ထသွား ပြန်ကြည့် ဘာမျှမရှိ
----------------------------
ကျွန်တော် ထန်းလျက်ကြိုက်သည်။ ထန်းလျက်တိုင်း ကြိုက်သည်တော့မဟုတ်။ နေရာတကာ ပေါများစွာ တွေ့ရသော ဖြူဖြူဖွေးဖွေးထန်းလျက်တွေက အစစ်မဟုတ်ဟုထင်သည်။ စားလိုက်လျှင် ဖွဲနှင့်သကြား ရောထားသလားပင်။ ထို့ကြောင့် ထန်းလျက်ကို နေရာတိုင်းကမဝယ်။ ဈေးထဲတွင် ကျွန်တော် ထန်းလျက် ဝယ်နေကျဖောက်သည် အညာသူမကြီးဆိုင်ကသာဝယ်သည်။
ထိုအညာသူမကြီးက အညာမှထုတ်ကုန်လေးတွေ သူ့ဆိုင်တွင်ယူရောင်းသည်။ ပုန်းရည်ကြီး၊ ပဲမျိုးစုံ၊ မြေပဲယို၊ နှမ်းပျစ် သူ့ဆိုင်တွင်အားလုံးရသည်။ ကျွန်တော်ကတော့ သူ့ဆိုင်တွင် ထန်းလျက်တစ်မျိုးတည်းသာဝယ်သည်။
အညာထန်းလျက်ကလည်း ဈေးမပေါပါ။ တစ်ပိသာ ၁၄၀၀၀ ကျပ်ဖြစ်သွားသည်။ သူ့ဆိုင်တွင် ကျွန်တော် တစ်ပိသာ ၁၀၀၀၀ ကတည်းက ဝယ်စားလာသည်။ ယခုကာလ ဈေးမတက်တာဘာမျှမရှိ။ ဖယောင်းတိုင်ပင် လွန်ခဲ့သော ၅ ရက်ခန့်ကဝယ်ရာ တစ်ထုပ် ၁၂၀၀ ဖြစ်သည်။ မနက်ကဝယ်တော့ တစ်ထုပ် ၁၅၀၀ အလိုလို ဖြစ်သွားသည်။
တက်လည်းတက်ဈေး စားသုံးသူက ပေးရသည်။ ကျဈေး (ဈေးကျ) သည်ဟူ၍ ဘာမျှမရှိ။ တစ်နေ့ပြီးတစ်နေ့ ဈေးက တက်ပြီးရင်းတက်သည်။ အခြားတော့မသိ ကုန်ဈေးနှုန်းကတော့ နေ့တိုင်း ဦးမော့နေသည်။
ကျွန်တော်ထန်းလျက် ၅၀ သားဝယ်နေစဉ် အဖွားအိုတစ်ယောက်ကရောက်လာပြီး ပဲဝါလေးတစ်ထုပ်ကို ဈေးမေးသည်။ ၁၀ သားအထုပ်လေး တစ်ထုပ်ကို ၁၂၀၀ ဟု ဈေးသည်ကပြောသည်။ အဘွားအိုကို ကြည့်လိုက်ရာ ခါးကိုင်းနေပြီ။ သူကအထုပ်လေးကို ချပြီး ပြန်လှည့်ထွက်မည်ပြုသည်။ ကျွန်တော်က သူချခဲ့သည့် အထုပ်လေးကိုကောက်ပြီး သူ့လက်ကိုဆွဲကာ ထည့်ပေးလိုက်သည်။
“ကျွန်တော်လှူတာပါအဘွား … တခြားဘာတွေ လိုချင်သေးလဲ” ဟုပြောလိုက်သည်။
သူက ရီဝေသောမျက်လုံးများနှင့် ပြန်ကြည့်ကာ
“တော်ပါပြီ ကျေးဇူးတင်ပါတယ်”
“ယူပါ တခြားလိုချင်တာရှိရင် ယူပါ ကျွန်တော်လှူချင်လို့ပါ”
