ဆင်နင်း၍ သေပြီးနောက် (စ/ဆုံး)

 မူရင်းရေးသူ ဆရာ မောင်ညိုမှိုင်း(သန်လျင်)


ကျွန်ပ် ဆရာ ဦးကျော်စွာဗလသည် ဗိနွောနှင့်
ပယောဂ တွဲကိုင်သည့် ဆေးဆရာတစ်ဦးဖြစ်၏။
ဗိန္ဓောဆေးကို ဘိုးစဉ်ဘွားဆက် အမွေခံရသမို့
ကျွမ်းကျင်ပါသော်လည်း ပယောဂကား အလုံးစုံ
ပြီးမြောက်အောင် မစွမ်းဆောင်နိုင်သေး။

လေ့လာရင်း တွဲဖက်ဆက်စပ် ကုသအဆင့်မှာသာ
ရှိနေသေး၏။ တစ်နေ့သောအခါ ဝက်လက်ကြီးရွာမှာ
အရူး(စိတ်ရောဂါ)ရောဂါသည် လူနာတစ်ဦးအား
ကြည့်ရှုစစ်ဆေးပေးပြီး ပြန်လာခဲ့သည်။

ကုလားသင်္ချိုင်းရှေ့သို့ ရောက်သောအခါ နွားကျောင်းသား
လူငယ်ငါးယောက်သည် ဂူတစ်လုံးပေါ်ရှိ
အရာဝတ္ထုတစ်ခုကို ဝိုင်းကြည့်သဘောကျနေကြသဖြင့်
ဘာများပါလိမ့်ဟု သိချင်စိတ်ပြင်းပြကာ
ဝင်ကြည့်မိလိုက်၏။

"မိန်းမဦးခေါင်းကွ"

"မဟုတ်ဘူး ယောင်္ကျားဦးခေါင်း"

"မိန်းမပါကွ"

"ယောင်္ကျားကွ မယုံရင် ဟိုကလာနေတဲ့ဘကြီးကို
မေးကြည့်လေ"

သို့နှင့် ကျွန်ပ်လည်း သူတို့အနားသို့ ရောက်သွားခဲ့၏။
ကြည့်လိုက်တော့ အုတ်ဂူပေါ်မှာ
လူဦးခေါင်းခွံခြောက်တစ်လုံး

"အဘ"

"ဟေ"

ဒီဂူပေါ်က ဦးခေါင်းဟာ မိန်းမဦးခေါင်းလား
ယောင်္ကျားဦးခေါင်းလား ခင်ဗျ"

"မိန်းမဦးခေါင်ပါဗျာနောအဘ"

"မင်း အသာနေပါ အဘ ပြောပါလိမ့်မယ်"

သည့်နောက် သူတို့ငါးဦး စကားအငြင်းခုံပွဲကို
အဆုံးသတ်နိုင်ရန် ကျွန်ပ်က ဂူပေါ်မှ ဦးခေါင်းခွံကို
သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်၏။

ဦးခေါင်းခွံသည် မျက်တွင်းဟောက်ပက် နားထင်ချိုင့်နှင့်
သွားများ မကျွတ်ဘဲ ကျန်နေသေး၏။မေးရိုးသွယ်ပုံကို
ကြည့်၍လည်းကောင်း သွားသေးပုံအနေအထားကို
ကြည့်၍လည်းကောင်း။ ပါးရိုးနေရာကျဉ်းပုံကို
ကြည့်၍ လည်းကောင်း ဒါသည် မိန်းမဦးခေါင်းခွံမှန်း
သိလိုက်သဖြင့်

"လူကလေးတို့"

"ပြောပါ အဘ"

"ဒါ မိန်းမတစ်ယောက်ရဲ့ ဦးခေါင်းခွံ
အစစ်အမှန်ဖြစ်တယ်ကွယ့်"

"ဝေး ငါပြောတာ မဟုတ်ဘူးလား နှပ်ချေးထူးရ ဟင်"

သျှောင်ပေစူးနှင့် သူငယ်က သူပြောတာ မှန်နေ၍
နှပ်ချေးတွဲလောင်းနှင့် နွားကျောင်းသားကိုကြည့်ပြီး
ခါးတောက်လို့ ပြောလိုက်၏။

