အရိပ်ပန်း
မေမေ ကုသမှုခံယူနေတဲ့ ဆေးရုံက သန့်ရှင်းရေးအမျိုးသမီးကို ကျွန်မ သုံးလလုံးလုံး မတူသလို မတန်သလို ဆက်ဆံခဲ့မိတယ်။ သူကတော့ စကားတစ်ခွန်းမှ ပြန်မပြောခဲ့ဘူး။ သန့်ရှင်းရေးပဲ လုပ်ပေးတယ်၊ လိုအပ်တဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းလေးတွေ ယူလာပေးတယ်။ ကျွန်မ မရှိတဲ့အချိန်တွေမှာ မေမေ့လက်ကို ဆုပ်ကိုင်ပေးထားခဲ့တယ်။
*****
မေမေ ဆုံးသွားပြီးတဲ့နောက် မေမေ့ပစ္စည်းတွေထဲမှာ စာတစ်စောင် တွေ့ခဲ့ရတယ်။
"အဲဒီ သန့်ရှင်းရေးအမျိုးသမီးရဲ့ နာမည်ကို မေးကြည့်ပါ" တဲ့။ သူပြောပြလိုက်တဲ့ စကားက ကျွန်မကို လဲကျမတတ် ဖြစ်သွားစေခဲ့တယ်။
###
မေမေဟာ စိန့်မေရီဆေးရုံက အခန်းနံပါတ် ၄၁၂ မှာ နောက်ဆုံး ၃ လကို ကုန်ဆုံးခဲ့ရတာပါ။ ကင်ဆာ... စတုတ္ထအဆင့်။ စောင့်ကြည့်နေရုံကလွဲလို့ ဘာမှလုပ်လို့မရတော့တဲ့ အခြေအနေပေါ့။ ကျွန်မ နေ့တိုင်း အဲဒီမှာ ရှိနေခဲ့တယ်။ မေမေ့ခုတင်ဘေးမှာ ထိုင်ရင်း မေမေ တဖြည်းဖြည်း ပိန်ချုံးပျောက်ကွယ်သွားတာကို ကြည့်နေခဲ့ရတယ်။
ကျွန်မ အရမ်းဒေါသထွက်ခဲ့မိတယ်။ ကံကြမ္မာကိုရော၊ ဘုရားသခင်ကိုရော၊ ဆရာဝန်တွေကိုရော၊ တစ်ကမ္ဘာလုံးကိုပါ ဒေါသထွက်ခဲ့တာ။ အဲဒီဒေါသတွေကို ကျွန်မဘေးနားက လူတွေအပေါ်မှာ ပုံချခဲ့မိတယ်။ အထူးသဖြင့် အဲဒီသန့်ရှင်းရေးအမျိုးသမီးအပေါ်မှာပေါ့။
သူ့နာမည်တောင် ကျွန်မ မမှတ်မိဘူး။ တစ်ခါမှလည်း မမေးခဲ့မိဘူး။ သူက မနက်တိုင်း ၇ နာရီမှာ ရောက်လာတတ်တယ်။ မီးခိုးရောင် ယူနီဖောင်းနဲ့ ကြမ်းတိုက်တံ၊ ရေပုံးကို ကိုင်ပြီး တစ္ဆေတစ်ကောင်လို တိတ်တိတ်ဆိတ်ဆိတ်ပဲ။
"ခဏနေမှ ပြန်လာလို့မရဘူးလား။ မေမေ အိပ်နေတယ်လေ။"
"အသံတွေ သိပ်မထွက်အောင် လုပ်လို့မရဘူးလား။"
"ဒါကို သေချာရော သန့်ရှင်းရေးလုပ်ရဲ့လား။ ဖုန်တွေ ရှိနေသေးတယ်လေ။"
