အသံဖြင့်နှိပ်စက်မှုများ

 အသံဖြင့်နှိပ်စက်မှုများ

-----------------------

မနက်ကျွန်တော်လမ်းလျှောက်ပြန်လာချိန်တွင် မောင်ကျော်စွာက ဖုန်းဆက်သည်။


“ဆရာ အိမ်ပြန်ရောက်ပြီလား”


“ခုပဲရောက်တယ်ကွ”


“ကျွန်တော်က မိုးတွေရွာလို့ လမ်းလျှောက်မထွက်ဘူးထင်နေတာ”


“တစ်ရက်တော့ မိုးများလို့အပျက်ခံလိုက်တယ်ကွ။ ဒီမနက်တော့ လမ်းမလျှောက်ရရင် တစ်ခုခုလိုသလိုဖြစ် နေလို့ ခါတိုင်းလျှောက်နှုန်းထက် ထက်ဝက်လောက်လျှော့လိုက်ရတယ်။ ဘာဖြစ်လို့လဲ မောင်ကျော်စွာ”


“ဒီနေ့အလုပ်ပိတ်တယ်ဆရာ … ကျွန်တော်ဆရာ့ဆီလာမလို့။ ခုဈေးကို ရောက်နေတယ်။ ဘာမှာဦးမလဲလို့ပါ”


“ဪ အေး … အေး … ငါဒီမနက် ဈေးဘက်မရောက်ဘူး။ ကြက်ဥ ၆ လုံးလောက်ဝယ်ခဲ့ကွာ။ ၅၀၀ တန်ထဲကပေါ့။ ပိုက်ဆံပါရဲ့လား”


“ပါတယ်ဆရာ … ကျွန်တော်ဝယ်ခဲ့မယ် … ဒါပဲလား”


“အေး … အဲဒါပဲ”


ကျွန်တော်က မောင်ကျော်စွာလာမည်ဆိုသဖြင့် ကွန်ပျူတာမဖွင့်သေးဘဲ ထိုင်စောင့်နေမိသည်။ ခဏကြာသော် မောင်ကျော်စွာရောက်လာသည်။


ကျွန်တော်တို့နှစ်ယောက် မိုးရွာသဖြင့် အိမ်ထဲမှာပဲ စကားပြောကြသည်။


“ဆရာညက အိပ်လို့မှရရဲ့လား”


“၁၂ နာရီလောက် သူတို့ပွဲသိမ်းမှ အိပ်ရတယ်ကွာ”


ကျွန်တော်တို့လမ်းထဲတွင် မိုးထဲလေထဲကို ကထိန်သမားတွေ တစ်ညလုံး အောင်ပွဲခံကြသည်။ ဆောင်းဘောက်စ်ကြီး တွေကို အသံကုန်ဖွင့်သည်။ ထိုဆောင်းဘောက်စ်သံတွေက မည်မျှ ပြင်းသနည်းဆိုသော် ကျွန်တော့်အိမ် ရေစက်သွပ်မိုးတွေကိုပင် တဖျတ်ဖျတ်ခုန်နေလောက်အောင် အသံပြင်းသည်။


ကျွန်တော်က တစ်နေကုန် စာအုပ်လိုက်အလှူခံပြီး စာအုပ်တွေရွေးနေစဉ် ထိုအသံချဲ့စက်ဒဏ်ကို မခံနိုင်လွန်း သဖြင့် အိမ်တံခါးတွေ လိုက်ပိတ်ရသည်။ မိုးအေးနေသောကြောင့် တော်တော့သည်။ သို့သော် ပန်ကာဖွင့်ကာ နေရသည်။


“ဆရာရေ … ပြောတော့ ဗုဒ္ဓဘာသာတဲ့ … ကိုယ်ချင်းစာတရားနည်းလိုက်ကြတာ”


“ဒီလိုပါပဲကွာ အများစုက မူးနေရူးနေရတာကို ကျေနပ်နေတဲ့ ပတ်ဝန်းကျင်မှာ နေတော့လည်း ဘာတတ်နိုင် မှာလဲ။ သူတို့ ကထိန်ပွဲမပြီးမချင်း ဝဋ်ခံနေရုံပေါ့”


“အဲဒါကြီးကို ကျွန်တော်မကြိုက်တာဆရာ”


“ဘာမကြိုက်တာလဲကွ”


