ကြိုး

 ကြိုး

-----

ကမ္ဘာတစ်လွှား နံနက်ခင်း အိမ်တိုင်းမှာ ဖြစ်လေ့ရှိသော ပြဿနာ။


မိခင်က ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အသံဖြင့် အော်လိုက်လိမ့်မည်။


“ဟဲ့ ထတော့လေ … မျက်နှာသစ် … သွားတိုက် … ဆံပင်ဖြီး … အင်္ကျီဝတ် … မြန်မြန်”


“ဟဲ့ မထသေးဘူးလား … ကျောင်းနောက်ကျတော့မယ်”


“ဒုက္ခပါပဲ … မနက်စာ မြန်မြန်စား … ကုန်အောင်စား … သွန်မပစ်နဲ့”


“ဟဲ့ … နင့်ကို ငါပြောလိုက်မယ်နော် … ကျောင်းကပြန်လာရင် အင်္ကျီတွေကို ပေမလာစေနဲ့။ ပေလာရင်တော့ အသိပဲ”


“ထမင်းတွေ ဖိတ်ထားပြန်ပြီ … နင်ဟာလေ ပြောရင် ဘယ်တော့မှ ဂရုမစိုက်ဘူး”


သားလေးက ဘာမျှ ပြန်မပြော တိတ်ဆိတ်စွာ စားနေသည်။ ပြန်ပြောလိုက်လို့ကတော့ အမေသာမက၊ အဖေကပါ ဆော်ပလော်တီးခြင်းကို ခံရပေလိမ့်မည်။


အမေကဆူပူအော်ဟစ်ကာ အလုပ်များနေသောကြောင့် ဖခင်ကိုကြည့်ပြီး စစ်ကူတောင်းသော်လည်း စစ်ကူ ရရန်မမြင်။ အဖေ့ကို ပူဆာပြီး ပြောချင်တာတွေက အများကြီး။ သို့သော် ရမည်လည်း မဟုတ်သည့် အတူတူ နှုတ်ပိတ်ကာနေလိုက်သည်။


“ဟိုကောင် … မပြီးသေးဘူးလား … အောက်မှာ ကျောင်းကား ဟွန်းတီးနေပြီ”


သားလေးက လွယ်အိတ်ကိုဆွဲပြီး တိုက်ခန်းပေါ်က ဆင်းပြေးသည်။


“ဟဲ့ ထမင်းဘူးမေ့သွားပြန်ပြီ သေတော့မှာပဲ … ဒီကလေး”


မိခင်က နောက်ကလိုက်ပြီး ခေါင်းခေါက်ကာ ပေးလိုက်သည်။ ခေါင်းလေးပွတ်က သားငယ်ကပြေးဆင်းသွား သည်။


ညနေခင်းတွင် နွမ်းလျစွာဖြင့် သားဖြစ်သူက အိမ်ကိုပြန်လာသည်။


ဖခင်က သတင်းစာဖတ်နေသည်။ မိခင်က ချက်ပြုတ်နေသည်။ သားငယ်က ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်ပြီး စာအုပ်ကိုထုတ်ကာ ဖွင့်လိုက်သည်။ သူက ဖခင်ဖြစ်သူကို မဝံ့မရဲ ပြောလိုက်သည်။


“ဖေဖေ”


“ဘာလဲ”


“ဒီနေ့ သားဆရာမက စာစီစာကုံး ရေးခိုင်းတယ်”


“ရေးပေါ့”


“ဆရာမက ရေးခိုင်းတဲ့ခေါင်းစဉ်က တို့ဖေဖေတဲ့”


“အဲဒါ သိပ်ကောင်းတဲ့ ခေါင်းစဉ်ပဲ … ငါ့အကြောင်းရေးရမှာ … ရေးပေါ့”


“သားက ဖေဖေ ဘာလုပ်တယ်ဆိုတာမှ မသိတာ ဘာတွေရေးရမှာလဲဟင်”


“ဖေဖေက ခွေးတွေကို ထိန်းကျောင်း လေ့ကျင့်ပေးတဲ့သူလေ”


“ခွေးထိန်းဆိုတာ ဘာတွေလုပ်ရသလဲဖေဖေ”


“ခွေးထိန်းဆိုတာ ခွေးတွေကို အမိန့်နာခံတတ်အောင် … ထိုင်ဆိုထိုင် … ထဆိုထ … ငြိမ်ဆိုငြိမ် … ခုန်ဆိုခုန်နိုင်အောင် သင်ပေးရတယ်လေ။ အိမ်မွေးခွေးဆိုရင် ဟိုဟာကို မကိုက်နဲ့ … ဒီဟာကို မတိုက်နဲ့ … ကလေးတွေကို မကိုက်နဲ့ဆိုပြီးတော့လည်း သင်ပေးရသေးတယ်။ ပြီးတော့ ဖေဖေသင်ပေးတဲ့ ခွေးတွေဟာ ရဲဌာန၊ မီးသတ်ဌာနတွေမှာလည်း အလုပ်လုပ်နိုင်တယ်”


“ဘာတွေလုပ်ရသလဲဖေဖေ”


