ဥယျာဉ်ထဲကပျော်ပွဲ
--------------------
ငှက်ကလေးတွေ အစာမစားသည်မှာ ကြာပြီ။
ဘုရင်ကြီးက ငှက်လှောင်အိမ်ကို လှည့်ပတ်ကြည့်ရင်း မင်းချင်းတွေကို မေးလိုက်သည်။
“ဟဲ့ လှောင်အိမ်ထဲက ငှက်တွေ ပိန်လှချည်လား”
“မှန်လှပါ … ငှက်တွေ အစာကောင်းစွာ မစားပါဘုရား”
“အစာ မစားရင် သေကုန်မှာပေါ့ … အစာစားအောင်လုပ်”
အမတ်ကြီးကဝင်ပြောသည်။
“မှန်လှပါ ငှက်တွေဟာ သဘာဝအတိုင်း နေထိုင်ရခြင်း မဟုတ်သည့်အတွက် မပျော်ခြင်း ဖြစ်နိုင်ပါတယ် ဘုရား”
“အို အမတ်ကြီးနှယ် … ဘယ်လိုဆိုလိုက်တာလဲ။ သူတို့ကို လွှတ်ပေးလိုက်ရင် ပျံကုန်မှာပေါ့။ ဒီလှောင်အိမ်ထဲမှာ ဘာတွေများ ပူစရာလိုသလဲ။ စားစရာ သလေး မုယောစပါးတွေကအသင့်၊ သောက်စရာ ရေချိုအေးတွေ ကလည်းအပြည့် ဘာများ စိုးရိမ်စရာတွေရှိလို့လဲ”
မင်းချင်းက ဝင်လျှောက်ထားသည်
“မှန်လှပါ လျှောက်ထားခွင့်ပြုပါဘုရား”
“လျှောက်တင်စေ”
“ငှက်တွေကိုလှောင်ထားတဲ့ လှောင်အိမ်ကြီးက နှစ်တွေကြာတော့ သံတိုင်တွေက သံချေးတွေတက်ပြီး ကြည့် ကောင်းသည့် အနေအထားမှာ မရှိပါဘုရား၊ ငှက်တွေ ထို့ကြောင့် မပျော်ရွှင်တာ ဖြစ်နိုင်ကြောင်းပါ”
“ဟုတ်ပေသားပဲ။ မောင်မင်းလျှောက်တင်တာ သင့်မြတ်ပေတယ်။ အမတ်ကြီး …”
“ဘုရား”
“လှောင်အိမ် သံတိုင်တွေကို ရွှေချစေဗျား။ ရွှေရောင်ဝင်းဝင်းလက်လက်နဲ့ဆိုရင် ငှက်တွေ ပျော်မယ်ထင်တယ်”
“သင့်မြတ်လှကြောင်းပါဘုရား”
အမတ်ကြီးလည်း မင်းချင်းတွေနှင့်အတူ လှောင်အိမ်ကြီးကို ရွှေချကြသည်။ ငှက်တွေက သူတို့ နေထိုင်သည့် လှောင်အိမ်ကြီးမှာ ရွှေရောင်ဝင်းသွားသည့်အခါတွင် ပျော်ကုန်ကြသည်။ အစာစားသည့် ငှက်တွေ ပြန်စားကြ သည်။ လှောင်အိမ်ကြီးထဲတွင် ငှက်သံတွေ ဆူညံလာသည်။
သို့သော် တစ်ပတ်အကြာတွင် ငှက်သံတွေ တိတ်သွားသည်။ ငှက်တွေ ယခင်ကအတိုင်း အစာလည်းမစား၊ ပျော်ရွှင်ခြင်းလည်းမရှိ။ ဘုရင်ကရောက်လာပြီး စုံစမ်းသည်။
“ဘယ်လိုဖြစ်တာလဲ အမတ်ကြီး ငှက်လေးတွေ ဘာဖြစ်လို့ တေးမသီတာလဲ”
“ငှက်တွေက ခဏပဲပျော်ပြီး ပြန်တိတ်သွားပါတယ်ဘုရား”
“ဘယ်ဖြစ်မလဲ … ငှက်လေးတွေအသံမကြားရရင် ငါကိုယ်တော်မြတ် စိတ်မရွှင်ဘူး။ ငှက်တွေ ပျော်အောင် ပြန်လုပ်ကြ”
