လက်ဆင့်ကမ်းအမွေ
----------------------
ဆာမူရိုင်းစစ်သည်တော်များသည် အစဉ်အလာကို လေးစားလိုက်နာသူများဖြစ်သည်။ သူတို့၏ ဘူရှီဒို ထုံးဓလေ့များကိုလည်း စောင့်ထိန်းကာ နှစ်စဉ် လေးပစ်ပြိုင်ပွဲကို ကျင်းပလေ့ရှိသည်။ လေးပစ် ပြိုင်ပွဲကို ကျိုတိုမြို့ရှိ ထင်ရှားသည့် ဘုရားကျောင်းတစ်ခုတွင် ဗုဒ္ဓရုပ်ပွားတော်များကြား၌ ကျင်းပလေ့ရှိသည်။
မြားပစ်ရသည့် စက်ကွင်းအကွာအဝေးမှာ မီတာ ၆၀ ဖြစ်သည်။ ဆာမူရိုင်းစစ်သည်တော်တို့အတွက် ပေးထားသည့် လေးတွေကလည်း အလွန်မာကြောခိုင်ခန့်ပြီး တော်ရုံလူ အတင်အချလုပ်နိုင်သည့် အနေအထား တွင် မရှိပေ။ ပြိုင်ပွဲ ထုံးစံအရ ၂၄ နာရီအတွင်း ပစ်မှတ်ကို အများဆုံးထိအောင် ပစ်နိုင်သူကို အတော်ဆုံး လေးသည်တော်အဖြစ် သတ်မှတ်သည်။
ပြိုင်ပွဲကား မနက်နေထွက်ချိန်မှသည် နောက်တစ်နေ့ နေထွက်ချိန်အထိဖြစ်သည်။ လေးပစ်ပြိုင်ပွဲအတွက် စည်းကမ်းကြီးသည့် ဘုန်းတော်ကြီးများက လေ့ကျင့်ပေးသည်။ သို့သော် ပြိုင်ပွဲဝင်ရန် အရည်အချင်း စစ်ဆေးစဉ်ကပင် နောက်ဆုတ်သွားခဲ့ရသည်ကများသည်။ ဘုန်းကြီးတွေကလည်း အရည်အချင်း မရှိသူတွေကို ပြိုင်ပွဲသို့ ဝင်ခွင့်မပေးခြင်းကြောင့် ထောင်ပေါင်းများစွာသော ပြိုင်ပွဲဝင်ရန် လာရောက်ကြသူများသည် ပထမအဆင့် စစ်ဆေးခြင်းမှာပင် ပြန်ကြရသည်။
ဂျပန်နိုင်ငံတွင် ၁၆၇၉ ခုနှစ်ကတည်းက အကောင်းဆုံး အတော်ဆုံး လေးသည်တော်အဖြစ် တစ်ဦးသာ ပေါ်ထွန်းခဲ့ ဖူးသေးသည်။ ထိုသူကား ဟိုရှီနို ကံဇာမွန် ဖြစ်သည်။ သူသည် ၂၄ နာရီအတွင်း ပေးထားသည့် မြားအစင်းပေါင်း ၁၀၀၀၀ တွင် ၈၀၀၀ ကို ပစ်မှတ်အား ပစ်နိုင်ခဲ့သည်။
ဟိုရှီနို လေးဘုရင်အဖြစ် ဗိုလ်စွဲခဲ့ပြီး နောက် ၁၇ နှစ်အတွင်း သူ့စံချိန်ကိူ ချိုးနိုင်မည့်သူ တစ်ဦးမျှ ပေါ်ပေါက်ခြင်း မရှိခဲ့ပေ။
၁၆၉၆ တွင် လေးသည် လုလင်တစ်ဦး ပေါ်လာသည်။ သူ့အမည်ကား ဝါဆာ ဒိုင်ဟာချီရို ဖြစ်သည်။ သူတစ်ဦးသာ ပြိုင်ပွဲဝင်နိုင်သည့် အဆင့်ကို ၁၇ နှစ်ကြာမှ တက်လာနိုင်ခဲ့ခြင်းဖြစ်သည်။
ဒိုင်ဟာချီရိုသည် လေးပစ်ပြိုင်ပွဲကို ဝင်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ ဆင်းရဲပင်ပန်း ဒုက္ခခံကာ လေ့ကျင့်ခဲ့ရသူ ဖြစ်သည်။ သူသည် ပြိုင်ပွဲဝင်နိုင်ရန်အတွက် မြား ၅၀၀၀ ကို ပစ်မှတ်ထိအောင် ပစ်ပြနိုင်ခဲ့ပြီးမှ နောက်ဆုံးအဆင့်ကို တက်လာနိုင်ခြင်းဖြစ်သည်။ သူ့အနေဖြင့် ဟိုရှီနို၏ စံချိန်တင်ထားသည်ကို ချိုးနိုင်မှ လေးသည်တော်ဘွဲ့ကို ရမည်ဖြစ်သည်။
ပြိုင်ပွဲနေ့ကို ရောက်လာပြီ။ အကဲဖြတ် ဒိုင်လူကြီးတွေလည်း နေရာယူပြီးဖြစ်သည်။ ဒိုင်ဟာချီရိုသည် မြားတွေကို ပစ်မှတ်သို့ တစ်စင်းပြီးတစ်စင်း လွှတ်နေသည်။ ပစ်ချက်တိုင်းကလည်း အံ့ဩစရာ ကောင်းလောက်အောင် ထိမှန်ကြသည်ချည်းဖြစ်သည်။ သို့သော် ကြာလေ လက်အံသေလေဖြစ်လာသည်။ လေးကိုင်းကိုပင် အားမာန်တင်းကာ မနည်းဆွဲနေရသည့် အနေအထားကို ရောက်လာသည်။ တစ်နေကုန် ပစ်နေရသည် မဟုတ်ပါလား။
