ခရီးတို🖌️🖌️
�ယနေ့ မိုးတွေကစွေနေသည်မှာ မနက်ကတည်းကဖြစ်သည်။ ကျွန်တော်က သွားစရာရှိနေသဖြင့် ဘတ်စ်ကား စီးရန် ဂိတ်ရင်းကို ဆိုင်ကယ်ဖြင့်တစ်ဆင့် သွားရသည်။ ခရီးဝေးသဖြင့်နေရာရရန်ဖြစ်သည်။ ဂိတ်တွင် ကိုယ့်လို စိတ်ကူးတူသူတွေနှင့် ဆုံနေသဖြင့်ကား၏ နောက်ဆုံးထိုင်ခုံတန်းတွင်သာ နေရာရတော့သည်။
ကျွန်တော့်ရှေ့တန်းနှစ်ယောက်တွဲ ထိုင်ခုံတွင်ထိုင်နေသူက အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦးတက်လာ သည်ကို မြင်သဖြင့် နေရာမှ ထပေးလိုက်ပြီး သူ့နေရာတွင် ထိုင်စေကာ သူက ကျွန်တော့်ဘေးတွင်လာ ထိုင်သည်။ ထိုအမျိုးသမီးကြီးက အိတ်ကြီးတစ်လုံးကို ဆွဲလာပြီး ထပေးလိုက်သူ၏ နေရာတွင် ဝင်ထိုင်သည်။ သူ့ဘေးတွင် ကောင်မလေးတစ်ယောက်ကထိုင်ပြီး ပြတင်းပေါက်မှ အဝေးကို ငေးနေသည်။
ဂိတ်မှ ဝီစီမှုတ်သဖြင့် ကားက စထွက်လာသည်။ ကျွန်တော့်မှာ နောက်ဆုံးထိုင်ခုံတန်းတွင် လေးယောက် လောက်ပဲ ဆန့်သည်ကို ငါးယောက်ထိုင်နေရသဖြင့် ကျဉ်းကျပ်ပြီး လွယ်အိတ်ထဲက စာအုပ်ကိုလည်း ထုတ်ဖတ် နိုင်သည့် အနေအထားတွင်မရှိ။ ပြတင်းပေါက်ကပဲ အဝေးကို ငေးနေမိတော့သည်။
ကျွန်တော့်ရှေ့တွင် ပြဿနာတစ်ခုဖြစ်နေသည်။ စောစောက အမျိုးသမီးကြီးမှာ သူ့အိတ်ကြီးကို သူ့ပေါင်ပေါ် မရမက တင်နေသည်။ ကောင်မလေး၏ ပေါင်ဘက်ကိုပင် သူ့အိတ်က ရောက်သွားသည်။
“အို အဒေါ် ဘယ်လိုလုပ်လိုက်တာလဲ … ဒီမှာ ပေကုန်ပြီ”
သူ့အိတ်က မြေကြီးတွေပေါ်ချခဲ့ဟန်တူသည်။ ရွှံ့တွေက ကောင်မလေးပေါင်ကို ပေကုန်သည်။
“အိတ်ကို အောက်ချထားပါလားအဒေါ်”
“ငါ့အိတ်ကို ငါချချင်ချမယ် တင်ချင် တင်မယ် ညည်းအပူပါလား”
ကောင်မလေးကို ရန်ထောင်သလို ပြောနေသဖြင့် ကောင်မလေးက ဘာမျှ ဆက်မပြောတော့ သူ့အိတ်ထဲက တစ်သျှူးလေးကိုထုတ်ပြီး သူ့ပေါင်ကိုသူသုတ်နေသည်။ ဤသည်ကိုပင် မိန်းမကြီးက
“တကတဲတော် ဖြစ်နေလိုက်တာ … အဲဒါဆိုလည်း ကိုယ်ပိုင်ကားနဲ့သွားပါလား”
“အဒေါ် … ကိုယ်ပိုင်ကားမစီးနိုင်လို့ ဘတ်စ်ကားစီးနေတာပေါ့ … အဒေါ်ပြောတာ လွန်နေပြီ”
“လွန်တော့ဘာဖြစ်သလဲ … ကဲပြော … ညည်းက ဘာလုပ်ချင်သလဲ”
ကျွန်တော်က ရန်ပွဲမဖြစ်စေချင်။ ကားပေါ်တွင် ခရီးသည်အားလုံးက စိတ်ညစ်နေကြရသည့်အထဲ ရန်ပွဲကို မကြည့်ချင်။ ကောင်မလေး၏ တုံ့ပြန်ပုံကို ကျွန်တော် အံ့အားသင့်သွားသည်
