စံပယ်တွေရမယ်
(ကလျာမဂ္ဂဇင်း၊ ၁၉၈၉ ခု၊ မေလ)
—-
သူ့ကို လမ်းမတခုပေါ်ရှိ လူစည်ကားသည့် လက်ဖက်ရည်ဆိုင် တဆိုင်ရှေ့ မော်တော်ကားများ အနီးတဝိုက်တွင် မနက်တိုင်း ကျွန်တော် တွေ့ရတတ်သည်။ အသား ညိုညို၊ မျက်လုံးဝိုင်းဝိုင်း၊ မျက်ခုံးကောင်းကောင်း၊ နှာတံစင်းစင်း၊ နှုတ်ခမ်းထူထူနှင့် ဖြစ်ပြီး သူ့သွားများသည် ညိုလဲ့သော သူ့မျက်နှာပေါ်တွင် ဝင်းလက်နေကြသည်။ သူ့ ဆံပင်များက ကုပ်ပေါ်နှင့် ပခုံးပေါ်တွင် ဝဲကျလျက်။
ယောက်ျားဝတ် တက်ထရွန် လက်ရှည်အဖြူကို အပြင်ထုတ်၍ ဝတ်ထားပြီး ခါးတွင် ကျောင်းစိမ်း တက်ထရွန်လုံချည် ခပ်နွမ်းနွမ်းတထည်ကို ခပ်တိုတို ဝတ်ထားသည်။ ခြေထောက်တွင်မူ ဂျပန်ဖိနပ်ကလေးကို အမြဲ စီးထားတတ်၏။
အသက်မှာ ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်လောက်သာ ရှိလိမ့်ဦးမည်။ လက်ထဲတွင် စံပယ်ပန်းကုံးတွေကို ကိုင်ထားပြီး အနားသို့ ဖြတ်သွားလျှင် “ ကဲ၊ စံပယ်တွေ ရမယ်နော်၊ စံပယ်တွေ ရမယ် ” ဟု အော်တတ်သည်။ ကျွန်တော်က သူ့နာမည်ကို မစံပယ်ဟု ခေါ် သည့်အခါတွင် သူသည် သဘောကျစွာ ပြုံးနေတတ်သည်။
တခါတရံတွင် မစံပယ်ကို မြေနီကုန်းမီးပွိုင့်အနီးတွင် လည်းကောင်း၊ တခါ တရံတွင် လှည်းတန်းမီးပွိုင့်အနီးတွင် လည်းကောင်း တွေ့ရတတ်သည်။ ကားဖြင့် ဖြတ်သွားသည့် ကျွန်တော့်ကို မြင်လျှင် မစံပယ်သည် ဦးလေး ပန်းတွေ ယူမသွားတော့ဘူးလား ” ဟု အမြဲ ပြောတတ်သည်။ မီးပွိုင့်တွင် မီးနီပြသည့်အခါမျိုးနှင့် ကြုံလျှင် ကျွန်တော်ကလည်း စံပယ် လေး ငါးကုံးကိုတော့ ယူမြဲ။ အောက်တွင် ဖော်ပြလိုက်သည့် အကြောင်းများမှာ မစံပယ်က ကျွန်တော့်ကို ပြောပြလိုက်သည့် အကြောင်းများ ဖြစ်ပါသည်။
ဦးလေးက သမီးနာမည်ကို မစံပယ်လို့ ခေါ်တော့ လက်ဖက်ရည်ဆိုင်နားက ဆရာတွေကလည်း သမီးကို မစံပယ်လို့ပဲ ခေါ်ကြပါတယ်။ ဒီနာမည်ကို သမီးကလည်း သဘောကျပါတယ်။ နာမည်ကလေးက လှလည်း လှတယ်။ ပြီးတော့ စံပယ်ပန်းရောင်းနေရတဲ့ သမီးရဲ့ အလုပ်နဲ့လည်း လိုက်တယ်လေ။ သမီးနာမည်က အမှန်ကတော့ တင်တင်အေးပါ။ သမီး ငယ်ငယ်တုန်းက ရုပ်ရှင်မင်းသမီး တင်တင်အေးနဲ့ တူလို့ အဖေက သမီးကို တင်တင်အေးလို့ မှည့်ထားတာတဲ့။
မျက်လုံးဝိုင်းတာရော မျက်နှာသွယ်ပုံရော တင်တင်အေးနဲ့ တူတယ်တဲ့။ သမီးကတော့ တင်တင်အေးကို ငယ်ငယ်က မကြည့်လိုက်ဖူးပါဘူး။ ဒါပေမဲ့ အရပ်ထဲမှာ တင်တင်အေး ပါတဲ့ ရုပ်ရှင်ကား နှစ်ကား သုံးကားကို ကြည့်ဖူးပါတယ်။ “ နှင်း ပျောက်တဲ့ နွေ ” တို့ “ မုန်းတလှည့် ပြုံးတလှည့် " တို့ ထင်ပါတယ် ရုပ်ချင်းသာ ဆင်တာပါ။ ဘဝချင်းကတော့ မတူပါဘူး။ သူက ရုပ်ရှင်မင်းသမီး။ သမီးက စံပယ်ပန်း ရောင်းတဲ့သူ။ ဘာဆိုင်တာမှတ်လို့တခြားစီပဲ။ ဘဝချင်း မတူသလို ပညာချင်းလည်း မတူဘူး။ ဝတ်ပုံစားပုံချင်းလည်း မတူဘူး။ သူက တနိုင်ငံလုံးမှာ နာမည် ကျော်တာ။ သမီးက ဒီနားတဝိုက်က ကားသမားတွေ၊ ကားဆရာတွေ ကြားထဲမှာတင် နာမည်ကျော်တာ။
