လျှပ်စစ်လွှတ်ထားတဲ့ ခြံစည်းရိုး"

 "လျှပ်စစ်လွှတ်ထားတဲ့ ခြံစည်းရိုး"


ကျွန်မ ဒေါ်လာ ၅၀,၀၀၀ တန် မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်တာဟာ အင်္ကျီကော်လာက နှုတ်ခမ်းနီရာကြောင့် မဟုတ်သလို၊ လျှို့ဝှက်ထားတဲ့ ဘဏ်စာရင်းတွေကြောင့်လည်း မဟုတ်ပါဘူး။ မင်္ဂလာခန်းမထဲ မလျှောက်လှမ်းခင် ၇၂ နာရီအလိုမှာ ဖုန်းထဲက အကြောင်းကြားစာ (Notification) တစ်စောင်နဲ့ အော်ဟစ်သံတွေထက် ပိုကျယ်လောင်တဲ့ "တိတ်ဆိတ်မှု" တစ်ခုကြောင့် အားလုံးကို အဆုံးသတ်လိုက်တာပါ။


ကျွန်မတို့ဟာ အသိုင်းအဝိုင်းကြားမှာ အားကျစရာ စုံတွဲပေါ့။ ကျွန်မက အသက် ၃၂ နှစ်၊ အောင်မြင်တဲ့ ပန်းခြံဒီဇိုင်းပညာရှင်။ ရိုင်ယန် (Ryan) က ၃၅ နှစ်၊ စီးပွားရေးလောကရဲ့ ထွန်းသစ်စကြယ်ပွင့်။ ဘော့စတွန်မြို့ပြင်က အိမ်ကြီးအိမ်ကောင်း၊ ငွေကြေးပြည့်စုံမှု၊ ရုပ်ရည်... ဒါဟာ "အမေရိကန်အိမ်မက်" ကို အကောင်းဆုံး ထုပ်ပိုးထားတဲ့ ဘဝမျိုးပေါ့။

ဒါပေမဲ့ ကျွန်မဘဝရဲ့ အချစ်ဆုံးက မကြာခင် လက်ထပ်တော့မယ့် အမျိုးသား မဟုတ်ဘူး။ အဲဒါက "စကောက်" (Scout) ပါ။

စကောက်ဟာ အသက် ၄ နှစ်အရွယ် ဘော်ဒါကိုလီ (Border Collie) ခွေးလေး။ ကိုဗစ်ကာလ အထီးကျန်နေတုန်းက ခွေးဂေဟာကနေ ကျွန်မ ကယ်တင်ခဲ့တာ။ စကောက်မှာ ထောင်နေတဲ့ နားရွက်တစ်ဖက်ရှိပြီး သူ့ရင်ဘတ်ထက် ပိုကြီးတဲ့ နှလုံးသားရှိတယ်။ ကမ္ဘာကြီး ရပ်တန့်နေတုန်းက သူက ကျွန်မကို ကယ်ခဲ့တာ။ Zoom ကင်မရာပိတ်ထားချိန်မှာ ကျွန်မ ငိုနေတာကို မြင်ဖူးတဲ့ တစ်ဦးတည်းသော အဖော်ပေါ့။


ရိုင်ယန်က စကောက်ကို "သည်းခံရုံ" ပဲ။ လူရှေ့မှာတော့ ခွေးချစ်တတ်တဲ့ သတို့သားလောင်းအဖြစ် အကောင်းဆုံး သရုပ်ဆောင်ပြတတ်ပေမဲ့၊ လူကွယ်ရာမှာတော့ "သူက အရမ်းဆိုးတာပဲ၊ မင်းနဲ့ တန်းတူလို့ ထင်နေတာ" ဆိုပြီး အမြဲ ညည်းညူတယ်။


မင်္ဂလာဆောင်ဖို့ ၃ ပတ်အလိုမှာ ရိုင်ယန်က စကောက်

အတွက် "Guardian" ခြေရာခံစက်ဆိုတဲ့ ခွေးလည်ပတ်ကြိုး (Collar) တစ်ခု ပေးတယ်။ "GPS ပါတယ်၊ သူ့ကို ဘေးကင်းအောင် ငါစောင့်ကြည့်မယ်" တဲ့။ ကျွန်မကတော့ သူ စကောက်ကို ချစ်လာပြီအထင်နဲ့ စိတ်တွေ အရည်ပျော်ခဲ့ရတာပေါ့။

