တန်ပါတယ်

 တန်ပါတယ်

~~~~~|||~~~~~

#တင်ညွန့်

ညက အိပ်ရေးပျက်ထားသဖြင့်မနက်လမ်းလျှောက်ထွက်ချိန်တွင်ခေါင်းကသိပ်မကြည်။

 တနင်္ဂနွေနေ့ဆိုလျှင် လူပြတ်သည့်ဘက်ကို လမ်းမလျှောက်ရဲ။ စက်ရုံတွေကို သွားသည့်ဘက် လမ်းလျှောက် ရသည်မှာ စက်ရုံတွေဖွင့်သည့် နေ့လောက်သာကောင်းသည်။ လူမပြတ်သဖြင့် စိတ်ချရသည်။ ယခုကာလ အတွင်း လုယက်မှုတွေကို မကြာခဏကြားနေရသည်မဟုတ်ပါလား။

 ကျွန်တော်က ကားတစ်ဆင့်စီးရသည့် လမ်းလျှောက်လျှင်ကောင်းသောနေရာကို ရွေးလိုက်သည်။ ကျွန်တော် ဆင်းမည့်နေရာကို ကားခက ၃၀၀ သာပေးရသည်။ ယနေ့မှ ၂၀၀ တန်နှင့် ၁၀၀ တန်မရှိ။ ၅၀၀ တန်ကို ကားပေါ် တက်တက်ချင်း ပေးလိုက်သည်။

 “ခဏစောင့်”

 ၂၀၀ ပြန်အမ်းရမည်ကို အကြွေမရှိထင်သည်။ ကျွန်တော်က ထိုင်ခုံတွင်ထိုင်ပြီး စောင့်နေသည်။

 မှတ်တိုင် တစ်တိုင်ပြီးတစ်တိုင်လွန်လာသည်။ ဆင်းမည့်မှတ်တိုင်ရောက်တော့မည်။ ကားဒရိုင်ဘာက ငွေပြန် မအမ်း။ ငွေ ၂၀၀ နှင့် စကားမပြောချင်သဖြင့် ကျွန်တော်ဆင်းမည့်မှတ်တိုင်ကိုရောက်သော် မတောင်းဘဲ ဆင်းလိုက်သည်။ ဤခရီးက ၅၀၀ မကတန်သည်ဟုသာ သဘောထားလိုက်သည်။

 လမ်းလျှောက်ပြီးအပြန် ထမင်းကြော်ဝင်စားသည်။ ထမင်းကြော်က ကြက်ဥကြော်နှင့် ၂၀၀၀ ဖြစ်နေပြီ။ ကိုယ်စားသည့်ဘေးတွင် စိတ်ဝေဒနာရှင်တစ်ဦးက လှည့်ပတ်နေသည်။ သူ့ကို မုန့်ပေးဖူးသဖြင့် သူကသိသည်။ ကျွန်တော့်ကိုတွေ့လျှင် အနားတွင် ဝဲလည်လည်။ ကျွန်တော်က စမူဆာတစ်ခု သူ့ကိုပေးလိုက်သည်။ စမူဆာက ၅၀၀ ကျပ်ဖြစ်နေပြီ။ ယနေ့တော့ ၅၀၀၀ တန်ပေးလိုက်ရာ ၂၅၀၀ ပြန်အမ်းသည်။

 ကျွန်တော်ဈေးထဲဝင်သည်။ အမဲသားနည်းနည်း ဝယ်သွားချင်သည်။ အမဲသား တစ်ပိသာက ၃၂၀၀၀ ကျပ်ဖြစ်နေပြီ။ ကိုယ်လိုချင်တာက ၂၀ သားလောက်။ သူက အနည်းဆုံး အစိတ်သားယူရမည်ဆိုသဖြင့် ချိန်ခိုင်း လိုက်သည်။ အစိတ်သားဆိုတော့ ၈၀၀၀ ကျပ်ကျသည်။ အမဲသားကို ပြုတ်ထားမည်။ ငရုတ်သီးလေးနှင့် ကြော်စားမည်။ ပဲဟင်းလေးချက်မည်ပေါ့။