ရုပ်ရှင်မင်းသမီး တင်တင်အေးကတော့ ဖျာပုံသူ၊ ဖျာပုံမယ်လို့ ပြောသံ ကြားဖူးတာပဲ။ သမီးကတော့ ရန်ကုန်သူ။ ရန်ကုန်မှာ မွေးတာ။ ဒါပေမဲ့ ရန်ကုန်သူဆိုလို့ သိပ်တော့ အထင်မကြီးနဲ့ဦးနော် ဦးလေး။ သမီးမွေးတာက ဟို မြောက်ဥက္ကလာပ မြို့စွန်က ငမိုးရိပ်ချောင်းဘေးမှာ မွေးလာတာ။ ခုတော့ သမီး မွေးခဲ့တဲ့ တဲကလေးတောင် မရှိတော့ဘူး။ သမီးတို့က မြောက်ဥက္ကလာပမှာ တနေရာပြီး တနေရာ ပြောင်းနေတာ ဆိုတော့ ကိုယ်ချက်မြှုပ်တဲ့ နေရာကိုတောင် မသိတော့ဘူး။
သမီးအဖေက အစတုန်းက ဆိုက်ကားသမားပါ။ ကိုစိန်လင်းလို့ ခေါ်ပါတယ်။ အဖေလည်း ရန်ကုန်မှာ မွေးတာပါပဲ။ အဖေတို့ ငယ်ငယ်တုန်းကတော့ မြောက်ဥက္ကလာတို့ ဘာတို့ မရှိသေးဘူးလို့ ပြောပါတယ်။ အဲဒီတုန်းက အဖေက ဦးဝိစာရ ကွက်သစ်မှာ နေတယ်လို့ ပြောပါတယ်။ ဦးဝိစာရကွက်သစ်ဆိုတာ ဦးလေးတော့ သိမှာပေါ့။ အဲဒီနေရာဟာ အခု တော်လှန်ရေးပန်းခြံ လုပ်ထားတဲ့ နေရာဆိုတာ အဖေပြောမှ သိတာပါ။
အဖေက ငယ်ငယ်လေးကတည်းက ကျောင်းက ထွက်ပြီး ဆိုက်ကား အငှား နင်းပါတယ်။ အဖေတို့ ခေတ်တုန်းကတော့ ဆိုက်ကားငှားခက အုံနာကို တနေ့ ကို နှစ်ကျပ် ပေးရတယ်လို့ ပြောပါတယ်။ ဆိုက်ကားတစီးလုံး ခေါ်ငှားမှ ဘယ်လောက်မှ မကျဘူးတဲ့။ တကျပ် နှစ်ကျပ်လောက် ပေးရင် မြို့ထဲအထိတောင် ငှားလို့ ရတယ်တဲ့။
ဒါပေမဲ့ အဖေကတော့ မြို့ထဲမှာ ဆိုက်ကားမနင်းပါဘူး။ မြေနီကုန်းတဝိုက်မှာပဲ နင်းပါတယ်။ အဲဒီတုန်းက ဗားကရာလမ်းမှာ မြင်းလှည်းတွေနဲ့ ဆိုက်ကား တွေပဲ ရှိပါတယ်။ မြင်းလှည်းကတော့ စမ်းချောင်းကနေ ဘုရားအထိတို့၊ စမ်းချောင်းကနေ ရွှေဂုံတိုင် ဗဟန်းတို့၊ မြို့ထဲတို့ကို သွားပါတယ်။ ဆိုက်ကားကတော့ ဒီနားတဝိုက်တင်ပေါ့လေ။
အဲဒီတုန်းက အဖေက မြေနီကုန်းအဝိုင်းနားက ဆိုက်ကား ဂိတ်ထိုးပြီး အဲဒီ ဆိုက်ကားဂိတ်မှာပဲ အမြဲနင်းပါတယ်။ တခြား ဘယ်ကိုမှ မသွားဘူးတဲ့။ အဲဒီတုန်းက အဲဒီနားမှာ အရက်ဆိုင်တွေလည်း ရှိတယ်။ ဟို၊ ဘယ်လို ပြောရမလဲ။ မကောင်းတဲ့ အိမ်တွေလည်း ရှိတယ်လို့ အဖေက ပြောတယ်။ ဒီတော့ ဆိုက်ကားနင်းရတာ အဆင်ပြေတယ်တဲ့။ ကောလိပ်ကျောင်းသားတို့ဘာတို့ အရက်လာသောက်ရင်လည်း မြေနီကုန်းတဝိုက်က အကြုံရဲ့ ဆိုင်မှာပဲ လာသောက်ကြတယ်တဲ့။ အကြုံဆိုတာ အဲဒီတုန်းက မြေနီကုန်းမှာ ရှိတဲ့ ဘောဂဗလ အရက်ဆိုင်ရဲ့ ပိုင်ရှင်ပါ။ အမေ ပြောဖူးလို့ ဒီဆိုင်နာမည်ကို ကောင်းကောင်း မှတ်မိနေတာပါ။
နောက်တော့ အဖေတို့ နေတဲ့ ဦးဝိစာရကွက်သစ် ပြောင်းရပါတယ်။ အဖေတို့ နေတဲ့ မြေနီကုန်းနားက တဲကလေးတွေလည်း ပြောင်းရပြီး မြို့သစ်တည်လို့ တောင်ဥက္ကလာတို့၊ မြောက်ဥက္ကလာတို့ကို ပြောင်းရပါတယ်။ အဲဒီတော့ အဖေနဲ့ အမေ ကြိုက်နေကြပြီတဲ့။ သူတို့နှစ်ယောက် တွေ့သွားပုံကလည်း သိပ်တော့ မဆန်းဘူးပေါ့ ဦးလေးရယ်။
