ရဟန်းကဲ့သို့ကျင့်ကြည့်ခြင်း
--------------------------------
အရာရာ ချွေတာမှဖြစ်တော့မည်။
ကျွန်တော်သည် စာအုပ်ဝယ်ရာတွင်သာ နှမျောတသမဖြစ်။ ထမင်းစားရာတွင်တော့ ချွေချွေတာတာ စားသုံးရန် နှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ မကုန်သင့်တာ မကုန်အောင်၊ ချွေတာသင့်တာ ချွေတာရာရောက်အောင်။ အလဟသ ဖြုန်းတီးရာမရောက်အောင် စားသောက်နေထိုင်သည်။
၂၀၂၁ ကတည်းက လက်ဖက်ရည်၊ ကော်ဖီကို တုံးတိဖြတ်လိုက်သည်။ လူပျိုပေါက်အရွယ်လောက်ကတည်းက လက်ဖက်ရည်စွဲလာခြင်းကို လအနည်းငယ် ကော်ဖီနှင့်ဖြတ်ပြီး၊ နောက်တော့ ကော်ဖီပါ ဖြတ်လိုက်သည်။ နေ၍ ထိုင်၍ရသည်သာ။
မနက်ခင်းဆိုလျှင် ညကကျန်သည့် ထမင်းကြမ်းကို ထမင်းကြော်လျင်ကြော်၊ မကြော်လည်း ပဲပြုတ်ဆီဆမ်းကာ နယ်စားသည်။ အိမ်တွင် ပုစွန်ခြောက်ကြော်၊ စိမ်းစားငါးပိကြော် အကုန်စီစဉ်ထားသည်။ မနက်ခင်း တစ်နပ်က ပဲပြုတ် ၅၀၀ ဖိုးနှင့်ပြီးအောင် စီစဉ်ရသည်။ ပဲပြုတ်တောင် ပဲပြုတ်သည်က ၅၀၀ ဖိုးရောင်းရသည်ကို အင်တင်တင်ဖြစ်လာသည်။ ပဲပြုတ် ၁၀၀၀ ဆိုလျှင် ပဲပြုတ်ပါဖြတ်မည်ဟု ဆုံးဖြတ်ထားသည်။
ကြက်ဥတစ်လုံးက ၅၀၀ ကျပ်ဖြစ်သည်။ ကြက်ဥနှင့် ထမင်းလေးကြော်စားလိုက်လည်း ဖြစ်သည်။ ထိုထမင်းကြော်တစ်နပ်သည် ကျွန်တော့်အတွက် နေ့လယ် ၂ နာရီထိုးလောက်အထိ ခံသည်။
နေ့လယ်စာနှင့် ညစာကို ကျွန်တော်က တစ်နပ်တည်း ပေါင်းစားသည်။ နေ့လယ်စာကို တစ်ဦးတည်းဖြစ်နေ သဖြင့် ချက်မစားတော့။ ဟင်းတစ်ခွက် ပို့ခိုင်းသည်။ ဘာပို့ပို့စားသည်။ အိမ်တွင် ထမင်းအိုး တစ်အိုးသာတည် သည်။ ဟင်းသောက မရှိတော့သဖြင့် စာရေး စာဖတ်ချိန် ပိုရလာသည်မှာ အမြတ်ဟုယူဆထားသည်။ ထိုအချိန် ထမင်းစားပြီး တစ်ညလုံး နောက်တစ်နေ့ မနက်အထိ ဘာမျှမစားတော့။ ည ၈ နာရီလောက်တွင် မြင်းခွာရွက်ရည်တစ်ခွက်သောက်သည်။
ကိုယ့်အတွက် ကျန်းမာရေးလည်းကောင်း၊ ချွေတာရာလည်းရောက်သည်။
ကျွန်တော်သည် ရဟန်းမဝတ်ဘူးသော်လည်း ရဟန်းမြတ်တို့၏ ကျင့်စဉ်တွင် ညစာမစားခြင်းတားမြစ်ချက် “ဝိကာလဘောဇန” ကျင့်စဉ်ကို အလွန်နှစ်သက်သည်။
အဘယ်ကြောင့် ဘုရားရှင်က ညစာမစားရန် တားမြစ်ခဲ့ရသနည်းဆိုခြင်းကို လေ့လာကြည့်သည့်အခါတွင် ကိုယ်ကျင့်သီလနှင့် ကျန်းမာရေးကောင်းစေရန်၊ တရားအားထုတ်မှုကို အထောက်အကူပြုစေရန်ဖြစ်သည်ဟု ဆိုထားသဖြင့် ဘုရားရှင်ကို လေးစားကြည်ညိုမိပါသည်။
