ခေတ်လူငယ်အတွေး

 ခေတ်လူငယ်အတွေး

--------------------


“မောင်ကျော်စွာ လာဟေ့။ ဒီမှာ မုန့်စိမ်းပေါင်းလာစား။ မင်းအတွက်ပါဝယ်ထားတယ်”


“မစားချင်ပါဘူးဆရာ”


“ဘာဖြစ်လာတာလဲကွ။ မင်းကြည့်ရတာ တစ်ခုခုဖြစ်လာပုံပဲ”


“အဖေနဲ့စကားများလာတာဆရာ”


“သားအဘတွေဘာဖြစ်ရပြန်ပြီလဲကွာ”


“အဓိပ္ပာယ်မရှိတာဆရာ … ပြဿနာမဟုတ်တာ ပြဿနာလာရှာနေတယ်”


“ဘာတွေပြဿနာရှာနေလို့လဲကွ”


“မဲထည့်မယ် မထည့်ဘူးကိစ္စပေါ့ဆရာ အဲဒါစကားတွေများကြတာ။ ကျွန်တော်လည်း စကားမပြောချင်တာနဲ့ ဒီဘက်ကိုထွက်လာလိုက်တာ”


“မောင်ကျော်စွာ Don’t argue with donkeys ဆိုတဲ့ ပုံပြင်လေးကြားဖူးသလား”


“မကြားဖူးဘူးဆရာ”


“ခု ငါပြောတဲ့ခေါင်းစဉ်ကိုရော သိလား”


“သိပါတယ်ဆရာ မြည်းနဲ့ ဖက်ပြီးမငြင်းနဲ့လို့ပြောတာ မဟုတ်လား”


“မှန်တယ်ကွ။ မင်းအဖေကို မြည်းလို့ပြောတာတော့မဟုတ်ဘူးကွာ။ ပုံပြင်ထဲကအတိုင်း ပြောချင်တာ ကြောင့်ပါ”


“ရပါတယ်ဆရာ”


“ဒီလိုကွ …”


တစ်နေ့တွင် မြည်းနှင့်ကျား စကားများကြသည်။ မြည်းက


“မြက်ဟာ အပြာရောင်ကွ”


ကျားကလည်းမခံပြန်ပြောသည်


“မြက်ဟာအစိမ်းရောင်ပါကွာ”


မြည်းနှင့်ကျား စကားတွေများပြီး သူမှန်၊ ငါမှား ငြင်းခုံကြရင်း နောက်ဆုံးတွင် တောဘုရင် ခြင်္သေ့ထံ အဆုံး အဖြတ်ခံရန် ရောက်လာကြသည်။


ခြင်္သေ့လည်း သူ့ထံရောက်လာသော မြည်းနှင့်ကျားကို


“ဘာဖြစ်လာကြတာလဲကွ” ဟု မေးလိုက်သည်။


“အရှင်မင်းကြီး ကျွန်တော်မျိုးက မြက်ဆိုတာ အပြာရောင်လို့ ပြောပါတယ်”


“အဲဒီတော့”


“အဲဒီတော့ ကျားက မြက်ဟာ အစိမ်းရောင်လို့ပြောပြီး စကားများကြပါတယ်”


ခြင်္သေ့က ကျားကိုမေးသည်။


“သူပြောတာ ဟုတ်သလား”


“ဟုတ်ပါတယ်။ ကျွန်တော်မျိုးက မြက်ဟာ အစိမ်းရောင်လို့ပြောပါတယ်။ တကယ်တော့ မြက်ဟာ အစိမ်းရောင် မဟုတ်ပါလား”


ခြင်္သေ့က တစ်ခွန်းတည်းပြောလိုက်သည်။


“မြည်းပြောတာ မှန်တယ်။ မြက်ဟာ အပြာရောင်။ ဒါကြောင့် မဟုတ်တာပြောတဲ့ အသင်ကျား ယနေ့က စပြီးတော့ နောက် ၅ နှစ်တိုင် နှုတ်ပိတ်နေစေ”


မြည်းကဝမ်းသာသဖြင့် ခုန်ပေါက်ပြီး ပျော်ရွှင်စွာပြန်သွားသည်။


မြည်းမရှိမှ ကျားက


“အရှင်မင်းကြီး တကယ်တော့ မြက်ဆိုတာ အစိမ်းရောင်မဟုတ်လား”


“ဟုတ်တယ်လေ”