အဖေကလည်း အဲဒီနားက မြေနီကုန်းအဝိုင်းမှာ ဆိုက်ကားဂိတ်ထိုး၊ အမေကလည်း ဘောဂဗလ အရက်ဆိုင်ရှေ့မှာ ကြက်ခြေရိုးတို့အမဲကြော်တို့ ရောင်းတာ ဆိုတော့ သူတို့ နှစ်ယောက်ဟာ တွေ့ပြီး ချစ်ကြိုက်သွားကြတာ ဖြစ်မှာပေါ့။ အဲဒီတုန်းက အဖေက အသက် နှစ်ဆယ်လောက်။ အမေက အသက် ဆယ့်ရှစ်နှစ်လောက်ပဲ ရှိဦးမှာပေါ့။ အဖေတို့ အမေတို့ အိမ်ပြောင်းရတော့ တယောက် တခြားစီ ဖြစ်သွားပါတယ်။ အဖေတို့က တောင်ဥက္ကလာပကို ပြောင်းသွားရပါတယ်။ အမေတို့က မြောက်ဥက္ကလာပကို ရောက်သွားပါတယ်။ နေရေးထိုင်ရေးတို့ အလုပ် အကိုင်တို့လည်း နည်းနည်းပါးပါးတော့ ကသီသွားတာ ပေါ့။
နောက်တော့ အဖေက တောင်ဥက္ကလာမှာပဲ ဆိုက်ကားနင်းပါတယ်။ အမေကတော့ မြောက်ဥက္ကလာဈေးနားက စက်ဆိုင်တဆိုင်မှာ အင်္ကျီတွေကို ယူပြီး ကြယ်သီးတံ တပ်ပါတယ်။ အဲဒီတုန်းကတော့ အမျိုးသမီးတွေ ဝတ်တဲ့ အင်္ကျီတွေမှာ ကြယ်သီးကွင်းတို့ ဘာတို့ ပါတော့ ကြယ်သီးတပ်တဲ့ အလုပ်ဟာလည်း မဆိုးပါဘူး။ အိမ်စရိတ်ကလေး ဘာလေးကိုတော့ နည်းနည်းပါးပါး အထောက်အကူ ဖြစ်ပါတယ်။
အမေ့ရဲ့ အဖေက အရင်တုန်းက လက်သမားဆရာကြီးပါ။ နောက်တော့ အိမ်ဆောက်ရင်း အိမ်ခေါင်ပေါ်က လိမ့်ကျတာနဲ့ ခါးရိုးကျိုးသွားပြီး အလုပ် မလုပ်နိုင်တော့ပါဘူး။ ဒီတော့ အမေတို့ သားအမိကပဲ ရှာဖွေ ကျွေးရပါတယ်။
အဖေဟာ တောင်ဥက္ကလာမှာသာ ဆိုက်ကားနင်းပေမယ့် အလုပ်ကို ကောင်းကောင်း မလုပ်နိုင်ဘူး။ မြောက်ဥက္ကလာချည်းပဲ လာလာနေတယ်။ ဦးလေး စဉ်းစား ကြည့်လေ။ တောင်ဥက္ကလာကနေပြီး မြောက်ဥက္ကလာကို ဆိုက်ကားနဲ့ နေ့တိုင်း လာရတာဟာ နည်းတဲ့ ခရီးလား။ တိုက်ရိုက်လမ်း မရှိတော့ ကမ္ဘာအေးဘုရား လမ်းမကြီးက နေပြီး တကွေ့ကြီး လာရတာ။ ဒါပေမဲ့ အဖေကတော့ နေ့တိုင်း လာတာပဲတဲ့။ ဒီလိုနဲ့ မြောက်ဥက္ကလာချည်းပဲ လာလာနေတော့ အမေ့အလုပ်မှာ ထိခိုက်တယ်။ ဒါနဲ့ နောက်ကျတော့ မြောက်ဥက္ကလာ ဈေးနားက ဂိတ်မှာပဲ ဆိုက်ကား လာထိုးပြီး မြောက်ဥက္ကလာမှာပဲ နင်းသတဲ့။
မနက်လင်းတာနဲ့ အဖေဟာ ဆိုက်ကားတစီးနဲ့ မြောက်ဥက္ကလာကို ရောက်လာပြီး မြောက်ဥက္ကလာဈေးနားက ဂိတ်မှာထိုး၊ တနေကုန် မြောက်ဥက္ကလာမှာပဲ ဆိုက်ကားနင်း၊ ညနေမိုးချုပ်တော့မှ ဆိုက်ကားသိမ်းတော့တာပဲ။ အပြန်ကျတော့လည်း တောင်ဥက္ကလာအထိ ဆိုက်ကားနင်း ပြန်ရတာပဲ။
အဖေနဲ့ အမေ ကြိုက်နေတဲ့ သတင်းဟာ ဘယ်ကနေ ဘယ်လို ပေါက်သွားသလဲမသိဘူး။ အမေရဲ့ အဖေနားကို ရောက်သွားတယ်။ ဒီသတင်းကို ကြားတော့ အမေရဲ့ အဖေဟာ သဘောမတူဘူးတဲ့။ သူ့သမီးဟာ ဆိုက်ကားသမား မယား အဖြစ်မခံနိုင်ဘူးပေါ့ ဦးလေးရယ်။ တကယ်တော့ လက်သမားဆရာရဲ့ သမီးဟာ လက်သမားတို့ ဘာတို့နဲ့ပဲ ညားပေါ့။ ခုလည်း အဖေ့ရဲ့ ဆိုက်ကားဆရာ အလုပ်ဟာ ဒီလောက် ဂုဏ်ငယ်တဲ့ အလုပ် မဟုတ်ပါဘူး။ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားရင် ပြီးတာပဲ မဟုတ်လား။ အဘိုးကြီးကတော့ ရှေးလူကြီး