စာမဖွဲ့လောက်သည့်အလှူ
-----------------------------
၂၄.၉.၂၀၂၅ နေ့က ကျွန်တော့်အသက် ၇၀ တင်းတင်းပြည့်ခဲ့ပါသည်။ မွေးနေ့တွေဘာတွေ မလုပ်ချင်သဖြင့် စာလည်းမဖွဲ့တော့သည်ကို နားလည်ပေးစေလိုပါသည်။
ဟက်ပီးဟုပြောရလောက်အောင် ပျော်စရာမကောင်းသောခေတ်၊ အပျော်တွေ ပျောက်ဆုံးနေသောခေတ် မဟုတ်ပါလား။
အသက် ၇၀ ပြည့်မွေးနေ့တွင် အမှတ်တရ ခင်မင်သောမိတ်ဆွေအချို့ကို တောကအိမ်လေးသို့ဖိတ်ပြီး ထမင်း ကျွေးမည်ဟု ရည်စူးထားသည်။ သို့သော် ရွာလိုက်သည့်မိုးက တစ်ပတ်လုံးမနား။ လမ်းတွေပျက်ကုန်သည်။ မိတ်ဆွေတွေလာလျှင် လမ်းမကောင်းသဖြင့် ထမင်းဖိတ်ကျွေးမည့် အစီအစဉ်ကို ရပ်လိုက်သည်။
မွေးနေ့တွင် တစ်ခုခုတော့ လှူချင်သည်။
၂၄ ရက်နေ့က မိုးရွာထဲလမ်းထွက်လျှောက်သည်။ ထို့နေ့ကစိတ်ကူးရှိသည်။ တစ်ခုခုလှူမည်ဟူ၍ဖြစ်သည်။ စာအိတ် ၇ အိတ်ထဲတွင် တစ်အိတ် တစ်သောင်းတန်တစ်ရွက်စီထည့်ကာ လမ်းလျှောက်ထွက်ခဲ့သည်။ ဘောင်းဘီအိတ်ထဲ အသင့်ထည့်ထားသည်။
လမ်းထိပ်တစ်နေရာတွင် ကယ်ရီသမားတစ်ယောက် လူစောင့်နေသည်။ မိုးထဲလေထဲ အေးရှာပေလိမ့်မည်။ ဈေးဦးမှ ပေါက်သေးရဲ့လား။ ကျွန်တော်က သူ့ကယ်ရီအနီးကပ်ကာ အိတ်ထဲက စာအိတ်တစ်အိတ်ကို ထုတ်လိုက်ပြီး
“မွေးနေ့အလှူပါ” ဟုပြောပေးလိုက်ပါသည်။ သူ့ကိုလှည့်မကြည့် ထွက်ခဲ့သည်။
မိုးကဖွဲဖွဲလေးရွာနေသည်။ စက်ရုံအလုပ်ဆင်းသည့် ကလေးမလေးနှစ်ယောက်နှင့်တွေ့သည်။
သူတို့နှင့် လမ်းလျှောက်တိုင်း ဆုံနေကျ၊ မျက်နှာချင်းရင်းနှီးသည်။ အိတ်ထဲက စာအိတ်နှစ်အိတ်ထုတ်ကာ
“သမီးတို့” ဟု ခေါ်လိုက်သည်။ သူတို့က ပြုံးပြကြသည်။
“မွေးနေ့လက်ဆောင်”
သူတို့အံ့အားသင့်သွားကြသည်။ ကျွန်တော်သူတို့ကိုလှည့်မကြည့်။ ပျော်သွားမှာသေချာသည်။ ကျွန်တော် လမ်းဆက်လျှောက်သည်။
လမ်းဘေး စားနေကျ ထမင်းကြော်ဆိုင်ကိုရောက်သည်။ ကျွန်တော့်တစ်ဝိုင်း ကျော်တွင် အဘွားအိုတစ်ယောက် ဘဲဥဟင်းနှင့်ထမင်းထိုင်စားနေသည်။ ကျွန်တော်က ထမင်းကြော် လာချ ပေးသောဆိုင်ရှင်ကောင်လေးကို
