၁၃ နှစ်ကြာမှ ဆုံရသည့် အိမ်

 ၁၃ နှစ်ကြာမှ ဆုံရသည့် အိမ်


မှောင်ရိပ်သန်းနေသော အိမ်ခန်းစင်္ကြံလမ်းကျဉ်းလေးထဲမှာ ကျွန်ုပ် တစ်ယောက်တည်း ရပ်နေမိသည်။ လက်ထဲမှာတော့ ဖုန်မှုန့်အနည်းငယ်ပေကျံနေသည့် ကလေးကလားလက်ရေးဖြင့် ရေးထားသော စာတစ်စောင်။ "အဖိုးမာ့ခ်" တဲ့...။ ထိုစာသားလေးကို မြင်လိုက်ရုံဖြင့် ကျွန်ုပ်၏ လက်ဖျားများ အေးစက်သွားကာ နှလုံးခုန်သံများ တုန်ရီလာခဲ့သည်။ ကျွန်ုပ်တွင် မြေးရှိနေမှန်း တစ်ခါမှ မသိခဲ့ရသလို၊ ဘယ်သူကမှလည်း မပြောပြခဲ့ကြဘူးလေ။

တုန်ရင်နေသော လက်ချောင်းများဖြင့် စာအိတ်ကို ဖွင့်လိုက်သည့်အခါ ခဲတံဖြင့် အားစိုက်ရေးထားသော စာသားလေးများက ကျွန်ုပ်၏ အသက်ရှူသံကို ရပ်တန့်စေခဲ့သည်။

"မင်္ဂလာပါ အဖိုး။သားနာမည်က နိုအာပါ။ အသက် ၆ နှစ်ရှိပါပြီ။ သားမှာ ကျန်တော့တဲ့ တစ်ဦးတည်းသော မိသားစုက အဖိုးပဲ ရှိပါတော့တယ်... ကျေးဇူးပြုပြီး သားကို လာခေါ်ပေးပါဦး။"

ထိုစာသားလေးက ကျွန်ုပ်ကို လွန်ခဲ့သော ၁၃ နှစ်၊ ချီကာဂို၏ ပူပြင်းလှသော ဇူလိုင်လ နေ့လယ်ခင်းတစ်ခုဆီသို့ အချိန်နောက်ပြန် ဆွဲခေါ်သွားတော့သည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ချွေးတရွှဲရွှဲနှင့် ပြန်လာသော ကျွန်ုပ်ကို ဇနီးဖြစ်သူ ဒင်းနစ်က အေးစက်သော မျက်နှာထားဖြင့် စောင့်ကြိုနေခဲ့သည်။

"မာ့ခ်... ငါ ထွက်သွားတော့မယ်။ တွမ်နဲ့ ငါတို့ ချစ်နေကြတာ။ လီလီ့ကိုလည်း ငါခေါ်သွားမယ်။ သူက ဒီထက် ပိုကောင်းတဲ့ ဘဝနဲ့ နေသင့်တယ်"

သူမပြောသော "ပိုကောင်းတဲ့ဘဝ" ဆိုသည်မှာ ကျွန်ုပ်သူဌေး တွမ်၏ ဇိမ်ခံအိမ်ကြီးနှင့် ငွေကြေးအဆောင်အယောင်များ ဖြစ်သည်။ ကျွန်ုပ် တားခဲ့သော်လည်း သူမ ဂရုမစိုက်ခဲ့။ ထိုနေ့က ကားနောက်ခန်းထဲမှနေ၍ ကျွန်ုပ်ကို ဝေခွဲမရသော မျက်လုံးများဖြင့် ကြည့်ကာ ပျောက်ကွယ်သွားသည့် ၁၃ နှစ်အရွယ် သမီးလေး လီလီ၏ ပုံရိပ်သည် ကျွန်ုပ်နောက်ဆုံးမြင်ခဲ့ရသည့် သူမ၏ ပုံရိပ်ပင်။

နောက်ပိုင်းနှစ်များတွင် ဒင်းနစ်သည် သမီး၏စိတ်ထဲ၌ ကျွန်ုပ်ကို လူဆိုးတစ်ယောက်လို ပုံဖော်ကာ အဆက်အသွယ်ဖြတ်ခဲ့သည်။ ကျွန်ုပ်ဘဝသည်လည်း အမှောင်အတိ ကျခဲ့ရသည်။ ကျန်းမာရေးပျက်စီးကာ အိမ်ကိုရောင်းလိုက်ရပြီး တွမ်၏ အလုပ်ထုတ်ခြင်းကိုပါ ခံခဲ့ရသည်။ ၁၃ နှစ်တိုင်တိုင် ကျွန်ုပ်သည် ကိုယ့်သွေးသား၏ မျက်လုံးထဲမှာပင် သူစိမ်းတစ်ယောက် ဖြစ်ခဲ့ရသည်။


စိန့်လူးဝစ်သို့ ပျံသန်းသော လေယာဉ်ပေါ်တွင် ကျွန်ုပ်၏ စိတ်ထဲ၌ မေးခွန်းပေါင်းများစွာနှင့်အတူ လီလီ့ကိုသာ မြင်ယောင်နေမိသည်။ ခိုလှုံရေးဂေဟာကို ရောက်သည့်အခါ လူမှုဝန်ထမ်း ဆာရာက ဝမ်းနည်းစရာ သတင်းစကားကို ဆိုလာသည်။