ဆိုတော့ သူ့ သမီးကို ဆိုက်ကားဆရာနဲ့ မပေးစားနိုင်ဘူး ဆိုပြီး တဆူဆူ တပူပူ လုပ်နေတယ်။ နောက်တော့ အမေလည်း စိတ်ညစ်ညစ် ရှိတာနဲ့ အဖေနဲ့ ခိုးရာလိုက်ပြေးပါတယ်။ အဘိုးက စိတ်ဆိုးလို့ အမေ့ကို တော်တော်နဲ့ ပြန်မခေါ်ပါဘူး။ ဒါနဲ့ အဖေနဲ့ အမေတို့ဟာ မြောက်ဥက္ကလာအစွန်က သူငယ်ချင်းတယောက် အိမ်မှာ နေကြရပါတယ်။ အဖေကတော့ ဆိုက်ကားနင်းမြဲ နင်းရတာပေါ့လေ။ အဘိုးက စိတ်ကြီးသူ ဖြစ်လေတော့ အမေ့ကို သေသည်အထိ ခေါ်မသွားတော့ပါဘူး။ အမေတို့ အိမ်ထောင်ကျပြီး တနှစ်လောက် အကြာမှာ အဘိုး ဆုံးသွားတယ် ထင်ပါတယ်။ အဘိုး ဆုံးတော့မှ အဘွားကလည်း သမီးကို ပြန်လက်ခံပြီး အမေတို့နဲ့ အတူတူနေပါတယ်။
အမေတို့မှာ အဖေ့လုပ်စာနဲ့ မစားလောက်တဲ့ အခါကျတော့ အဘွားနဲ့ အမေက ကျပန်း လုပ်ကိုင် စားသောက်ကြရပါတယ်။ ကျပန်းဆိုတာက ပဲပြုတ် ရောင်းတဲ့အခါ ရောင်း၊ ကုန်စိမ်းရောင်းတဲ့အခါ ရောင်း၊ မြောက်ဥက္ကလာထဲမှာ ရှိတဲ့ ပလတ်စတ စက်ရုံကလေးတွေမှာ ပလတ်စတ အဟောင်းတွေ ဆေး။ အလုပ်ကတော့ စုံလို့ပါပဲ။ သမီးတို့မှာလည်း လူဦးရေက များလာပြီလေ။ အဖေတို့ အမေတို့က သားသမီး ခြောက်ယောက် မွေးပါတယ်။ အကြီးဆုံးကတော့ ယောက်ျားလေးပါ။ သူက ခုနစ်တန်းလောက်ပဲ ကျောင်းနေလိုက်ပါတယ်။ ခုနစ်တန်းတောင် မအောင်ပါဘူး။ ဒါနဲ့ သူ့ကိုအဖေရဲ့ သူငယ်ချင်းက မော်တော်ကားဝပ်ရှော့မှာ အလုပ်သွင်းပေးထားပါတယ်။ နောက်တော့ သူလည်း စောစောစီးစီး အိမ်ထောင်ကျပြီး အိမ်ခွဲသွားပါတယ်။ နောက်တယောက်ကတော့ မိန်းကလေးပါ။ သူလည်း ကျောင်း ကောင်းကောင်း မနေလိုက်ရပါဘူး။ အိမ်အလုပ်ကို ကူလုပ်ပေးရင်းနဲ့ပဲ မော်တော်ကား ဒရိုင်ဘာတယောက်နဲ့ ရသွားပါတယ်။ ကီလီဒိုင်ကို မနက်အစောကြီး သွားသွားပြီး ကုန်စိမ်းတို့ ငါးတို့ ဝယ်ရာကနေပြီး ဒရိုင်ဘာနဲ့ ညားသွားတာပါ။ သူကလည်း နောက်တော့ သာကေတကို ပြောင်းပြီး အိမ်ခွဲသွားပါတယ်။
နောက်တယောက်ကတော့ ယောက်ျားလေးပါ။ သူကတော့ အိမ်ထောင်တို့ ဘာတို့ မကျသေးပါဘူး။ ဒါပေမဲ့ ဆိုးလွန်းလို့ အဖေက သူ့ကို အိမ်က နှင်ချထားပါတယ်။ ဆိုးသလားတော့ မမေးနဲ့ဦးလေး။ ရန်ဖြစ်ပြီး ရဲစခန်းကို ရောက်ရတဲ့ အကြိမ်ပေါင်းကလည်း မနည်းတော့ဘူး၊ ဆိုးတာကတော့ အရက်သောက်တာပဲ၊ အရက်မူးပြီး ပြန်လာရင် အမေ့ကို ဂျီတိုက်တယ်။ အဖေရှိရင်တော့ အိမ်ကို သိပ်မလာရဲဘူး ကြုံရာမှာ နေတာပဲ။ ဘယ်လို လုပ်ကိုင် စားသောက်နေသလဲတော့ သမီးလည်း မသိဘူး။ တခါတလေမှာ တောင်ဥက္ကလာမှာ သွားနေတယ်။ တခါတလေမှာလည်း သာကေတမှာ သွားနေတယ်။ တခါတလေမှာလည်း ဘယ်ပျောက်နေမှန်း မသိဘူး။ လေးငါးလလောက်ရှိမှ မြောက်ဥက္ကလာဘက်ကို ရောက်လာတတ်တယ်။ အဲဒီတော့မှ သူ့ကို တွေ့ရတာပဲ။ အဖေ မရှိတုန်း အိမ်ကို ရောက်လာရင် အမေ့ကို ပိုက်ဆံတောင်းတယ်။ အမေကလည်း အဲဒီသားကျ တော်တော် ချစ်ပုံရတယ်။ သူ ပိုက်ဆံတောင်းရင် ရှိသမျှ ပိုက်ဆံကလေးကို အဖေ မသိအောင် ကျိတ်ပေးလိုက်တာပဲ။ တခါတလေမှာ ပိုက်ဆံမရှိရင်လည်း ရှိတဲ့ အဝတ်အစားကလေး၊ ဆံစုကလေးကို ပေါင်ပေးလိုက်တယ်။ တခါတလေကျတော့ သမီး စဉ်းစားမိတယ် ဦးလေး။ အမေတွေဟာ မတရားဘူးလို့၊ ဆိုးတဲ့ ကလေးတွေကိုကျတော့ သိပ်ချစ် သိပ်အလိုလိုက်ပြီး လိမ္မာရေးခြားရှိတဲ့ သားသမီးတွေကျတော့ ဝတ်ကျေတန်းကျေပဲ ချစ်ကြတယ်။ မဟုတ်ဘူးလား ဦးလေး။