သူ တစ်ခါမှ ပြန်မပြောခဲ့ဘူး။ မျက်စောင်းလည်း မထိုးခဲ့ဘူး။ မကျေမနပ်လည်း မညည်းညူခဲ့ဘူး။ သူက ခေါင်းငြိမ့်ပြတယ်၊ တိုးတိုးလေး တောင်းပန်တယ်၊ ပြီးတော့ ကျွန်မခိုင်းသမျှကို လုပ်ပေးတယ်။ ကျွန်မကတော့ သူ့ကို မရှိသလိုမျိုး၊ လူတစ်ယောက်လိုတောင် သတ်မှတ်ခြင်းမရှိဘဲ ဆက်ဆံခဲ့မိတယ်။
ဒါပေမဲ့ ကျွန်မ မမြင်ခဲ့တဲ့ အရာတွေ ရှိနေခဲ့ပါတယ်။ မေမေ စကားပြောနိုင်စွမ်း ရှိသေးတဲ့အချိန်မှာ တိုးတိုးလေး ပြောပြခဲ့တဲ့ အရာတွေပေါ့။
"သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးက ညဘက်ဆို စောင်အပိုတွေ ယူလာပေးတယ် သမီးရဲ့။ ပစ္စည်းသိုလှောင်ခန်းထဲက နွေးနွေးထွေးထွေး စောင်လေးတွေလေ။"
"သမီး အိမ်ပြန်သွားတဲ့အချိန်တွေမှာ သူ မေမေ့နား လာထိုင်ပေးတယ်။ မေမေ့လက်ကို ဆုပ်ကိုင်ပေးတယ်။"
"မေမေ အကြိုက်ဆုံး ဓမ္မတေးကိုလည်း သူသိတယ် သမီး။ သူ အလုပ်လုပ်ရင်း အဲဒီသီချင်းလေးကို တိုးတိုးလေး ညည်းပေးတတ်တယ်။"
ကျွန်မကတော့ "သူ ပျင်းလို့ နေမှာပါ မေမေရာ" လို့ပဲ ပေါ့ပေါ့တန်တန် တုံ့ပြန်ခဲ့တယ်။ မေမေက အားမရှိတဲ့ကြားက ပြုံးပြပြီး
"မဟုတ်ဘူး သမီး။ သူက စိတ်ရင်းနဲ့ ကြင်နာတာ။ သူ မေမေ့ကို ကြည့်တဲ့ မျက်လုံးထဲမှာ တစ်ခုခုရှိတယ်။ သူ မေမေ့ကို... သိနေသလိုမျိုးပဲ။"
"မေမေကလည်း၊ သူ့ကို တစ်ခါမှ တွေ့ဖူးတာမှ မဟုတ်တာ။"
မေမေ ပြန်မဖြေတော့ဘဲ မျက်လုံးတွေကို မှိတ်လိုက်ပါတော့တယ်။
နောက်ဆုံးပတ်ကတော့ အခက်ခဲဆုံးပါပဲ။ မေမေဟာ သတိတစ်ချက် မေ့တစ်ချက် ဖြစ်နေခဲ့တယ်။ တစ်ခါတလေ ကျွန်မကို တခြားလူလို့ ထင်နေတတ်တယ်။ ကျွန်မ မသိတဲ့ နာမည်တွေနဲ့ ခေါ်နေတတ်တယ်။
"အယ်လီနာ (Elena) ... အယ်လီနာလား ... "
"မေမေ... သမီးပါ၊ စာရာ (Sarah) လေ။"
"အယ်လီနာ... ငါ ကတိတည်ခဲ့ပါတယ်....."
