲ့သူ ဘဏ်ရှေ့မှာ ပဲသုပ်မရောင်းတော့ဘူးပေါ့”

“ဘယ်ရောင်းတော့မလဲကွာ။ ဆန်စက်ကြီးတစ်လုံးရဲ့ ပါတနာကြီးတစ်ယောက်ဖြစ်သွားတာလေ။ အောင်မာ ကိုယ့်လူက ဘဏ်ကို ငွေသွင်း ငွေထုတ်ဆိုရင် သူကိုယ်တိုင်မောင်းတဲ့ ဂျစ်ကားနဲ့လာတာ။ ပေါ့သေးသေး မှတ်လို့”

“အဲဒီလို ဆန်စက်သူဌေးကြီးဖြစ်သွားအောင် အဘိုးလေးက ဆက်သွယ်ပေးလိုက်တာပေါ့နော်”

“အေးပေါ့ကွ ငါက ဘဏ်မှာလုပ်တော့ သူဌေးတွေနဲ့ သိကျွမ်းရင်းနှီးတာပေါ့”

“ကျွန်တော်မရှင်းတာတစ်ခုရှိတယ် အဘိုးလေး”

“ဘာများလဲကွ”

“အဲဒီမောင်အုန်းဆိုတဲ့လူ ဘဏ်ရှေ့မှာ ပဲသုပ်ရောင်းတာ ဘယ်လောက်ကြာသလဲ”

“အင်း ကဘာဒီပြန်သွားတာနဲ့တွက်ရင် သုံးနှစ်လောက်ရှိမှာပေါ့”

“အဲဒါပဲ အဘိုးလေး … ပဲသုပ်ရောင်းတဲ့ လူတစ်ယောက်ဟာ သုံးနှစ်အတွင်းမှာ သိန်း ၂၀ လောက်ဘဏ်မှာ စုထားနိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး”

“ဖြစ်နိုင်လို့ပဲ ဘဏ်မှာ သူ့ငွေတွေ တကယ်ရှိနေတာလေ”

“မဖြစ်နိုင်ဘူးထင်ပါတယ် အဘိုးလေးရာ … ကျွန်တော့်အထင် ကဘာဒီကို အပျောက်ဖြောင်ပြီးတော့များ ငွေတွေကို အပိုင်စီးထားလိုက်တာလား”

“ကောင်လေး မင်းလိုပဲ ငါတို့လည်းတွေးမိပြီး မောင်အုန်းကို သေသေချာချာ စစ်မေးခဲ့ပါတယ်။ ကဘာဒီ အိန္ဒိယ ပြန်သွားတာလည်း တကယ်ပဲကွ။ ဒါပေမဲ့ မောင်အုန်းတစ်ယောက် ဘာဖြစ်လို့ ချမ်းသာသွားသလဲ မင်းသိချင် သလား”

“ကြိုးစားလို့ဆိုတာတော့ မပြောနဲ့အဘိုးလေး ကျွန်တော် လက်မခံနိုင်ဘူး။ သုံးနှစ်နဲ့ ဘယ်လောက်ကြိုးစား ကြိုးစား သိန်း ၂၀ တော့ မချမ်းသာနိုင်ဘူး”

“ကောင်လေး မောင်အုန်းချမ်းသာတာ ပဲသုပ်ရောင်းလို့မဟုတ်ဘူး”

“ဘာကြောင့်လဲ အဘိုးလေး”

“သူ့အစ်ကိုတစ်ယောက်က ဓားပြတဲ့ကွ။ ဓားပြတိုက်လာပြီး မောင်အုန်းနဲ့ဆက်သွယ်လာတယ်။ မောင်အုန်း တဲမှာပဲ လာပြီးတော့ ပုန်းနေတာ။ ဓားပြတိုက်စဉ်က ဒဏ်ရာရလာတယ်။ အဲဒီ ဒဏ်ရာကို ကြိတ်ကုနေရင်းက သေသွားသတဲ့။ ဒါကြောင့် မောင်အုန်းလည်း အဲဒီလောက်ချမ်းသာသွားတာပေါ့”

“ကျွန်တော်ပြောသားပဲ သွေးရိုးသားရိုး မဟုတ်နိုင်ပါဘူးလို့”

“မောင်အုန်းက ခေတ်ပျက်သူဌေးကွ။ ရိုးသားစွာနဲ့ ချမ်းသာလာတဲ့ကောင်မဟုတ်ဘူး။ ငါ့ကို နောက်မှ အကြောင်းစုံ ပြောပြတာပါကွာ၊ ဒါပေမဲ့ သူလည်းမချမ်းသာပါဘူး”

“ဘာဖြစ်လို့လဲအဘိုးလေး”

“ဆန်စက်က ပြည်သူပိုင် အသိမ်းခံရတယ်။ ၁၀၀ တန်တွေလည်း တရားမဝင်ဖြစ်လို့ အတော်ဆုံးရှုံး သွားတယ်”

“ခု အဲဒီမောင်အုန်း ဘာဖြစ်နေသလဲ အဘိုးလေး”

“သိချင်ရင် မနက်ဖြန် ဘဏ်ကိုလာခဲ့ကွ”

နောက်တစ်နေ့တွင် ကျွန်တော် အဘိုးလေးဘဏ်ကိုသွားခဲ့သည်။

အဘိုးလေးက ဘဏ်ရှေ့တွင် ကွမ်းယာရောင်းနေသည့် တဲလေးကို ခေါ်သွားပြီး

“မောင်အုန်းရေ ဒူးယားတစ်လိပ်လောက်” ဟုပြောသည်။

မောင်အုန်းဆိုသူက သံဘူးထဲက ဒူးယားတစ်လိပ်ကိုထုတ်ပြီး အဘိုးလေးကို ပေးလိုက်သည်။ ကျွန်တော်က အဘိုးလေးနားကိုကပ်ပြီး

“အဘိုးလေး ဆန်စက်သူဌေးမောင်အုန်းဆိုတာ သူလား” ဟုမေးလိုက်သည်။

“အေးလကွာ … ခုတော့ ကွမ်းယာသည်မောင်အုန်းဖြစ်နေပြီပေါ့”

တင်ညွန့်

၂၀.၉.၂၀၂၅