“တရားလက်လွတ် လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတာကြီးကို။ ကျွန်တော်လည်း ညက သွားပြောသေးတယ်။ ခြေရင်းအိမ်က လူမမာက အသက်ထွက်တော့မယ်။ အဲဒါ နည်းနည်းလောက် အသံတိုးပေးဖို့ သွားပြောတာ ပိုဆိုးတယ် ဆရာရေ။ အသံကိုပိုချဲ့ပြီးတော့တောင် သံပြိုင်အော်လိုက်ကြသေးတယ်။ ဆရာ့ကို တစ်ခုလောက် မေးချင်လို့ပါ”


“ဘာများလဲကွ”


“အသံချဲ့စက်နဲ့ပတ်သက်ပြီး ဥပဒေမရှိဘူးလားဆရာ”


“ရှိတာပေါ့ကွာ။ ၂၀၁၂ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တာပဲ။ အသံချဲ့စက် အသုံးပြုရင် ရပ်ကွက်မှာ အသုံးပြုခွင့် တောင်းဖို့၊ အများပြည်သူရဲ့ အေးချမ်းတည်ငြိမ်မှုကို အနှောင့်အယှက်မဖြစ်စေဖို့၊ သတ်မှတ်ထားတဲ့ အချိန် အပိုင်းအခြား အတွင်းမှာသာ ဖွင့်ဖို့၊ ခွင့်ပြုထားတဲ့ရက်၊ နေရာမှာသာဖွင့်ဖို့၊ အမျိုးဘာသာဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ အကြောင်းအရာတွေမဖွင့်ဖို့ ပြဋ္ဌာန်းထားတာတွေရှိတာပေါ့”


“ဒါပေမဲ့ဆရာရယ် ည ၁၁ နာရီ … ၁၂ နာရီအထိ အော်ဟစ်သောင်းကျန်းတာကတော့ လွန်ပါတယ်”


“ပုံမှန်တော့ မနက် ၆ နာရီကနေ ည၉ နာရီအထိပဲ ဖွင့်ခွင့်ရှိတာကွ။ အများပြည်သူတွေ အနှောင့်အယှက်မဖြစ် စေရေးအတွက် ခွင့်ပြုသည့် ဥပစာအတွင်း အများပြည်သူကြားရုံသာဖွင့်ဖို့ ပြဋ္ဌာန်းထားတာပဲ။ ဒီရာသီမှာတော့ လမ်းတွေပေါ်လည်း လှည့်ပြီးဆူညံနေလို့ရကြတာပဲ”


“အိမ်တုံအောင်ဖွင့်တာ ခွင့်ပြုထားသလားဆရာ”


“ဥပဒေကတော့ ခွင့်မပြုဘူးပေါ့ကွာ … လုပ်ချင်တာလုပ်မယ် … အမျိုးဘာသာ သာသနာအတွက် လုပ်နေတာ ဆိုတဲ့ အစွန်းရောက်စိတ်တွေက ဥပဒေဘောင်ကျော်ပြီးတော့ လုပ်ချင်သလိုလုပ်တာတွေ ဖြစ်လာစေတော့ တာပေါ့။ အခြေအနေတစ်ခုကို အခွင့်ကောင်းယူပြီးတော့ ဘယ်သူမှ ငါတို့ကို မတားနိုင်ဘူးဆိုတဲ့ စိတ်ဓာတ်တွေ ဝင်လာကြတာလေ။ စည်းကမ်းလိုက်နာဖို့ထက် ကိုယ့်အုပ်စုတစ်စု ရပ်တည်သာယာရေးကို ဦးစားပေးလာတဲ့ သဘောတွေပဲ”


“ဒီလောက်ဆူညံတာကြီးဟာ ကျွန်တော်တို့ကို ဒုက္ခတွေမဖြစ်စေနိုင်ဘူးလားဆရာ”


“Noise Pollution လို့ခေါ်တယ်ကွ။ ဒီလိုအသံနဲ့ ဒုက္ခပေးတာဟာ ထင်သလောက် ရိုးရှင်းတဲ့ အနှောင့်အယှက် ပေးမှုတစ်ခုမဟုတ်ဘူး။ တစ်နည်းပြောရရင်တော့ကွာ အသံတိတ်လူသတ်သမား (Silent Killer) လို့ တင်စား ရလောက်အောင် လူတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာကို ဒုက္ခပေးနိုင်တယ်”


“စိတ်ဝင်စားစရာ ကောင်းလာပြီဆရာ”


