ဘာအရေးအကြီးဆုံးလဲ

 ဘာအရေးအကြီးဆုံးလဲ

-----------------------

ဖခင်ကြီး ဦးစိန်းရန်ကုန်ကို လာလည်မည်ဆိုသောကြောင့် ကိုလွင်မော်နှင့် မနွယ်နီတို့ ပျော်ရွှင်နေကြသည်။


ဦးစိန်းသည် သူ့ရွာကို အလွန်ခင်တွယ်သူဖြစ်သည်။ မိခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက်မှသာ နွယ်နီက သူ့ဖခင်ကို မြို့သို့ခေါ်၍ရခြင်းဖြစ်သည်။ သူတို့ကလည်း အလုပ်ကိစ္စတွေများသဖြင့် ဝေးလံသောရွာကို တစ်နှစ် တစ်ခေါက်ပင် မရောက်ချင်။ ယခုတော့ ဦးစိန်းက ရန်ကုန်ကို လာခဲ့မည်ဖြစ်ကြောင်း ဖုန်းဆက်သဖြင့် သူတို့ ပျော်ရွှင်သွားကြသည်။


တနင်္ဂနွေနေ့ဖြစ်သည်။


မနက်ခင်းအစောကြီးကတည်းက သူ့ဖခင်ကို အဝေးပြေးကားဂိတ်တွင် တက္ကစီဖြင့် သွားကြိုလာကြသည်။


နေ့လယ်စာစားပြီးနောက် ဦးစိန်းက သမီးနှင့် သမက်အပြင် မြေးတွေကိုပါထိုင်ခိုင်းပြီး စကားလက်ဆုံ ပြောမကုန်ဖြစ်နေကြသည်။


မြေးနှစ်ယောက်က ကျူရှင်ဆိုပြီးထွက်သွားကြသည်။ သမီးနှင့်သမက်နှစ်ယောက်တည်းရှိချိန်တွင် ဦးစိန်းက သမီးကို မေးခွန်းတစ်ခုမေးလိုက်သည်။


“သမီးကြီး … သမီးကြီးဘဝမှာ အရေးအကြီးဆုံးက ဘာလဲကွယ်”


မထင်မှတ်ထားသော မေးခွန်းကြောင့် နွယ်နီကြောင်သွားသည်။ ထို့နောက် စဉ်းစားလိုက်ပြီး


“ဖေဖေရယ် … သမီးဘဝမှာ အရေးအကြီးဆုံးက သားနဲ့သမီးပေါ့။ သူတို့နှစ်ယောက်ဟာ သမီးတို့ဘဝအတွက် အရေးအကြီးဆုံးပေါ့ဖေဖေ”


ဦးစိန်းကပြုံးလိုက်ပြီး သူ့သမက်ဖြစ်သူဘက်ကိုလှည့်ကာ


“မောင်လွင်မော် … မင်းကိုလည်း မေးချင်သကွယ်။ မင်းဘဝမှာ အရေးအကြီးဆုံးဟာဘာလဲ”


“အဖေ … ကျွန်တော်လည်း နွယ်နီ့လိုပါပဲ။ ကျွန်တော်တို့ဘဝမှာ အရေးအကြီးဆုံးဟာ သားနဲ့ သမီးပါပဲ”


ဦးစိန်းက ခေါင်းလေး တညိတ်ညိတ်နှင့်လုပ်ပြီး


“သားနဲ့သမီးဆီက မြေးလေးတွေဟာ မင်းတို့အတွက် အရေးအကြီးဆုံးလို့ပြောတဲ့စကားတွေ ကြားလိုက် ရတာ အဖေဝမ်းသာပါတယ်။ ဒါပေမဲ့ ကလေးတွေဟာ သားတို့သမီးတို့ဘဝမှာ အရေးအကြီးဆုံးလို့ သတ်မှတ် ထားတယ်ဆိုတာကတော့ သိပ်ပြီးကျေနပ်စရာကောင်းတဲ့အဖြေမဟုတ်ဘူးကွယ်”


“ဘာဖြစ်လို့လဲဖေဖေ”


