ပညာရှင်တို့၏မာန်
---------------------
မဟာ အလက်ဇန်းဒါးသည် မြောက်အာဖရိကမှသည် အိန္ဒိယနိုင်ငံသို့တိုင် စစ်အောင်လံလွှင့်ထူနိုင်ခဲ့သော စစ်ဘုရင်တစ်ပါးဖြစ်ခဲ့သည်။
သူသည် ခရစ်တော်မပေါ်မီ ဘီစီ ၃၃၃ ခုနှစ်တွင် သူ့တပ်ကြီးဖြင့် ဂျေရုစလင်ကို ချီတက်လာခဲ့သည်။ ဂျေရုစလင်ကို ရောက်သည့်အခါတွင် ဂျူးလူမျိုးများထဲမှ ဉာဏ်ပညာအကြီးဆုံး ပညာရှိများကိုတွေ့ဆုံလိုသဖြင့် သူကခေါ်ခိုင်း လိုက်သည်။
အမိန့်အတိုင်း ပညာရှိများ ရောက်လာကြပါသည်။ အလက်ဇန်းဒါးလို စစ်ဘုရင်တစ်ယောက်၏ နိုင်ငံတကာကို သိမ်းပိုက်ခဲ့စဉ်က သတင်းတွေကိုလည်း ထိုပညာရှိများက ကြားသိခဲ့ကြသည်။ ထို့ကြောင့် ထိုသို့သောသူမျိုးကို သူတို့ သတိထားပြီး ဆက်ဆံမှဖြစ်မည်ဟုလည်း သဘောပေါက်ထားကြလေသည်။
အလက်ဇန်းဒါးက ပညာရှိများကို
“သင်တို့ကို ယနေ့ခေါ်တွေ့ရခြင်းမှာ မေးခွန်းများကို မေးရန်ဖြစ်သည်။ ကျွန်ုပ်မေးသမျှကို သင်တို့ ဖြေနိုင်လျှင် သင်တို့ကို ကျွန်ုပ်သည် အပြစ်မပေး၊ အားလုံးငြိမ်းချမ်းစေရမည်” ဟု ပြောလေသည်။
အလက်ဇန်းဒါးက ပညာရှိများကို မေးလေသည်
“လောကတွင် မည်သူသည် ပညာအရှိဆုံးဖြစ်သနည်း”
တစ်ဦးကဖြေသည်
“ကိုယ်လုပ်သည့်ဒဏ် ကိုယ်ကောင်းစွာ ခံရမည်ကို သိသူသည် ပညာအရှိဆုံးဖြစ်သည်” ဟုဖြေလိုက်သည်။
အလက်ဇန်းဒါးက ဆက်မေးသည်
“လောကတွင် မည်သူသည် သူရဲကောင်းဖြစ်သနည်း”
“မိမိဆန္ဒနှင့် မိမိကြောက်စိတ်ကို ထိန်းသိမ်းနိုင်သူသည်သာ သူရဲကောင်း ဖြစ်သည်”
“လောကတွင် မည်သူသည် အချမ်းသာဆုံးဖြစ်သနည်း”
“မိမိတွင် ရှိသမျှနှင့် ရောင့်ရဲတင်းတိမ်နိုင်သူသည် အချမ်းသာဆုံးဖြစ်သည်”
“လူတစ်ယောက်သည် မိတ်ဆွေစစ် မိတ်ဆွေမှန်များကို မည်သို့ရနိုင်မည်နည်း”
“လူလူချင်းစာနာထောက်ထားကာ၊ တစ်ဦးအပေါ်တစ်ဦး အာဏာပါဝါမပြသူသည်သာ မိတ်ဆွေစစ်မိတ်ဆွေမှန် များကို ရနိုင်သည်”
အလက်ဇန်းဒါးသည် ထိုအဖြေကို သဘောမကျပေ။ သူက စိတ်ဆိုးပြီး
“အသင်တို့ပြောတာ မဟုတ်။ ကျွန်ုပ်သည် လောကတွင် ဩဇာ အာဏာ ပါဝါအရှိဆုံးသောသူ ဖြစ်သည်။ ကျွန်ုပ်တွင် အာဏာပါဝါရှိသောကြောင့်သာလျှင် လူတွေက ကျွန်ုပ်ကို မိတ်ဆွေဖွဲ့လိုကြသည်။ ကျွန်ုပ်တွင် ရှိသော အာဏာပါဝါများကသာလျှင် သူတို့ကို အကူအညီ အထောက်အပံ့ပေးနိုင်မည်ဟု ယုံကြည်နေကြသော ကြောင့် သူတိုသည် ကျွန်ုပ်ကို ကိုးကွယ်ခစားကြခြင်းဖြစ်သည်" ဟု ပြန်ဖြေလေသည်။