ဒီမှာ ကျွန်ပ် မမျှော်လင့်ဘဲ လူဦးခေါင်းပေါ်မှ
စာတိုတစ်ကြောင်းကိုတွေ့၍ အနားကပ် ဖတ်ရှုလိုက်၏။
စာတိုကား မီးသွေးနှင့် ရေးထားပုံရ၏။

သေသေချာ ဖတ်လိုက်တော့ ထူးဆန်းသော
အဓိပ်ပါယျပါသညျ့ စာကြောင်းတစ်ကြောင်း
ဖြစ်နေ၏။ အဓိပ်ပါယျကား

'ဆင်နင်း၍ သေပြီးနောက်'ဟူသတည်း။

"လူကလေးတို့ ဒီစာက လူကလေးတို့ ရေးထားတာလားကွယ့်"

"မရေးဘူးခင်ဗျ။ စတွေ့ကတည်းက အဲဒီစာတန်းက
ရှိနေတာပါ "

"လူကလေးတို့တင်ထားတာလား"

ကျွန်ပ် စဉ်းစားသည်။'ဆင်နှင်း၍ သေပြီးနောက်'
'ဆင်နင်း၍ သေပြီးနောက် '

မဟုတ်မှလွဲရော ဤဦးခေါင်းပိုင်ရှင် မိန်းမသည်
အမှန်တကယ် ဆင်နင်း၍ သေခဲ့သည့် မိန်းမဖြစ်ရပေလိမ့်မည်။

ကြည့်ရတာ ကာလအတန်ကြာပုံရခဲ့ပြီ။
သို့သော် စဉ်းစားစရာ အချက်က ရှိနေ၏။
'ဆင်နင်း၍ သေပြီးနောက်'တဲ့
ဒီစာကို ဘယ်သူများရေးခဲ့သလဲ ဘာအဓိပ်ပါယျနှငျ့
ရေးခဲ့သလဲ။သူမ ဆင်နင်းခံရ၍ သေပြီး ဘာဖြစ်သွားသလဲ။

နတ်ပြည်ရောက်သွားသလား
ငရဲပြည်သွားသလား
ပွိတ်တာရှာသိို့ ရောက်သွားသလား
ဒီသင်္ချိုင်းမှာပါ တစ္ဆေသရဲ ဖြစ်နေသလား
ကျွန်ပ် အရမ်းကို စိတ်ဝင်စားသွား၏။

ဒီအချိန်၌ ကျွန်ပ်ဝန်းကျင်မှာ စောစောက
နွားကျောင်းသားများ မရှိကြတော့။
ဟိုးအဝေးလယ်ကွင်းရှိရာသို့ ပြေးထွက်သွားခဲ့ကြပြီ။

ကျွန်ပ်၏ စိတ်သဘောဝကား အရာရာကို စူးစမ်းလို၏။
သိချင်စိတ်ပြင်းပြ၏။ ယခုလည်း ဒီဦးခေါင်းခွံပေါ်မှ
စာတန်းကို ဖတ်၍ ဤကွယ်လွန်သူ မိန်းမ၏
နောက်ဆက်တွဲ ဘဝကို သိချင်နေ၏။

သို့နှင့် စူးစမ်းလေ့လာရန် အလို့ငှာ ဂူပေါ်မှ
မိန်းမဦးခေါင်းခွံကို လှမ်းယူလိုက်၍ အလှည့်

"ဟင်"

ကြည့်လိုက်တော့ အဘိုးအိုတစ်ဦး တိုက်ပုံရင်ကွဲ
ရင်ဘတ်ဟပြဲနှင့်။ ဆံပင်ရှည်များက လိန်ကောက်၍
နောက်ကျောမှာ ဝဲဖြာကျနေ၏။မျက်နှာကား
လေးထောင့်ကြီး။ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးများကလည်း
ကုတ်ဝင်ဖားလျားနှင့်။

ပုဆိုးအပေါက်ကြီးကို ဒူးပေါ်အောင်ဝတ်ပြီး
လွတ်အိတ်ကြီးတစ်လုံး လွယ်ရင်းက ကျွန်ပ်ရဲ့
ဖြစ်အင်ကို ကြည့်၍ အားရပါးရ ရယ်နေ၏။

"ဟား ဟား ဟား ဟား "

"အဟမွးအဟမွးအဟမွးအဟမွး"

"ဘကြီး"

"ဟေ"

"ဘာလို့ ရယ်နေတာလဲ"