“အင်း ဒီကိုရောက်လာကတည်းက အဖေသတိထားကြည့်မိပါတယ်။ မင်းတို့နှစ်ယောက် ကလေးနှစ်ယောက် အပေါ်မှာ ဘယ်လောက်ချစ်တယ်၊ ဘယ်လောက်အရေးပေးတယ်ဆိုတာတွေ အဖေတွေ့ရတာပဲ။ ဒါပေမဲ့ မင်းတို့ကို အဖေတစ်ခုလောက်တော့ ပြောချင်တယ်။ မင်းတို့ဟာ သူတို့ကိုဘဝကြီးတစ်ခုလို သဘောထားတာ ကတော့ သိပ်မမှန်ဘူး”


“အဖေဘာကို ဆိုလိုချင်တာလဲခင်ဗျာ”


“အဖေက တောမှာနွားမွေးတယ်။ အဖေ့ကို ဦးစိန်းခင်ဗျားလောကမှာ ဘာကို အလေးအထားဆုံးလဲ၊ အရေးအကြီးဆုံးလဲလို့ မေးရင် အဖေလည်း ငါ့နွားတွေလို့ ဖြေမိမှာပဲ။ ဘာကြောင့်လဲ သိလား”


“ဘာကြောင့်လဲအဖေ”


“အဖေ့နွားတွေက အဖေ့စီးပွားရေးလေ။ အဖေက အဲဒီနွားတွေမွေးပြီး နို့ရောင်းတယ်။ အဲဒီဝင်ငွေနဲ့ အဖေ ရပ်တည်နေရတာကိုး။ ဒါကြောင့် နွားတွေကို ပြုစုစောင့်ရှောက်ရတဲ့အလုပ်ဟာ အဖေ့ရဲ့ ပထမဦးစားပေး အလုပ်လို့ ပြောချင်တယ်။ အဖေက နွားတွေကို ဂရုမစိုက်ရင်၊ နွားတွေကို ပစ်ထားလိုက်ရင် ဘယ်မှာ နို့ကောင်း ကောင်းထွက်တော့မလဲနော်”


“ဖေဖေ ဘာကိုပြောချင်တာလဲဟင် … သမီးတော့ သဘောမပေါက်ဘူး”


“လောကမှာ အရေးအကြီးဆုံးဟာ ဘာဆိုတာကို သားတို့ သမီးတို့ဆင်ခြင်နိုင်အောင်ပြောနေတာပါ”


“ဟုတ်ကဲ့ ကျွန်တော်တို့နားလည်အောင် ရှင်းပြပါအဖေ”


“အိမ်ထောင်တစ်ခုမှာ မိန်းမတစ်ယောက်ရဲ့ အရေးအကြီးဆုံးဟာ သူ့ရဲ့ခင်ပွန်းပဲဖြစ်သင့်တယ်။ အဲဒီလိုပဲ ယောက်ျားတစ်ယောက်ရဲ့ အရေးအကြီးဆုံးကလည်း သူ့ဇနီးပဲဖြစ်သင့်တယ်”