ကျွန်မကတော့ ဆေးအရှိန်ကြောင့် မေမေယောင်နေတယ်လို့ပဲ ထင်ခဲ့မိတယ်။
####
နောက်ဆုံးနေ့မှာ ကျွန်မ ကော်ဖီသွားသောက်ဖို့ အပြင်ခဏထွက်ခဲ့တယ်။ ပြန်ဝင်လာတဲ့အခါ သန့်ရှင်းရေးအမျိုးသမီးက အခန်းထဲမှာ ရှိနေတယ်။ သန့်ရှင်းရေးလုပ်နေတာ မဟုတ်ဘဲ မေမေ့ခုတင်ဘေးမှာ ထိုင်ပြီး မေမေ့လက်ကို ဆုပ်ကိုင်ထားတာ။ သူ ငိုနေတယ်။
"ရှင် ဘာလုပ်နေတာလဲ”
ကျွန်မ အော်လိုက်တယ်။
သူက မျက်ရည်တွေနဲ့ ကျွန်မကို မော့ကြည့်တယ်။ "တောင်းပန်ပါတယ်ရှင်။ အန်တီက နှုတ်ဆက်ချင်ရုံတင်ပါ။"
"ရှင်က သူ့ကို ဘာသိလို့လဲ။ အပြင်ထွက်သွား၊ စိတ်ပျက်စရာကြီး”
သူ ထရပ်လိုက်တယ်။ မျက်နှာကို သုတ်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် ကျွန်မကို တည့်တည့်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက တစ်နေရာရာမှာ မြင်ဖူးသလိုလိုနဲ့ ရင်းနှီးနေသလိုပါပဲ။
"အန်တီက သမီးထင်တာထက် သူ့ကို ပိုသိပါတယ်" လို့ သူက တိုးတိုးလေးပြောပြီး ထွက်သွားပါတော့တယ်။
နောက်နေ့ မနက် ၃ နာရီ ၄၇ မိနစ်မှာ မေမေ ဆုံးသွားခဲ့ပါတယ်။ ကျွန်မ မေမေ့လက်ကို ကိုင်ထားခဲ့တယ်။ မေမေ အသက်ကို တစ်ချက်၊ နှစ်ချက် ရှူလိုက်ပြီးနောက်... ဘာမှမရှိတော့ဘူး။ မေမေ ထွက်သွားပါပြီ။
သုံးရက်အကြာမှာ စာတစ်စောင်ကို ကျွန်မ တွေ့ခဲ့ရတယ်။ ဆေးရုံခန်းက မေမေ့ပစ္စည်းတွေကို သိမ်းဆည်းရင်း ခုတင်ဘေးက အံဆွဲထဲမှာ တွေ့ခဲ့တာပါ။ စာအိတ်လေးတစ်အိတ်... မေမေ့လက်ရေးနဲ့... အပြင်မှာ ကျွန်မနာမည် ရေးထားတယ်။
အတွင်းထဲမှာတော့ တစ်မျက်နှာတည်းသော စာသားတွေက မေမေ့လက်ရေး မဟုတ်ခဲ့ဘူး။
"မေမေ့ရဲ့ ချစ်လှစွာသော သမီးစာရာ၊
သမီး ဒီစာကို ဖတ်နေရချိန်မှာ မေမေ ရှိတော့မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက သမီးကို ပြောပြသင့်တဲ့ အရာတွေ ရှိခဲ့ပေမဲ့ မေမေ ကြောက်နေခဲ့မိတယ်။ သမီး မေမေ့ကို ချစ်တာ လျော့သွားမှာကို စိုးရိမ်ခဲ့တယ်။ သမီး မေမေ့ကို စွန့်ခွာသွားမှာကိုလည်း ကြောက်ခဲ့တယ်။ သမီးဟာ မေမေ့ရဲ့ သမီးပါပဲ။ မေမေ ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တယ်၊ ချစ်ခဲ့တယ်။
ဒါပေမဲ့ မေမေဟာ သမီးကို မွေးဖွားခဲ့တဲ့သူ မဟုတ်ဘူး။