“တော်ပါပြီ”
သူက ပဲထုပ်လေးကို ကိုင်ထွက်သွားသည်။
ကျွန်တော်က ထန်းလျက် ၅၀ သား ၇၀၀၀ ကျပ်နှင့် ပဲတစ်ထုပ်ဖိုး ၁၂၀၀ အတွက် ဆိုင်ရှင်ကို တစ်သောင်းတန် တစ်ရွက် ထုတ်ပေးလိုက်သည်။
ဆိုင်ရှင်အညာသူမကြီးက ကျွန်တော့်ကို ၂၀၀၀ ပြန်အမ်းသည်။
“မဟုတ်ဘူးလေ ၁၈၀၀ ပြန်အမ်းရမှာ”
“ကျုပ် ၂၀၀ ကို လှူလိုက်ပါတယ်တော်” ဟု အညာလေဖြင့်ပြောသည်။ ပြီးတော့
“အကြွေမရှိလို့ပါ” ဟု သူက ဆိုသည်။
ကျွန်တော်က ဘောင်းဘီအိတ်ထဲမှ ၂၀၀ တန်တစ်ရွက်ကိုထုတ်ကာ
“ဒီမှာ ၂၀၀ ယူလိုက်ပါ” ဟုပြောပြီး သူ့ဗန်းထဲချခဲ့သည်။
ကျွန်တော်ဈေးထဲတွင် သက်ကြီးရွယ်အိုများနှင့်တိုးလျှင် ကိုယ်တတ်နိုင်သည့်အနေအထားဆိုပါက ပေးလိုက် သည်သာ ဖြစ်သည်။ စားသောက်ဆိုင်တွင် ဆုံလျှင်လည်း သက်ကြီးရွယ်အိုများဆိုလျှင် ကိုယ်က ပေးလိုက် သည်ကများသည်။ ကျွန်တော်ကတစ်မျိုး။ ကျွန်တော့်ထံ လာတောင်းလျှင် ဘယ်သောအခါမျှ ပေးလေ့မရှိ။ လှူသင့်လှူထိုက်သည်ထင်လျှင် ကျွန်တော်လှူမည်။
ထန်းလျက်အကြောင်းဆက်ဦးမည်။
ကျွန်တော်က ထမင်းစားပြီးတိုင်း ထန်းလျက် နှစ်လုံးလောက် စားလိုက်ရမှ တင်းတိမ်သလိုဖြစ်သည်။ အချိုတည်းသည်ပြောပြော ထန်းလျက်လေးစားလိုက်လျှင် အစာကြေ ရင်ချောင်သယောင်ဖြစ်သလိုပင်။ တစ်လောက ထန်းလျက်ဝယ်နေကျ ဖောက်သည်ထံတွင် မရောက်သေးသဖြင့် အခြားတစ်နေရာက နည်းနည်း ဝယ်လာသည်။ ထန်းလျက်တွေ မှိုတက်ကုန်သည်။
ကျွန်တော့်မှာ နေလှမ်းပြီး အကုန်လုံးကို ဘလင်ဒါဖြင့် အမှုန့်ကြိတ်လိုက်ရသည်။ ထန်းလျက်မှုန့်ကို မြင်းခွာရည် အရည်ထဲနည်းနည်းထည့်သောက်လည်း ကောင်းသည်။
ထန်းလျက်ဝယ်ပြီးနောက် ကျွန်တော် လက်ဖက်ရည်ဆိုင်ဝင်သည်။ ထမင်းကြော်စားရန်ဖြစ်သည်။ ကျွန်တော် လမ်းလျှောက်ပြန်ချိန် ဆိုင်တွင်လူကျနေသည်။ ထိုင်စရာနေရာမရှိသဖြင့် သူများဝိုင်းတွင် ဝင်ထိုင်ရသည်။ ဝယ်လာသည့် ထန်းလျက်ထုပ်ကို စားပွဲပေါ်ကျပ်နေသဖြင့် ဘေးကထိုင်ခုံပေါ်တင်ကာ ထမင်းကြော်မှာသည်။