လွင်မော်ရော မနွယ်နီပါ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။


“မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ဂရုစိုက်ဖို့က အရေးအကြီးဆုံးကွယ့်။ မင်းတို့ နှစ်ယောက်က တကျက်ကျက်ဖြစ်နေရင်၊ တစ်ယောက်နဲ့တစ်ယောက် လျစ်လျူရှုနေကြရင် အိမ်တွင်းရေးမှာ ပြဿနာတွေ အများကြီးဖြစ်လာတော့မှာပေါ့။ ကလေးတွေကိုချစ်တယ်၊ အရေးကြီးတယ်လို့ထင်ရင် မင်းတို့နှစ် ယောက်က အရင်ဆုံးချစ်ခင်ကြင်နာကြဖို့လိုလိမ့်မယ်။ အိမ်ထောင်တစ်ခုမှာ အရေးအကြီးဆုံးက မင်းတို့ နှစ်ယောက်ပဲ။ မင်းတို့နှစ်ယောက်ဟာ အိမ်ထောင်တစ်ခုရဲ့ အုတ်မြစ်ပဲ။ အဲဒီအုတ်မြစ်က အက်ကြောင်းတွေ ဖြစ်ပြီး လှိုက်စားနေမယ်ဆိုရင် အဲဒီအိမ်ထောင်ရေးဟာ ဘယ်လိုလုပ်ပြီး သာယာနိုင်တော့မလဲ။ အိမ်ထောင်ရေး မသာယာရင် သားသမီးတွေကို ဘယ်လိုပျိုးထောင်မလဲ။ သူတို့ကို ဘယ်လိုချစ်ရာရောက်နိုင်မလဲ။ ဒါကြောင့် အဖေပြောချင်တာက အိမ်ထောင်တစ်ခု၊ ဘဝတစ်ခုမှာ လင်နဲ့မယားက အရေးအကြီးဆုံး၊ ဦးစားအပေးသင့်ဆုံးပဲ ဖြစ်သင့်တယ်။ နားလည်ပြီလားသမီး”


“ဟုတ်ကဲ့နားလည်ပါပြီဖေဖေ”


“မောင်လွင်မော် အဖေပြောတာ ဘယ်လိုသဘောရသလဲ”


“ဟုတ်ကဲ့ အဖေပြောတာ အလွန်သင့်မြတ်ပါတယ်ခင်ဗျာ”


“အဲဒါ မင်းအမေနဲ့အဖေ နှစ်ပေါင်း ၅၀ တိုင်အောင် လက်တွဲနိုင်ခဲ့တဲ့အကြောင်းတရားပဲ။ အဖေတို့ အိမ်ထောင်ရေးမှာ အဲဒီလို ပြဿနာတွေဘာမှမရှိခဲ့လို့လည်း သားသမီး ၇ ယောက်စလုံးကို အားလုံး ပညာတတ် တွေဖြစ်အောင်၊ သူများအောက်ကျနောက်ကျမဖြစ်အောင် ပျိုးထောင်နိုင်ခဲ့တာပေါ့။ ဒါကြောင့် သားသမီးဆိုတာ ထက် အိမ်ထောင်တစ်ခုမှာ လင်နဲ့မယားက ပိုအရေးကြီးတယ် မှတ်ထားကြကွယ်”


လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။


“အဖေ ကျွန်တော်တို့နဲ့ပဲ ရန်ကုန်မှာနေပါလား”


“မနေနိုင်ဘူးကွယ် … ခုတောင် ငါ့နွားတွေကို ငါလွမ်းနေတာ။ သုံးရက်ပဲနေမယ်။ ပြီးရင်ပြန်မယ်။ မသေခင် ရွှေတိဂုံဘုရားကြီးကို ဖူးချင်လို့လာတာ။ ဘာဖြစ်လို့လဲကွယ်”


“အဖေ့ဆီက ဆုံးမစကားတွေကို ကြားချင်လို့ပါအဖေ”


“ဆုံးမစကားဆိုတာ နေ့တိုင်းကြားရင် အဘိုးကြီးက ပစိပစပ်များတယ်ဆိုပြီး ဖြစ်သွားတတ်တယ်ကွယ့်။ လူကြီးတွေက နေရာတိုင်းလည်း လိုက်ပြောနေဖို့ မလိုဘူး။ သိတိုင်းလည်းမပြောရဘူး။ မြင်တိုင်းလည်း မပြောရဘူး။ ခုလည်း အဖေ့စကားက တစ်ခါတစ်ရံမို့ မင်းတို့နားဝင်ချိုတာ။ အဖေက နွားတွေနဲ့ပဲ စကားပြောချင်တာ။ အဖေ့နွားတွေက အဖေဘယ်လောက်ပြောပြော အဖေ့ကိုတစ်ခါမှ ငြူစူကြတာ မဟုတ်ဘူး”


(The Foundation of a Family ဆိုသည့် အိန္ဒိယဇာတ်လမ်းလေးတစ်ခုကို မှီငြမ်းထားခြင်းဖြစ်သည်)


တင်ညွန့်


၂၁.၁.၂၀၂၆