မဆိုင်ဘူးလား
----------------
အလုပ်ပိတ်ရက် တနင်္ဂနွေနေ့တိုင်းလိုလို မောင်ကျော်စွာသည် ကျွန်တော့်အိမ်မှာပင် အချိန်ဖြုန်းလေ့ရှိသည်။ ကျွန်တော့်အိမ်တွင် အင်တာနက်ရသဖြင့်လည်း အင်တာနက်သုံးလျှင်သုံး၊ မသုံးလည်း စာဖတ်၊ ကွန်ပျူတာ သုံးကာ မိုးချုပ်မှ ပြန်လေ့ရှိသည်။
ကျွန်တော်တို့ နေ့လယ်စာထမင်းစားပြီးချိန်တွင် မောင်ကျော်စွာက
“ဆရာ … ဆရာ့ကို နိုင်ငံရေးအကြောင်းလေး ဘာလေးမေးချင်တယ်”
“မေးလေကွာ။ ဘာမေးမလို့လဲ”
“နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ မသက်ဆိုင်ဘူးလားဆရာ”
“နိုင်ငံရေးဆိုတာ လူတိုင်းနဲ့သက်ဆိုင်တာပေါ့ကွ။ နေ့စဉ်ဘဝမှာတောင် နိုင်ငံရေးနဲ့လွတ်တာ တစ်ခုမှ မရှိဘူး”
“ဘယ်လိုတွေ ပတ်သက်နေတာလဲဆရာ”
“မင်းဒီကိုလာတော့ ရေသန့်ဘူးတစ်ဘူးဝယ်လာတယ်နော်”
“ဟုတ်ကဲ့ဆရာ”
“တစ်ဘူးဘယ်လောက် ပေးခဲ့ရသလဲ”
“၈၀၀ ဆရာ”
“လွန်ခဲ့တဲ့ လေး ငါးနှစ်လောက်က ဘယ်လောက်ဈေးရှိသလဲ”
“လွန်ရောရှိမှ ၃၀၀ ပေါ့ဆရာ”
“အေး ဘာဖြစ်လို့ ခု ၈၀၀ တောင်ဈေးတက်သွားတာလဲ။ ဒါလည်း နိုင်ငံရေးပဲကွ။ နောက်တစ်ခု ဘာဖြစ်လို့ ရေသန့်ကို ဝယ်သောက်တာလဲ”
“အိမ်ကရေက မသန့်ဘူးဆရာ”
“ဘယ်ကလာတဲ့ရေမို့လို့လဲ”
“ပိုက်ကလာတဲ့ရေကိုသောက်တာဆရာ။ ရေတွေက ဝါတာတာ နံတံတံဖြစ်လာတာနဲ့ သောက်ရေသန့် ဝယ်သောက်လာတာ”
“အေး အဲဒါနိုင်ငံရေးပဲကွ။ ဘာဖြစ်လို့ ပြည်သူတွေကို ရေကောင်းရေသန့်သောက်နိုင်အောင် မစီစဉ်ပေးနိုင် တာလဲ။ သောက်ရေသန့်ဈေးတွေက ဘာဖြစ်လို့တက်နေရတာလဲ။ အများပြည်သူကိုပေးတဲ့ သောက်ရေမှာ ရောဂါပိုးတွေ ကင်းရဲ့လား။ ရေသန့်စက်ရုံတွေက ဈေးတွေကို တင်ချင်တိုင်းတင်ရောင်းနေတာ ခွင့်ပြုသင့်လား။ ရေသန့်ထုတ်တဲ့စက်ရုံတွေကလည်း လျှပ်စစ်မီးမရလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဈေးတင်၊ ဆိုင်တွေ ကလည်း သယ်ယူစရိတ်တွေ ဆီဈေးတက်တယ်ဆိုပြီးတော့ အကြောင်းပြ ဒါတွေအားလုံးဟာ နိုင်ငံရေးပဲကွ။ ဒါကြောင့် နေ့စဉ်ဘဝ နိုင်ငံရေးနဲ့ မပတ်သက်ဘူးဆိုတာ ရှိကိုမရှိဘူး”
“နိုင်ငံရေးဟာ ငါတို့နဲ့မဆိုင်ဘူးလို့ ယူဆလာသူတွေများလာရင် ဘာဖြစ်နိုင်သလဲဆရာ”
“နိုင်ငံရေးဟာ ငါတို့နဲ့မဆိုင်ပါဘူးဆိုပြီး လျစ်လျူရှုသူတွေများလာရင် အာဏာရှင်စနစ် ခိုင်မာလာမှာပေါ့ကွယ်”
“ဘာဖြစ်လို့လဲဆရာ”
“အာဏာပိုင်ဆိုင်ထားတဲ့သူတွေကို အာဏာစိတ်ကြိုက်သုံးပြီးတော့ လုပ်ချင်သလိုသာ လုပ်ပါတော့လို့ ခွင့်ပြု ထားရာရောက်သွားမှာပေါ့။ ပြည်သူ့ဆန္ဒက ဘယ်လိုပဲရှိရှိ ပြည်သူကို ဆန့်ကျင်ပြီး လုပ်ချင်ရာ လုပ်ခွင့်ကို ခွင့်ပြုလိုက်သလို ဖြစ်သွားမှာပေါ့။ ဒါကြောင့် နိုင်ငံရေးကို စိတ်မဝင်စားဘူးဆိုရင် အာဏာရှင်ကို ထောက်ခံသလို ဖြစ်လာနိုင်တယ်ဆိုတာလည်း သတိမူရလိမ့်မယ်”
“နိုင်ငံရေးဟာ လူတိုင်းနဲ့ဆိုင်တယ်ဆိုတာကို အရစ္စတိုတယ်ပြောသွားတယ်လို့ ဆရာပြောဖူးတယ်နော်”