 ကျွန်တော်နေသည့်နေရာကိုရောက်ရန် ကားတစ်ဆင့်စီးရပြန်သည်။ အကြွေမရှိ။ ၅၀၀ တန်ပေးလိုက်သည်။ ဤကားသမားကတော့ ၂၀၀ ပြန်အမ်းသည်။ တနင်္ဂနွေဖြစ်သဖြင့် ကားချောင်သည်။ ထိုင်ခုံရသဖြင့် ထိုင်ခုံတွင် ထိုင်လိုက်လာသည်။

 ကျွန်တော်ဆင်းရမည့်ကားမှတ်တိုင်တွင် ဆင်းလိုက်သည်။ လက်ဖက်ရည်ဆိုင်ထဲမှ

 “ဆရာ လာပါဦး … လက်ဖက်ရည်သောက်ပါဦး” ဟုတစ်ယောက်ကခေါ်သည်။

ကျွန်တော်က လက်ဖက်ရည်ဆိုင်ထဲကြည့်လိုက်ရာ အသိမိတ်ဆွေတစ်ယောက်ဖြစ်နေသည်။ သူနှင့်အတူ ထိုင်ပြီး စကားပြောကြသည်။ ကျွန်တော်က လက်ဖက်ရည်မသောက်၊ ထမင်းကြော်လည်း စားလာပြီးဖြစ်သဖြင့် ဘာမျှမစားတော့ဟုပြောကာ စကားပြောကြသည်။

“အမေ … အမေ … ကယ်ပါဦး … သားကြောက်လို့ပါ”

 လက်ဖက်ရည်ဆိုင်အပြင်တွင် လူငယ်တစ်ယောက် အော်နေသည်။ ကျွန်တော်က မိတ်ဆွေကို

 “ဘာဖြစ်တာလဲဗျ” ဟုမေးလိုက်သည်။

 “ဆေးကြောင်နေတဲ့ကောင် … အဲဒီလိုပဲ ညလည်းမအိပ်ဘူး လျှောက်သွားပြီးအော်နေတာ”

 ကောင်လေးက ၂၀ ကျော်လောက်သာရှိဦးမည်။ အပေါ်တွင် အင်္ကျီမဝတ်။ ပုဆိုးကလည်း မခိုင်တခိုင်ဝတ် ထားသည်။ ကိုယ်ပေါ်တွင် တက်တူးတွေထိုးထားသည်။

“ခုတစ်လော ဆေးကြောင်တဲ့ကောင်တွေ … အရက်ကြောင်တဲ့ကောင်တွေ အရပ်ထဲမှာ အတော်လေး များလာတယ်ဆရာ … သတိထားဦး။ လူတွေ့ရင် ပိုက်ဆံအတင်းလိုက်တောင်းတယ်။ ကောင်မလေးတွေဆိုရင် ဆွဲလား ရမ်းလားတွေတောင်လုပ်တာ”

ညက ကျွန်တော့်အိမ်ခေါင်းရင်းတွင် အရက်မူးလာသူတွေ ရန်ဖြစ်နေကြသည်။

 “အေးဗျာ … လူငယ်တွေ ပျက်စီးနေကြတာ စိတ်မကောင်းစရာပဲ”

 ကျွန်တော့်ပတ်ဝန်းကျင်သည် ကျွန်တော် ရောက်စကနှင့်မတူတော့။ အမှိုက်တွေ ပစ်ချင်သလိုပစ်ပြီး ညစ်ပတ် နံစော်လာသည်။ အရက်ဆိုင်တွေက တရားဝင်လိုင်စင်ရထားသည့်အလား ခြေတစ်လှမ်းတစ်ဆိုင် ဖွင့်နေကြသည်မှာ လက်ဖက်ရည်ဆိုင်ထက်ပင်များလာသည်။ လက်ဖက်ရည်ဆိုင်တွေပင် အရက်ဆိုင်အဖြစ် ပြောင်းဖွင့်နေကြသည်။

