ပုဏ္ဏကတိုက်တဲ့အိမ်(စ/ဆုံး)

 ပုဏ္ဏကတိုက်တဲ့အိမ်(စ/ဆုံး)

===============


မိုးသားတိမ်လိပ်တို့ အုံ့မှိုင်းဝေရီလျှက် မိုးခြိမ်းသံ


များ တစ်ခါခါ ကြားနေရပြီး မိုးဦးအစမို့ မြေသင်းရနံ့


က လေသင့်ရာသို့ ပြန့်လွင့်လျှက်ရှိလေ၏


…..မကြည်အေး….မကြည်အေး….


အိမ်ရှေ့က တစ်ကြော်ကြော် ခေါ်သံကြောင့်


မီးဖို​ချောင်ထဲမှ ချက်ထားသော ထမင်းအိုးကိုထားခဲ့


ပြီး မကြည်အေး အိမ်အရှေ့သို့ ထွက်ကြည့်လိုက်


သည်


…..ဟော့…မစန်းမြင့်ပါလား….ဘာဖြစ်လို့တုန်းတော့်…


…မကြည်အေးရေ….တော့်သားကို…ချက်ကြီးတို့အဖွဲ့


ဝိုင်းထိုးကြတာ….ရွာမြောက်ပိုင်းက….နတ်စင်ဘေးမှာ


….ထတောင်မထနိုင်တော့ဘူးတဲ့….တော်သွားကြည့်ဦး


မကြည်အေး ကြားရသော သတင်းကြောင့် ရင်ထဲဆို့


သွားလေသည် ကိုစိုးနိုင်နဲ့မကြည်အေးတို့မှာ


သားသမီးဆိုလို့ သားလေး မောင်စိုး တစ်ယောက်သာ


ထွန်းကားခဲ့ခြင်းကြောင့် အသက်တမျှ ချစ်ရလေ၏


အခုကိစ္စ သူ့အဖေ ကိုစိုးနိုင်သာ သိရင် မလွယ်ဘူး


အလုပ်သွားနေလို့သာ မသိလိုက်တာ တတ်လာသော


​ဒေါသကို အလုပ်ပေးရန် မကြည်အေး ခန်းစီးနောက်မှ


ငှက်ကြီးတောင်ကိုဆွဲခါ ရွာမြောက်ပိုင်း နတ်စင်ရှိရာ


ဘက်သို့ သုတ်ခြေတင်ခဲ့လေသည် နတ်စင်အနားသို့


ရောက်သော် မျက်နှာတစ်ခုလုံး ညိုမည်းလျှက်


ရွာကလူကြီး သုံးယောက်လောက်က ဝိုင်းပြီးပြုစုပေး


နေတာကို မကြည်အေး တွေ့လိုက်ရသည်နှင့်


….သား…ငါ့သားလေး….ဘာဖြစ်သွားလဲ….


မောင်စိုး မျက်နှာတစ်ခုလုံး နာကျင်ယောင်ကိုင်း


နေပေမယ့် မိဘများ၏ စိတ်ကိုသိနေသောကြောင့်


​…..ဘာ….ဘာမှမဖြစ်ပါဘူးအမေ….နည်းနည်းပဲထိ…


…တာပါ….


မကြည်အေး ကိုင်လာသော ကျစ်ကျစ်ပါအောင်ဆုပ်


ကိုင်ရင်း သားကိုချစ်တဲ့အမေတစ်ယောက်ရဲ့ သတ္တိတို့


​တွန်းကန်ထွက်လာတော့သည်


….ငါ့သားကို….အုပ်စုဖွဲ့ပြီး….အနိုင်ကျင့်တဲ့ကောင်


တွေ…..ဘယ်မှာလဲ….နင်တို့ကိုငါအရှင်မထားဘူး…..


ဒေါသတို့ဖြင့် မျက်ရည်များကျလျှက် အံကိုတင်းတင်း


ကြိတ်ခါ လိုက်ရှာပေမယ့် အရိပ်အယောင်တောင်မှ


မတွေ့ရပေ


……လူကြီးတွေလာလို့….ပြန်ပြေးသွားပြီအမေ….


….ထားလိုက်ပါတော့…အမေရယ်…သားလဲ…ဘာမှမ


ဖြစ်ပါဘူး…..


မောင်စိုးအမေဖြစ်သူကို ဖြောင့်ဖြရန်ကြိုးစားရသည်


ဘေးမှပြုစုပေးနေသော လူကြီးများကလည်း


….ဟုတ်ပါတယ်….မကြည်အေးရယ်….နင့်စိတ်ကို…..


….လျှော့စမ်းပါဟာ…..စိတ်လိုက်မာန်ပါ….မလုပ်ပါနဲ့..


….ရွာလူကြီးဆီမှာ….ရှင်းလို့ရပါတယ်ဟ….ကဲ….ကဲ…


….မောင်စိုး….မင်းအမေကိုခေါ်ပြီး…..ပြန်တော့….