“ဘာမှ မလုပ်ချင်ပါဘူးအဒေါ် … ကျွန်မကို နည်းနည်းလောက် ဖယ်ပေးပါ … ကျွန်မဆင်းတော့မယ်”
ကောင်မလေးက သူ့ဘေးမှ တိုးထွက်လိုက်သည်။ မှတ်တိုင်ရောက်သောကြောင့်လား … ရင်မဆိုင်ချင်သော ကြောင့်လားတော့မသိ။ အမျိုးသမီးကြီးက ကောင်မလေးထပေးလိုက်သော ဘက်ကို တိုးလိုက်သည်။ သို့သော် သူ့အထုပ်ကို ပေါင်ပေါ်ကမချ။ သူ့ဘေးကို အမျိုးသမီးတစ်ယောက်က ဝင်ထိုင်လိုက်သည်။ ထိုအမျိုးသမီးက လည်း ခြေထောက်ကို ဘေးလွှဲပြီး ကျုံ့ကျုံ့လေးထိုင်နေရရှာသည်။
စောစောက ထပေးလိုက်သည့် ကောင်မလေးက မတ်တတ်ရပ်ကာ ကားအပေါ်တန်းကို ကိုင်ထားပြီး
“ဒီမှာအဒေါ် … ကျွန်မဆင်းရမှာ နောက်နှစ်မှတ်တိုင်လောက်မှပါ … အဒေါ်နဲ့ ပြဿနာမဖြစ်ချင်လို့ ထပေးလိုက်တာ။ ကျွန်မ ပေါင်မှာ ရွှံ့တွေပေသွားပြီ။ ကျွန်မတို့ သွားရမယ့် ခရီးကတိုတိုလေးပါရှင်၊ အချင်းချင်း ဒေါသတွေ ဖြစ်နေလို့ အပိုပါပဲ”
ကောင်မလေးက ထိုသို့ပြောပြီး ရှေ့ကို တိုးသွားသည်။ ထို့နောက် မှတ်တိုင်ပါတယ်ဟု အော်လိုက်သည်။ သူ ကားပေါ်ကဆင်းသွားသည်။ ကျွန်တော့်ရင်ထဲကို လှုပ်ခတ်ပြီး ကျန်ခဲ့စေသည့်စကားမှာ
“သွားရမယ့် ခရီးက တိုတိုလေးပါ … အချင်းချင်း ဒေါသတွေဖြစ်နေလို့ အပိုပါပဲ”
မှန်ပါသည်
ကျွန်တော်တို့ တစ်နေကုန် စီးနေရမှာလား။ ဘတ်စ်ကားဆိုသည်မှာ သူ့လမ်းကြောင်းအတိုင်း ရပ်လိုက်၊ လူတင်လိုက်၊ ဆက်မောင်းလိုက်၊ လူတွေကလည်း ဆင်းလိုက်၊ တက်လိုက်။ တစ်သက်လုံး ကားပေါ် ထိုင်နေကြသလား။ တစ်သက်လုံးကားပေါ်က ထိုင်ရာမထ စီးနေကြမှာလား။ ထိုစီးရသည့်အခိုက်အတန့် ကာလတိုလေးတွင် ကိုယ်ချင်းစာစိတ်ကင်းစွာဖြင့် အတ္တလွန်ကဲနေသူတွေကို ကောင်မလေးက ဆုံးမသွန်သင် သွားသည်။ သူ့အမေလောက်ရှိသူကို သူကပြန်ပြီး ပညာပေးသွားသည်။ ထိုမိန်းမကြီး အသိတရား ရသည် မရသည်တော့ ကျွန်တော်မသိ။
ကျွန်တော်က ထိုအဖြစ်အပျက်လေးကို ဆင်ခြင်မိပြီး ကျွန်တော်ဖတ်ဖူးသည့် အကြောင်းအရာလေးကို သတိရသွားသည်