"မင်းအဖြစ်ကို ကြည့်ပြီး သဘောကျလို့ပါ နေပါဦး
ဒီ လူဦးခေါင်းခွံက ဘာလုပ်ဖို့လဲ။ ဘာလဲ မင်းက
ပယောဂဆရာလား။ မျက်လှည့်ဆရာလား
ဟား ဟား ဟား"

"ဘာ ဖြစ်လို့လဲ ဘ ကြီးပစ္စည်းမို့လို့လား"

"ငါ့ပစ္စည်းလည်း မဟုတ်ပါဘူး သုသာန်သင်္ချိုင်းက ပစ္စည်းပါ"

"သြော် ဘကြီး တင်ထားတာလား။ဒါဆိုမေးပါရစေ
ဘကြီးရာ"

"မေးလကွာ"

အဘိုးကြီးက ပြောရင်း လွတ်အိတ်ကိုပိုက်လို့ ဂူပေါ်မှာ
တင်ပလွဲထိုင်ပြီး ကွမ်းဝါးနေ၏။

"ဒီခေါင်းခွံရဲ့ နဖူးမှာ ဆင်နင်းလို့ သေပြီးနောက်လို့
စာရေးထားတယ်။ သူ တကယ် ဆင်နင်းလို့ သေတာလား"

"အိမ်း"

"ဘကြီးနဲ့ သိလို့လား"

"ငါသမထကမ္မဋ္ဌာန်းမျက်လုံးထဲမှာ ပေါ်လာလို့
ရေးလိုက်တာကွ"

"ဘကြီးက ဒီသင်္ချိုင်းမှာ ကမ္မဋ္ဌာန်းထိုင်လို့လား"

"ဟုတ်ပ ဒီနေ့က ကိုးရက်စေ့သွားပြီး ။ဒီနေ့
ပြန်တော့မှာ။ ဒီသင်္ချိုင်းက ပရပုဂ္ဂိုလ်သားတွေကို
လာနှုတ်ဆက်တာ။ ဒီမှာ မင်းဖြစ်ပုံကို ကြည့်ပြီး
သဘောကျလို့ ရယ်တာပ"

"ဒါဆို မသိလို့ မေးပါရစေဘကြီးရာ"

"မေးကွာ မေး ကြိုက်တာမေး ဟေဟေ"

သူ့ကြည့်ရတာကလည်း အူကြောင်ကြောင်နဲ့ဗျ။
အရူးပဲလားတော့ မသိ။

"ဒီမိန်းမဆင်နင်းလို့သေပြီး ဘာဖြစ်သွားလဲဟင်"

"ဟား ဟား ဟား ဟား ဒါလား မင်း မဆိုးဘူး
မိန်းမဦးခေါင်းခွံမှန်း သိသားပဲ။ ဒီမိန်းမ ဆင်နင်းလို့
သေပြီးနောက် ဘာဖြစ်သလဲ ။ ဘာဆက်လုပ်နိုင်သလဲ
ကောင်းကျိုးဆိုးကျိုး ဒါကို မင်း သိချင်တာ မဟုတ်လား"

"ဟုတ်ကဲ့"

"မင်းနာမည် ဘယ်သူ"

"ကျော်စွာဗလပါ ခင်ဗျ"

"အေး ဟို အရှေ့ရွာက အရူးကို ဆေးကုပြီး
ပြန်လာတဲ့ ဗိန္ဓောဆရာ အောင်ကျော်စွာဗလ"

"ဟင် အဘက ကျနော့်အလုပ်ကိုပါ သိနေတယ်"

"ဒါ မဆန်းပါဘူးကွာ။ သမထနဲ့ ကမ္မဋ္ဌာန်းအဆင့်ပေါက်ရင်
ဒါ ထမင်းစားရေသောက်အလုပ်ပါ။ ဒီမှာ ဒီမိန်းမ
ရှေ့လျှောက်ဘာလုပ်နိုင်တယ်။ ဘာဖြစ်နေတယ်ကို
သိချင်ရင် ယူရဲရင် ယူကြည့်။ (၇)ရက်စေ့လို့
အဲဒီ ဆင်နင်းလို့သေတဲမိန်းမရဲ့ ကောင်းကျိုးဆိုးကျိုးအနက်
တစ်ခုခုကို မင်းသိရလိမ့်မယ်။
ဒီမှာ ဗိန္ဓောအောင်ကျာ်စွာဗလရဲ့။
လူဘဝရဲ့ အဆုံးအစမရှိ ကံစီမံချက်ကို သိချင်ရင်
ကိုယ်တိုင်လေ့လာကွ။ ငါ့တော့ သင်္ချ ိုင်းစုံအောင်
ကမ္မဋ္ဌာန်းရှုပြီး လေ့လာနေလို့ အတော်အတန်
နားလည်နေပြီ။ မင်း သိရအောင် ယူသွားပေါ့ကွာ။
တစ်နေ့ အဖြေပေါ်လိမ့်မယ်"

