မြိန်ရာဟင်းကောင်း

 မြိန်ရာဟင်းကောင်း

#တင်ညွန့်
မြိန်ရာဟင်းကောင်း(စ/ဆုံး)
—————————–
ကျွန်တော်သည် ကျောင်းကိစ္စဖြင့် သာယာကုန်းရွာကို သွားရသည်။ မြို့နယ်ပညာရေးမှူးရုံးက သာယာကုန်းရွာ မူလတန်း ကျောင်းအုပ်ဆရာမကြီးထံ စာတစ်စောင်ပေးခိုင်းလိုက်သောကြောင့်ဖြစ်သည်။ အရေးကြီးသည် ဆိုသောကြောင့် ကျွန်တော်ကိုယ်တိုင်ပင် ၅ မိုင်ခန့်ဝေးသော ထိုရွာကို ခြေကျင်လာခဲ့ရသည်။

သာယာကုန်းရွာကို ကျွန်တော် တာဝန်ကျသည့်ရွာက နေမြင့်မှထွက်သဖြင့် နေ့လယ်လောက်မှရောက်လာ သည်။ ဆရာမကြီးမှာ ကျန်းမာရေးမကောင်းသဖြင့် ယခုလတွင် လစာထုတ်မဆင်းနိုင်။ သူငှက်ဖျားတက် နေသည်။ စာအိတ်ထဲတွင် လစာနှင့် စာတစ်စောင်ပါသည်။

“ဆရာ ထမင်းမစားလာရသေးဘူး မဟုတ်လား”

သူက စောင်ခြုံကြားက ကျွန်တော့်ကို မေးသည်။ သူ့အသံကတုန်တုန်ရီရီ။

ကျွန်တော်က ဗိုက်ဆာနေသော်လည်း

“စားခဲ့ပြီးပါပြီ ဆရာမကြီး” ဟု လိမ်ပြောလိုက်မိသည်။

ကျွန်တော်က သူ့ကို ပေးစရာလည်း ပေးပြီးဖြစ်သဖြင့် ကျွန်တော့်ရွာကို အမြန်ပြန်ခဲ့သည်။ ထမင်းဆာနေ သောကြောင့်ဖြစ်သည်။

အပြန်လမ်းမှာ တောလမ်းတစ်ခုကိုဖြတ်ရသည်။ ကျွန်တော်က ဖြတ်လမ်းဟုထင်သည့် လမ်းတစ်လမ်းအတိုင်း အမြန်ရောက်လိုသဖြင့် လိုက်ခဲ့သည်။ သို့သော် ကျွန်တော် မျက်စိလည် လမ်းမှားနေသည်။ လာသည့် လမ်းအတိုင်း ပြန်လျှောက်သည်ပင် ကျွန်တော် လမ်းမှားပြီးရင်း ဆက်မှားသည်။ တောထဲတွင် မျက်စိလည်ရင်း ညနေစောင်းသွားသည်။

လူက ရေလည်းဆာ၊ ထမင်းလည်းဆာသည်ထက် စိတ်ဓာတ်ကျလာသည်။ ငါတောထဲက ဘယ်လို ထွက်ရပါ့မလဲဟု တွေးရင်း စိုးရိမ်စိတ်တွေဝင်လာမိသည်။

ကျွန်တော် တောင်ကုန်းလေးတစ်ခုပေါ်ရောက်လာသည်။ အဝေးကို လှမ်းကြည့်လိုက်ရာ မီးခိုးတွေကို မြင်ရ သည်။ ကျွန်တော်က မီးခိုးလေးတလူလူ ထွက်နေသည့် နေရာကို လာခဲ့သည်။

တဲလေးတစ်လုံးကို ယာခင်းထဲတွင် တွေ့လိုက်ရသဖြင့် ဝမ်းသာသွားသည်။

ကျွန်တော်က တဲဝကိုသွားပြီး

“အိမ်ရှင်တို့ … အိမ်ရှင်တို့” ဟု ခေါ်လိုက်ရာ အဘွားအိုတစ်ယောက် ထွက်လာသည်။ အလွန်အသားမည်းသော ကုလားမကြီးတစ်ယောက်ဖြစ်နေသည်။

“ဟဲ့ … ဘယ်သူလဲ”

“ကျွန်တော် လမ်းပျောက်နေလို့ပါ”

အဘွားအိုက

“ဟဲ့ မြေးလေး … ပုတုရေ ဘယ်သွားနေလဲ”