“ဟုတ်ရဲ့သားနဲ့ အဘယ်ကြောင့် မြည်းကို အပြာရောင်လို့ပြောပြီး အနိုင်ပေးလိုက်ရတာလဲ”


ခြင်္သေ့က ကျားကိုကြည့်ကာ


“မြက်ဟာ စိမ်းစိမ်း … ပြာပြာ ငါတို့ပြဿနာမဟုတ်ဘူး။ ငါတို့စားတဲ့အစာလည်း မဟုတ်ဘူး။ မင်းကို ဘာဖြစ်လို့ အပြစ်ပေးလိုက်ရသလဲသိလား”


“မသိပါ”


“မင်းတို့ ငါတို့လို ရဲရင့်တဲ့သူတွေဟာ ဘာမဟုတ်တဲ့ မြည်းလိုကောင်တွေနဲ့ ဖက်ပြီးတော့ ငြင်းခုံနေလို့ ဘာအကျိုး ရှိသလဲ။ အရူးနဲ့ဖက်ပြီးပြိုင်ငြင်းရင် မင်းလည်း ရူးနေလို့ပဲဖြစ်မယ်။ ရူးတူးတူး ပေါတောတောနဲ့ ပြောချင်ရာပြောနေတဲ့ကောင်တွေနဲ့ မင်းဖက်ပြိုင်ပြောလို့ နိုင်သွားတော့ရော ဘာဖြစ်သွားမှာလဲ။ မင်းရဲ့ အကျိုးရှိတဲ့အချိန်တွေကို အကျိုးမဲ့တဲ့သူတွေအတွက် မကုန်စေနဲ့။ မင်းကိုငါအပြစ်ပေးတာ မင်းမှားလို့ မဟုတ်ဘူးကွ။ မင်းမှန်တယ်။ ဒါပေမဲ့ မြည်းလိုကောင်တွေနဲ့ ဖက်ပြိုင်ပြီး မင်းငြင်းနေလို့ အပြစ်ပေးလိုက်တာ။ နောက်မှတ်ထား … မြည်းလိုကောင်တွေနဲ့ ဘယ်တော့မှဖက်ပြိုင်ပြီး မငြင်းနဲ့”


ကျွန်တော်ပြောတာကို မောင်ကျော်စွာက ငြိမ်ပြီး နားထောင်နေသည်။ ကျွန်တော်က


“ငါက မင်းအဖေကိုနှိမ်ပြီးပြောတာ မဟုတ်ပါဘူးကွာ။ မင်းအဖေဘယ်ဘက်ကဆိုတာ ငါကောင်းကောင်း သိပါတယ်”


“ဟုတ်တယ်ဆရာရေ … ကျွန်တော့်မှာလည်း အဖေ့ကြောင့်ရှက်နေရတာပါ”


“မရှက်ပါနဲ့ကွာ … သူလည်း သူ့ယုံကြည်ချက်နဲ့သူပဲပေါ့။ မင်းလည်း မင်းယုံကြည်ချက်နဲ့မင်း ရပ်တည်ဖို့လို တာပဲ။ တစ်ယောက်နဲ့တစ်ယောက် စည်းမကျော်ရင်ပြီးတာပဲ”


“ခုဟာက ငါအဖေဆိုပြီးတော့ အမိန့်ပေးသလိုလုပ်လာတာဆရာ”


“တော်ပါပြီကွာ … မင်းကိုငါနားလည်ပါတယ်”


“ဒါနဲ့ဆရာ တစ်ခုမေးပါရစေ”


“မေးလေကွာ”


“ဆရာအမြဲပြောတယ်နော် … Critical thinking ရှိရမယ်လို့”


“အေးလေ”


“အဲဒီလိုအတွေးအမြင်ရှိဖို့ ငြင်းခုံဖို့ မလိုဘူးလားဆရာ။ ငြင်းခုံတာဟာ အကျိုးမဲ့အချိန်ဖြုန်းတာလားဆရာ”


“မေးသင့်တဲ့ မေးခွန်းပဲကွ။ ငြင်းခုံတယ်ဆိုတဲ့နေရာမှာ စောစောကပြောတဲ့ မြည်းလို ငြင်းခုံတာမျိုး မဖြစ် စေနဲ့ပေါ့ကွာ။ ငြင်းခုံတာလည်း နှစ်မျိုးရှိတာပဲ”


“ဟုတ်ကဲ့ပါဆရာ”