မောင်စိုး ထိုင်နေရာမှ လူးလဲထလိုက်ပြီး အမေဖြစ်သူ


ရဲ့လက်ကို အတင်းဆွဲကာ ပြန်ကြလေသည်


ထိုနေ့က ကိုစိုးနိုင် အလုပ်ကပြန်လာတော့ သားဖြစ်သူ


မျက်နှာကိုကြည့်ပြီး စိတ်ဆိုးဒေါသထွက်ခါ အုပ်စုဖွဲ့


ဝိုင်းရိုတ်သော ချက်ကြီးတို့အဖွဲ့ကို ရဲစခန်းသို့


သွားပြီး အမှု့ဖွင့်ခဲ့တော့သည်


=================


ချက်ကြီးတို့အဖွဲ့ကို ရဲများကဖမ်းဆီးသွားခဲ့ပြီး


ချက်ကြီးမိဘတွေက ငွေကြေးပြည့်စုံသူတွေမို့


ငွေလမ်းခင်းခါ သူ့သားပြန်လွတ်ရေးအတွက် ပုံအော


ပြီး လိုက်ကြပေမယ့် သက်သေတွေက ခိုက်မာလွန်း


တာကြောင့် ထောင်ဒဏ်တစ်လတိတိ ကျသွား၏


ပြသနာသည် ဤမျှဖြင့် မပြီးတာကိုတော့ ကိုစိုးနိုင်


တို့ မိသားစု မသိခဲ့ရပါချေ တရားရုံးရှေ့၌ ချက်ကြီးရဲ့


မိဘတွေ ကြိမ်းမောင်းသွားကြသည်ကိုတော့ အားလုံး


ကြားခဲ့ရသည်


….တောက်….စိုးနိုင်….စိုးနိုင်…မင်းနဲ့ငါ….တွေ့ကြသေး


တာပေါ့ကွာ…..ထမင်းဝအောင်စားထား…..


ထိုသို့ ကြားပေမယ့် ကိုစိုးနိုင် မသိသလိုနေခဲ့ပြီး


အိမ်သို့သာ တန်းပြန်ခဲ့လေသည် နောက်နှစ်ရက်သုံး


ရက်နေတော့ ကိုစိုးနိုင်တို့အိမ်သို့ ကြမ္မာဆိုးက မထင်


မှတ်ပဲ တိုးဝင်လာပါတော့သည်


==============


အာရုံဏ်ဦးရဲ့ အုန်းမောင်းခေါက်သံသည် ပဲ့တင်


ထပ်လျှက် တစ်ချို့ အိမ်လေးများ မီးရောင်တစ်စစ


လင်းလက်လာ၍ ဆွမ်းချက်သူကချက် အလုပ်သွားဖို့


ပြင်ဆင်သူကပြင်ကြနဲ့ နေ့သစ်အတွက် သက်ဝင်


လှုပ်ရှားလာ၏


မကြည်အေး ဆွမ်းလဲချက် ကိုစိုးနိုင်အလုပ်သွား


ရန် ထမင်းချိုင့်အတွက်လဲ ထည့်ဖို့လုပ်ရန် မီးဖိုချောင်


ထဲသို့ ဝင်ခါ ဆန်အိုးထဲသို့ လက်နှိုက်ခါ ဆန်ခပ်လိုက်


တော့


…..ဟင်……ဘာ…..ဘာတွေလဲ…..


ဆန်အိုးထဲမှ ဆန်များသည် ဆန်မဟုတ်တော့ပဲ


သဲများဖြစ်နေသည်ကို မကြည်အေး အံ့သြမင်သက်


စွာ တွေ့ရလေ၏


….မနေ့ကမှ….ဆန်တစ်ပိုင်း….သွန်ထည့်ထားတာ….


….ဘယ်လိုဖြစ်ရတာလဲ…..ကိုစိုးနိုင်….ကိုစိုးနိုင်……


….ထစမ်းပါဦးတော့်…..


ကိုစိုးနိုင် မကြည်အေးခေါ်သံကြောင့် အိပ်ယာမှထပြီး


….ဘာလဲဟ…..စောစောစီးစီး….ဆူညံနေတာပဲကွာ….


….ဒီမှာလာကြည့်ဦး…ဆန်အိုးထဲမှာ….ဆန်တွေမရှိပဲ…


….သဲတွေရောက်နေတယ်တော့်…..


ကိုစိုးနိုင် မျက်လုံးများ ပြူးကျယ်သွားပြီး မီးဖိုထဲဝင်


ခါ ဆန်အိုးထဲ ကြည့်လိုက်တော့ အမှန်ပါပဲ သဲတွေ


ဆန်အိုးတစ်ဝက်ခန့်ရှိနေလေသည်


မကြည်အေး ပါးစပ်မှ ပွစိပွစိရေရွတ်ရင်း တစ်ပိုင်း


ကျန်နေသော ဆန်ပိုင်းအိတ်ထဲမှ ဆန်များကို သွားခပ်


ပြန်သည်


…….ဟင်…..သဲတွေ…..ကိုစိုးနိုင်….ဒီမှာလဲ….သဲတွေပဲ


….ဘာတွေဖြစ်ကုန်ပြီလဲ….မသိပါဘူးတော်….


