အထီးကျန်စွမ်းအား

 အထီးကျန်စွမ်းအား

----------------------
ဂျာမန်စာရေးဆရာကြီး ဟားမန်းဟာ့စ် (Hermann Hesse) အကြောင်း သိကြမည် ထင်ပါသည်။
ကျွန်တော်တို့နှင့် အနီးစပ်ဆုံး သူ့လက်ရာကို ညွှန်းဆိုရလျှင် ဆရာပါရဂူ မြန်မာဘာသာပြန်ထားသည့် “သိဒ္ဓတ္ထ” စာအုပ်၏ မူရင်းရေးသားသူဖြစ်သည်။ ၁၉၄၆ ခုနှစ်တွင် နိုဘယ်ဆုကို ရရှိခဲ့သော စာရေးဆရာကြီးတစ်ဦးလည်း ဖြစ်သည်။
သူ့စာပေများကို ဖတ်လိုက်လျှင် အတွေးအခေါ်ကိုမြင့်မားစေပြီး စာပေလောကတွင် သူ့သက်ရောက်မှုတွေက အတော်လေးကြီးမားခဲ့သည်။ လူ့ဘဝကို သူ၏ရှုမြင်ပုံတွေက နက်ရှိုင်းသည်။ သူထူထောင်ခဲ့သည့် အတွေးအမြင် တစ်ခုတွင် နှစ်သက်မိသည်မှာ
“မိတ်ဆွေအပေါင်းအသင်း မရှိခြင်းသည် လူတစ်ယောက်တွင် အများကြီးရှိခြင်းဖြစ်သည်” အဆိုဖြစ်သည်။
ထိုအဆိုသည် လူတို့၏ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာနယ်ပယ်ကို လှုပ်ခတ်သွားစေခဲ့သည်။ ဟားမန်းဟာ့စ် အဘယ်ကြောင့် ထိုအဆိုကိုတင်ခဲ့သနည်း။
လူတစ်ယောက်၏ အထီးကျန်ခြင်းတွင် တန်ဖိုးတစ်ခုရှိနေသည်။
တစ်ယောက်တည်း နေထိုင်ခြင်းသည် အထီးကျန်ခြင်းဟုတ်ချင်မှ ဟုတ်မည်။ ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိရန် အတွက် လူသည် တစ်ဦးတည်းနေထိုင်ရန် လိုအပ်သည်။ ငယ်ရွယ်စဉ် အချိန်က တစ်ယောက်တည်း ဖြစ်သွားမည်ကို ကြောက်ကြသည်။ ငါတစ်ယောက်တည်းဖြစ်သွားလျှင်ဆိုသည့် အတွေးက သူ့ကို ချောက်လှန့်ပြီး သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေနှင့် ဝန်းရံကာ နေထိုင်ရခြင်းအပေါ် သာယာ မိသည်။ တဖြည်းဖြည်း မိမိကိုယ်မိမိ နားလည် ဆင်ခြင်မိသည့် တစ်ချိန်တွင် တစ်ယောက်တည်း နေထိုင်ရခြင်း၏ အရသာကို ရှာဖွေတွေ့ရှိသွားသည်။ တစ်ယောက်တည်း ရှိနေချိန်တွင် လေးနက်သည့် ကိုယ်ပိုင်အတွေးအခေါ်များကို တိုးတက်မှု ဖြစ်စေသည်ဆိုသောအသိ ဝင်လိုက်လျှင် လူသည် အထီးကျန်ခြင်းကို တန်ဖိုးရှိစွာ နေထိုင်ရချိန်ဟု လက်ခံသွားတော့သည်။
အပေါင်းအသင်းနှင့် နေထိုင်ရခြင်း၌ အရေအတွက်က အရေးကြီးသလား၊ အရည်အချင်းက အရေးကြီးသလား ဆိုသည့် မေးခွန်းကို တွေးမိချင်မှ တွေးမိပေလိမ့်မည်။ မိတ်ဆွေတွေများတိုင်း ကောင်းသလား မေးခွန်းကို ပြန်ဆင်ခြင်ကြည့်သင့်သည်။
ဟားမန်းဟာ့စ်၏ ဒဿနနှင့် ပြန်ကြည့်မည်ဆိုလျှင် လူတစ်ယောက်တွင် မိတ်ဆွေအပေါင်း အသင်း အများကြီး မလိုပေ။ အပေါင်းအသင်း တစ်ယောက်တည်း ရှိနေပါစေ ထိုတစ်ယောက်သည် တန်ဖိုးရှိသောသူဖြစ်ရန်လို သည်။ ထိုရှိသည့် မိတ်ဆွေလောက်နှင့် ပေါင်းသင်းဆက်ဆံရေးမှာ နက်ရှိုင်းရန်လိုသည်။ အရေးကြီးသည်မှာ ယုံကြည်မှုဖြစ်သည်။ ယုံကြည်မှု အပြန်အလှန်တည်ဆောက်နိုင်သည့် မိတ်ဆွေ တစ်ယောက်တည်းရှိခြင်းက ကိုယ့်နောက်ကျော ဓားနှင့်ထိုးမည့် မိတ်ဆွေပေါင်းများစွာ ရှိနေခြင်းထက် ပိုကောင်းပါလိမ့်မည်။
တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရေးတွင် စစ်မှန်သောစိတ်ရင်းနှင့် ပေါင်းသင်းဆက်ဆံရေးက ပိုပြီးအရေး ကြီးသည်။
လူတို့သည် ရင့်ကျက်လာသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်ဆံရေးကို ပိုပြီးတွေးဆ အလေးထားလာကြသည်။ ငါ့မူ ငါ့ဘောင်နှင့်ငါ နေမည်လား၊ သူ့မူ သူ့ဘောင်ထဲ ငါဝင်သွားမည်လား အပြန်ပြန် အလှန်လှန် တွေးဆလာတတ်သည်။ အပြန်အလှန် နားလည်မှုရှိသော ဆက်ဆံရေးမှာ သူ့ဘောင်၊ ကိုယ့်ဘောင်၊ ကိုယ့်စည်း၊ သူ့စည်းမကျော် ထိန်းသိမ်းဆက်ဆံခြင်းကသာလျှင် ရေရှည်တည်တံ့နိုင်သည်။ အပြန်အလှန် နားလည်မှုက ရေရှည်ပေါင်းသင်းဆက်ဆံရေးကို အထောက်အပံ့ဖြစ်စေသည်။
လူတိုင်း ဘဝတွင် ဒုက္ခပေါင်းများစွာနှင့် ကြုံတွေ့ကြရသူများဖြစ်သည်။ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေကြရ သည်။ ဒုက္ခသည် လူတစ်ယောက်၏ အစွမ်းကို ပိုပြီးထက်မြက်စေသည်။ ကိုယ်အခက်အခဲ ရောက်နေချိန်တွင် မည်သူသည် မိတ်ဆွေကောင်း၊ မည်သူက မိတ်ဆွေကောင်းမဟုတ်ဆိုသည်ကို အလိုလို ပိုင်းခြားပြသပေးသွား တတ်သည်။ အတွေ့အကြုံကလည်း ဘဝတွင် မည်သို့ရပ်တည်ရမည်ဆိုခြင်းကို သင်ပြပေးသွားတတ်သည်။
စစ်မှန်သော ငြိမ်းချမ်းမှုဆိုသည်မှာ မိမိကိုယ်တွင်း ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ခြင်းသာဖြစ်သည်။ လူတို့သည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေးစသည်တို့တွင် အောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်းအား ကြီးမားသော အောင်မြင်မှုကြီးများဟု ထင်ကြသည်။ မဟုတ်ပါ။ ကိုယ့်ကိုယ်ကိုယ် အောင်မြင်စေရန် ကြိုးစားနိုင်သူသည်သာ လောကတွင် အမှန်တကယ်အောင်မြင်သူတစ်ဦးဖြစ်သည်။ အရေးအကြီးဆုံးမှာ ဘဝနှင့်ငါ ဟန်ချက်ညီအောင် နေထိုင်တတ်ရန်ဖြစ်သည်။ ထိုသို့နေထိုင်နိုင်ရန်မှာလည်း တစ်ဦးတည်း နေထိုင်တတ်စေရန် လေ့ကျင့်ခြင်းကသာ အနီးစပ်ဆုံး ဖြစ်ပေလိမ့်မည်။
တစ်ယောက်တည်းလျှောက်လျှင် အမြန်ဆုံးရောက်သည်ဆိုသော စကားရှိသည်။ ကိုယ့်ကို တွယ်မှီနေမည့် သူများ၊ ဖက်တွယ်ထားသူများ၊ ဆုပ်ကိုင်ထားသူများကို ခွာချ၊ ဖယ်မထုတ်နိုင်သရွေ့ ပန်းတိုင်ကို အရောက်နှေး ပေလိမ့်မည်။ အမြန်ရောက်ချင်လျှင် ဖယ်ခွာချခဲ့ရမည်။
(အသက်ကြီးသူများအတွက် ဘဝနေနည်းတစ်ခုအနေဖြင့် ရှုမြင်ရန်သာဖြစ်ပါသည်)
တင်ညွန့်