“သူ့ထမင်းကြော်ဘိုး ငါရှင်းမယ်။ ဒီစာအိတ်လေး သူ့ကိုသွားပေးပေးပါ။ အလှူလို့ပြောလိုက်”
ဆိုင်ရှင်ကောင်လေးက အဘွားအိုကို စာအိတ်လေးသွားပေးသည်။ အဘွားအိုကကျွန်တော့်ဘက်လှည့်ကြည့်ပြီး
“သာဓု … သာဓု … သာဓု” ခေါ်သည်။
ထမင်းကြော်စားပြီး ကျွန်တော်လမ်းဆက်လျှောက်လာသည်။ ကျောင်းသွားနေသည့် ကလေးနှစ်ယောက်ကို တွေ့သည်။ ကျွန်တော်က သူတို့ဘေးကပ်ပြီး
“ဘယ်နှတန်းရောက်ပြီလဲ” ဟုမေးလိုက်မိသည်။
“သမီးတို့က ဂရိတ်နိုင်းရောက်ပြီ” ဟုပြန်ပြောသည်။
“ထမင်းစားခဲ့ကြပြီးပြီလား”
“ဟင့်အင်း”
ကျွန်တော်က သူတို့နှစ်ယောက်ကို စာအိတ်တစ်ယောက်တစ်အိတ်ပေးလိုက်သည်။
“ဦးလေးမွေးနေ့အတွက်လှူတာ”
ကျွန်တော်က သူတို့ကို စာအိတ်ပေးပြီးနောက်ချန်နေလိုက်သည်။ ကလေးနှစ်ယောက် စာအိတ်ဖွင့်ကြည့်ပြီး ခုန်ဆွခုန်ဆွနှင့် ပျော်ကာ ကျွန်တော့်ကိုလှည့်ကြည့်သည်။ ကျွန်တော်က သူတို့ကိုလက်ပြပြီး ကားလမ်းကူးကာ လမ်းကြားထဲဝင်လိုက်သည်။ မိုးတိတ်သွားပြီ။ ထီးပိတ်လိုက်သည်။
ကျွန်တော်လမ်းဆက်လျှောက်သည်။ အိမ်ရောက်တော့မည်။ ကျွန်တော့်ကိုတွေ့လျှင် အမြဲနှုတ်ဆက်တတ်သည့် လူတစ်ဦးကို ကျွန်တော်ရှာသည်။ သူက ကျွန်တော့်ကိုတွေ့လျှင်
“ဂွတ်တမောနင်း” ဟု နှုတ်ဆက်တတ်သည်။
သူ့ကိုကျွန်တော်တွေ့တိုင်း ပိုက်ဆံ တစ်ထောင်ပေးပါသည်။ သူကစိတ်ပုံမှန် ဟုတ်ဟန်မတူပါ။ ကျွန်တော် သူ့ကို လမ်းထိပ်အုတ်ခုံပေါ်၌ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ သူက ထုံးစံအတိုင်း
“ဂွတ်တမောနင်း” ဟု နှုတ်ဆက်သည်။
သူ့ကိုကျွန်တော် စာအိတ်တစ်အိတ်ပေးလိုက်သည်။ သူက
“ဘာလဲ” ဟုမေးသည်။
“ပိုက်ဆံ … မုန့်ဝယ်စား”
“သိုင်းကျူး … သိုင်းကျူး” ဟုသူကဆိုသည်။
ကျွန်တော်သူ့ကိုထားခဲ့သည်။
ကျွန်တော့်မှာ စာအိတ် ၇ အိတ် စုစုပေါင်း ၇၀၀၀၀ လှူပြီးသွားပြီ။
ကျွန်တော်လမ်းဆက်လျှောက်လာသည်။
အသက် ၇၀ ပြည့်သည့်နေ့တွင် ငွေ ၇၀၀၀၀ လှူခဲ့သည်။
ဘာရယ် ညာရယ်မဟုတ်၊ လှူချင်၍ လှူချင်ရာ လှူခြင်းသာဖြစ်သည်။
တင်ညွန့်
၂၆.၉.၂၀၂၅