ကိုစိုးနိုင်စဥ်းစားမရ ထိုနေ့က သူများအိမ်က ဆန်ချေး


ပြီး ချက်ခဲ့ရလေသည် ဆန်တစ်အိတ်လုံးမှာ


ပျောက်ခြင်းမလှ ပျောက်သွားသည်ကိုတော့ ဘယ်သူ့


ကိုမှ အသိမပေးဖြစ်ပေ


===========


ညသည် ညနေက မိုးသဲထန်စွာ ရွာခဲ့ခြင်းကြောင့်


အေးစိမ်းစိမ့် ရှိလှသည် တစ်ခါတစ်ရံ အိမ်ခြေရင်း


မန်းကျည်းပင်ကြီးဆီက လေအဝှေ့မှာ ​ကျလာတဲ့


မိုးရေစက်တွေက အိမ်ခေါင်မိုး သွပ်ပေါ်သို့ တစ်


ဖောက်ဖောက်နှင့် တေးသွားတစ်ခုအလား အိပ်ယာထဲ


၌ ညဥ့်နက်ပေမယ့် အိပ်မပျော်သေးတဲ့ ကိုစိုးနိုင်


တစ်ယောက် စောင်ခြုံကွေးရင်း မနက်က ဆန်ပျောက်


တဲ့ကိစ္စကို ဘဝင်မကြ ပြန်တွေးနေစဥ်


……ဒုန်း…..ဒုန်း…..ဒုန်း…..


…..အမလေး…..


ကိုစိုးနိုင် အတွေးလွန်နေစဥ် အိမ်ခေါင်မိုးပေါ်သို့


တစ်ဒုန်းဒုန်းဖြင့် ခဲနှင့်ပစ်ပေါက်သည့် အသံပင်ဖြစ်


၍ အိပ်ယာခြေရင်း၌ ချိတ်ဆွဲထားသော လွယ်အိတ်


ထဲမှ လောက်လေးဂွကိုယူပြီး အိမ်အပြင်သို့ထွက်ခါ


…..ဟေ့….ဘယ်ကောင်လဲကွ….မိမဆုံးမ ….ဖမဆုံးမ


သားသမီးတွေ….ငါ့အိမ်ကိုခဲနဲ့ပစ်တာ….ငါ့အကြောင်း


သိကြသေးတာပေါ့…..


ကိုစိုးနိုင် လောက်လေးဂွ တစ်ရမ်းရမ်းနှင့် ကြိမ်းဝါးနေ


စဥ်မှာပဲ


…..ဒုန်း….ဒုန်း….ဒုန်း…….ဒုန်း…..


အိမ်ခေါင်မိုးအပေါ်သို့ လက်သီးဆုပ်ခန့် ခဲလုံးကြီး


များ အဆက်မပြတ် ကျလာလေတော့သည် အိမ်ထဲ


၌အိပ်နေကြပြီးဖြစ်သော မကြည်အေးနှင့်သားဖြစ်သူ


မောင်စိုးတို့ပါ လန့်နိုး၍ ထကြည့်ကြသောအခါ


ပတ်ဝန်းကျင်၌ လူနှင့်တူသည် အရိပ်အယောင်ကို


မတွေ့ရပေ မကိုစိုးနိုင်လည်း မိမိကို ထိမှန်မှာ စိုးတာ


ကြောင့် တံခါး အမြန်ပိတ်ခါ အိမ်ထဲသို့ ဝင်နေခဲ့ရ၏


တစ်ညလုံးနီးပါ အိပ်ပျော်ခါနီးဆို ခဲလုံးများဖြင့် ပစ်


ပေါက်ခြင်းကို ကိုစိုးနိုင်တို့ မိသားစု ခံကြရလေတော့


သည်


===============


နံနက် မိုးလင်းသောအခါ ညက အိပ်ရေးပျက်တာ


ကြောင့် တစ်မိသားစုလုံး ပင်ပန်းနွမ်းနယ်လျှက် မနေ့


ကလိုပဲ ဒီမနက်လဲ ဆန်အိုးထဲ၌ သဲများ ထပ်ရှိနေပြန်


၏ တစ်အိမ်လုံး ထူးဆန်း အံ့သြဖွယ်ရာတွေနဲ့ မို့


ကိုစိုးနိုင် အလုပ်ကို စိတ်မသက်မသာဖြင့်


သွားခဲ့ရသည်


နေ့လည်လောက်ရောက်တော့ မကြည်အေးအိမ်သို့


ကိုစိုးနိုင်အလုပ်မှ အလုပ်သမားတစ်ယောက် အမော


တသောဖြင့် ပြေးလာလေသည်


…..ဗျို့…မကြည်အေး….မကြည်အေး…..


ခေါ်သံကြား၍ အိမ်ရှေ့သို့ မကြည်အေး​ ပြေးထွက်ခဲ့


ပြီးနောက်


မောင်လှ အတော်ပြေးခဲ့ရဟန်ရှိသည်မို့ ရေတစ်ခွက်


အမြန်ခပ်တိုက်လိုက်၏


….မ….မကြည်အေး…ခင်…ခင်များယောကျ်ား…..


….မြေကြီးပေါ်မှာ….ရေ….ရေကူးနေတယ်ဗျ……


မောင်လှစကားကို နားထောင်ပြီး စဥ်းစားမရပေ


မကြည်အေး စိုးရိမ်စိတ်တို့ကြောင် အသံများပင်


တုန်ယင်လျှက်


…..ဟဲ့….မောင်လှ….ငါ့…..ငါ့ယောကျ်ားက….ဘာ….