ထမင်းကြော်လာသည့်အခါတွင်စားသည်။ ကိုယ့်တစ်ဝိုင်းထဲတွင် ထိုင်နေသောသူတွေ၏ စကားတွင် ကျွန်တော် မျောနေသည်။
“တစ်ညလုံး အိပ်မရဘူးကွာ”
“ဘာဖြစ်လို့လဲကွ”
“အိမ်နားက ဘုန်းကြီးကျောင်းကွာ တစ်မိုးလုံးလည်း ပဋ္ဌာန်းရွတ်၊ ခုလည်း ၂၄ နာရီပဋ္ဌာန်းဆိုပြီး အားအားရှိ ပွဲတွေချည်း လုပ်နေတော့ အိပ်လို့ကိုမရတော့ဘူး”
“အိပ်မရလည်း မင်းအမေအိမ် သွားအိပ်ပေါ့ကွာ”
“တော်ပါကွာ အဖေက မနက်ဆို ၃ နာရီလောက်ကတည်းကထပြီးတော့ ဆောင်းဘောက်စ်နဲ့ ဘုရားရှိခိုးတာ”
“ဒါဆို ဒီနေ့အလုပ်မလိုက်ဘူးပေါ့”
“အလုပ်မလိုက်လို့ ဘယ်သူက ထမင်းလာကျွေးမှာလဲ … လိုက်မှာပေါ့”
ပြည်သူတွေ၏ သောကပေါင်းစုံကို ဤနေရာတွင် တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ကြားနိုင်ပါသည်။
ကျွန်တော်လည်း အပူကူးသဖြင့် မြန်မြန်စားပြီး ပိုက်ဆံရှင်းကာ လက်ဖက်ရည်ဆိုင်မှ ထွက်လာသည်။ ကျွန်တော့်စိတ်ထဲတွင် ထွက်သာလာရသည် တစ်ခုခုလိုနေသလိုပင်။
အိမ်ပြန်ရောက်ခါနီး လမ်းထဲကိုချိုးမည်လုပ်မှ
“ဟာ သွားပြီ ငါးထန်းလျက်ထုပ် ကျန်ခဲ့ပြီ”
ကျွန်တော်ယခုတလောအလွန်မေ့သည်။ အိမ်ကထွက်လျှင် မျက်မှန်မေ့သည်။ ကွန်ပျူတာကြည့် မျက်မှန်နှင့် အပြင်ကိုထွက်လာပြီးမှ အိမ်ကိုပြန်လဲရသည်။ ကွန်ပျူတာကြည့်မျက်မှန်က အဝေးမှုန်။ သော့ကျန်သည်၊ ထီးကျန်သည်။ ခေါင်းထဲတွင် စာကလွဲပြီး အကုန်မေ့သည်။
ကျွန်တော် လက်ဖက်ရည်ဆိုင်ကို ပြန်သွားသည်။ ကျွန်တော်ထိုင်ခဲ့သော ဝိုင်းတွင် လူရှင်းနေပြီ။ ကျွန်တော် ထန်းလျက်ထုပ်ကိုရှာသည်မတွေ့။ ဆိုင်ရှင်ကောင်လေးများ သိမ်းထားသေးသလား မေးကြည်သည်။
“မတွေ့ဘူးဦးလေး”
ကျွန်တော် ဈေးကိုတစ်ခေါက်ပြန်လာရပြန်သည်။
အညာသူမကြီးထံရောက်တော့
“ထန်းလျက်ပေးပါဦး”
“ကုန်ပြီတော့ … မနက်ကယူသွားတာ အကုန်ပဲ။ တစ်ပတ်တော့စောင့်”
ဘာတတ်နိုင်မည်နည်း။
တင်ညွန့်
၈.၁၀.၂၀၂၅