သမီးက စတုတ္ထသမီး။ သမီးအောက်မှာ မောင်လေးတယောက်နဲ့ ညီမလေး တယောက် ရှိသေးတယ်။ အဖေကလည်း အသက်ကြီးလာတော့ အရင်ကလို ဆိုက်ကား မနင်းနိုင်တော့ဘူးလေ။ အသက်ကြီးတဲ့လူ ဆိုက်ကားသမားဆိုရင် စီးတဲ့လူကလည်း သိပ်မစီးချင်ကြတော့ဘူး။ အားနာလို့လား၊ ဒါမှမဟုတ် အဘိုးကြီး ကောင်းကောင်း မရုန်းနိုင်တော့ဘူးလို့ ထင်လို့လားတော့ မပြောတတ်ဘူး။ ဒီ အထဲမှာ အဖေက မျက်စိမှုန်တယ်။ မျက်စိမှုန်တော့ ညတို့ ဘာတို့ဆိုရင် ဆိုက်ကားနင်းလို့ မရတော့ဘူး။ တနေ့ကို အုံနာခ ပေးပြီး ကျန်ရုံလောက်ပဲ နင်းတော့တယ်။ နေပူတဲ့အချိန် နင်းပြန်ရင်လည်း အဖေက အသက်ကြီးတော့ သိပ်မနင်းနိုင်ဘူး။ မိုးတွင်းကျတော့လည်း မကြာခဏ အအေးမိလို့ မနင်းနိုင်ပြန်ဘူး။ ပန်းနာ ရင်ကျပ်လည်း ရှိတော့ ဆေးဝါးခတို့ ဘာတို့ကလည်း ကုန်တယ်။
ဒီတော့ သမီးကလည်း ထွက်အလုပ်လုပ်ရတာပေါ့။ ဟုတ်ပါတယ်။ သမီး အသက် ဆယ့်ငါးနှစ်ပဲ ရှိပါသေးတယ်။ မောင်လေးက ဆယ့်နှစ်နှစ်။ ညီမလေးက ဆယ်နှစ်ပါ။ သူတို့အတွက် ကျောင်းစရိတ်တို့ ဘာတို့လည်း ကုန်တယ် မဟုတ်လား။ ဒီတော့ သမီး ကျောင်းဆက်မနေနိုင်တော့ဘူးလေ။ ခြောက်တန်းအောင် အပြီး ခုနစ်တန်းအရောက်မှာ ကျောင်းက ထွက်လိုက်တယ်။ ကျောင်းမထွက်ခင်ကတည်းက အလုပ်လုပ်ခဲ့တာ ခု ကျောင်းထွက်တော့လည်း အလုပ်လုပ်နေတုန်းပါပဲ။
သမီးအလုပ်လား။ သမီးက ဒီအရွယ်မှာ ဘာအလုပ် လုပ်တတ်မှာလဲ ဦးလေးရယ်။ သမီး ဆယ်နှစ်သမီးလောက်ကတည်းက အလုပ်လုပ်ခဲ့ရတာ။ ဆယ်နှစ်သမီး အရွယ်ဆိုတာ ဘာအလုပ် လုပ်တတ်မှာလဲ။ အိမ်ဖော် လုပ်ရင် လုပ် ဒါမှမဟုတ်ရင် အကြော်တို့ ဘာတို့လည်း ရောင်းရင် ရောင်းပေါ့။ ဒါပဲ ရှိတာပေါ့။ အိမ်ဖော်တော့ မလုပ်ချင်ဘူး ဦးလေးရယ်။
ဒီတော့ သမီး ဆယ်နှစ်သမီး အရွယ်လောက်တုန်းက အကြော် လျှောက်ပြီး ရောင်းတယ်။ ဒါပေမဲ့ သိပ်မကိုက်ဘူး ဦးလေးရဲ့။ အကြော်က ရာရေနဲ့ ရောင်းရတာ၊ ကုန်ရင်တော့ မဆိုးပါဘူး၊ မကုန်ရင် ရှုံးတယ်။ နောက်တော့ ရာရေနဲ့ မယူတော့ဘူး ကိုယ်နိုင်သလောက်ပဲ ယူရောင်းတယ်။ တခုမှာ ဆယ်ပြားလောက်တော့ ကျန်ပါတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်း လှည့်ရောင်းလိုက်ရင် ကိုယ့်ဖို့ တဆယ်လောက်တော့ ကျန်ပါတယ်။ ဒါပေမဲ့ အကြော်ရောင်းရတာ ပင်ပန်းတယ် ဦးလေးရဲ့။ တလမ်းဝင် တလမ်းထွက် လျှောက်ရောင်းရတာ ဆိုတော့ ပင်ပန်းတယ်။ ပင်ပန်းတယ်ဆိုတာ ခြေထောက်ညောင်းတာတို့ ဘာတို့က ဒီလောက် အကြောင်း မဟုတ်ပါဘူး။ သမီး ဒီလောက်တော့ အပင်ပန်းခံနိုင်ပါတယ်။ အဆိုးဆုံးကတော့ ဆာတာပဲ၊ လမ်းချည်းပဲ လျှောက်နေရတော့ သိပ်ဆာတာပဲ။