…ဘာဖြစ်တာလဲ….ရှင်းရှင်းပြောစမ်းပါ……


မောင်လှလည်း အသေအခြာ ရှင်းပြရလေသည်


….ဒီလိုဗျ….မနက်က…ခင်များယောကျ်ား….အလုပ်


ကိုရောက်လာပြီးတော့…..သိပ်မကြာဘူး….ရုတ်တ


ရက်လဲကြသွားပြီး….မြေကြီးပေါ်မှာ….လက်ပစ်ကူး


နေတာဗျ…..ပါးစပ်ကလဲ….ရေတွေလာပြီ….ရေတွေ


လာပြီဆိုပြီး….ပြောနေတာ….ကျုပ်တို့လဲ….ဝိုင်းမပြီး


….ထိန်းကြပေမယ့့်….မရဘူးဗျ….အခု….ခင်များ


ယောကျ်ားကို….ကျုပ်တို့….တိုင်မှာကြိုးချည်ထားရ


တယ်…..


မကြည်အေး မြေပေါ်သို့ ခွေယိုင်လဲကျလျှက်


….အမလေး….ကိုစိုးနိုင်ရယ်….တော်ဘယ်လိုဖြစ်ရ


တာလဲ…..ကျုပ်တို့အဖြစ်က….ဆိုးလိုက်တာ…..


….အဟင့်…..ဟင့်…..ဟင့်….


မကြည်အေး ငိုနေရင်းက သားကိုသတိရသွားသည်


…..သားရေ…..မောင်စိုး….မင်းအဖေကို….သွားခေါ်


ရအောင်….သား….မောင်စိုး…..မောင်စိုး…..


မည်မျှပင်ခေါ်နေသော်လည်း သားဖြစ်သူ မောင်စိုးထံ


မှ အသံထွက်မလာပေ မကြည်အေး ဖုန်များကြား


လူးလဲထရင်း အိမ်ထဲသို့ ပြေးဝင်လိုက်သောအခါ


သားဖြစ်သူမှာ သူ့လက်ကိုဓားဖြင့် မွှန်းနေပြီး သွေး


များက မြင်မကောင်းအောင် ရွှဲစိုလျှက်


…..သား…..သားလေး….ဘာတွေလုပ်နေတာလဲ….


….သားရယ်…..မလုပ်ရဘူးလေ….အမလေး….


…..လုပ်ကြပါဦးတော်….ကျုပ်သားလေးကို….ကယ်ပါ


ဦး…..


