မရွာပါနဲ့မိုးရယ်~~~
စာရေးသူ ~~~#တင်ညွန့်
မရွာပါနဲ့မိုးရယ်(စ/ဆုံး)
——————-
မနက်တိုင်း ကျွန်တော်လမ်းလျှောက်သည့် လမ်းမကြီးတစ်ခုဘေးတွင်း ဆောက်လုပ်ရန် ပြင်ဆင်နေသည့် တိုက်တစ်တိုက်ရှိသည်။ တိုက်က ဖောင်ဒေးရှင်းချရုံသာရှိသေးသည်။ တိုက်ရှေ့တွင် တဲလေးတစ်လုံးရှိသည်။ အစောင့်တဲလေးဖြစ်သည်။
ကျွန်တော် ဤတိုက်ရှေ့သို့ရောက်လျှင် အစောင့်တဲထဲမှ အဘိုးကြီးတစ်ယောက်က အမှိုက်တွေထွက်လှည်း နေတတ်သည်။ တဲဘေးမှ သရက်ပင်ကြီးက အရွက်တွေကို သူကောက်သည်။ စုပြီးတော့ မီးရှို့နေတတ်သည်။ သူ့အစောင့်တဲလေးဝန်းကျင်က ပြောင်ရှင်းနေတတ်သည်။
“ဆရာ…ဒီနေ့နောက်ကျတယ်”
သူက ကျွန်တော့်ကို တွေ့တိုင်း နှုတ်ဆက်သည်။ သိ၍တော့မဟုတ်။ ကြာလာတော့ အားနာလာသဖြင့် ပြုံးပြပြီး နှုတ်ဆက်မိသည်။
“မင်္ဂလာပါဆရာ”
သူကပြောင်းပြီး နှုတ်ဆက်သည်။ မနေသာတော့သဖြင့့်
“မင်္ဂလာပါ” ဟု နှုတ်ခွန်းပြန်ဆက်လိုက်သည်။
နေ့တိုင်း သူကထွက်ပြီးနှုတ်ဆက်နေသဖြင့် ကြာတော့အားနာလာသည်။ သူစောင့်နေသည့် တိုက်ရှေ့ကို မရောက်မီ တစ်လမ်းအလိုတွင် ဘိန်းမုန့်ရောင်းသည့် တဲလေးရှိသည်။ ကျွန်တော်က တစ်နေ့ဘိန်းမုန့်နှစ်ချပ် ဝယ်လာပြီး သူ့ကို ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်ဆရာ…ဗိုက်ဆာနေတာနဲ့ အတော်ပဲ”
သူက ဗိုက်ဆာနေသည်ဟု ပြောသောကြောင့် စိတ်မကောင်းပိုဖြစ်သွားသည်။
တစ်နေ့သူ့ကို စကားစလိုက်မိသည်။
“ဦးလေး အသက် ဘယ်လောက်ရှိပြီလဲ”
“၇၇ နှစ်”
“အို အသက်ကြီးမှပဲ…ဒီတိုက်က ဆက်မဆောက်တော့ဘူးလား ကြာပြီနော်”
“အင်း…ဆောက်မှာပါ…မိုးရွာနေလို့ ရပ်ထားတာ…ကျွန်တော် မသေမီတော့ ဆက်ဆောက်ဖြစ်မယ် ထင်ပါတယ်”
ကျွန်တော် ဤလမ်းအတိုင်း လမ်းလျှောက်နေသည်မှာ ၂ နှစ်ခန့်ရှိပြီ။ မိုးတွင်းဆိုလျှင် သူက အပြင်မထွက်။ ကျွန်တော်က တစ်ခါတစ်ရံ ဝယ်လာသည့် မုန့်ထုပ်လေးတွေကို တံခါးဝတွင် ချိတ်ခဲ့သည်။
ကျွန်တော်နှင့် သူ မျက်နှာတန်းမိနေသည်မှာ ၂ နှစ်ခန့်သာရှိတော့မည် သူ့အမည်ကိုလည်း မမေးမိ။
ယနေ့မနက် အေးလာသည်။ အဘိုးအိုက စောင်လေးကိုခြုံထားပြီး မီးလှုံနေသည်။ ကျွန်တော်က သူ့ဘေးတွင်ဝင်ထိုင်လိုက်ပြီး