ဒီတော့ ကိုယ်ရောင်းတဲ့ အကြော်ထဲကချည်း နှိုက်နှိုက်စားနေတော့ နေ့တွက် သိပ်မကိုက်ဘူးပေါ့။ အိမ်မှာလည်း ကောင်းကောင်း မစားရတော့ လမ်းမှာ ဈေးလျှောက်ရောင်းရင်း ဆာလာရင် အကြော်ပဲ နှိုက်စားလိုက်တာပဲ။ မှတ်မိသေးတယ် ဦးလေးရယ်။ တခါတော့ အိမ်က အကြော်ရောင်း ထွက်လာတယ်။ အိမ်မှာလည်း ထမင်းကြမ်းတို့ ဘာတို့ မကျန်ဘူး။ ဘာမှ မစားခဲ့ရဘူး။ အကြော်ဖိုရောက်မှ အကြော်ကလေး တခုလောက် စားပြီး အကြော်ရောင်းထွက်လာတယ်။
တလမ်းဝင် တလမ်းထွက် တတောက်တောက် လျှောက်နေရတော့ ဆာတာပေါ့ ဦးလေးရဲ့။ ဒီတင် ဆာတိုင်း အကြော်တွေကို နှိုက်နှိုက် စားလာတာ။ အဲဒီနေ့က အရင်းတောင် ပြန်မရဘူး။ အိမ်ရောက်တော့ အမေက ရိုက်လိုက်တာလေ။ ဘာပြောကောင်းမလဲ။
နောက်တော့ အကြော် မရောင်းဘဲ သမီး ပန်းရောင်းပါတယ်။ စံပယ်ပန်းပေါ့လေ။ သမီးတို့ မြောက်ဥက္ကလာမှာ စံပယ်ခြံတွေ အများကြီးရှိတယ်။ အဲဒီခြံတွေက စံပယ်ကို ဆယ့်နှစ်ရာသီလုံးလုံး ပွင့်အောင် စိုက်ကြတယ်။ ညနေပိုင်းဆိုရင် စံပယ်ဖူးတွေကို သွားခူးရတယ်။ ခြံတွေက ပန်းဒိုင်ကို သွင်းတာလည်း ရှိတယ်။ ပန်းဒိုင် ဆိုတာ ရန်ကုန်တမြို့လုံးမှာ ရှိတဲ့ စံပယ်ခြံတွေက စံပယ်ပန်းတွေကို လိုက်သိမ်း ဝယ်ပြီး သူတို့ကမှ တဆင့် ဈေးတွေကို လက်လီလက်ကား ဖြန့်တာပေါ့လေ။
သမီးတို့ကတော့ ပန်းဒိုင်ကြီးတွေက တဆင့် ယူတာ မဟုတ်ပါဘူး။ ခြံက တိုက်ရိုက်ယူတာပါ။ ဈေးက အပွင့်တသောင်းကို ခုနစ်ကျပ်ပါ။ အပွင့်ဆိုပေမယ့် ညဦးပိုင်းမှာတော့ သိပ်မပွင့်သေးဘူးပေါ့လေ။ အဖူးကလေးတွေကို ခူးလာပြီး အိမ်ကျရင် ပိတ်စိမ်းပါးကလေးနဲ့ အုပ်၊ ရေဖျန်းထားရပါတယ်။ အပွင့်ကလေးတွေ ပွင့်လာတော့မှ အပ်ချည်ကြိုးနဲ့ သီပါတယ်။
ရောင်းတန်းဆိုရင်တော့ အပွင့်တသောင်း ဆိုရင် စံပယ်ကုံး တရာလောက် ရတာပေါ့။ ကုံးရေနဲ့ ရောင်းရင် နှစ်ဆယ်ဖိုး၊ အစိတ်ဖိုးလောက် ရှိမှာပေါ့။ ဒီတော့ ဒီအထဲမှာ အပ်ချည်ကြိုးဖိုးတို့၊ လုပ်အားခတို့ နုတ်လိုက်ရင် ကိုယ့်အတွက် တဆယ်လောက် ကျန်တာပေါ့။ လုပ်အားခ ဆိုတာတော့ ထားပါတော့လေ။ တကယ်တော့ စံပယ်ကုံးသီတဲ့ လုပ်အားခ ဆိုတာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ရတာ မဟုတ်ပါဘူး။
စံပယ်ကုံးတွေကို ညက သီထားပြီး မနက်အစောကြီးကျတော့ သမီး ရန်ကုန်ထဲကို သွားရောင်းပါတယ်။ ခရီးစရိတ်ကတော့ ကုန်တာပေါ့လေ။ အများအားဖြင့်တော့ ခရီးစရိတ် သက်သာအောင် မြို့ပတ်ရထားနဲ့ လိုက်ပါတယ်။ မြို့ပတ်နဲ့ လိုက်ပြီး ဟံသာဝတီ ဘူတာမှာ ဆင်းပါတယ်။ ဆင်းပြီး လှည်းတန်းဈေးကို လာရောင်းပါတယ်။