– ဘဝဆိုတာ တိုတိုလေးပါ။ ထို တိုသော ဘဝတွင် နေရသည့်အခိုက်အတန့်လေး၌ တစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်လိုက်၊ ဒေါသတွေထွက်လိုက်နှင့် တစ်ဦးနှင့်တစ်ဦး ခွင့်မလွှတ်နိုင်လောက်အောင် အဘယ်ကြောင့် ဖြစ်နေကြသနည်း။ တစ်ယောက်နှင့်တစ်ယောက်အပြစ်ရှာ ရှေ့ဆက်ရန် အဟန့် အတား အဘယ်ကြောင့် ဖြစ်စေသနည်း။ ဒေါသဖြင့်ဆက်ဆံ မာန်တွေထောင်ထရသည်နှင့် အားအင်တွေကုန်၊ အချိန်တွေဆုံးရှုံးမှုကို အဘယ်ကြောင့်ဖြစ်စေသနည်း
– တစ်ဦးဦးက ကိုယ့်ကို အသည်းခွဲသွားသလား။ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်။ ငါတို့သွားရမယ့် ခရီးဟာ တိုတိုလေးပါလားလို့တွေးလိုက်
– တစ်ဦးဦးက သစ္စာဖောက်သွားသလား။ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဆက်ဆံသွားသလား။ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်။ ငါတို့သွားရမယ့် ခရီးဟာ တိုတိုလေးပါလားလို့တွေးလိုက်
– တစ်ဦးဦးက ကိုယ့်ဆီကို ဘယ်လို ဒုက္ခမျိုးတွေပဲ ယူလာလာ၊ ငါတို့သွားရမယ့်ခရီးဟာ တိုတိုလေး ပါလားလို့ တွေးလိုက်
– ဘယ်သူမျှ ဤခရီးကို ဘယ်လောက်ကြာကြာ သွားရမယ်ဆိုတာမသိ။ ဒီခရီးက ဘယ်တော့ ဆုံးမည်ကို ဘယ်သူမျှမသိ။ သို့သော် ငါတို့သွားရမယ့် ခရီးဟာ တိုတိုလေးပါလားလို့တွေးလိုက်
– ကိုယ့်မိသားစုနဲ့ ချစ်ချစ်ခင်ခင်နေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေ။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်လေးစား တန်ဖိုးထား။ ကြင်ကြင်နာနာဖေးမ၊ ခွင့်လွှတ်သည်းခံ၊ အပြန်အလှန် နားလည်
– ကိုယ်က သူများကို အမှားလုပ်မိလည်း တောင်းပန်၊ သူများက ကိုယ့်ကို အမှားလုပ်မိရင်လည်း ခွင့်လွှတ် ဘဝဆိုတာက တိုတိုလေးပဲလေ
ကျွန်တော်တို့အနေဖြင့် ဒုက္ခရောက်နေသည့် ပြည်သူအချင်းချင်း အပြန်အလှန် တစ်ယောက်ကိုတစ်ယောက် ဖေးမ နားလည် သဘောထားကြီးကာ ခွင့်လွှတ်ရမည်ကို ခွင့်လွတ်ရန် ဘတ်စ်ကားပေါ်က ကောင်မလေး တစ်ယောက်က ပညာပေးသွားသည်။
ကျွန်တော်တို့ အဘယ်ကြောင့် ဒုက္ခတောတွင် နစ်မွန်းနေကြရသနည်း
ကျွန်တော်တို့ အဘယ်ကြောင့် ဒုက္ခတရားတွေကို ခံစားနေကြရသနည်း
ကိုယ်တစ်ယောက်တည်းလား … အများစုလား
လူတစ်စုလား … လူထုလား
ဒုက္ခ၏ရင်းမြစ်ကို လောဘတွေ ဒေါသတွေ မောဟတွေနှင့် မဖုံးသင့်။
ကျွန်တော်တို့ သွားရမည့်ခရီးက တိုတိုလေး။
ဆရာကြီးတင်ညွန့်