“မှန်လှပါဘုရား”
အမတ်ကြီးနှင့် မင်းချင်းတို့လည်း လှောင်အိမ်ပတ်လည်တွင် ပွဲလမ်းသဘင်တွေလုပ်သည်။ မီးရှူး မီးပန်းတွေ လွှတ်သည်။ ပျော်ပွဲရွှင်ပွဲတွေကြားတွင် ငှက်တွေ သူတို့ဘဝတွေကိုမေ့ကာ ပျော်ကြသည်။ သို့သော် ခဏသာ ဖြစ်သည်။ ငှက်တွေအားလုံး အသံတိတ်ကုန်ပြန်သည်။ အစားအသောက်တွေ မစားနိုင်၊ မသောက်နိုင် ဖြစ်ကုန် ကြပြန်သည်။
ဘုရင်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သေသည့်ငှက်တွေ သေကုန်သည်။ နောက်ဆုံး အမတ်တစ်ပါးက အကြံပေးသည်။
“အရှင်ဘုရား သူတို့ကို လွှတ်ပေးလိုက်ပါဘုရား။ သူတို့ လွတ်လပ်သွားလျှင် ပျော်ရွှင်မည်ထင်ပါတယ် ဘုရား”
“ဟဲ့ လွှတ်ပေးလိုက်မှတော့ ဘယ်ပြန်လာတော့မှာလဲ”
“မှန်လှပါ ငှက်အချို့ကို တောင်ပံတွေညှပ် … ငှက်အချို့ကို ခဲဆွဲထားတဲ့ ကြိုးတန်းလန်းနှင့်လွှတ်ပေးသင့် ကြောင်းပါ”
တောင်ပံတွေအညှပ်ခံရသည့် ငှက်တွေနှင့် ခဲကြိုးတန်းလန်းငှက်များသည် အဘယ်မှာလျှင် ပျော်နိုင်ပါအံ့နည်း။
နောက်ဆုံးတွင် အမတ်ကြီးတစ်ဦးက အကြံပေးသည်။
သူပေးသည့် အကြံအတိုင်း လုပ်ကြသည်။
ငှက်တွေ ပျော်ရွှင်စွာ ပျံသန်းကြသည်။
ငှက်တွေအားလုံးကို လွှတ်ပေးလိုက်ပါသည်။ ရွှေချထားသည့် လှောင်အိမ်ကြီးထဲက ဖွင့်ကာ ငှက်တွေကို လွှတ်ပေးလိုက်ပါသည်။
သို့သော်
ငှက်တွေသည် ဥယျာဉ်အတွင်းသာ ပျံနိုင်သည်။ ဥယျာဉ်ပတ်လည်ကို သံပိုက်ကွန်တွေနှင့် အုပ်မိုးထားသည် ဖြစ်ရာ အဘယ်မှာလျှင် အဝေးကို ပျံနိုင်မည်နည်း။
သို့သော် ငှက်တွေ ပျော်ကြသည်။ သစ်ပင်တစ်ပင်မှတစ်ပင်ကို ကူးလူးပျံသန်းကြသည်။ သူတို့လွတ်လပ်ပြီဟု ထင်ကြသည်။ ဥယျာဉ်ကြီးကိုကျော်ပြီး သူတို့ မပျံနိုင်ကြောင်း မသိကြ။ ဥယျာဉ်ကြီးတစ်ခုလုံးသည် သံကွန်ချာထဲတွင် ရောက်နေသည်ကို သူတို့နားမလည်။ လှောင်အိမ်ထဲက လွှတ်ပေးလိုက်သည်ကို လွတ်ပြီ ကျွတ်ပြီထင်ကာ ငှက်တွေ ပျော်နေကြသည်။
ဥယျာဉ်ကြီးတစ်ခုလုံးကို သံကွန်ချာကြီးနှင့် ဖုံးအုပ်ရသည့်အတွက် ကုန်ကျစရိတ်များ ကာမိစေရန် ပြည်သူတွေ အခွန်ငွေတိုးဆောင်ရသည်။
တင်ညွန့်
၁.၁.၂၀၂၆