"အဘ ယူသွားခွင့် ပြုတယ်ပေါ့"

"သင်္ချိုင်းက ပစ္စည်းပါကွာ ။ ဒါ ငါ့မယားမဟုတ်ပါဘူး။
ယူသွားခေါ်သွား"

ဒါနဲ့ မိန်းမဦးခေါင်းခွံကြီးကို သူတေသနလုပ်ဖို့
လွတ်အိတ်ထဲထည့်ပြီး လွယ်လိုက်သည်။
ပြန်ခါနီး အဘိုးကြီးကို နှုတ်ဆက်လိုက်၏။

"အဘ ကျနော်ပြန်မယ်"

"အေး ပြန် ။ အဖြေသိရရင် ငါ့လည်း လာပြောနော်"

"အဘကို ပြန်ပြောဖို့ ဘယ်မှာတွေ့ရမှာလဲ ခင်ဗျ"

"(၇)ရက်စေ့ရင် ဒီသင်္ချိုင်းဂူပေါ်ကနေ စောင့်နေပါ့မယ်
မောင်ရာ"

"အဘနာမည်ကရော ခင်ဗျ"

"ဘတိုက်ပုံ ဦးရာကျော်တဲ့"

"ဗျာဘတိုက်ပုံ ဦးရာကျော်"

"ဟုတ်သဗျာဟားဟားဟားလူထူးဆန်း
ဘတိုက်ပုံဦးရာကျော်လို့ အချို့က ခေါ်ကြသကွ။
နောက်တစ်နာမည် ရှိသေးသကွ"

"ဘယ်လိုခေါ်လို့လဲ အဘ"

"အရူးအရူးတဲ့ ဟား ဟားဟားဟား"

xXXX

ကျွန်ပ်သည် အိမ်သို့ရောက်သည်နှင့် အိမ်ရှင်မ(ဇနီးသည်)
မသိအောင် မိန်းမဦးခေါင်းခွံအား သံသေတ္တာထဲမှာ
သော့ခတ်၍ သိမ်းထားလိုက်၏။

ပြောရလျှင် ကျွန်ပ်၏အိမ်ရှေ့ စားပေါ်မှာ ဗိန္ဓေဆေးပစ္စည်း
အမျိုးမျိုး။ သိဒ္ဓိဝင် ပစ္စည်းအမျိုးမျိုးနှင့် အင်း လက်ဖွဲ့
ကျောက်စာ အရိုး အမြုတေပစ္စည်း အမျိုးမျိုးရှိနေ၏။

ထူးဆန်းသောပစ္စည်းများကို ကျွန်ပ်သည် စုဆောင်း
ရှာဖွေ၍ အကျိုးအပြစ်တို့အား လေ့လာသုံးသပ်လျှက်
လိုအပ်သလို အသုံးချလေ့ရှိ၏။

ဒီလိုနှင့် ဇနီးသည် စျေးရောင်းထွက်သည်နှင့်
သံသေတ္တာကိုဖွင့်၍ ဆင်နင်းလို့သေသည့်
မိန်းမဦးခေါင်းခွံကို ဖွင့်ကြည့်ခဲ့ပြီး စစ်ဆေးကြည့်၏။

ဘာမှမထူးခြား။အရိုးခေါင်းခွံက သည့်အတိုင်းရှိနေ၏။
ပရဝိညာဉ် ပူးကပ်နေလျှင် အသံပြုရမည်။
အခုထိ ဘာသံမျှမကြားရ။အပုပ်နံ့လည်း မပေး။
အိပ်မက်လည်း မပေး။ ထူးခြားသော အရိပ်အယောင်
စိုးစဉ်းမျှ မပြခဲ့။

မိန်းမလစ်သည်နှင့် သေတ္တာကို
ဖွင့်ကြည့်စစ်ဆေးခဲ့သည်မှာ
(၅)ရက်မြောက်ခဲ့ပြီ။ ဘာဆိုဘာမှ မထူးခြား။