ကောင်မလေးတစ်ယောက်က အိမ်ဘေးက ပြေးထွက်လာပြီး

“ဒီမှာ … ထင်းခွဲနေတယ်” ဟု အော်လိုက်သည်။

ထိုကလေးက ကျွန်တော့်ကို တွေ့လိုက်သည့်အခါ

“ဟာ ဆရာကြီး” ဟု အော်လိုက်သည်။

“ဟင် … သမီးက လေးတန်းက ပုတုမဟုတ်လား”

“ဟုတ်တယ်လေဆရာကြီး”

“ဆရာ လမ်းပျောက်နေလို့ကွာ။ ရွာကို ဘယ်ကသွားရသလဲ”

“ရွာက နီးနီးလေးကျန်တော့တယ် ဆရာကြီးရဲ့ … ဒီချောင်းလေးကိုဖြတ်ပြီးတော့ ဟိုဘက်ကွင်းကိုကျော် လိုက်တာနဲ့ရောက်ပြီ”

“အေး ဆရာမျက်စိလည်နေလို့ကွာ။ သွားမယ်”

“အို … ပုတု ဆရာ့ကို ထမင်းကျွေးလိုက်ဦးလေ … မစားရသေးဘူးမဟုတ်လား”

“နေပါစေအဘွားရယ်”

“လာပါ ဆရာကြီး ထမင်းစားပြီးမှ ပြန်ပါ”

မိုးလည်းချုပ်တော့မည်။ ထမင်းလည်းဆာနေသည်။ ရွာပြန်ရောက်လည်း ထမင်းချက်ရဦးမည့်အတူတူ

“ထမင်းကရှိလို့လား”

“ထမင်းကရှိတာပေါ့ … ဟင်းကတော့ မရှိဘူး။ ခုပဲချက်လိုက်လို့ရပါတယ်။ ဘူးညွန့်လေးကြော်ပြီး မနက်က ချက်ထားတဲ ပဲဟင်းလေးကို နွှေးလိုက်ရုံပါပဲ”

အဘွားအိုနှင့် ပုတုတို့နှစ်ယောက် မီးဖိုချောင်ဝင်သွားပြီး ချက်ပြုတ်နေကြသည်။

ပဲဟင်းအနံ့က ကျွန်တော့်နှာခေါင်းထဲဝင်လာသည်။

“ဟာ မွှေးလိုက်တာ”

မကြာမီ ကျွန်တော့်ရှေ့ကို ထမင်းဇလုံ၊ ပဲဟင်းနှင့် ဘူးရွက်ကြော်ရောက်လာသည်။

“ကျွန်တော်စားလိုက်ရင် အဘွားတို့ စားစရာ ကျန်ပါဦးမလား”

“ထမင်းထပ်ချက်နေတယ်လေ … အားနာလိုက်တာ ရှိတာလေးနဲ့ပဲ ဆရာ့ကို ထမင်းကျွေးရတာ”

“ကျွန်တော် မနက်ကတည်းက ထမင်းမစားရသေးဘူး။ အားမနာတော့ဘူး စားတော့မယ်”

“စား … ဆရာ … စား”

ကျွန်တော်က ပဲဟင်းကို တစ်ဇွန်းခပ်သောက်လိုက်သည်။ ဘဝတွင် အကောင်းဆုံးအရသာဟု အသိအမှတ် ပြုလိုက်သည်။ ပဲဟင်းကိုဆမ်းပြီး အားရပါးရစားလိုက်သည်။ ပဲဟင်းက ကုလားချက်လေး ချက်ထားသည် ဖြစ်ရာ စားကောင်းလှသည်။

“ပဲဟင်းလေးကောင်းလိုက်တာ အဘွားရယ် … ဘယ်လိုများ ချက်ထားတာလဲ”

“ဒီလိုပဲချက်ထားတာဆရာ”

“ကျွန်တော့်ကို ချက်နည်းလေး ပြောပါလားအဘွားရယ်”

အဘွားအိုက ချက်နည်းပြောပြသည်။ ကျွန်တော်က မှတ်ထားလိုက်သည်။

“ကောင်းလိုက်တာအဘွားရယ်။ ဒီလိုပဲဟင်းမျိုး တစ်ခါမှ မစားဖူးဘူး။ ဘူးညွန့်ကြော်လေးကလေး ကောင်းလိုက်တာ။ ချိုနေတာပဲ”

ကျွန်တော် စားလိုက်သည်မှာ ချပေးသည့် ထမင်းတစ်ဇလုံပြောင်တော့သည်။

“ဆရာ မဝသေးရင် ခဏစောင့်။ ထမင်းကျက်တော့မယ်”

“တော်ပါပြီ ဝပြီခင်ဗျာ”