“လူတွေကို ကယ်တင်နည်း၊ ဗုံးရှာနည်း၊ အနံ့ခံနည်းတွေလည်း သင်ပေးရတယ်။ နောက်ပြီး ဖေဖေသင်ပေးတဲ့ ခွေးတွေဟာလေ … မျက်မမြင်တွေကိုလည်း လမ်းလျှောက်ရာမှာ အထောက် အကူဖြစ်နိုင်အောင် သင်ပေးရ တယ်”


ဖခင်ကစိတ်အားထက်သန်စွာဖြင့် ဆက်ပြောသည်


“ခွေးကိုလေ့ကျင့်ပေးတဲ့သူဆိုတာ … ပိုက်ဆံရတယ်လေ။ လူတွေက သူတို့ခွေးတွေကို လိမ္မာယဉ်ကျေးအောင် ပိုက်ဆံပေးပြီး လေ့ကျင့်ခိုင်းကြရတာ မဟုတ်လား”


“ခွေးတွေကို လေ့ကျင့်ပေးရတာ ဘယ်လောက်ကောင်းလိုက်သလဲ။ လူလည်းချစ် … ခွေးလည်းချစ် … ပိုက်ဆံလည်းရသေး”


“နောက်ပြီးတော့ ခွေးတစ်ကောင်ကို လေ့ကျင့်သင်ကြားပေးရတယ်ဆိုတာ ဘာခက်လို့လဲ … သူ့လည်ပင်းမှာ ကြိုးတစ်ချောင်း ချည်နိုင်အောင် ကြိုးစားလိုက်ရုံပဲကွ”


“လည်ပင်မှာ ကြိုးချည်ခံလိုက်ရတာနဲ့ အဲဒီခွေးကို ကိုယ်သင်ချင်တာတွေ သင်ပေးလို့ရသွားပြီ … အဲဒါတွေ ထည့်ရေးလို့ရတယ်။ အဲဒါ ဖေဖေ လုပ်တဲ့ အလုပ်ပဲ”


သားငယ်က သူ့ဖခင်ပြောသည်ကို နားထောင်နေပြီး


“ဖေဖေ”


“ဘာလဲကွ”


“သားလည်ပင်းမှာ ကြိုးတစ်ချောင်းလောက် ချည်ပေးပါလားဟင်”


“ဘာဖြစ်လို့လဲ”


“သားလေ ဖေဖေတို့ မေမေတို့နဲ့ အတူတူ လမ်းလိုက်လျှောက်မယ်လေ။ မေမေတို့ပြောသမျှလည်း နားထောင်မယ်။ လည်ပင်းမှာ ကြိုးသာချည်ပေးပါနော်။ ဖေဖေတို့ပြောသမျှ သားနားထောင်ပါ့မယ်။ ပြန်လည်း မပြောဘူး။ ခိုင်းတာမှန်သမျှ အကုန်လုပ်မယ်။ ဒါဆို ဖေဖေတို့ စိတ်မဆိုးတော့ဘူးပေါ့”


“သားက ခွေးတစ်ကောင်ဖြစ်သွားရင် သိပ်ကောင်းမှာ။ အိမ်ထဲမှာ ဘာပစ္စည်းကိုမှ မဖျက်ဆီးတော့ဘူး။ အိမ်ကိုလည်း လုံခြုံအောင် စောင့်ရှောက်ပေးဦးမယ်။ လူတွေကလည်း သားကို ချစ်ကြမယ်”


“နောက်ဆုံး … ဖေဖေနဲ့မေမေ မျက်စိတွေ မမြင်တော့ဘူးဆိုရင်တောင် သားလည်ပင်းမှာ ချည်ထားတဲ့ ကြိုးလေးကိုဆွဲပြီး သားနောက်က လိုက်ခဲ့လို့ရသေးတယ်။ သားက လမ်းပြပေးမှာပေါ့။ ဖေဖေ … မေမေ … သားလည်ပင်းမှာ ကြိုးတစ်ချောင်းကို ချည်ပေးပါတော့”


သားကပြောလိုက်ပြီးနောက် မျက်လုံးလေး ပေကလတ် ပေကလတ် လုပ်နေသည်။


ဖခင်ရော မိခင်ဖြစ်သူတို့ပါ သားကို ဖက်ပြီး ငိုပါတော့သည်။


ကလေးနှင့် မိဘကြားတွင် ကြိုးတစ်ချောင်း လိုနေပြီလား ပြန်လည်ဆန်းစစ်သင့်ပါသည်။


“ကြိုးတစ်ချောင်း လိုပါသည်”


သို့သော် ထိုကြိုးသည် လည်ပင်းတွင် ချည်ရမည့်ကြိုးမဖြစ်သင့်ပါ။


ကြင်နာသနားခြင်းအပြည့် ကိုယ်ချင်းစာ စိတ်နှင့် နားလည်မှုသံယောဇဉ်ကြိုးတစ်ချောင်းသာဖြစ်သင့်ပါသည်။


(Jenny Scott ၏ Put the Chain on Me! ကို မြန်မာမှုပြုထားခြင်းဖြစ်သည်)


တင်ညွန့်


၁၀.၂.၂၀၂၅