ဂုဏ်ဆာကြသူများ

 ဂုဏ်ဆာကြသူများ

-----------------

တစ်နေ့တွင် တက္ကသီလာ တစ်ကျောင်းတည်းထွက် ဆရာသုံးဦးသည် လမ်းတွင် ဆုံကြသည်။ 


“အလို အဆွေတို့ မတွေ့တာကြာမှပဲ”


“အင်းဗျာ တစ်ကျောင်းတည်းဆင်း ... တစ်ရေတည်းသောက် ... တစ်အိုးတည်းစားခဲ့ပြီးတော့ မြို့သုံးမြို့ ... ကျောင်းသုံးကျောင်းမှာ ထင်ရှားတဲ့ ဆရာတွေဖြစ်လာမှ ဂုဏ်ယူကာ ကြွားပြစရာများ ပြောကြတာပ”


ပထမဆရာ


“အဆွေတို့ ငါ့ကျောင်းတော်ကြီးကား နိုင်ငံ၏ အထင်ကရ ဘုရင်ကို မွေးထုတ်နိုင်ခဲ့တဲ့ ကျောင်းဗျ။ ဘုရင် ထွက်တဲ့ကျောင်းဖြစ်လို့ ဂုဏ်သတင်းကလည်း အကုန်ခင်းပြလို့ မကုန်နိုင်ဘူးပေါ့”


ဒုတိယဆရာ


“ကောင်းပါ့ဗျား ... နိုင်ငံအုပ်ချုပ် မင်းလုပ်နေတဲ့ ဘုရင်ကို မွေးထုတ်နိုင်တဲ့ကျောင်းဆိုတော့ ကောင်းပေါ့ဗျား ... ဒါပေမဲ့ အဲဒီဘုရင် တိုင်းပြည်ကို အေးချမ်းစွာ စီမံအုပ်ချုပ်နိုင်အောင် စစ်သူကြီးကောင်းကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ကျုပ်တို့ရဲ့ကျောင်းကလည်း ဘယ်မှာနိမ့်လို့တုန်းအဆွေရဲ့။ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး စစ်ရေးကို တာဝန် ယူထားရတဲ့ စစ်သည်တော်ကောင်းကို မွေးထုတ်နိုင်ခဲ့တာပဲ”


တတိယဆရာက နှုတ်ဆိတ်နေရှာသည်။ 


“အလို အဆွေတော် အဆွေတော့်ကျောင်းကတော့ တိုင်းပြည်မှာ အထင်ကရ ပုဂ္ဂိုလ်ကျော်တွေကို မွေးထုတ် ပေးနိုင်လောက်အောင် ဂုဏ်သတင်းမကြီးလို့ နှုတ်ပိတ်စရာဖြစ်နေတာပေါ့”


တတိယဆရာက ပြောသည်


“အဆွေတော်တို့ ငါ့ကျောင်းတော်က ဘုရင်လည်း မမွေးထုတ်၊ စစ်သူကြီးလည်း မမွေးထုတ်နိုင်ခဲ့ပါ။ သို့သော် ငါ့ကျောင်းထွက် ကျောင်းသားမှန်သမျှ တိုင်းပြည်အတွင်း ခိုးခြင်း၊ ဝှက်ခြင်း၊ လုယက်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ဆူပူသောင်းကျန်းခြင်းတို့ ပြုသူ တစ်ဦးမျှ မရှိပါ။ ယနေ့တိုင် အချုပ်ထောင်ရောက်ခြင်း၊ တရားရုံးရောက်ခြင်း၊ တရားစီရင်ခြင်း ခံရသူ တစ်ဦးမျှမရှိပါ။ ငါ့ကျောင်းသားများသည် ဥစ္စာပစ္စည်းချမ်းသာသူများ မဟုတ်ကြပါ။ သို့သော် အကျင့်သီလအရာတွင် သူမတူအောင် စောင့်ထိန်းနိုင်ကြသူများအဖြစ် မွေးထုတ်နိုင်ခဲ့သောကြောင့် ဂုဏ်ယူနေမိပါသည်” ဟုဆိုလိုက်သည်။ 


ထိုတိုင်းပြည်တွင် တတိယဆရာ၏ ကျောင်းထွက်များသည်


ဘုရင်မဟုတ်


စစ်သူကြီးမလုပ်


တိုင်းပြည်ကို မအုပ်ချုပ်


သို့သော် တတိယကျောင်းထွက် သူတော်ကောင်းတွေက နေရာအနှံ့ရှိနေသောကြောင့် တိုင်းပြည်အေးချမ်းကာ သာယာနေရခြင်းဖြစ်ကြောင်း၊ သီလဖြင့် တိုင်းပြည်ကို ကယ်တင်နေကြကြောင်း ပြည်သူတိုင်းကသိကြသည်။ 


တင်ညွန့်


၁၉.၁.၂၀၂၁