သမီးဟာ မွေးစားသမီးလေးပါ စာရာ။ သမီး ၄ ရက်သားအရွယ်မှာ မေမေ သမီးကို အိမ်ခေါ်လာခဲ့တာ။ သမီးရဲ့ မွေးမိခင်ဟာ အဲဒီအချိန်မှာ အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ သူက သမီးကို မွေးဖို့ အဆင်သင့်မဖြစ်သေးဘူး။ သမီးကို ပိုကောင်းတဲ့ ဘဝတစ်ခု ရစေချင်ခဲ့တာ။ မေမေ သူ့ကို ကတိပေးခဲ့တယ်၊ သမီးကို အကောင်းဆုံး ထားပါ့မယ်လို့ပေါ့။ မေမေ အဲဒီကတိကို တည်ခဲ့ပါတယ်။
အခု သမီးကို မေမေ လုပ်စေချင်တာတစ်ခု ရှိတယ်။ အခန်း ၄၁၂ ကို ပြန်သွားပါ။ အဲဒီ သန့်ရှင်းရေးအမျိုးသမီးကို ရှာပါ။ သူ့နာမည်ကို မေးကြည့်ပါ။ သူဟာ သမီးနဲ့ တွေ့ဆုံဖို့ ၃၂ နှစ်တိုင်တိုင် စောင့်ဆိုင်းနေခဲ့တာပါ။
သမီးကို ထာဝရချစ်တဲ့... မေမေ"
ကျွန်မ ဆေးရုံစင်္ကြံလမ်းတွေအတိုင်း အရူးတစ်ယောက်လို ပြေးခဲ့မိတယ်။ အခန်း ၄၁၂ က အခုတော့ အလွတ်ကြီး ဖြစ်နေပြီ။ ကျွန်မ နာ့စ် (Nurse) တစ်ယောက်ကို လှမ်းဖမ်းမေးလိုက်တယ်။
"သန့်ရှင်းရေးအမျိုးသမီး... ဒီထပ်မှာ အလုပ်လုပ်တဲ့သူ... သူ ဘယ်မှာလဲ။"
"ဘယ်သူ့ကို ပြောတာလဲ။ ကျွန်မတို့ဆီမှာ အများကြီးရှိတယ်။"
"အသက်ကြီးကြီး၊ ဆံပင်မီးခိုးရောင်နဲ့၊ တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့သူလေ။ အခန်း ၄၁၂ ကို သန့်ရှင်းရေးလုပ်တဲ့သူ။"
နာ့စ်က ခဏစဉ်းစားပြီး “အော်... အယ်လီနာကို ပြောတာ ထင်တယ်။ သူ အောက်ထပ်က သန့်ရှင်းရေးဌာနရုံးမှာ ရှိနေပါလိမ့်မယ်။"
####
အယ်လီနာ...။ မေမေ သတိမေ့နေချိန်မှာ တသသ ခေါ်နေခဲ့တဲ့ နာမည်။
ကျွန်မ အောက်ထပ်က သန့်ရှင်းရေးဌာနရုံးခန်းကို တွေ့ခဲ့တယ်။ အမျိုးသမီးတစ်ယောက်က စားပွဲလေးမှာ တစ်ယောက်တည်း ထိုင်ပြီး ထမင်းဘူး စားနေတယ်။ အဲဒီ သန့်ရှင်းရေးအမျိုးသမီး... အယ်လီနာ...။
ကျွန်မ ဝင်သွားတော့ သူ မော့ကြည့်တယ်။
“ကျွန်မ ရှင့်နဲ့ စကားပြောချင်တယ်" လို့ ကျွန်မ ပြောလိုက်တယ်။
သူ ထမင်းစားနေတဲ့ ဇွန်းကို ချလိုက်ပြီး
“အန်တီ သိပါတယ်" လို့
သူက တိုးတိုးလေး ပြောတယ်။
“အန်တီစောင့်နေခဲ့တာပါ။"
ကျွန်မ အဲဒီစားပွဲလေးမှာ သူ့မျက်နှာချင်းဆိုင် ထိုင်လိုက်တယ်။ ပြီးမှ ကျွန်မ မေမေ့စာကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်။
"မေမေ ဒီစာကို ရေးခဲ့တယ်။ ရှင့်နာမည်ကို မေးဖို့ မေမေ ပြောခဲ့တယ်။ ရှင်ဟာ ကျွန်မကို တွေ့ဖို့ ၃၂ နှစ် စောင့်နေခဲ့တာဆို။"