အိမ်ထဲမှ မကြည်အေးရဲ့ အော်ဟစ်အကူအညီတောင်း


သံကို အပြင်မှရှိနေသော မောင်လှနဲ့ ပတ်ဝန်းကျင်က


လူများ ရောက်ရှိလာကြပြီး ဝိုင်းဆွဲကြရလေတော့


သည် ထိုနေ့အဖို့ မကြည်အေးတစ်ယောက် အရူးမီး


ဝိုင်းသလို အရူးတစ်ပိုင်း ဖြစ်ခဲ့ရလေသည်


============


အဆင်ပြေပြေနေခဲ့ရသော မိသားစုမှာ သားဖြစ်


သူနှင့် ခင်ပွန်းဖြစ်သူတို့ရဲ့ အခြေအနေကြောင့် ဒုက္ခ


မျိုးစုံကို မကြည်အေး ခါးစည်းခံခဲ့ရသည် မိမိမှာ


စားဝတ်နေရေးအတွက် ရုန်းကန်ရတာက တစ်ဖက်


အိမ်၌ကြိုးချည်ထားရသော ခင်ပွန်းနှင့် သားဖြစ်သူ


ကို စောင့်ရှောက်ရတာက တစ်ဖုံနဲ့ ပင်ပန်းလွန်းလှ၍


တစ်ခါတစ်ခါ မကြည်အေး သက်သေချင်လောက်


အောင် ဝမ်းနည်းကျေကွဲရသည် ညဘက်ရောက်ပြီ


ဆိုတာနဲ့ အရင်ကထက် ပိုဆိုးလာသည် အိမ်ထဲရှိ


ပရိဘောဂပစ္စည်းများက သူ့အလိုလို ပစ်ပေါက်ကြ


လွင့်ပျံကျကွဲကြ အိမ်ခေါင်မိုးပေါ်သို့ လက်သီးဆုပ်


ခန့် ခဲလုံးကြီးများလဲ တစ်အုံးအုံးနှင့် ကျလျှက်


အမျိုးတွေကို အဖော်ခေါ်အိပ်သော်လဲ ညဥ့်မနက်ခင်


ပြေးကြ၍ ဒီအိမ်ကြီးကို ကြောက်လန့်သောကြောင့်


မည်သူ့ကိုမျှ အဖော်ခေါ်မရတော့ပေ နေ့စဥ် မျက်ရည်


ကျခဲ့ရလေ၏ ဘိုးတော်တွေ ဆရာတွေ အမျိုးမျိုးနဲ့


တစ်ယောက်ပြီးတစ်ယောက် ပြသ၍ကုစေသော်လဲ


အခြေအနေက ထူးမလာခဲ့ အိမ်ပေါ်သို့ တတ်သည်နှင့်


တတ်လာသည့်ဆရာ ကွမ်းတရာညက်တောင် မကြာ


ခဲ့ပါ ဖိနပ်တောင်မစီးနိုင် ပြန်ပြေးကြရမြဲပင်ဖြစ်သည်


ဆရာတွေ အတော်များများ ပြောကြတာကတော့


မကြည်အေးတို့ မိသားစုကို မလိုသူတစ်ယောက်


ယောက်က ပုဏ္ဏက တိုက်လိုက်ခြင်းပင်ဖြစ်သည်ဟု


တစ်ထစ်ချ ပြောဆိုကြလေသည် ပုဏ္ဏတိုက်ခြင်းကို


ကြားဖူးပေမယ့် မကြုံဘူးလေတော့ နေ့စဥ်နဲ့အမျှ


ဘာတွေ ထပ်ဖြစ်လာလေမလဲ တွေးရင်း ကူရာကယ်


ရာမဲ့တဲ့ဘဝနဲ့ ရှင်သန်နေခဲ့ရလေသည်


===============


ယောကျ်ားနှင့်သားအတွက် မကြည်အေး ဒီမနက်


တော့ ကြက်သားဆီပြန်လေး ချက်ပြီး ပဲဟင်းရည်


လေးနဲ့ ကျွေးဖို့ရာ စီစဥ်ထားပြီး ထမင်းကတော့


အခုလိုအဖြစ်အပျက်တွေ စဖြစ်ပြီဆိုတာနဲ့ သူတပါး


အိမ်မှာ ပိုက်ဆံပေးပြီး ပြန်ဝယ်စားခဲ့ရသည် ရှိသမျှ


ဆန်တွေလဲ သဲတွေအဖြစ် နေ့စဥ်ဖြစ်သွားတော့ မဝယ်


ထားရဲတော့ပေ ကြိုးချည်ထားရသော သားအဖမှာ


လည်း ထမင်းကို စားတလှည့် မစားတလှည့်ဖြင့်


မို့ ပို၍ ဂရုစိုက်ကျွေးရလေ၏


ကြက်သားများကို အရသာများနှင့် နယ်ပြီးနောက်


ပန်ကန်ထဲသို့ ထည့်ခါ ဘေးနားချထားပြီးနောက်


မကြည်အေး မီးမွှေးလိုက်သည် မီးတစ်စနှစ်စ


တောက်လာသည်နှင့် ခုဏက နယ်ထားသော ကြက်


သားစိမ်းပန်ကန်ကို လှမ်းယူပြီး ဒယ်အိုးထဲသို့ ထည့်


လိုက်သော အခါ


…..ဟင်….နောက်ချေးတွေပါလား…..


…..ဘယ်….ဘယ်လိုဖြစ်ရပြန်ပြီလဲ…..လုပ်ကြပါ….


….နင်တို့လုပ်ကြပါ….ငါတို့မိသားစုလိုမျိုး….ဒုက္ခတွေ


…..မခံစားကြရပါစေနဲ့….ဒီလိုဘဝမှာလဲ…ငါမနေချင်


တော့ပါဘူး……


ကြက်သားပန်ကန်ထဲ၌ နောက်ချေးများ ဖြစ်နေသော


ကြောင့် မကြည်အေးလဲ ဝမ်းနည်းမျက်ရည်စို့ခါ


လားလုံးကို ကျောခိုင်းဖို့ ဆုံးဖြတ်လိုက်တော့သည်


ရေတွင်းအနား ရေငင်သော ရေပုံးကြိုးအားဖြုတ်ပြီး


နောက် အိမ်အလယ် ထုပ်တန်း၌ ချည်ဆွဲခါ ကွင်းလုပ်


ပြီး ခုံတစ်လုံးကို အမြန်ယူ ခုံပေါ်သို့ တတ်လိုက်ပြီး


နောက် မျက်ရည်တို့ အသွင်သွင်းစီးခါ


….သံသာဝဋ်ကြွေးတွေ….ရှိခဲ့ရင်လဲ….ဒီဘဝ…ဒီခန္ဓာနဲ့


သာ….ကြေပါစေတော့…..အဟင့်….ဟင့်…..ဟင့်….


နောက်ဆုံးအနေနဲ့ သားနဲ့ယောကျ်ားကို ကြည့်တော့


ကြိုးချည်လျှက်နှင့် နှစ်ယောက်လုံး ဘာအသိမှ ရှိမည့်


ပုံမပေါ်ပေ သားဖြစ်သူမှာ ကြောင်နေပြီး သွားရေများ


ပင်ထွက်ကြလျှက် ယောကျ်ားဖြစ်သူကတော့ ထုံးစံ


အတိုင်း လက်ပစ်ကူးနေလေသည် မကြည်အေး


မျက်လုံးများကို စုံမှိတ်ရင်း ခုံပေါ်မှ ခုန်ချမည်အပြု


……အိမ်ရှင်တို့….အိမ်ရှင်တို့……ရှိသလားကွယ့်…..


….အဘရေဆာလို့….ရေလေးတစ်ခွက်လောက်…


….လှူနိုင်မလားကွယ်…..