“အကျိုးမဲ့ငြင်းခုံခြင်း (Pointless Argument) နဲ့ အကျိုးရှိတဲ့ ငြင်းခုံခြင်း (Constructive Debate) ဆိုပြီး တော့လေ။ အကျိုးမဲ့ ငြင်းခုံခြင်းဆိုတာက အနိုင်ရဖို့သက်သက် ငြင်းခုံတာမျိုးပဲကွ။ အမှန်တရားကိုရှာဖွေတာ ထက်၊ မှားနေတာကြီးကို သူမှန်တယ်ဆိုတာ သက်သေပြဖို့ ငြင်းနေတာမျိုးပေါ့။ မြက်ကိုပြာတယ်ဆိုပြီး ပြောသလိုမျိုးပေါ့။ ဒီငြင်းခုံမှုမျိုးဟာ နှစ်ဦးနှစ်ဖက်ကို စိတ်ပင်ပန်းစေပြီး အကျိုးမရှိစေနိုင်ဘူး။ အဲဒီလို ငြင်းခုံတာမျိုးဟာ ငါ့စကားနွားရငြင်းနေတာမျိုးပေါ့။ တစ်ဖက်လူရဲ့အမြင်နဲ့ အမှန်တရားကို လျစ်လျူရှုပြီး ကိုယ်ချင်းစာတရားကင်းမဲ့စွာ ငြင်းခုံတာမျိုးဆိုရင် အကျိုးမရှိဘူးပေါ့”


“နောက်တစ်မျိုးကရောဆရာ”


“အကျိုးရှိတဲ့ ငြင်းခုံခြင်းဆိုတာကတော့ အမှန်တရားကို ရှာဖွေဖို့ဦးတည်တာမျိုးပဲကွ။ တစ်ဖက်နဲ့တစ်ဖက် ရှုထောင့်အမြင်တွေကို ဖလှယ်ပြီး အမှန်တရားကိုရှာဖွေဖို့ အထောက်အကူဖြစ်မှ အပြုသဘောဆောင်တော့ မပေါ့။ အဲဒီလို အပြုသဘောဆောင်တဲ့ဆွေးနွေးခြင်းကို ဒီဘိတ် (Debate) လို့ခေါ်တယ်ကွ”


“ဒီဘိတ်တွေလည်း အသံတိတ်ကုန်တာ နှမြောစရာကောင်းတယ်ဆရာ”


“ဘယ်တတ်နိုင်မှာလဲကွာ။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုးဖြစ်ရင်တော့ အတွေးအခေါ်ကို ဖွံ့ဖြိုး တိုးတက်စေလို့ လက်ခံရမှာပဲ။ ပြဿနာတစ်ခုကို အဖြေရှာတဲ့အခါမှာ အမြင်အမျိုးမျိုးတွေကို စုစည်းဆွေးနွေး ငြင်းခုံမယ်ဆိုရင် အကောင်းဆုံးအဖြေကို တွေ့နိုင်ပါလိမ့်မယ်”


“ကျွန်တော့်အဖေနဲ့ကျွန်တော်ဆွေးနွေးတာက ဒီဘိတ်မဟုတ်ဘူးဆရာ။ သူက အမိန့်ပေးသလိုလေသံနဲ့ မဲမထည့်ရင် ဘာဖြစ်သွားမယ်ဆိုတဲ့အပေါက်မျိုး လာပြောနေလို့ ကျွန်တော်နဲ့ပြဿနာတက်နေတာ”


“အေးပါ မောင်ကျော်စွာ မင်းအဖေလို တစ်ဖက်ပိတ်ထဲမှာ ရေတွင်းထဲကဖားလိုမျိုးဖြစ်နေတာကို မင်းလည်း ဘယ်လောက်ပြောပြော မောရုံပဲရှိမှာ။ မင်းသာ တကယ်လို့ ရှောင်ထွက်မလာဘဲ ရန်ဖြစ်တယ်ဆိုရင် မင်းကိုလည်း ငါက မြည်းတစ်ကောင်လို့ပဲ သတ်မှတ်မှာ”


“ကျွန်တော်က ခြင်္သေ့ပါဆရာ”


“အင်း ခြင်္သေ့ဆိုလည်း ခွေးခြင်္သေ့တော့မဖြစ်စေနဲ့ပေါ့ကွာ”


“ဆရာကတော့ ပြောရော့မယ်”


တင်ညွန့်


၂၃.၉.၂၀၂၅