“လူသည်နိုင်ငံရေးသတ္တဝါ (Man is a political animal) ဆိုပြီး အရစ္စတိုတယ်က သူ့ရဲ့ Politics ဆိုတဲ့ စာအုပ်မှာဖော်ပြခဲ့တယ်။ သူဆိုလိုတာက လူသားဆိုတာ တစ်ယောက်တည်းနေထိုင်တာထက် အတူတကွ စုပေါင်းနေထိုင်ခြင်းကြောင့် စစ်မှန်သောဘဝကိုရရှိပြီး ပင်ကိုယ်စွမ်းရည်တွေလည်း တိုးတက်လာစေနိုင် တယ်လို့ ဆိုလိုခဲ့တာ။ ပြီးတော့ အရစ္စတိုတယ်က နိုင်ငံရေးဆိုတာ အစိုးရ သို့မဟုတ် အာဏာပိုင်တို့ရဲ့ လုပ်ငန်းသက်သက်မဟုတ်ဘူး။ မြို့ပြနိုင်ငံတော်ကိစ္စရပ်တိုင်းမှာ နိုင်ငံသားတိုင်း ပါဝင်ရမယ်။ ဒါမှ လူ့ဘဝကို ပိုမိုကောင်းမွန်အောင် ပုံဖော်နိုင်မယ်လို့ပြောခဲ့တာ။ အရစ္စတိုတယ်ပြောတာက ရှင်းရှင်းလေးပါကွယ်။ နိုင်ငံရေးမှာ မပါဝင်ဘဲနေမယ်ဆိုသူတွေဟာ တိရစ္ဆာန်ဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ် နတ်ဘုရားတွေပဲ ဖြစ်လိမ့်မယ်တဲ့ကွ”
“နတ်ဘုရားဆိုတာ god ကိုပြောတာလားဆရာ”
“အေးပေါ့ကွ god လား animal လား ကိုယ့်ဘာသာစဉ်းစားဖို့ပြောတာ”
“လူတိုင်းနိုင်ငံရေးနဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေတယ်ဆိုတာ ရှင်းပါဦးဆရာ”
“ငါတို့နေ့စဉ်ဘဝတွေမှာ နိုင်ငံရေးနဲ့ မပတ်သက်ချင်လို့ကို မရဘူးကွ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တိုင်းဟာ ငါတို့ဘဝတွေကို လွှမ်းမိုးနေလို့ပဲ။ ထုတ်ပြန်တဲ့ ဥပဒေတွေ၊ ကောက်တဲ့ အခွန် အခတွေ၊ ကျောင်းတွေမှာ ဟိုလိုလုပ်ပါလား သည်လိုလုပ်ပါလားဆိုပြီးတော့ ထုတ်ပြန်တဲ့စနစ်တွေ၊ နိုင်ငံသားတိုင်း ခံစားခွင့်ရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အပြည့်အဝရတာ၊ မရတာတွေဟာ နိုင်ငံရေးပဲ။ နိုင်ငံရေးနဲ့ မပတ်ချင်ပါဘူးသာ ပြောနေတာ ကျောင်းတွေမှာ ကိုယ့်သားသမီး ကျူရှင်ပို့နေရတာကို မကျေနပ်တဲ့မိဘတွေက နေ့တိုင်း ပိုက်ဆံဘယ်လောက်ကုန်ကြောင်း ညည်းပြီးဆွေးနွေးနေကြတာ အဲဒါ နိုင်ငံရေးပဲ။ ခုထက်ထိ ဈေးတွေထဲမှာ စားအုံးဆီလေး ၄၀ သားလောက်ရဖို့ တန်းစီထုတ်နေကြရသေးတာလည်း နိုင်ငံရေးပဲ။ မနက်ကပဲ မင်းကို ငါဝယ်ခိုင်းလိုက်တဲ့ဆေးကိုကြည့်ကွယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က အဲဒီဆေး တစ်ကတ်ကို ၆၀၀ ပဲရှိတယ်။ မင်းဝယ်လာခဲ့တာဘယ်လောက်”
“၃၂၀၀ ဖြစ်နေပြီဆရာ”
“နောက်ပြီး မင်းဆိုင်ကယ်ထဲကို ထည့်နေရတဲ့ ဓာတ်ဆီ အရင်က တစ်လီတာကို တစ်ထောင်မကျော်ဘူး။ ခုဘယ်လောက်နဲ့ ဝယ်ထည့်နေရသလဲ”
“၃၅၀၀ ဆရာ”
“မောင်ကျော်စွာ လူတိုင်းနိုင်ငံရေးနဲ့ မဆိုင်ဘူးလား။ ဘာကြောင့် ကုန်ဈေးနှုန်းတွေတက်နေရတာလဲ။ မင်းတို့ ရတဲ့လစာတွေက လေးငါးနှစ်အတွင်း တိုးသလား”
“မတိုးဘူးဆရာ”
“အေး ကုန်ဈေးနှုန်းတွေက လေးငါးဆတက်လာတော့ မင်းတို့ ဘယ်လိုရပ်တည်နေရသလဲ”
“အလုပ်ကပြန်လာရင် ကယ်ရီဆွဲနေရတယ်ဆရာ”
“အဲဒါအဖြေပဲလေ မောင်ကျော်စွာ … နိုင်ငံရေးဟာ ငါနဲ့မဆိုင်ဘူးလား။ အေး မဆိုင်ဘူးဆိုရင်တော့ တစ်ခုပဲ နတ်တော့မဖြစ်နိုင်ဘူး တိရစ္ဆာန်ပဲဖြစ်လိမ့်မယ်”
တင်ညွန့်
၂၁.၇.၂၀၂၅