သာယာအေးမြသော အသံအား ကြားလိုက်ရသော


အခါ မကြည်အေးလဲ အိမ်ရှေ့သို့ လှမ်းကြည့်လိုက်စဥ်


ခြံရှေ့၌ ယောဂီရောင် ဝတ်စုံနှင့် တောင်ဝှေ့တစ်


ချောင်း လက်မှာ ကိုင်ထားခါ ခြံထဲသို့ စောင်းငဲ့ကြည့်


နေသော အဖိုးကြီးတစ်ဦး ရေဆာနေတယ်နဲ့ တူပါရဲ့


မကြည်အေး ရင်ထဲ အဖိုးကြီးအား သနားစိတ်များ


ဖြစ်ပေါ်လာ၍ အောက်သို့ဆင်းခါ ရေတစ်ခွက်ခပ်ပြီး


အဖိုးကြီးအား ကမ်းပေးလိုက်လေသည် ထူးခြားသည်


က အဖိုးကြီး ရေကို အနည်ငယ်မျှ ပါးစပ်ထဲ ငုံလိုက်ရုံ


ဖြင့် မျက်နှာ သိသိသာသာပျက်သွားခြင်းပင် ဖြစ်၏


……ကျေးဇူးတင်ပါတယ်…..ငါ့သမီးရယ်…..ရော့….


အဖိုးကြီး ရေခွက်ကို မသောက်ပဲ ပြန်ကမ်းပေးလိုက်


သောကြောင့် မကြည်အေး နားမလည်ဟန်ဖြင့် ရပ်


ကြည့်နေတုန်းမှာပဲ အဖိုးကြီးက စကားစပြောလာခဲ့


သည်


…..ငါ့သမီး….သမီးတို့အိမ်မှာ….ပုံမှန်မဟုတ်တဲ့…..


….ပရောဂအနှောင့်အယှက်…..တစ်ခုခုဖြစ်နေတယ်…


…..မဟုတ်လား…..


အဖိုးကြီး၏ အမေးဆုံးသည်နှင့် မကြည်အေးမှာလဲ


အားရပါးရ ငိုချလိုက်တော့သည်


…..ကျွန်မကို…..ကယ်ပါဦး…..အဖိုးရယ်….ကျွန်မတို…


ဒုက္ခရောက်နေရပါတယ်…..ကျွန်မရဲ့….အမျိုးသား


နဲ့….ကျွန်မရဲ့သားလဲ…ပရောဂကြောင့်…အသိစိတ်


ကင်းတဲ့ဘဝနဲ့…..ရူးနှမ်းနေကြပါတယ်…..ကယ်ပါဦး


….အဖိုးရယ်…..အဟင့်….ဟင့်….ဟင့်….


အဖိုးကြီး၏ ခြေထောက်အားဖက်ရင်း မကြည်အေး


ငိုယိုပြီး အကူအညီတောင်းတော့ အဖိုးကြီးက သနား


ဂရုဏာသက်ပြီး


…..ကဲ….ကဲ….ငါ့သမီး…..ဘာမှမပူပါနဲ့…မကောင်းမှု့


ဆိုတာ….ကြာကြာမမြဲနိုင်ပါဘူး …. ကဲ…လာ….လာ….


….သမီးတို့အိမ်ကို …အဖိုးကြည့်ပေးမယ်နော်……


အဖိုးကြီး မကြည်အေးအား နှစ်သိမ့်ပြီး အိမ်ထဲသို့


တောင်ဝှေ့တစ်ချောင်းနှင့် ဝင်သွားလေတော့သည်


မကြည်အေးလဲ အနောက်မှ လိုက်ပါသွားခဲ့၏


အဖိုးကြီးအိမ်အနှံ့ ကြည့်ပြီးသောအခါ


….ကဲ….ငါ့သမီး…ပဲကုလားဟင်းချက်ဖို့….လွယ်မ


လား…..


အဖိုးကြီးရဲ့စကားကို မကြည်အေး စဥ်စားမရပါ


သို့သော် ယုံကြည်အားကိုးသော စိတ်ဖြင့်


…..ရပါတယ်….အဖိုး….ကျွန်မအမြန်ချက်ပါ့မယ်….


အဖိုးကြီး သဘောကြသွားဟန်ဖြင့် ပြုံးလိုက်ပြီး


…ဒါဆို….ငါသမီး….ပဲကုလားဟင်း…မြန်မြန်ချက်ပါ


….ဟုတ်…..ဟုတ်ကဲ့ပါ…..အဖိုး….


မကြည်အေး အိပ်ကပ်ထဲ၌ ကျန်နေသေးသော ငွေစ


အနည်းငယ်ဖြင့် ပဲကုလားဟင်းကို အမြန်ချက်ရလေ


တော့သည် အဖိုးကြီးကတော့ အမွှေးနံ့သာ ဆီမီးမျာ


ထွန်းညှိပူဇော်ပြီး ဘုရားစင်အရှေ့၌ တရားထိုင်နေ၏


သိပ်မကြာလိုက်ပါဘူး မကြည်အေး ချက်နေသော


ပဲကုလားဟင်းလည်း ကျက်သွားခဲ့လေပြီ


…..အဖိုး…ပဲကုလားဟင်း…..ကျက်ပါပြီ….


အဖိုးကြီး တရားဖြုတ်ခါ နောက်သို့ လှည့်လိုက်ပြီး


…အေး….သမီးရဲ့ယောကျ်ားကို…..ကြိုးဖြေပေးလိုက်


ပါ…..


…..ရှင်…..


မကြည်အေး ယောကျ်ားကို ကြိုးဖြေပေးဖို့ပြောလာ


တော့ အံ့သြမင်သက်မိသည်


…..ကဲ….ကဲ….သမီး….အချိန်သိပ်မရတော့ဘူး……


…..မြန်မြန်လုပ်ပေတော့…..