စားပြီးသော် ကျွန်တော်လည်း မိုးချုပ်တော့မည်ဖြစ်သဖြင့် အဘွားအိုနှင့် ပုတုကို နှုတ်ဆက်ကာ သူတို့ညွှန်ပြသည့် လမ်းအတိုင်း လာခဲ့သည်။ ရွာကို ၁၅ မိနစ်လောက်နှင့် ရောက်လာသည်။

နောက်သုံးရက်ခန့်အကြာတွင် ကျွန်တော်သည် ပုတုတို့တဲတွင် စားခဲ့ရသည့် ပဲဟင်းအတိုင်း စားချင်လာသဖြင့် အဘွားအို ပြောလိုက်သည့်နည်းဖြင့် ပဲဟင်းကိုချက်သည်။ ကိုယ်တိုင်ချက်သည့် ပဲဟင်းက အစပ်အဟပ် မတည့် လို့လားတော့မသိ။ ချဉ်သလိုလို စပ်သလိုလို။

နောက်တစ်ပတ်ခန့်အကြာတွင်လည်း ပဲဟင်းစားချင်ပြန်သဖြင့် ထပ်ချက်သည်။ ယခုတစ်ကြိမ်လည်း အဆင် မပြေ စားမကောင်း။

နောက်ကျောင်းပိတ်ရက်တွင် ကျွန်တော်က ဆန်နှင့် ပဲတို့ကိုဝယ်ကာ ပုတုတို့တဲကို ရောက်လာခဲ့သည်။ ငါးသေတ္တာတစ်ဘူးလည်း ပါလာသေးသည်။

“ပုတုရေ”

“ဟာ … အဘွားရေ ဆရာကြီးလာတယ်”

“ဟော ဆရာ … ဘယ်ကလှည့်လာတာလဲ”

“ဒီကိုပဲအဘွားရေ … ဒီမှာ ဆန်၊ ကုလားပဲနဲ့ ငါးသေတ္တာခင်ဗျ”

“ဘာလုပ်ဖို့လဲဆရာ”

“ငါးသေတ္တာက နောက်မှချက်စားကြ။ ကျွန်တော့်ကို ဟိုတစ်ညက ချက်ကျွေးလိုက်တဲ့ ပုံစံအတိုင်း ပဲဟင်းလေး ချက်ကျွေးစမ်းပါဗျာ။ စားကောင်းလွန်းလို့ပါ။ ကျွန်တော် အဘွားပြောတဲ့နည်းအတိုင်း ချက်တာပဲ အဆင် မပြေဘူးခင်ဗျ”

ပုတုနှင့် အဘွားအိုတို့သည် ကျွန်တော့်ကို ပဲဟင်းဖြင့် ထမင်းချက်ကျွေးသည်။ ယနေ့တော့ အိမ်ကြက်ဥလေး တစ်လုံးကိုလည်း ကျွန်တော့်အတွက် ကြော်ပေးသည်။ ငရုတ်သီးတောင့်ကြော်လည်း ပါလိုက်သေးသည်။

ကျွန်တော် ထိုနေ့ကလည်း ဆာဆာနှင့်စားလိုက်သည်မှာ ထမင်းတစ်ဇလုံကုန်သည်။

“စားကောင်းလိုက်တာ အဘွားရယ် … ပဲဟင်းကလည်း ကောင်းမှကောင်း။ ကျွန်တော် အဲသည်လို လိုက်ချက်တာ ဘာဖြစ်လို့ မရတာလဲ”

“အနေအထားက မတူဘူးလေ ဆရာ။ ဆရာ ဒီမှာ ထမင်းလာစားတဲ့ နေ့တုန်းက အတော်လေး ဆာလာတာ မဟုတ်လား။ ဆာလာရင် ဘယ်ဟင်းမဆို ကောင်းတာပဲဆရာ။ ခုလည်း ဆရာ ရွာကထွက်လာကတည်းက မစားလာရသေးဘူးမဟုတ်လား။ ဆာတော့ စားကောင်းတာပေါ့။ ဟင်းချက်တာ လူတိုင်းချက်တတ်ပါတယ် ဆရာ။ စားတဲ့ လူအပေါ်မှာလည်း ကွာသေးတာပဲ။ မဆာဘဲစားရင် ကြက်သားဟင်းလည်း အလကားပဲ ဆရာ။ နောက်ပြီးတော့ တစ်ခုလည်းရှိသေးတာပေါ့”

အဘွားအိုက စကားကိုမဆက် ရပ်ထားလိုက်သဖြင့်

“ဘာများလဲ အဘွားရယ်”

“မေတ္တာ စေတနာလေဆရာ … အဲဒါလေးထည့်ချက်လိုက် ဘာမဆို စားကောင်းတယ် သိလား”

#တင်ညွန့်