“နည်းနည်း အေးလာပြီနော်…သတိထားဦး”
“ဟုတ်တယ် ညကဆိုရင် အဆစ်တွေကိုက်လို့ အိပ်မရဘူး”
“ဦးလေး အသက်လည်း ကြီးလာပြီ…ဂရုစိုက်ပါဗျာ။ သား သမီးတွေ မရှိဘူးလား”
“ရှိပါတယ်”
“ဘာတွေလုပ်ကြသလဲ…ဦးလေးက ဘာဖြစ်လို့ ညစောင့်အလုပ်ကို လုပ်နေရသလဲ”
“အဘိုးအိုက ဘားမှပြန်မပြော။ သူက ထွက်လုဆဲ နေလုံးကြီးကို ငေးကြည့်နေသည်။ ထိုစဉ် ပါဂျရိုးကားတစ်စီးက
“တီ…တီ…တီ” ဟု ကျွန်တော်တို့ မီးလှုံနေသည့်ဘေးတွင် ထိုးရပ်ပြီး ဟွန်းတီးလိုက်သည်။
အဘိုးအိုက မတ်တတ်ရပ်လိုက်ပြီး
“အထဲဝင်ကြည့်ဦးမလား” ဟု မေးလိုက်သည်။ ကားပေါ်မှ လူတစ်ယောက်က
“မဝင်တော့ဘူး…ဒီမနက် မပြန်ပါနဲ့လား။ အုတ်ကားကို စောင့်ပေးပါဦး။ အုတ်ကားလာချပြီးမှ ပြန်ပါ”
“အေး…အေး”
အဘိုးအိုက စိတ်မပါသလိုပြန်ပြောလိုက်သည်။ ကားကမောင်းထွက်သွားသည်။ ကျွန်တော်က
“အုတ်တွေ လာချပြီဆိုတော့ ဆက်ဆောက်တော့မယ်ထင်တယ်”
“အင်း”
အဘိုးအိုက စိတ်မပါသလိုပြောရင်းက
“သူတို့လည်း မြန်မြန်ပြီးမှပါပဲ…ဒါမှ နားရတော့မယ်”
“ဦးလေး ညစောင့်လုပ်တာ တစ်လဘယ်လောက်ရသလဲ”
“ငါးသောင်း”
“ဦးလေး အသက်ကြီးပါပြီဗျာ…နားသင့်ပြီထင်တယ်”
“နားရင် ဘာနဲ့ သွားစားမှာလဲ ဆရာ…စောစောက လာသွားတာ…ကျွန်တော့်သားလေ…သူဆောက်တဲ့တိုက်က မြန်မြန်ပြီးရင်တော့ ကျွန်တော်လည်း နားရမယ်ထင်ပါတယ်”
“ဦးလေူ…တစ်ကယ်ပြောတာလား…စောစောက ကားနဲ့လာသွားတာ…ဦးလေးသား ဟုတ်ရဲ့လား။ ဒီတိုက်ကရော သူဆောက်နေတာ တကယ်လား။ သားအရင်းလား”
“သားအရင်းပါကွယ်…သားအရင်းပါး…သူက ဘဝအကျိုးပေးကောင်းတယ်။ ကျုပ်တို့က ဘဝအကျိုးပေးညံ့တယ်။ သူက ကောင်းကောင်းနေနိုင်တာကိုပဲ စိတ်ချမ်းသာနေတာ။ သူပေးတဲ့ ပိုက်ဆံလေးနဲ့ ရပ်တည်နေရတာ…”
ကျွန်တော် ဘာပြောရမှန်းမသိတော့။
အဘိုးကြီး လျှောက်ပြောနေတာ ဖြစ်ပါစေ။ အဘိုးကြီး ညာပြောနေတာဖြစ်ပါစေ။ ကြားလိုက်ရတာ အမှန်မဟုတ်ပါစေနဲ့။
ကျွန်တော် လမ်းဆက်လျှောက်ခဲ့သည်။ ယနေ့မနက် မိုးအုံ့သလိုဖြစ်နေသည်။ သို့သော် အေးနေသည်။
မရွာပါနဲ့လားမိုးရယ်။
#တင်ညွန့်
#အညာစောင်
#ဝတ္ထုအိမ်