"လီလီ လွန်ခဲ့တဲ့ ၃ ပတ်က ဆုံးသွားပြီ မာ့ခ်... ကားတိုက်ပြီး မောင်းပြေးတဲ့ကိစ္စပါ။ ဒင်းနစ်တို့ဇနီးမောင်နှံကို ကျွန်မတို့ ဆက်သွယ်ခဲ့ပေမဲ့ သူတို့က နိုအာကို 'ဝန်ထုပ်ဝန်ပိုး' လို့ သတ်မှတ်ပြီး လက်မခံခဲ့ကြဘူး"

ကျွန်ုပ်၏ ကမ္ဘာကြီး ပြိုလဲသွားသလို ခံစားလိုက်ရသည်။ သမီးလေးဆီမှ အနားတောင်းပန်သံကို စောင့်မျှော်ခဲ့သော နှစ်ပေါင်းများစွာသည် စက္ကန့်ပိုင်းအတွင်း ပြာကျသွားခဲ့ရသည်။ သို့သော် ထိုဝမ်းနည်းမှုသည် ချက်ချင်းပင် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကစားကွင်းလေး၏ ထောင့်တွင် ထိုင်နေသော ဆံပင်ကောက်ကောက်နှင့် ကလေးလေးကို မြင်လိုက်ရသည့်အခါ ကျွန်ုပ်၏ ဒူးများ ညွတ်ခွေကျသွားသည်။ သူက ကျွန်ုပ်၏ ဓာတ်ပုံဟောင်းလေးကို ထုတ်ပြရင်း တုန်ယင်စွာ ပြောရှာသည်။

"မေမေက ပြောတယ်... အဖိုးဟာ သူသိသမျှထဲမှာ အသန်မာဆုံးလူတဲ့။ ဘဝမှာ အခြေအနေတွေ အရမ်းဆိုးလာရင် ဒီပုံထဲကလူကို ရှာပါလို့ ပြောခဲ့တယ်"

ကျွန်ုပ် ၁၃ နှစ်လုံးလုံး အောင့်အည်းထားခဲ့သမျှ မျက်ရည်များ ပေါက်ထွက်လာခဲ့တော့သည်။ ထိုကလေးငယ်လေးကို ရင်ခွင်ထဲသို့ ထည့်ကာ တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။ "အဖိုးရှိတယ် နိုအာ... အဖိုးရှိတယ်။ မြေးလေး တစ်ယောက်တည်း မဟုတ်တော့ဘူး"

ဒင်းနစ်နှင့် တွမ်တို့သည် အရှက်ကွဲမည်စိုးသဖြင့် ကျွန်ုပ်ကို ငွေပေးကာ နိုအာအား စွန့်ပစ်ခိုင်းသော်လည်း ကျွန်ုပ်က ထိုငွေများကို နိုအာ၏ ရှေ့ရေးအတွက်သာ အသုံးချခဲ့သည်။ ကျွန်ုပ်၏ လုပ်ငန်းများကို ရောင်းချကာ မြို့ပြင်ရှိ ခြံဝင်းကျယ်ကျယ်နှင့် အိမ်အိုလေးတစ်လုံးကို ဝယ်ယူခဲ့သည်။

နောက်ထပ် ၆ လအတွင်း ကျွန်ုပ်နှင့် နိုအာသည် အိမ်ကို အတူတူ ပြုပြင်ခဲ့ကြသည်။ ကျွန်ုပ်က ကြမ်းပြင်ကို တိုက်သည့်အခါ သူက သူ့၏ ကစားစရာကိရိယာလေးဖြင့် ဘေးမှ လိုက်ကူသည်။ ကျွန်ုပ်တို့သည် ဟောင်းနွမ်းနေသောအိမ်ကို "မိသားစု" အငွေ့အသက်များဖြင့် ပြန်လည်အသက်သွင်းခဲ့ကြသည်။

ညနေခင်းတစ်ခုတွင် နိုအာက ကြယ်များကို ကြည့်ရင်း မေးလာသည်။

"အဖိုး... မေမေက သားတို့အခန်းမှာ သုတ်ထားတဲ့ အပြာရောင်ကို ကြိုက်ပါ့မလား”


ကျွန်ုပ်က နိုအာကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ရင်း ကောင်းကင်ယံကို ကြည့်ကာ ပြုံးမိသည်။

"သူ အရမ်းကြိုက်မှာပေါ့ နိုအာ... သူ့ရဲ့ အချစ်ဆုံး ယောက်ျားသား နှစ်ယောက် ပြန်ဆုံတွေ့သွားတာကိုလည်း သူ ဝမ်းသာနေမှာပါ"

ကျွန်ုပ်သည် သမီးကို ဆုံးရှုံးခဲ့ရသော်လည်း၊ အခုတော့ ကျွန်ုပ်ဘဝအတွက် လိုအပ်သည့်အရာ အားလုံးကို ရရှိခဲ့ပါပြီ။ ကျွန်ုပ်သည် ဆောက်လုပ်ရေး အလုပ်သမားတစ်ယောက်မျှသာ မဟုတ်တော့သလို၊ စင်္ကြံလမ်းကျဉ်းလေးထဲက အထီးကျန်လူတစ်ယောက်လည်း မဟုတ်တော့ပါ။

ကျွန်ုပ်သည် အကာအကွယ်ပေးသူ တစ်ယောက်၊ ကျွန်ုပ်သည် အဖိုးတစ်ယောက်။ ၁၃ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျွန်ုပ် "အိမ်" စစ်စစ်ကို ပြန်ရောက်ခဲ့ပါပြီ။


#ဟမ်စိုင်း(ဆေး-မန်း)

(ဘာသာပြန်

Daily Stories မှ)