“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လေထုညစ်ညမ်းမှုရဲ့နောက်မှာ Noise Pollution ကို ဒုတိယအကြီးဆုံး ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးခြိမ်းခြောက်မှုလို့ သတ်မှတ်ထားတယ်”


“အဲဒီလို ဆူညံသံတွေဟာ ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်သလဲဆရာ”


“ကျန်းမာရေးဆောင်းပါးတွေမှာတော့ ဆူညံတဲ့ အသံတွေကြောင့် သွေးတိုးခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်ခြင်း၊ လေဖြတ်ခြင်းတို့ကို ဖြစ်နိုင်တယ်လို့ ဆိုထားတယ်။ ဆူညံသံကြောင့် စိတ်ဖိစီးမှုဟော်မုန်း (Adrenaline and Cortisol) တွေကို ထုတ်လွှတ်စေပြီး၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ သွေးကြောကျဉ်းစေပြီးရေရှည်မှာ နှလုံးကို ဒုက္ခပေးနိုင်တယ်။ ဒါက ကိုယ်တွင်းနှလုံးကို ထိခိုက်စေတဲ့အပိုင်း။ နောက်တစ်ပိုင်းက အကြားအာရုံကို ထိခိုက်စေတာ။ အကြားအာရုံ ဆုံးရှုံးခြင်း (Hearing Loss) နဲ့ နားထဲ အသံမြည်ခြင်း (Tinnitus) တွေ ဖြစ်လာနိုင်တယ်။ ၈၅ ဒက်ဆီဘယ် (dB) ထက် ကျော်လွန်တဲ့ အသံကို ကြာရှည်စွာ နားထောင်မိရင် နားအတွင်းက အာရုံခံဆဲလ်များကို အမြဲတမ်း ပျက်စီးစေတယ်။ နောက်တစ်ခုက အစာချေစနစ်ကိုပါ ထိခိုက်နိုင် တာ။ စိတ်ဖိစီးလာရင် အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဥပမာကွာ အစာအိမ်နာ၊ အူမကြီးယောင်ရမ်းတာတွေပေါ့”


“ဆရာပြောမှပဲ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နှလုံးရောဂါအဖြစ်များလာတာတွေ၊ ဗိုက်အောင့်တယ် ဆိုပြီးတော့ သေကုန်ကြတာတွေကို သတိထားမိတော့တယ်”


“နောက်ပြီးတော့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်တယ်ကွ။ ဆူညံသံတွေက ဦးနှောက်ကို အဆက်မပြတ် ခြိမ်းခြောက်သလိုဖြစ်စေပြီး စိတ်ဖိစီးတာတွေ၊ စိတ်ကျတာတွေဖြစ်လာစေနိုင်သေးတယ်။ နောက်တစ်ခုက လူတွေအလိုလိုစိတ်တို ဒေါသထွက်တာတွေ ဖြစ်လာနိုင်တာပဲ။ လူတစ်ယောက်ဟာ အသံနဲ့ အမြဲလိုလိုနှောင့်ယှက်တာ ခံနေရတယ်။ အရေးယူတာတွေလည်း မရှိဘူး။ မတရားတာကို တိုင်လို့လည်း မရဘူး။ ဘယ်တိုင်ရမှန်းလည်း မသိဘူး။ တိုင်လည်း အရေးမယူဘူးဆိုတဲ့အခါမှာ စိုးရိမ်ပူပန်တာတွေ၊ စိတ်ဓာတ် ကျတာတွေ (Depression) ကိုဦးတည်စေနိုင်တယ်”


“ဆရာရေ ဒီပြဿနာတွေဟာ တောရွာတွေနဲ့ တောမကျ မြို့မကျ နေရာတွေမှာ ပိုပြီးခံစားရမယ်ထင်တယ် ဆရာ။ ကျွန်တော့်သူဌေးနေတဲ့ ရပ်ကွက်မှာ အိမ်စောင့်ရင်း တစ်ညသွားအိပ်ပေးဖူးတယ်။ အဲဒီရပ်ကွက်မှာတော့ ဘာသံမှကို မကြားတာဆရာ”


“ဗီအိုင်ပီရပ်ကွက်တွေဖြစ်မှာပေါ့။ ဥပဒေက ကွက်ကွက်လေးစိုးမိုးနေတဲ့ နေရာတွေလေ။ အဲဒီနေရာတွေကို စံထားပြီးတော့ နိုင်ငံကြီးအေးချမ်းနေတယ်လို့ ထင်တဲ့နေရာတွေ ဖြစ်မယ်ထင်တယ်”