( ၆ )ရက်မြောက်သောနေ့၌ မွန်းတည့်ချိန်၌
မိန်းမ မရှိခိုက် ထုံးစံအတိုင်း သံသေတ္တာကို
ဖွင့်ကြည့်လိုက်သောအခါ အထဲမှာ မိန်းမဦးခေါင်းခွံ မရှိ။

သို့နှင့် နေရာအနှံ့ လိုက်ရှာ၏။ လုံးဝမတွေ့။
ကျွန်ပ် ထူးဆန်းစွာ ပျောက်သွားသည့် လူဦးခေါင်းခွံ
အကြောင်း စဉ်းစားရင်း ညနေစာ ထမင်းပင်
မစားနိုင်။

မိန်းမ ပြန်ရောက်လာသောအခါ ကျွန်ပ်၏
ဂနာမငြိမ်ဖြစ်နေသော ဖြစ်အင်ကို ကြည့်၍
မိန်းမက မျက်စောင်းတခဲခဲ ဖြစ်နေ၏။

သူခိုးများ ခိုးသွားရော့လား

သူခိုးကရော ခိုးချင်ရင် ရွှေ။ ငွေ ။ အိုးခွက်ပန်းကန်
အဝတ်အစားကိုသာ ခိုးလိမ့်မည်။ ဒီလူဦးခေါင်းခွံကြီးကို
ဘာလုပ်ဖို့ ခိုးမှာလဲ။

မဟုတ်မှလွဲရော မိန်းမလက်ချက်များလား

နောက်ဆုံး နှစ်ယောက်ထဲနေသည့် အိမ်မို့ ဇနီးလုပ်သူကို
ဖွင့်၍ မေးရတော့သည်။

"မရှင်"

"ဘာတုံး"

ဇနီးသည်အသံက ခါတိုင်းနှင့် မတူ မာကြောနေ၏။
စိတ်ခု စိတ်တို နေပုံရ၏။

"ညည်းကို မေးစရာရှိလို့"

"ရှင်က ထူးထူးဆန်းဆန်း ဘာများမေးချင်နေလို့လဲ"

"ဟိုဟိုဟာဟာဟိုဒင်း"

"ဘာဟိုဒင်းလဲဘာဟိုဒင်းလဲဟင်"

"ဒီလိုဟာ ဟိုဟာ ဟာ ဟိုဟာ"

"ဒီမှာကိုကျော်စွာ"

"ဘာလဲဟ"

"ရှင် အခုတစ်လော မူအတော်ပျက်နေတယ်။
ရှင် ဘာဖြစ်နေတာလဲ ကျမကို ရှင် အမှန်အတိုင်းပြောနော်"

"အေးပါ ပြောမလို့ပါ ။ ဒီမှာ ဟိုအိမ်ရှေ့က
သံသေတ္တာထဲက ပစ္စည်းတစ်ခုများ ညည်း
ယူလွှင့်ပစ်လိုက်လားလို့"

"ဘာပစ္စည်းလဲ"

"ဟို ဟိုလူ လူဦးခေါင်းခွံ"

"သြော် မိန်းမဦးခေါင်းခွံကို ပြောနေတာကိုး"

"အလိုညည်းက မိန်းမဦးခေါင်းခွံလို့ ဘာလို့
သိနေတာလဲ ဟင်"

"ဟင်းဟင်းလက်စသတ်တော့ ဒီလိုကိုး။
ကျုပ်ကလည်း တော့်ရည်းစားဟောင်းရဲ့ ဦးခေါင်းခွံကို
မမေ့နိုင် မပျောက်နိုင် လွမ်းတသသဖြစ်ပြီး
နေ့စဉ် ထုတ်ထုတ်ကြည့်နေတာ အခုမှ ပေါ်တော့တယ်။
ကိုကျော်စွာရယ် ရှင် ရှင်သစ္စာမရှိတဲ့ယောင်္ကျား
အရိုးခေါင်းနဲ့တောင် ဖောက်ပြန်တဲ့ယောင်္ကျား
ကိုင်းကိုင်း"

"ဟဟမရှင် မရှင်"

"ကိုင်း"

"ဖုန်း"

"ဟ"

ဂလွမ်း ဂွမ်း

"မရှင် နေဦး"