မကြည်အေးလဲ အဖိုးကြီးပြောတဲ့အတိုင်း ယောကျ်ား


ဖြစ်သူအား ကြိုးများ​ဖြည်ပေးလိုက်လေသည် ကြိုး​


ဖြေသည်နှင့် ထူးဆန်းစွာနဲ့ ကိုစိုးနိုင် တအီအီနဲ့ အသား


များ တစ်ဆတ်ဆတ် တုန်ယင်ခါ မျက်ရည်များ စီးကျ


လာတော့သည်


….အီး…ဟီး….ဟီး…..× × × × × × × × ×


…..ဟင်……


ကိုစိုးနိုင်ဆီမှ မြန်မာလိုမဟုတ်ပဲ ကုလားဘာသာတစ်


မျိုးဖြင့် ငိုရင်း တစ်တွတ်တွတ် ပြောနေသည်ကို


မကြည်အေး တွေ့မြင်ကြားသိနေရ၏ ကိုစိုးနိုင်ရဲ့


ပြောသမျှ ကုလားလိုစကားများကို အဖိုးကြီးက


ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေပြီး အဖိုးကြီး


ကလည်း ထိုဘာသာဖြင့် ပြန်လည်ပြောနေလေသည်


အတော်ကြာကြာ အပြန်အလှန်ပြောဆိုကြပြီးနောက်


အဖိုးကြီးက


…ကဲ….သမီး….သူ့ကို….ပဲကုလားဟင်းနဲ့ထမင်းနဲ့


ထည့်ကျွေးလိုက်ပါကွယ်……


….ဟုတ်….ဟုတ်ကဲ့ပါ….အဖိုး….


အဖိုးပြောသည့်အတိုင်း မကြည်အေး ထမင်းနှင့်


ပဲကုလားဟင်းများကို တစ်ပန်ကန်ပြီး တစ်ပန်ကန်


ခူးခပ်ပြီး ကျွေးနေခဲ့သည် ကိုစိုးနိုင်မှာလဲ ခေါင်းမဖော်


တမ်း မျက်လုံးများက ပြူးလျှက် အငမ်းမရ စား


သောက်နေ၏ သိပ်မကြာခင်မှာပဲ ဆန်တစ်ပြည်ချက်


ကုန်စင်သွားလေတော့သည် ဒီတော့မှ အဖိုးကြီးက


ကိုစိုးနိုင်ရဲ့ ဦးခေါင်းကို လက်ဖြင့်ကိုင်ပြီး တစ်ခုခုကို


ရေရွတ်လိုက်သောအခါ နောက်သို့ ဝုန်းခနဲ လဲကျသွား


တော့သည်


……ဟင်….ကိုစိုးနိုင်…..


မကြည်အေး ပြေးထူလိုက်သည် ကိုစိုးနိုင် အားမရှိဘူး


ဘူးနဲ့ တူပါရဲ့ ပျော့ခွေ ယိုင်နဲ့လျှက်ပင်ဖြစ်နေသည်


ဒီတော့မှ အဖိုးကြီးက သူတို့လင်မယား နှစ်ယောက်ကို


ခေါ်ပြီးပြောလေတော့သည်


==============


….ကဲ…..ငါ့သမီး…..သမီးတို့အိမ်ကို….တိုက်ထားတဲ့


….အတိုက်အခိုက်တွေကို… ပုဏ္ဏတိုက်တယ်လို့


ခေါ်တယ် …သမီး အရမ်းငရဲကြီးပြီး.. ယုတ်ညံ့လွန်းလို့


…..အထက်က… ဆရာများက …..အထူးရှောင်ကြဥ်


ကြတဲ့ ……အလုပ်ပေါ့ကွယ်….တိုက်ထားတဲ့သူတွေက


….လွှတ်လိုက်တာ…..မကျွတ်လွတ်နိုင်သေးတဲ့…..


…..ကုလားမျိုးနွယ်တွေထဲက….ဗုဒ္ဓဘာသာ…အနွယ်


ဝင်….ကုလားတွေပဲသမီး….


….ရှင်….


အဖိုးကြီးက မကြည်အေးတို့ လင်မယားကို ဆက်၍


စိတ်ရှည်ရှည်နှင့် ရှင်းပြလေ၏


…..ဟုတ်တယ်သမီး….အဖိုးအိမ်ထဲကို….ဝင်လာထဲက


….သူတို့ကို…မြင်နေရပါတယ်….ဒါ့ကြောင့်လဲ….အဖိုး


ငါ့သမီးရှေ့…ခေါ်မေးလိုက်တာပါ….ဘာသာစကားက


တော့….လောကုတ္တရာနယ်ပယ်မှာ….မခက်ပါဘူး…


….သူတို့….အဖိုးကို​ပြောသွားတယ်….ထမင်း


တစ်နပ်….ကောင်းကောင်းစားချင်တာရယ်….ပြီးတော့


….ပုဏ္ဏကတိုက်တယ်ဆိုတာ…..အတိုက်ခံရသူ


တွေ….မပြောင်းမခြင်း….မပျက်စီးမချင်း…သူတို့


ပြန်မရဘူးတဲ့လေ….


အဖိုးကြီး ရှင်းပြနေရင်းက မောလာဟန်ရှိသည်


အကြမ်းရေတစ်ခွက် ငှဲ့သောက်လိုက်ပြီး ဆက်လက်


ရှင်းပြလေသည်


….သူတို့က….ငါ့သမီးတို့ကို….နည်းလမ်းပေးပါတယ်..