 မူးယစ်ဆေးတွေကလည်း ကျွန်တော့်မိတ်ဆွေအပြောအရဆိုလျှင် ဖောဖောသီသီ လိုချင်တိုင်းရနေသည်။ မူးယစ်ဆေးရောင်းသူတွေပင် ရပ်ကွက်ထဲတွင် အိမ်တွေခြံတွေကို တစ်ဝင်းပြီးတစ်ဝင်း၊ တစ်အိမ်ပြီးတစ်အိမ် ဝယ်နေကြသည်။ ယခုကာလတွင် သူတို့ကလည်း အိမ်ခြံထက်ပိုပြီး မခိုင်မာမှုကို ကောင်းစွာသိကြသည်။ ချဲဒိုင်တွေကလည်း နေရာအနှံ့။ ဈေးထဲတွင်ပင် လမ်းဘေး ခုံချပြီး တရားဝင်ပမာ ရောင်းချနေကြသည်။

 လူတွေ စားစရာမရှိ၊ လုပ်စရာအလုပ်မရှိ ညည်းချင်းတိုင်း ညည်းနေကြသော်လည်း ချဲဒိုင်တွေ၊ အရက်ဆိုင်တွေ၊ မူးယစ်ဆေးရောင်းသည့်နေရာတွေမှာ စည်ကားနေသည်။

 ကျွန်တော်က တောရွာလေးကို သာယာသည်၊ နေချင်စဖွယ်ဖြစ်သည်၊ တိတ်ဆိတ်သည်၊ အေးချမ်းသည်၊ စာရေးရန်ကောင်းသည်ထင်ကာ အခြေချလိုက်သည်။

 သို့သော်

 ကျွန်တော် အေးချမ်းသည်ဟုထင်သောတောရွာလေးသည် ကြာလေ လုံခြုံမှကင်း၊ ငြိမ်းချမ်းမှုကင်းလာပြီး ထိတ်လန့်စိုးရိမ်ဖွယ်နေထိုင်ရသော နေရာတစ်နေရာဖြစ်လာသည်။

 လူတွေ မပြေလည်မှုတွေနှင့် သူ့မယုံရဲ ကိုယ့်မယုံရဲဖြစ်ကာ သွားလာလှုပ်ရှားနေရသော်လည်း ရွာဦးဘုန်းတော်ကြီး ကျောင်းမှာတော့ မင်္ဂလာဆောင် ဆောင်းဘောက်စ်သံတွေ၊ အသံမစဲ ပဋ္ဌာန်းပွဲရွတ်ဖတ် သံတွေနှင့် မပြတ်အောင်ကြားနေရသည်။

 ကျွန်တော်က မိတ်ဆွေကိုနှုတ်ဆက်ပြီး ပြန်လာသည်။

 အိမ်ကိုပြန်ရောက်တော့ တစ်ခုခုလိုနေသည်ဟု ထင်လိုက်မိသည်။

 လိုမှာပေါ့ ဝယ်လာသော အမဲသားထုပ်က လက်ဖက်ရည်ဝိုင်းတွင် ကျန်ခဲ့ပြီ။

 အိမ်တံခါးကို သော့မဖွင့်သေး လက်ဖက်ရည်ဆိုင်ကို ပြန်လျှောက်လာရသည်။ ဆိုင်တွင် ကျွန်တော့်မိတ်ဆွေကို မတွေ့တော့။ အမဲသားထုပ်ကိုလည်း မတွေ့တော့။

 သွားပြီ ငွေ ရှစ်ထောင်ဖိုးတော့သွားပြီဟု ယူဆကာ အိမ်ကိုပြန်လာသည်။

 ကျွန်တော့်မိတ်ဆွေက ကျွန်တော့်အိမ်ခြံတံခါးရှေ့တွင် အမဲသားထုပ်လေးနှင့် စောင့်နေသည်။

 သူက ဆိုင်ကယ် ကယ်ရီစီးလာပြီး ကျွန်တော့်ကို အမဲသားထုပ် လာပေးခြင်းဖြစ်သည်။

 အားနာနာနှင့် သူစီးလာသည့် ဆိုင်ကယ်ကယ်ရီဖိုးကို ကိုယ်ကအတင်းပေးလိုက်ရသည်။

 အသွားအပြန် ၁၅၀၀ တဲ့။

 ဘာဖြစ်ဖြစ်တန်ပါသည်။

 လုံးဝဆုံးရှုံးသွားတာထက်ပေါ့။

 တင်ညွန့်