သူ့ လက်မောင်းတွေ၊ ကျောတွေ၊ ပခုံးတွေ ယောင်ကိုင်းလာသည်။ နာကျင်မှု ဝေဒနာကို ခံစားရင်းက ဇွဲမလျှော့ဘဲ မြားတွေကို ဆက်တိုက် ပစ်နေရသည်။ သို့သော် လက်ပန်းကျလာပြီး အားလျှော့လုနီးပါး အနေအထားသို့ ရောက်လာသည်။
ထိုအချိန်တွင် ဒိုင်အဖွဲ့ထဲက လူကြီးတစ်ယောက်က သူ့ထံကို ထလာသည်။ လေးပစ်နေသည်ကို ခေတ္တ ရပ်ခိုင်းလိုက်သည်။ သူ့ခါးတွင် ချိတ်ထားသည့် ဓားတိုကို ဆွဲထုတ်လိုက်ပြီး လက်တွေ ပခုံးတွေ ကျောတွေမှ သွေးခြည်ဥကာ ယောင်ကိုင်းနေသည့် အဖုအပိန့်တွေကို ဖောက်ထုတ်ပစ်လိုက်သည်။ ပြီးနောက် ဆက်ပစ်ဟု ဆိုကာ သူ့နေရာ သူသွားပြန်ထိုင်သည်။
ဒိုင်ဟာချီရိုသည် ၈၁၃၃ ချက်အထိ မြားတွေကို ပစ်ခတ်နိုင်ခဲ့သည်။ သူသည် ၁၇ နှစ်ကြာပြီးနောက် လေးသည်တော်ဘွဲ့ကို ထပ်မံဆက်ခံခွင့် ရခဲ့သူဖြစ်သည်။
စံချိန်တင် မြားပစ်ပြီးနောက် သူသည် ဒိုင်လူကြီးများထံသွားကာ ဦးညွတ်သည်။
သူ့ကို သွေးခြည်ဥတွေ လာဖောက်ပေးသည့် ဒိုင်လူကြီးကိုလည်း
“ဆရာ ကျေးဇူးတင်ပါတယ်ခင်ဗျာ ...ဆရာ့ကြောင့် ကျွန်တော် ဟိုရှီနို တင်ထားသည့် စံချိန်ကို ချိုးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ဆရာ့အမည်ကို သိပါရစေခင်ဗျာ” ဟု ရိုသေစွာ ပြောလိုက်သည်။
ဒိုင်လူကြီးတွေထဲတွင် ထိုင်နေသည့်သူက ပြုံးကာ
“ငါ့နာမည်ကို မင်းပြောပြီးပါပြီကွာ” ဟု ဆိုလိုက်သည်။
သူ့ကို ယောင်ကိုင်းနေသည့် သွေးခြည်ဥနေသော ဖုများကို လာဖောက်ပေးလိုက်သူမှာ ဟိုရှီနိုကိုယ်တိုင် ဖြစ်ပါသည်။
ဂျပန်တို့၏ ဂုဏ်ယူစရာကောင်းသော ဆာမူရိုင်းတို့၏ ဘူရှီဒိုစိတ်ဓာတ်များသည် နောင်အခါတွင် အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့သည်။ ဘူရှီဒိုစိတ်ဓာတ်မျိုးတွေကို စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတို့တွင် ကျင့်သုံးနိုင်အောင် ကြိုးစားကြသည်။ ဆာမူရိုင်းတို့၏ ဓလေ့နှင့် အကျင့်စရိုက်များသည် သူတို့၏ ဘဝဆိုင်ရာ ဒဿနများအဖြစ် ယနေ့တိုင် ဂုဏ်ယူစွာလက်ခံကျင့်သုံးနေကြဆဲဖြစ်ကြောင်းလည်း တွေ့ရသည်။
ကိုယ်တိုင်က လူငယ်တွေကို ချီးကျူးဂုဏ်ပြုပြီး အခွင့်အရေးတွေကို လွှဲအပ်ပေးချင်သောစိတ်ဓာတ်များမှာ ဂျပန်တို့တွင် အခြေခံကောင်းကောင်း ရှိခဲ့ပြီး ဖြစ်သည်ကို ဤအကြောင်းအရာလေးက ဖော်ညွှန်းသည်။
ငါ့ရာထူး ငါ့ဂုဏ် ငါ့ပါဝါ ငါ့အာဏာကို သေသည်အထိ ဆုပ်ကိုင်သွားမည်ဆိုသော စိတ်ဓာတ်ပိုင်ရှင်တွေနှင့်တော့ တခြားစီဖြစ်သည်။
(Ref: The Archery Contest, Samurai Wisdom Stories)
တင်ညွန့်
၁၈.၂.၂၀၂၃