ညစာမစားခိုင်းခြင်းတွင် တရားအားထုတ်မှုအတွက် အထောက်အကူပြုရန်ဆိုသည့် အချက်မှာ ဉာဏ်ပညာကြီး မားစွာဖြင့် တားမြစ်ထားချက်တစ်ခုဟု ယူဆပါသည်။ ညစာစားပြီးသည့် အခါတွင် ကိုယ်ခန္ဓာက လေးလံ ထိုင်းမှိုင်းလာပြီး အိပ်ငိုက်စေတတ်သည်။ ရဟန်းတော်များသည် ညဉ့်အချိန်တိုင်အောင် တရားဘာဝနာများ ပွားများအားထုတ်ရသည့်အတွက် ကိုယ်ခန္ဓာပေါ့ပါး လန်းဆန်းနေရန်လိုသည်။ ဆွမ်းကို နေ့လယ်မွန်းမတည့်မီ ဘုဉ်းပေးခြင်းဖြင့် နီဝရဏ တရားများထဲမှ ထိနမိဒ္ဓ “ငိုက်မြည်းထိုင်းမှိုင်းမှု” ကို လျှော့ချနိုင်ပါသည်။
ကိုယ်ခန္ဓာပေါ့ပါးမှ စိတ်သည်ကြည်လင်နေပြီး သတိ (Mindfulness) တည်ကာ၊ ပညာဉာဏ် (Wisdom) ပိုမို ထက်မြက်စေသည်။
ကျွန်တော်သည် တရားမထိုင်၊ တရားအားထုတ်ခြင်း မရှိသော်လည်း စာရေး၊ စာဖတ်ခြင်း ဈာန်ကို အိပ်ချိန် အထိ စိတ်သွင်းလုပ်ဆောင်တတ်သည်ဖြစ်ရာ ကျွန်တော့်အတွက် “ဝိကာလဘောဇန” သည် အကျိုးများလှပါသည်။
ဘုရားရှင်က ညစာမစားရန် တားမြစ်သည့်အထဲတွင် ဂုဏ်သိက္ခာထိန်းသိမ်းရန်ဆိုသည့် အချက်ကိုလည်း သွားတွေ့ရပါသည်။
ညအချိန်သည် လူတို့ အိပ်စက်နားနေချိန်နှင့် လမ်းသွားလမ်းလာနည်းပါးချိန်ဖြစ်ပါသည်။ ထိုအချိန်မျိုးတွင် ရဟန်းတော်များသည် လမ်းပေါ်ထွက်ပြီး အစာအာဟာရလိုက်လံရှာဖွေနေရခြင်း သို့မဟုတ် စားသောက် နေခြင်းမှာ ရဟန်းဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး အကြည်ညိုပျက်စေသည်။
ရဟန်းသည် ညစာမစားခြင်းကပင် လူနှင့်မတူဆိုသော အချက်ကိုထင်ရှားစေသည်။ သာမန် လူပုဂ္ဂိုလ်နှင့်မတူ သိမ်မွေ့သောကိုယ်ကျင့်တရားကို စောင့်ထိန်းသူများဖြစ်ကြောင်း ပိုပြီးထင်ရှားစေပါသည်။
ကျွန်တော်အသက် ၇၀ စွန်းလာပြီ။ အသက် ၄၀ အရွယ်လောက် အစားအသောက်တွင် မက်မောခြင်း သိပ်မရှိ တော့ပါ။ နေ့လယ်စာနှင့် နောက်တစ်နေ့ နံနက်စာကို အချိန်ကြာမြင့်စွာ ခြားပေးခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်းကို အနားပေးသည့်အတွက် ကျန်းမာရေးပိုကောင်းစေသည်ဟု ကျန်းမာရေးစာစောင်များတွင် ဖတ်ရပါသည်။ ဘုရားရှင်၏ ခေတ်မီသော တားမြစ်ချက်များဖြစ်နေသောကြောင့် ရဟန်းမဝတ်နိုင်သော်လည်း ရဟန်းကဲ့သို့ ကျင့်ကြံနေထိုင်ကြည့်ခြင်းက ပိုကောင်းမည်ဟု ခံယူလိုက်ခြင်းကပင် စိတ်ကို ငြိမ်းချမ်း စေပါသည်။
ကျွန်တော့်မှာ အစားတစ်လုတ်အတွက် အလကား အလုပ်မရှုပ်တော့ပြီ။
ခေတ်နှင့်အညီ လျော်ညီစွာ နေထိုင်ခြင်းလည်းဖြစ်သည်။
တင်ညွန့်
၁၅.၁၀.၂၀၂၅