ရှင်။ ဈေးထဲမှာ ချရောင်းတာ မဟုတ်ပါဘူး။ လှည်းတန်းဈေးကို ဈေးလာဝယ်တဲ့ ကားတွေမှာ လိုက်ရောင်းပါတယ်။ တချို့ကလည်း အိမ်မှာ ဘုရားတင်ဖို့ ဝယ်ပါတယ်။ တချို့ကလည်း မော်တော်ကားရှေ့မှန်ခန်းမှာ ချိတ်ဖို့ ဝယ်ကြပါတယ်။ သမီးက တနေ့ကို အကုံးသုံးရာလောက် ရောင်းရပါတယ်။ သိပ်တော့ မကျန်ပါဘူး ဦးလေးရယ်။ တနေကုန် ရောင်းရတာ မဟုတ်လား။ မနက်စာ ထမင်းဖိုးက ရှိသေးတယ်။
ပြီးတော့ ဟိုပေး ဒီပေး ပေးရတာက ရှိသေးတယ်။ မနက်စာကတော့ အိမ်က ပဲပြုတ်နဲ့ ထမင်းကြော်တော့ စားခဲ့ပြီးပါပြီ။ ဒါပေမဲ့ သိပ်ဆာတယ် ဦးလေးရဲ့။ တလျှောက်လျှောက် လုပ်နေရတော့ ၁၀ နာရီလောက်ဆိုရင် ဆာလာပြီ။ ဒီတော့ ထမင်းကြော် ဝယ်စားရတယ်။ ထမင်းကြော် ဆိုတာကလည်း တပန်းကန်ကို ရှစ်ကျပ်လောက် ပေးရတာ။
တခါတလေလည်း လှည်းတန်းဈေးမှာတင် ကုန်ချင် ကုန်သွားတယ်။ မနက် စောစော ဈေးလာဝယ်တဲ့ မော်တော်ကားတွေ စည်ချိန်မှာဆိုရင် လှည်းတန်းဈေးမှာ ရောင်းပါတယ်။ နေမြင့်လို့ ကားတွေ တော်တော် ရှင်းသွားပြီဆိုတော့ လှည်းတန်းမီးပွိုင့်မှာ သွားပြီး ရောင်းပါတယ်။ မီးပွိုင့်မှာ မော်တော်ကားတွေ ရပ်တယ် မဟုတ်လား။ ဒီတုန်းမှာ ရောင်းရတာပါ။ အဲဒီမှာ မကုန်ရင် ဓာတ်ဆီဆိုင်တို့၊ မြေနီကုန်း လက်ဖက်ရည်ဆိုင်တွေနဲ့ မြေနီကုန်းမီးပွိုင့်ကို သွားရောင်းရပါတယ်။ အမှန်ကတော့ မီးပွိုင့်မှာ မရောင်းရဘူး ဦးလေးရဲ့။ ရောင်းရင် ယာဉ်ထိန်းရဲက ဖမ်းတယ်။ တချို့ ယာဉ်ထိန်းရဲကြီးတွေကျတော့လည်း သဘောကောင်းရှာပါတယ်။ သမီးတို့ကို ဘာမှ မလုပ်ပါဘူး။ အသာပဲ ကြည့်နေလိုက်တာပဲ။ တချို့ ယာဉ်ထိန်းရဲကျတော့လည်း အမျိုးမျိုးပေါ့ ဦးလေးရယ်။ နေရာတကာမှာ လူကောင်း ရှိသလို လူဆိုးလည်း ရှိတာပေါ့။ တချို့ လက်ဖက်ရည်ဆိုင်တွေရှေ့ ကျတော့လည်း မိုက်ကြေးခွဲတဲ့ သူတွေ ရှိသေးတယ် ဦးလေးရဲ့။ သူတို့ကို နည်းနည်းပါးပါး ပေးရတယ်။ နို့မို့ရင် ဆိုင်နားမှာ လာမရောင်းရဘူး။ ဒါကတော့ ဆိုင်တိုင်းမှာတော့ မဟုတ်ပါဘူး။ တချို့ ဆိုင်တွေကျမှပါ။ သူတို့က လက်ဖက်ရည်ဆိုင်နဲ့ လည်း ဘာမှ မဆိုင်ဘူး။ ယာဉ်ထိန်းရဲတို့ ဘာတို့လည်း မဟုတ်ဘူး။ သက်သက်မဲ့ အနားတဝိုက်မှာ မိုက်ကြေးခွဲနေတာ။
မီးပွိုင့်မှာ စံပယ်ပန်း ရောင်းရတာ အန္တရာယ်တော့ များတယ် ဦးလေး။ တခါတလေမှာ ကားကို မနည်းလွတ်အောင် ရှောင်ရတာတို့ ဘာတို့ ရှိတယ်။ တချို့ကားတွေကျတော့လည်း မီးဝါ ပြနေပေမယ့် ဇွတ်မောင်းချင် မောင်းသွားတာ။ တချို့ကားကလည်း တခြား ကားဘေးမှာ လူတယောက် ရပ်နေတာမှန်း သိလျက်နဲ့ အတင်းကပ်ပြီး ထိုးဝင်ချင် ဝင်လာတာ။
တခါတုန်းက သမီးနဲ့အတူ စံပယ်ကုံး ရောင်းတဲ့ မသန်းဌေး ဆိုတဲ့ ကောင်မလေးတယောက် မီးပွိုင့်မှာ စံပယ်ပန်းတွေကို ကားဘေးမှာ ကပ်ပြီး ရောင်းနေတယ်။ ဒီတုန်းမှာ ကားကြီးတစီးက အတင်း ဘေးနားမှာ လာရပ်လို့ ကောင်မလေး ကားညှပ်မိပြီး အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေသွားတယ် ဦးလေးရယ်။ အဲဒီတုန်းက သမီးက တဖက် ယာဉ်ကြောမှာ ရောင်းနေတာ။ စိတ်မကောင်းလိုက်တာ ဦးလေးရယ်။ သွေ|းအိုင်ထဲမှာ စံပယ်ပန်းကုံးကလေးတွေက ပြန့်ကြဲလို့။ သမီး စိတ်ထိခိုက်လိုက်တာနဲ့ အဲဒီ မီးပွိုင့်ကို တလ နှစ်လလောက် မသွားဘူး။ မျက်စိထဲမှာ သွေ|းစွန်းနေတဲ့ စံပယ်ပန်းကုံး နီနီကလေးတွေပဲ မြင်နေတယ်။ အိပ်မက်ထဲမှာတောင် သွေ|းစွန်းတဲ့ စံပယ်ကုံးနီနီကလေးတွေကိုပဲ မြင်မြင်ပြီး ကယောင်ကတမ်း အော်နေမိတယ်။