ဒါပေမဲ့ အဲဒီနောက်ပိုင်း ကျွန်မခွေးလေးရဲ့ မျက်လုံးတွေ မှိန်သွားခဲ့တယ်။ တက်ကြွနေတတ်တဲ့ ကောင်လေးဟာ အိမ်ပြန်လာရင် မကြိုတော့ဘူး၊ စားပွဲအောက်မှာ တုန်တုန်ယင်ယင်နဲ့ ပုန်းနေတတ်လာတယ်။ ရိုင်ယန် အခန်းထဲဝင်လာတိုင်း ကြောက်လွန်းလို့ ဆီးထွက်ကျတဲ့အထိ ဖြစ်လာတယ်။ "သူ စည်းကမ်းရှိလာတာပါ" ဆိုတဲ့ ရိုင်ယန်ရဲ့ စကားကို မင်္ဂလာဆောင် stress တွေကြားမှာ ကျွန်မ အတင်းယုံကြည်ခဲ့မိတယ်။


မင်္ဂလာဆောင်ဖို့ ၃ ရက်အလိုမှာ ကျွန်မ ဖုန်းထဲကို "လှုပ်ရှားမှု တွေ့ရှိသည်။ ဧည့်ခန်းကင်မရာ" ဆိုတဲ့ CCTV က Notification ဝင်လာတယ်။

အက်ပ်ကို ဖွင့်ကြည့်လိုက်တော့... ရိုင်ယန်က ဆိုဖာပေါ်မှာ အေးဆေးထိုင်ပြီး Zoom ခေါ်နေတယ်။ စကောက်က မှန်တံခါးဘေးမှာ ရပ်ရင်း အပြင်က ရှဥ့်ကလေးကိုကြည့်ပြီး "ဝု" ဆိုပြီး တိုးတိုးလေး အသံပြုလိုက်တယ်။ ရိုင်ယန်က ခွေးကို လှည့်မကြည့်ဘူး၊ မအော်ဘူး။ သူက သူ့ဖုန်းစကရင်ကို တစ်ချက်ပဲ နှိပ်လိုက်တယ်။

အဲဒီနောက်မှာ ဖြစ်သွားတဲ့အရာက ကျွန်မရဲ့ရင်ကို ထာဝရ ကွဲကြေသွားစေခဲ့တယ်။ စကောက်က တွန့်လိမ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းကာ နာကျင်လွန်းလို့ အစွမ်းကုန် အော်ဟစ်လိုက်တဲ့အသံဟာ ကျွန်မဖုန်းစပီကာကနေတစ်ဆင့် ရင်ကို ထိုးခွဲလိုက်သလိုပဲ။ အဲဒါ GPS စက်မဟုတ်ဘူး။ ဗို့အားမြင့် လျှပ်စစ်ရှော့ခ်ပေးတဲ့ စက်ကြီး။

ရိုင်ယန်က ခပ်ဟဟ ရယ်ရင်း ဖုန်းထဲက သူ့သူငယ်ချင်းကို ပြောနေတယ်။"တွေ့လိုက်လား”ချက်ချင်း ပြင်ပေးလိုက်တာ။ နည်းပညာရဲ့ အလှတရားပဲ။ ဆာရာကတော့ ဒါကို ဘေးကင်းရေးစက်လို့ ထင်နေတာ။ တကယ်တော့ ဒီခွေးက ရှေ့ပြေးပုံစံ (Prototype) သက်သက်ပဲ။"

သူ ဆက်ပြောတဲ့ စကားတွေက ပိုထိတ်လန့်ဖို့ ကောင်းတယ်။ "ဆာရာက အရမ်း လွတ်လပ်လွန်းတယ်။ လက်ထပ်ပြီးရင် ဒီအခြေအနေတွေ ပြောင်းရမယ်။ ငါက အခြေအနေတွေကို ခက်ခဲအောင်လုပ်ပြီး သူ့အလုပ်ကို သူကိုယ်တိုင် စွန့်လွှတ်လာအောင် လုပ်မှာ။ သူ့ကို ထိန်းကျောင်းဖို့ပဲ လိုတာ။ ဒီခွေးလိုပေါ့။ မမြင်ရတဲ့ ဖိအားတွေ ပေးလိုက်ရင် နောက်ဆုံးမှာ ငါဖြစ်ချင်တဲ့ နေရာကို သူရောက်လာလိမ့်မယ်။ လက်ထပ်ထိမ်းမြားခြင်းဆိုတာ ခြံစည်းရိုးပဲ။ သူ မသိသေးတာက အဲဒီခြံစည်းရိုးမှာ လျှပ်စစ်လွှတ်ထားတယ် ဆိုတာပဲ။"