"တော် သစ္စာမရှိတဲ့ယောင်္ကျား။ ဟိုဆရာပြောတာ
မှန်နေပြီ။ကျုပ် ရှင်နဲ့ မပေါင်းနိုင်ဘူး။
ကွာမယ်ဟီးဟီးဟီးဟီး"

ဇနီးသည် မရှင်ဟာ တွေ့ရာ ပစ္စည်းများနှင့် ကျွန်ပ်ကို
သည်းကြီးမည်းကြီး ပစ်ပေါက်ပြီးနောက် သူမရဲ့
ရင်ဘတ်ကို ထု၍ အော်ဟစ်ငိုကြွေးတော့သည်။
ကျွန်ပ်က အမျိုးမျိုး ချော့ရသည်။ချော့လေငိုလေ
ဖြစ်နေ၏။ သူမအကြိုက် ဆဲဆိုကြိမ်းမောင်းပြီးနောက်
သူမ အတန်ငယ် ငြိမ်သွားခဲ့သည်။
သည်တော့မှ ချော့၍ မေးရ၏။

"အခု အဲဒီ ပစ္စည်း ဘယ်မှာလဲဟင် မရှင်"

"မရှိတော့ဘူး"

"မရှိတော့ဘူး ။ မင်း မင်း ဘာလုပ်ပစ်လိုက်လဲဟင်ဟင်"

"ရှင်က ရှင်မယား ဦးခေါင်းကို သိပ်လွမ်းနေတာပေါ့
ဟုတ်လား"

"အဲဒါ ငါ့မယား။ ငါ့ရည်းစားဦးခေါင်း မဟုတ်ပါဘူး
မရှင်ရယ်"

"ရှင် ကျမကို မညာနဲ့တော့ ကိုကျော်စွာ ။ကျမ
ဆရာတစ်ဦးထံပြပြီး စစ်ဆေးမေးမြန်းပြီးပြီ"

"ဟေ ဘယ်ဆရာနဲ့ သွားပြလို့လဲဟာ ဟင်ဟင်"

"ဆရာ ဦးကျောက်ရွဲနဲ့"

" ဟာ သေပါတော့ကွာ"

ဆရာဦးကျောက်ရွဲဆိုတာက ပယောဂဆရာကြီး။
ကျွန်ပ်နှင့် ပြိုင်ဘက်ဖြစ်သည်။ကျွန်ပ်သည်
သူပယောဂနှင့် ကုသ၍ မပျောက်သည့် လူနာများကို
ကျွန်ပ်၏ ဗိန္ဓောဆေးနည်းနှင့် ကုသပေးရကာ
လူနာများ အတော်များများ ပျောက်ကင်းကျန်းမာကုန်ကြ၏။

ဤအချိန်အခါမှစ၍ ဆရာဦးကျောက်ရွဲက ကျွန်ပ်ကို
အငြိုးထား အမုန်းပွါးနေသည်မှာ ကာလအတန်ကြာပြီ
ဖြစ်၏။ ကျွန်ပ်အကြောင်းကို မဟုတ်မဟတ်
လုပ်ကြံ၍ ကွယ်ရာမှာ အပုပ်ချ၏။

နာမည်ဖျက်၏။ ကျွန်ပ်သိပါသော်လည်း
ကိုယ့်လမ်းကြောင်းပေါ်ကိုယ် တည့်တည့်လျှောက်၍
မသိချင်အောင် ပြုနေလိုက်၏။

ထိုမနာလိုဝန်တို ပြိုင်ဘက် ဆရာထံကိုမှ
တကူးတကာသွားရောက် အကူအညီ တောင်းခံ
စစ်ဆေးခံလိုက်သည်ဆိုသောအခါ

"ပြောပါဦး ကိုကျောက်ရွဲက မင်းကို ဘာတွေ
ချွန်တွန်းလိုက်သလဲ"

"ချွန်တာမဟုတ်ဘူး အမှန်အကန်ကို ပြောလိုက်တာ။
ကျမ ရှင့်ကို မသင်္ကာနေတာကြာပြီ။မနေ့က
သံသေတ္တာဖွင့်ကြည့်တော့ လူ ခေါင်းခွံ တစ်ခုကို
မမျှော်လင့်ဘဲ တွေ့ရရော။ ကြောက်လည်းကြောက်
သင်လည်း မသင်္ကာတာနဲ့ ဆရာကျောက်ရွဲကို
ပြသမေးမြန်းလိုက်ရော။ ဆရာကဒါမိန်းမဦးခေါင်းခွံတဲ့။
နဖူးက စာတန်းကို ဖတ်ပြီး ဒီမိန်းမ ဆင်နင်းလို့
သေခဲ့တာလို့ ပြောတယ်။ နောက်ပြီး ဒီဒီမိန်းမဟာ
ရှင်ရဲ့ မယားကြီးရည်းစားဦးတဲ့။ ဟီးဟီးဟီး
ရက်စက်ပါပေ့တော်"