ဒါပေမဲ့ သမီး အဲဒီ မီးပွိုင့်ကို ကြာကြာမသွားဘဲ မနေနိုင်ဘူးလေ။ အဲဒီ နေရာက ကားလမ်းတွေ အများကြီး ဆုံတော့ စံပယ်ကုံး ရောင်းလို့ သိပ်ကောင်းတာကိုး။ အဲဒီမီးပွိုင့်ကိုသာ ဦးဦးဖျားဖျား ရောက်သွားရင် တခြား ဘယ်နေရာကိုမှ သွားစရာ မလိုတော့ဘူး။ တနေရာတည်းမှာတင် ကုန်သွားတယ်။ ဒါကြောင့် အဲဒီ မီးပွိုင့်ကို ကိုယ်က ဦးအောင် သွားရတယ်။
လက်ဖက်ရည်ဆိုင်နားမှာ ရောင်းတာကတော့ မော်တော်ကား အန္တရာယ်တို့ ဘာတို့ကို သိပ်မစိုးရိမ်ရပါဘူး။ ဒါပေမဲ့ တချို့ ကားဆရာတွေက မကောင်းဘူး ဦးလေးရဲ့။ ပန်းဝယ်တော့ တကျပ်ဖိုးလောက် ဝယ်ပြီး ရိသဲ့သဲ့ ပြောတာတို့ ထိပ်ပုတ် ခေါင်းပုတ် လုပ်တာတို့ ရှိတယ်။ ခက်တာက သူတို့နဲ့ လိုက်လိုက်လျောလျော မနေပြန်ရင်လည်း တမျိုး။
တခါတလေကျတော့လည်း စိတ်ညစ်ရတယ် ဦးလေးရေ။ စံပယ်ပန်းက တော်တော်နဲ့ မကုန်နိုင်ဘူး။ ဒီတော့ အရပ်ထဲကို လှည့်ရောင်းရပြန်ရော။ အဲ၊ အရပ်ထဲ လှည့်ရောင်းရပြီ ဆိုရင်တော့ ဖတ်ဖတ်မောပြီလို့သာ အောက်မေ့ပေတော့။
စံပယ်တွေရမယ်၊ စံပယ်တွေ ရမယ်လို့ အော်လိုက်ရတာကလည်း အမော။ လမ်းချည်းပဲ လျှောက်နေရတော့ ဆာလည်း ဆာတယ်။ အဲဒီတော့ ဟိုဟာ ဝယ်စား၊ သည်ဟာ ဝယ်စားနဲ့ ပိုက်ဆံက အပိုကုန်ပြန်ရော။
သမီးလား။ ကျောင်းတော့ မနေတော့ပါဘူး ဦးလေးရယ်။ စားရေးသောက်ရေးက ရှိနေတော့ ကျောင်းနေဖို့ စိတ်မကူးနိုင်တော့ပါဘူး။ အဖေကလည်း ကောင်းကောင်း မမာဘူး။ အမေကလည်း အဖေ့ကို ပြုစုနေတာနဲ့ပဲ အချိန်ကုန်တာ မဟုတ်လား။ ပြီးတော့ မောင်လေးနဲ့ ညီမလေးတို့လည်း ကျောင်းထားရဦးမယ်။
သမီးမှာ မျှော်မှန်းချက် ကြီးကြီးမားမား မရှိပါဘူး။ မောင်လေးနဲ့ ညီမလေးကို ကောင်းကောင်း ပညာသင်ပေးနိုင်ရင် တော်ပါပြီ။ အဲ၊ တခုတော့ ရှိတယ်ပေါ့ ဦးလေးရယ်။ မြောက်ဥက္ကလာမှာပဲ ဖြစ်ဖြစ် စံပယ်ခြံကလေး တခြံလောက်တော့ ပိုင်ချင်တယ်။ သမီးသာ စံပယ်ခြံကလေး တခြံလောက် ပိုင်ရင် စံပယ်တွေကို ဆယ့်နှစ်ရာသီ ပွင့်အောင် စိုက်မယ်။ စံပယ်ခြံ အောင်ရင် ပန်းဒိုင်ကြီးတခု ဖွင့် မယ်။ ပန်းဒိုင်က ကြည့်တော့သာ ဘာမှ မဟုတ်တာ၊ ဝင်ငွေ တော်တော်ကောင်းတာ ဦးလေးရဲ့။ ပြီးတော့ သမီးတို့လို ကျောင်းမနေနိုင်တဲ့ ကလေးတွေကို စံပယ်ပန်း ရောင်းတဲ့ အလုပ်ပေးမယ်။ အဲ၊ တခုတော့ ရှိတယ်။ မသန်းဌေး လက်ထဲမှာ မြင်လိုက်ရတဲ့ သွေ|းစွန်းနေတဲ့ စံပယ်ပွင့် နီနီကလေးမျိုးတွေကိုတော့ သမီး မမြင်ချင်ဘူး။ ဖြူဖွေးပြီး မွှေးနေတဲ့ စံပယ်ပွင့်ကလေးတွေကိုပဲ မြင်ချင်တယ်။
—-
မြသန်းတင့်