ဒရိုင်ဘာအာဏာပြသည့်နေ့

 ဒရိုင်ဘာအာဏာပြသည့်နေ့

----------------------------

ထိုနေ့က ကျွန်တော်အလုပ်နောက်ကျနေသည်။ ခါတိုင်းဆိုလျှင် မနက် ၈ နာရီထိုးလျှင် အလုပ်တိုက်ကို ရောက် နေပြီ။ မနက်က လမ်းလျှောက်အပြန်တွင် ဘောင်းဘီအိတ်ပေါက်ပြီး သော့ထွက်ကျခဲ့သည်။ ထို့ကြောင့် အိမ်ထဲကို ဝင်မရ။ သော့ပြင်သူကို ဈေးတွင်သွားခေါ်ရသည်။ သော့ဖွင့်ပြီး သော့တုကို စောင့်ယူနေရသေးသည်။ ထို့ကြောင့် ထိုနေ့က ကျွန်တော်အလုပ်နောက်ကျသည်။


ကျွန်တော့်အလုပ်တိုက်ကိုရောက်ရန် ကားနှစ်ဆင့်စီးရသည်။ အရေးကြီးပါသည်ဆိုမှ တာမွေဈေးအရောက်တွင် ဘတ်စ်ကားကတော်တော်နှင့် မထွက်နိုင်။ သူတို့က ထုံးစံအတိုင်း နောက်ကားမလာမချင်းမထွက်။ ကျွန်တော် လည်းစိတ်ပျက်၊ ခရီးသည်တွေလည်း ညည်းနေကြသည်။ ထိုအချိန်တွင်


“မထွက်သေးဘူးလား … ကြာလှပြီ … ထွက်ပါတော့” ဟု လူတစ်ယောက်က သည်းမခံနိုင်သဖြင့် အော်လိုက် သည်။


ဒရိုင်ဘာက သူ့ထိုင်ခုံမှ ကားနောက်ဘက်ကို ထလာသည်။ သူက ခါးထောက်ပြီး မိုက်ရိုင်းစွာဖြင့်


“ဘယ်သူလဲ … စောစောကပြောတာ ဘယ်သူလဲ”


အားလုံးငြိမ်နေကြသည်။ ဒရိုင်ဘာက ထပ်ဆင့်ကာ


“အရေးကြီးရင် တက္ကစီစီးသွား” ဟုထပ်ပြောသည်။


လူတစ်ယောက်က


“ဟေ့ တက္ကစီစီးနိုင်မှတော့ မင်းတို့ဘတ်စ်ကားကို မစီးဘူး” ဟုပြောလိုက်သည်။


ဒရိုင်ဘာက


“စောစောကပြောတာ ခင်ဗျားလား … ရော့ နှစ်ရာ … ကားခပြန်ယူ။ ကားပေါ်ကဆင်းသွား”


အတော်လေးမိုက်ရိုင်းစော်ကားလွန်းပြီ။


အမျိုးသမီးတစ်ယောက်က


“ဟေ့ ကားဆရာ ဘာလူပါးဝတာလဲ … ခရီးသည်ကို ကားပေါ်က မောင်းချပိုင်ခွင့်မရှိဘူး” ဟုပြောသည်။


ထိုအချိန်မှ ကျန်လူတွေလည်း တစ်ယောက်တစ်ပေါက်ဝင်ပြောတော့သည်။ ငြိမ်နေသည့် လူတစ်ယောက်က


“ဟေ့ … စောစောက ကားထွက်ခိုင်းတာ ငါကွ … မင်းက ဘာဖြစ်ချင်လို့လဲပြော” ဟုဆိုကာ ဒရိုင်ဘာအနီးကို သွားပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။


ဒရိုင်ဘာက


“အရေးကြီးရင် တက္ကစီစီးသွားလို့ ပြောတာ ကျုပ်မှားသလား”


“အေး တက္ကစီလောက်စီးခိုင်းရင် ပြဿနာမဟုတ်ဘူး။ မင်းက ခရီးသည်ကို ပိုက်ဆံပြန်ပေးပြီး ကားပေါ်က မောင်းချနေတာ ပြဿနာကွ” ဆိုကာ ဒရိုင်ဘာကို ထိုးတော့သည်။ လူငယ်နှစ်ယောက်ကလည်း ဝင်ထိုးသည်။


ကားတစ်စီးလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။


ကားပေါ်ကဆင်းသူတွေ ဆင်းကုန်ကြသည်။ လူတွေကို ဆွဲသူတွေကလည်း ဆွဲကြသည်။ ကား ဒရိုင်ဘာအတော် နာသည်။ နှုတ်ခမ်းတွင် သွေးတွေထွက်သည်။ လူတစ်ယောက်က ယာဉ်ထိန်းရဲကို သွားခေါ်လာသည်။ ယာဉ်ထိန်းရဲက ကားပေါ်တက်ကာ ဒရိုင်ဘာကို ဆွဲချသွားသည်။


ထိုကားထွက်နိုင်ဦးမည်မဟုတ်။ ခရီးသည်တွေလည်း နောက်ကားပြောင်းစီးကြသည်။ ရဲဘေးတွင် သက်သေ အဖြစ် ဒရိုင်ဘာကို ဝိုင်းဝန်းပြစ်တင်သူတွေရှိနေသည်။ အချို့ကလည်း ပိုက်ဆံပြန်တောင်းကြသည်။ ယာဉ်ထိန်းရဲက ပိုက်ဆံပြန်ပေးရန်ပြောသည်။ ဒရိုင်ဘာက နောက်ကားပေါ်ကို ခရီးသည်တွေ လွှဲပြောင်း ပေးသည်။ ကျွန်တော်လည်း နောက်ကားပေါ်တက်သဖြင့် ဘာတွေဆက်ဖြစ်သည်ကို မသိတော့။