….သူတို့ကို….ပဲကုလားဟင်းနဲ့…ထမင်းကျွေးပြီးရင်….


….အခုသူတို့တွေ….တိုက်ထားတဲ့….ငါ့သမီးရဲ့သားနဲ့


ယောကျ်ား…အကောင်းပတိ….ပြန်ဖြစ်ရစေမယ်….


….ပြီးတာနဲ့…..ငါ့သမီးအိမ်ကို….ဒီနေ့ဖျက်တော့…..


…..ရသလောက်ဖျက်ပါ….ပြီးရင်….အိမ်အောက်က


….အပေါ်ယံ….မြေတွေကို…..ပြန်လှန်ပေးပါ….


…တစ်နည်းအားဖြင့်….ပြောရရင်….မြေသန့်ပေးပါ..


….အားလုံးလုပ်ပြီးရင်….သမီး…အိမ်ပြန်ဆောက်လို့


ရပြီ….သူတို့လဲ….ဌာနေကိုပြန်သွားပေးပါ့မယ်တဲ့….


လင်မယားနှစ်ယောက်လုံး အဖိုးကြီးပြောသမျှ


နားထောင်ပြီး ဇာတ်ရည်လည်သွားကြတော့သည်


…..ကဲ…..ငါ့သမီးတို့….အဖိုးသွားတော့မယ်နော်….


အဖိုးက ပြန်ဖို့ပြောလာတော့ လင်မယား နှစ်ယောက်


လုံး ဝမ်းနည်းရပြီး မကြည်အေးက သူမ၏ နားထဲမှ


မဂ်လာဦး နားတောင်းလေးကို ချွတ်ခါ အဖိုးကြီး ကို


ကန်တော့ဖို့ လုပ်လေသည်


…..အဖိုးရယ်….ကျွန်မတို့မိသားစုမှာ….အဖိုးပေးတဲ့…


….အသက်ပဲရှိပါတယ်…ကန်တော့စရာလဲ…ငွေသား


က….မရှိတော့….ဒီပစ္စည်းလေး….လက်ခံပေးပါနော်


အဖိုးကြီးက မကြည်အေးစကားကို နားထောင်ပြီး


ပြုံးလျှက်


….ငါ့သမီးရဲ့စေတနာကို….အဖိုးအသိအမှတ်ပြုပါ


တယ်…..အဖိုးအတွက်မလိုအပ်ပါဘူး…..ငါ့သမီးတို့


….တတ်နိုင်တဲ့အခါ…၃၁ဘုံသားတွေနဲ့….အခုလိုမျိုး…


….ငါ့သမီးတို့ကို…ပုဏ္ဏကတိုက်ခဲ့တဲ့…လူတွေအ


တွက်…အလှူဒါန…ပြုပေးလိုက်ပါကွယ်…..


ကိုစိုးနိုင် စိတ်ထဲ ဘဝင်မကျတာတစ်ခုကို အဖိုးကြီး


အား လက်အုပ်လေးချီကာ မေးလိုက်၏


….အဖိုး….အခုလိုကျွန်တော်တို့ကို….ပုဏ္ဏကတိုက်


တာ….ဘယ်သူတွေပါလဲ….အဖိုး….


အဖိုးကြီးက ပြုံးရင်းနဲ့ ခေါင်းကို အတွင်တွင်ခါကာ


….မသိချင်ပါနဲ့….ငါ့သား….ရန်ငြိုးအာဃာတဆိုတာ..


….သံသယာကို…..လည်စေပါတယ်…..မေတ္တာကိုသာ


လက်ကိုင်ထားပါ…..ငါ့သားတို့မိသားစုနဲ့အဖိုးက….


…ပဌာန်းဆက်ရှိတယ်ကွဲ့….ဒါကြောင့်….အဖိုးရောက်


လာတာပဲ….ကဲ…..နေရစ်ကြဦးတော့….အဖိုးသွားရ


တော့မယ်…..


အဖိုးထွက်သွားပြီးနောက် အိမ်ထဲမှ သားဖြစ်သူလဲ


သတိပြန်လည်ရလာပြီး ထိုနေ့ပဲ အိမ်ကိုလူအင်အားနဲ့


ဖျက်ကြ အိမ်အောက်မြေတွေကို ပေါက်တူးနှင့်လှန်


ရင်း အမွှေးနံ့သာ လောင်း၍ မြေသန့်စင်လိုက်ကြ၏


ထိုနောက်ပိုင်း အိမ်အသစ်ပြန်ဆောက်ခါ အရင်လို


အနှောင့်ပယောဂများလဲ ကင်းစင်းပပျောက်သွားခဲ့


လေတော့သည် ထိုနောက်ပိုင်း ကြားရသည်က


ချက်ကြီး၏မိဘနှစ်ပါး ရုတ်တရက် ကားမတော်တဆ


ဖြစ်ပြီး ကွယ်လွန်သွားခဲ့ခြင်းပင် ဖြစ်တော့သည်


ကံကံ၏အကျိုးကို


ယုံကြည်သက်ဝင်မရှိပါက


ထိုလူ၌ မကောင်းမှု့သည်


အရိပ်ပမာ လိုက်နေတတ်၏

.

.

ပြီးပါပြီ

.

.

လေလွင့်လူ(တွံတေး)5.4.2022