"အဲဒီတော့ မင်း ဘာလုပ်လိုက်လဲ"

"ဆရာက ပြောတယ်။ဒီဦးခေါင်းကြောင့် ကျမ
တစ်နေ့ အသေဆိုးနဲ့ သေရလိမ့်မယ်။
နင် အချိန်မီရောက်လာတာ ကံသိပ်ကောင်းတယ်။
အိမ်ရောက်ရင် ဒီဦးခေါင်းခွံကို ကျောက်ဆုံထဲမှာ
ထည့်ထောင်းခြေပြီး မီးရှို့ရေမျှောလိုက်ဆိုလို့
ထောင်းထု မီးရှို့ပြီး သက်ငယ်ချောင်ချောင်းမှာ
ပြာတွေ မျှောပစ်လိုက်ပြီ။ ဟင့် ဟင့်အီး"

"ဟူးဒီလိုကိုးဒီလိုကိုး"

"မရှင်"

"မရှင်"

"ဟင့် ဟင့်အီး"

"တိတ်ပါ မိန်းမရာ။အဲဒါ မင်းရဲ့ဆရာ လူလိမ်ပြောသလို
ငါ့ရည်းစားရဲ့ ဦးခေါင်းခွံ မယားကြီးရဲ့ ဦးခေါင်းခွံလည်း
မဟုတ်ပါဘူး မိန်းမရာ။ အဖြစ်က ဒီလိုပါကွာ"

သည့်နောက် ကျွန်ပ်က သင်္ချိုင်းကုန်းဂူပေါ်မှ
ထူးဆန်းသော စာတန်းရေးထားသည့် ဦးခေါင်းခွံကို
တွေ့၍ ပယောဂပညာလည်း လေ့လာသုတေသနပြုနေသည်မို့
နောက်ပိုင်း ဘာကောင်းကျိုး ဆိုးကျိုး ဖြစ်လာနိုင်သလဲ
သိချင်၍ အိမ်သို့ ယူလာပြီး မင်း မသိအောင်
လေ့လာနေတာဖြစ်ကြောင်း ပြောသည့်တိုင်
မိန်းမက သိပ်မယုံချင်သေး။

ကျွန်ပ်ကို အမျိုးမျိုး ကျိန်တွယ်ခိုင်း၏။
သစ္စာရေတိုက်သေး၏။ နောက်ဆုံး အဓိကသက်သေပြရန်
(၇)ရက်မြောက်သောနေ့သို့ ရောက်သော်
လူထူးဆန်းဘတိုက်ပုံ ဦးရာကျော်စောင့်နေမည့်
ကုလားဝဲ သင်္ချိုင်းသို့ သူမကိုပါ ခေါ်လာခဲ့လိုက်သည်။

"သြော် ငါ့လူ တကယ်ရောက်လာတာကိုး။
အံမယ် အဖော်တွေ ဘာတွေနဲ့ပါလား။
ဘာလဲဟေ့ဆင်နင်းလို့သေတဲ့မိန်းမ
အသက်ပြန်ရှင်လာတာလားဟား ဟားဟား"

အရူးလိုလို အဘိုးကြီးဘတိုက်ပုံ ဦးရာကျော်က
သားသားနားနား လှလှပပမရှိတဲ့ ကျွန်ပ်မိန်းမကို
ကြည့်၍ ထုံးစံအတိုင်း အရွှန်းဖောက်လိုက်၏။

မရှင်ကား ဂူများ ။ မြေပုံများ ။ ခွေးအူသံများ။
ညောင်ရွက်လေတိုးသံများနှင့်အတူ ရွံစရာကောင်းလှသည့်
အရူးလိုလို ။ စဏ္ဍလလိုလို လူကြီးကို
မြင်လိုက်ရသောအခါ လန့်ပြီး တုန်နေ၏။

"ဘယ့်နှယ် အဖြေသိရပီမို့လား မောင်ကျော်စွာ"