ဒရိုင်ဘာတစ်ယောက်၏ တာဝန်သည် ခရီးသည်တို့ကို ဘေးကင်းစွာဖြင့် အချိန်မီပို့ဆောင်ပေးရပါမည်။ ယင်းသည် သူယူထားသည့်အခကြေးငွေအတွက် သူကျေပွန်ရမည့် ဝတ္တရားဖြစ်သည်။ ခရီးသည်က အမှန်ပြော သည်ကို လက်မခံနိုင်သဖြင့် ပိုက်ဆံယူပြီးဆင်းသွားဟု ပြောခြင်းမှာ မိုက်ရိုင်းစော်ကားခြင်းသာ ဖြစ်သည်။


တစ်နည်းအားဖြင့် ငါ့ကားပေါ်မှာ ငါဘုရင်ထင်ကာ အာဏာရှင်ဆန်သည့်စိတ်ဓာတ်ကို ပြခြင်းလည်း ဖြစ်သည်။ ငါ့ပိုင်နက်ထဲကို ငွေပေးပြီးလာကြသူတွေသည် ငါ့ကျေးကျွန်အဖြစ်ပြုမူဆက်ဆံခြင်းမှာ ရိုင်းပြခြင်းဖြစ်သည်။ မိမိ လုပ်ငန်းအပေါ် တန်ဖိုးထားသူ (Professional Pride) ရှိသူတွေဆိုလျှင် ထိုအပြုအမူမျိုးကို လုပ်မည် မဟုတ်ပေ။


မှတ်တိုင်တစ်တိုင်တွင် အချိန်အကြာကြီးရပ်နေခြင်းကလည်း အများပြည်သူ၏ အချိန်ကို ခိုးယူနေခြင်း “အမှား” တစ်ခုဖြစ်သည်။ ဒရိုင်ဘာသည် ထိုအမှားကို သူ့အခွင့်အရေးဟုထင်နေသည်။


ထိုနေ့အဖြစ်အပျက်သည် ကျွန်တော်တို့နိုင်ငံတွင် အာဏာရှင်စိတ်ဓာတ် (Dictatorial Mindset) သည် အောက်ခြေအထိ ပျံ့နှံ့နေသည်ကို ဖော်ကျူးပြနေခြင်းလည်း ဖြစ်သည်။ တစ်နည်းပြောရလျှင် ဉာဏ်ရည်နိမ့်သူ တို့၏ အောက်တန်းကျစိတ်တွေ မကုန်သေးဟူ၍လည်း ပြောနိုင်သည်။


ကားမောင်းသည့် ဒရိုင်ဘာသည် ကားမောင်းရမည့် လုပ်ပိုင်ခွင့် (Authority to Drive) ရထားသည်ကို အကြွင်းမဲ့ အာဏာ (Absolute Power) ဟူ၍ မှားယွင်းစွာ ယူဆနေခြင်းဖြစ်သည်။


ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် Cuctomer သည် အရှင်သခင်ဟူ၍ ပြောလေ့ရှိသော်လည်း ဒရိုင်ဘာ စိတ်ထဲတွင် သူ့ကားပေါ်တက်လာသူများကို Customer ဟူ၍မမြင်ဘဲ သူသနားမှ (သူပြုသမျှ နုရမည့်သူများ) ဟုထင်နေသည်မှာ ရိုင်းပြစော်ကားသောစိတ်သာဖြစ်သည်။


သူက ပိုက်ဆံပြန်ပေးမည် ဆင်းသွားဟုပြောခြင်းကလည်း


“ငါ့မှာ ပိုက်ဆံမလိုဘူး … ငါလုပ်ချင်သလို လုပ်ပိုင်ခွင့်ရဖို့ ပိုပြီးအရေးကြီးတယ်” ဆိုသည့်သဘောကို ပြလိုက် ခြင်းသာဖြစ်သည်၊ စီးပွားရေးအမြင်အရရော၊ လူမှုရေးအမြင်အရပါ လုံးဝအဆင့်မရှိသော “ဉာဏ်ရည်နိမ့်သူ” အဖြစ် သတ်မှတ်ရမည်သာဖြစ်သည်။


ထိုသဘောသည် အထက်ကကိုယ့်ကို အနိုင်ကျင့်ဖိနှိပ်မှုကို ခံရသည့်အခါတွင် သူရနိုင်သည့် တစ်ခုတည်းသော အာဏာသည် သူ့ကားပေါ်က ခရီးသည်ကို ပြန်ပြီး အနိုင်ကျင့်ရန်ဟူ၍တွေးနေခြင်းဖြစ်သည်။ ယင်းသည် တစ်နည်းအားဖြင့် ကိုယ့်ထက်နိမ့်ပါးသူကို ကိုယ်နိုင်ကွက်ရသည့်အခါတွင် ပြန်ပြီး ကျွန်ပြုချင်သည့် ကျွန်စိတ် ဟူ၍လည်း ဆိုနိုင်သည်။


ကျွန်တော်ထိုနေ့က အလုပ်နောက်ကျသည်။


တစ်ချိန်တစ်ခါကဖြစ်ပါသည်။


တင်ညွန့်


၂၂.၁.၂၀၂၆