ငါ့စကား နွားရပြောတတ်သူကို ပညာရှိတို့သည် တုံ့ပြန်ကာ ပြောလေ့မရှိဆိုသည့်အတိုင်း သူ့ကို ခွန်းတုံ့မပြန် တိတ်ဆိတ်စွာ နေကြသည်။ အလက်ဇန်းဒါးကလည်းသိသည်။ သူသည် ဤသို့သော ပညာရှိများကို သူ့အား ထောက်ခံရန် စည်းရုံး၍မရနိုင်ကြောင်း ကောင်းစွာ သဘောပေါက်သည်။ ထို့ကြောင့် သူက မေးလိုက်သည်
“သင်တို့အထဲတွင် မည်သူသည် ပညာအရှိဆုံးဖြစ်သနည်း”
ပညာရှိများက တူညီစွာဖြေကြသည်
“ကျွန်ုပ်တို့အားလုံးသည် အတူတူဖြစ်ကြသည်”
“သင်တို့သည် အားလုံးအတူတူ ပညာရှိများဖြစ်သည်ဆိုလျှင် ကျွန်ုပ်ကဲ့သို့သော အောင်နိုင်သူနောက်ကို အဘယ်ကြောင့် မလိုက်ရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို မထောက်ခံရသနည်း။ သင်တို့သည် ကျွန်ုပ်လို လူမျိုးကို ရိုသေလေးစား တန်ဖိုးထားရမှန်း မသိပြီလော”
ပညာရှိတစ်ဦးက ဖြေသည်
“ကျွန်ုပ်တို့သည် သွေးဆောင်မှုတိုင်းနောက်ကို အလွယ်လိုက်ပါတတ်သူများမဟုတ်။ ဖြားယောင်းသွေးဆောင်မှု နောက်ကို မပါအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်သူများကိုသာ ကျွန်ုပ်တို့လေးစားတန်ဖိုးထားကြသည်”
အလက်ဇန်းဒါးသည် စိတ်ဆိုးပြီး
“သင်တို့ ဇက်ကောင်းလို့ ဓားတောင်းသလော။ ကျွန်ုပ် အမိန့်ပေးလိုက်သည်နှင့် သင်တို့ အသက်ပျောက်ရ လိမ့်မည်။ မကြောက်ပြီလော”
“ကျွန်ုပ်တို့ သင့်ကို မကြောက်။ သင်သည် ကျွန်ုပ်တို့ကို မေးခွန်းများ မမေးမီကတည်းက ဝန်ခံထားပြီး ဖြစ်သည်။ သင့်မေးခွန်းကို အားလုံး ဖြေနိုင်လျှင် အပြစ်မပေး၊ ငြိမ်းချမ်းစေရမည်ဟု ပြောခဲ့သည်မဟုတ်လော။ လောကကြီးကို အောင်နိုင်သူဟုထင်နေသောသင်သည် သင့်စကားအတိုင်းတည်မည်ဟု ထင်ပါသည်”
အလက်ဇန်းဒါးကစဉ်းစားသည်
“ငါသည် သူတို့ကို သတ်လိုက်လျှင် စကားမတည်သော လူလိမ်တစ်ယောက်ဖြစ်တော့မည်”
သူကတွေဝေကာ စဉ်းစားနေပြီးမှ
“သင်တို့သည် ပညာရှိများပီသစွာဖြင့် ပညာရှိစကားကို ဆိုတတ်သူများဖြစ်သည်။ သင်တို့ကို ငါအရေးမယူပြီ”
အလက်ဇန်းဒါးသည် ဂျူးပညာရှင်များကို ရွှေငွေလက်ဆောင်ပစ္စည်းများပေးကာ ပြန်စေသည်။
(Ref: The Questions of Alexander the Great in Jerusalem)
တင်ညွန့်
၁၆.၁၁.၂၀၂၃