"အဲဒီကိစ္စ ရှင်းပြချင်လို့ မိန်းမပါ ခေါ်လာခဲ့ရတာ
အဘေရ"

"သြော်ဒါက မင်းမိန်းမလား"

"ဟုတ်ကဲ့"

"မင်းနဲ့ တခြားစီပဲ။သူက တယ်ချောပဲအဟတ်"

"အဟဲ ဟဲဟဲချောတာကို ရွေးယူထားတာ အဘရ"

"အိမ်း ကောင်းတယ်ကောင်းတယ်။ကဲပြောပါဦး
ဆင်နင်းလို့သေပြီးနောက် အဲဒီဦးခေါင်းခွံက ဘာများ
မင်းကို အကျိုးပြုခဲ့သတုံး ထူးခြားမှုပြခဲ့သတုံး"

သည့်နောက် ကျွန်ပ်က အိမ်မှာ ဆင်နင်းလို့သေတဲ့
မိန်းမရဲ့ ဦးခေါင်းခွံကို ဝှက်၍ နေ့စဉ် စောင့်ကြည့်
လေ့လာနေပုံမှသည် ဇနီးသည် တွေ့သွားပြီး
ကျွန်ပ်ရဲ့ပြိုင်ဘက် ပယောဂဆရာဦးကျောက်ရွဲထံ
ဇနီးသည်က ဦးခေါင်းခွံယူသွားပြီး မေးမြန်းရာမှ
နောက်ဆက်တွဲ ဦးကျောက်ရွဲချွန်လိုက်၍
အနှစ် နှစ်ဆယ်ပေါင်းသင်းလာသည့် မယားနှင့်
စကားများ နောင်ဂျိန်ချရပုံများကို ပြောပြလိုက်သောအခါ
ဘတိုက်ပုံကြီးက တဟားဟား အော်၍ရယ်တော့သည်။

"မင်းသိပြီလားသိပြီလားဟား ဟား
ဟားဟား"

"ဘာ ဘာကိုလဲ အဘရဲ့"

"ဆင်နင်းလို့သေပြီးတဲ့ မိန်းမဦးခေါင်းရဲ့ နောက်ဆက်တွဲ
ကောင်းကျိုးလေကွာ"

"အဲအဲသြော် ဒါဒါလားခင်ဗျ"

"မင်းကို အစကတည်းက ငါပြောသားပဲ။
ကောင်းကျိုးဆိုးကျိုး သိချင်ရင် ယူရဲယူသွားလို့ ပြောသား။
အိမ်မှာမထားအပ်တဲ့။ပြီးတော့ ဆင်နင်းလို့သေတဲ့
အစိမ်းသေမသာမိန်းမရဲ့ ဦးခေါင်းကို အိမ်မှာ
ယူထားတော့ ဟောအခု လက်တွေ့ အမှောင့်
ပယောဂ အနှောင့်အယှက်က ဝင်ခဲ့ပြီ။
ကံကောင်းလို့ မကွဲတာပေါ့ကွာ။
ကိုင်းကိုင်း မင်းဒို့ ဇနီးမောင်နှံ နားလည်ကြတော့
ဒီမှာလူလေး ။ မင်းလည်း ဗိန္ဓေဆေးဆရာပဲ။
ကိုင်းပါလူလေးရာ။ မကြံကောင်း မစည်ရာတွေကို
လျှောက်မစမ်းပါနဲ့ ။ မလုပ်ပါနဲ့။ဒီမှာကွယ့်သေသူရဲ့
ပစ္စည်းဟာ သင်္ချိုင်းသုသာန်တစပြင်မှာပဲ ရှိနေသင့်တယ်
ရတနာသုံးပါးနဲ့ နတ်ကောင်းနတ်မြတ်များရှိတဲ့
လူနေအိမ်မှာ လုံးဝမရှိရ မထားရဘူး။
အဲဒါ တစ်သက်လုံး မှတ်။ မရှိသင့် မထားသင့်တာကို
အိမ်မှာထားရင် သေပြီးသူက ခုလို ပယောဂဒုက္ခများပေးမှာ
ဧကန်မလွဲပဲငါ့သားရေ။အခု မင်းကိုယ့်တွေ့ပဲ
လူကလေးရေ"

ပြီးပါပြီ

စာဖတ်သူများ စိတ်ရွှင်လန်းပါဇေ

မူရင်းရေးသူ ဆရာ မောင်ညိုမှိုင်း(သန်လျင်)