“သေချာတာပေါ့ဆရာ”


“ငါတို့ သာမန်ဆင်းရဲသား တစ်နေ့လုပ် တစ်နေ့စားတွေကတော့ ထစ်ခနဲဆို ဒေါသတွေထွက်ကြ၊ ထိုးကြ ကြိတ်ကြ ဓားနဲ့ခုတ်ကြ ဖြစ်နေတာ အဲဒီစနက်တွေလည်း ပါတယ်ကွ။ လူတွေ အိပ်ကောင်းခြင်း မအိပ်ရတော့ အိပ်ပျော်ဖို့ခက်တာတွေ၊ အိပ်စက်မှုအရည်အသွေး ကျဆင်းလာတာတွေ၊ နှစ်ခြိုက်စွာ အိပ်မပျော်တာတွေ၊ မသိစိတ်က နိုးထခြင်း (Micro-Awakenings) တွေဖြစ်ပြီး ဘာမှမလုပ်ဘဲ မောပန်းနွမ်းနယ်တာတွေ ဖြစ်လာ တတ်တယ်။ ရေရှည်မှာ မလုပ်ချင်မကိုင်ချင်လောက်အောင် ကိုယ်ခံအားစနစ်တွေနည်းလာတတ်တယ်”


“အိမ်က တူတွေ တူမတွေဆိုရင် စာတောင်ကျက်မရဘူးဆရာ”


“အဲဒါ သိမြင်မှုဆိုင်ရာ ထိခိုက်မှု (Cognitive Impairment) ပဲကွ။ ကျောင်းသားတွေသာမကဘူး အလုပ်သမား တွေလည်း အာရုံစူးစိုင်နိုင်စွမ်းတွေ လျော့နည်းလာတတ်တယ်။ မှတ်ဉာဏ်တွေနည်းလာပြီး ကျောင်းမှာ၊ အလုပ် တွေမှာ အလွဲလွဲ အမှားမှားတွေ ဖြစ်လာစေတယ်။ အထူးသဖြင့် ကလေးငယ်တွေရဲ့ သင်ယူမှုစွမ်းရည် (Learning Ability) ကို တိုက်ရိုက် ထိခိုက်စေတယ်”


“ဆရာပြောမှပဲ ကျွန်တော်တို့ဘဝတွေဟာ ကူရာကယ်ရာမဲ့ကို ဖြစ်နေသလို ခံစားရတယ်ဆရာ”


“ခံပေါ်ကွာ … ငါဒီအကြောင်း မကြာခဏရေးတယ်ကွ။ ဒါပေမဲ့ အလကားပါပဲ။ အမုန်းခံရတာပဲ အဖတ်တင်တယ်။ မှန်တာကို ရေးလို့မရဘူးကွ။ လူတိုင်း ခံနေရတဲ့ ပြဿနာကို မကြာသေးခင်ကပဲ ပါချုပ် ဆရာတော်ကြီးရဲ့ တရားအတိုလေးနာလိုက်ရသေးတယ်။ အဲဒီလို တရားလက်လွတ် လုပ်နေတာကို ဘာကြောင့် ငြိမ်ခံနေသလဲဆိုတဲ့တရားပါ။ အဲဒီတရားကို ငါအစအဆုံးနာချင်လို့ လိုက်ရှာနေတာ မတွေ့သေးဘူး။ ဆရာတော်ကြီးတွေဘက်က လှုပ်လာပြီဆိုရင်တော့ ဒီပြဿနာ အေးချမ်းသွားမယ်ထင်တာပဲ”


“ဘာဖြစ်ဖြစ်ပါဆရာရယ် … လပြည့်နေ့ဆိုရင်တော့ ပြီးပါပြီ”


“ထင်သလားမောင်ကျော်စွာ … မြန်မာလူမျိုးတွေမှာ တစ်နှစ်ကို ၁၂ လ ရှိတာတောင် ၂၄ ခါလောက် ပျော်ချင်နေကြတာ။ တစ်မိုးလုံး ခါတိုင်းက တိတ်လို့။ ဒီတစ်မိုးလုံး ဘယ်မှာ တိတ်လို့လဲ။ မင်းတို့အနားက ဘုန်းကြီးကျောင်းက ပဋ္ဌာန်းကို တစ်မိုးတွင်းလုံး ရွတ်နေတာကြည့်”


“ဟုတ်ပဆရာရေ”


တင်ညွန့်


၄.၁၁.၂၀၂၅