ကျွန်မ မအော်ခဲ့ဘူး။ မငိုခဲ့ဘူး။ ဒါဟာ သမင်တစ်

ကောင်က မုဆိုးကို မမြင်ခင်ကတည်းက ပြေးဖို့ ပြင်

လိုက်တဲ့ ရှင်သန်ရေးဗီဇပဲ။ ကျွန်မ ဗီဒီယိုကို ဖုန်းထဲ သိမ်းလိုက်တယ်၊ ကိုယ့်အီးမေးလ်ထဲ ပို့ထားလိုက်တယ်။

ကျွန်မ အိမ်ကို ပြန်သွားတယ်။ ရိုင်ယန် အပြင်သွားနေတုန်း စကောက်ကို ပွေ့ဖက်ပြီး "လွတ်လပ်ပြီ" လို့ တိုးတိုးလေး ပြောလိုက်တယ်။ အဝတ်အစားတွေ မသိမ်းဘူး၊ ဒေါ်လာ ၅,၀၀၀ တန် မင်္ဂလာဝတ်စုံကိုလည်း မယူဘူး။ အရေးကြီးမှတ်တမ်းတွေနဲ့ စကောက်ကိုခေါ်ပြီး ကျွန်မ ထွက်လာခဲ့တယ်။

နယ်စပ်ဖြတ်ပြီး ကျွန်မအစ်မဆီ ရောက်မှသာ အီးမေးလ် ပို့လိုက်တယ် ။

"မင်္ဂလာပွဲ ဖျက်သိမ်းခြင်း။ ရိုင်ယန်က ဇနီးသည်ဆိုတာ ခွေးတစ်ကောင်လိုပဲ ချိုးနှိမ်ရမယ်၊ ခြံစည်းရိုး ခတ်ထားရမယ်လို့ ယုံကြည်နေတာ။ ကျွန်မ ခွေးကို ယူသွားပြီ၊ စရန်ငွေတွေကိုတော့ သူပဲ ယူထားလိုက်ပါစေ။"

ရိုင်ယန်က တောင်းပန်လိုက်၊ ခြိမ်းခြောက်လိုက်နဲ့ စာတွေ ရာနဲ့ချီ ပို့ခဲ့ပေမဲ့ ကျွန်မ ဗီဒီယိုကို ပို့ပေးလိုက်တဲ့နောက်ပိုင်း သူ ဘယ်တော့မှ စာပြန်မလာတော့ဘူး။


အခုဆို ၆ လ ရှိသွားပြီ။ ကျွန်မနဲ့ စကောက်က တိုက်ခန်းလေးမှာ နေကြတယ်။ ခြံစည်းရိုးမရှိဘူး။ ဒါပေမဲ့ စကောက်ဟာ အရင်လို ပြန်ပြီး တက်ကြွလာပြီ။ သူဟာ တစ်စုံတစ်ယောက်ရဲ့ ခွင့်ပြုချက်ကို စောင့်နေရတာ မဟုတ်ဘဲ သူ့ဘဝနဲ့သူ လွတ်လပ်စွာ ရှင်သန်နေတာ။

ကျွန်မတို့ အမျိုးသမီးတွေကို "အချက်ပေးခေါင်းလောင်း" တွေဖြစ်တဲ့ ဒေါသကြီးတာ၊ ရိုက်နှက်တာတွေကို သတိထားဖို့ ပြောလေ့ရှိကြတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ အန္တရာယ်အရှိဆုံး အချက်ပေးခေါင်းလောင်းကတော့ "အေးဆေးနေတာ" ပါပဲ။


သူ ကိုယ်တိုင် ကြီးကျယ်နေဖို့အတွက် သင့်ကို သေးသိမ်သွားအောင် လုပ်နေတယ်ဆိုရင်... ထွက်သွားပါ။ သင့်ရဲ့ စိတ်ဓာတ်ကို သူက ဖြေရှင်းရမယ့် ပြဿနာတစ်ခုလို မြင်နေတယ်ဆိုရင်... ထွက်သွားပါ။ ပြီးတော့ သူ ပြန်မခုခံနိုင်တဲ့သူတွေအပေါ် ဘယ်လို ဆက်ဆံသလဲဆိုတာကို ကြည့်ပါ။ စားပွဲထိုး၊ လက်အောက်ငယ်သား၊ ပြီးတော့ တိရစ္ဆာန်လေးတွေ။

ဘာလို့လဲဆိုတော့ တစ်နေ့ကျရင်... အဲဒီ ခွေးပတ်ကြိုးဟာ သင့်အတွက် ရည်ရွယ်ထားတာ ဖြစ်နေလို့ပါပဲ။


#ဟမ်စိုင်း(ဆေး-မန်း) 

ဘာသာပြန်

Stories Point