အယ်လီနာ့ မျက်လုံးတွေထဲ မျက်ရည်တွေ ပြည့်လာတယ်။ “အန်တီက သမီးအမေအကြောင်းကို သိပါတယ်။ ၃၂ နှစ်လုံးလုံး... အန်တီရဲ့ သမီးလေးကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမျိုးသမီးအကြောင်းကို အန်တီ အကုန်သိခဲ့တယ်။"
သူ့ရဲ့ သမီးလေး...။ ကျွန်မရဲ့ မွေးမိခင်...။
###
အယ်လီနာဟာ ကိုယ်ဝန်ရှိခဲ့စဉ်က အသက် ၁၇ နှစ်ပဲ ရှိသေးတာပါ။
"အန်တီ သမီးကို မစွန့်လွှတ်ချင်ခဲ့ဘူး" လို့ သူက ပြောတယ်။ “ဒါပေမဲ့ အန်တီက ခိုလှုံရေးစခန်းမှာ နေနေရတာ။ ကိုယ့်ဝမ်းကိုယ်တောင် မနည်းဖြည့်နေရတဲ့ ဘဝမှာ သမီးကို ဒုက္ခမပေးချင်ခဲ့ဘူး။"
သူဟာ ကျွန်မကို မွေးစားဖို့ ပေးလိုက်ခဲ့ရတယ်။ သူ ၅ နှစ်လုံးလုံး ပိုက်ဆံစုခဲ့ပြီး ပုဂ္ဂလိက စုံထောက်တစ်ယောက် ငှားခဲ့တယ်။
"သမီးကို မွေးစားခဲ့တဲ့ အမျိုးသမီး မာဂရက် စာရာ မစ်ချဲလ် (Margaret Sarah Mitchell) ကို ရှာတွေ့ဖို့ ၃ လလောက် ကြိုးစားခဲ့ရတယ်။ အန်တီအကုန်လိုက် စုံစမ်းခဲ့တယ်။ သမီး ကြီးပြင်းလာတာကို အန်တီ အဝေးကနေ ကြည့်နေခဲ့တယ်။"
"ရှင် အဲဒီမှာ ရှိနေခဲ့တာလား။"
"လူအုပ်ရဲ့ နောက်ဆုံးတန်းမှာပေါ့။ သမီးကို မြင်နိုင်တဲ့ အကွာအဝေး၊ ဒါပေမဲ့ လှမ်းကိုင်လို့ မရတဲ့ အကွာအဝေးမှာ အမြဲရှိနေခဲ့တာ။"
###
မေမေ ဖျားနေတယ်ဆိုတာ အယ်လီနာ သိလိုက်တဲ့အခါ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။
"ရပ်ကွက် သတင်းစာစောင်မှာ သူ့ရောဂါအကြောင်း အန်တီ ဖတ်လိုက်ရတယ်။ သူ စိန့်မေရီဆေးရုံကို ရောက်လာမယ်ဆိုတာ အန်တီသိနေခဲ့တယ်။”
အယ်လီနာဟာ သန့်ရှင်းရေးအလုပ်ကို ချက်ချင်း လျှောက်ခဲ့တယ်။ “စတုတ္ထထပ်ကို တာဝန်ကျဖို့ ၂ လလောက် စောင့်ခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ အန်တီ ရခဲ့တယ်။ အဲဒီမှာ... သမီးကို တွေ့လိုက်ရတာပဲ။"
"ဘာလို့ ကျွန်မကို မပြောခဲ့တာလဲ။"
ကျွန်မ အသံတွေ တုန်ပြီး မေးမိတယ်။
"ဘယ်လိုပြောမလဲ သမီးရယ်။ မပြောရဲခဲ့ဘူး။ သမီးက ကျွေးမေမေ့အတွက် ကြေကွဲနေတာလေ။ ပြီးတော့ အန်တီက... သန့်ရှင်းရေးအမျိုးသမီး တစ်ယောက်ပဲလေ။ ညဘက် သမီး အိမ်ပြန်သွားတိုင်း သူ့အခန်းကို အန်တီသွားတယ်။ စောင်အပိုတွေ ပေးတယ်၊ သူ့နားမှာ ထိုင်တယ်၊ သူ့လက်ကို ဆုပ်ကိုင်ပေးတယ်။ မာဂရက်က အန်တီ ဘယ်သူလဲဆိုတာ သိခဲ့ပါတယ်။ အန်တီ သူ့အခန်းထဲ ပထမဆုံးဝင်တဲ့ နေ့ကတည်းကပေါ့။"
"မေမေက ဒေါသမထွက်ဘူးလား။" ကျွန်မ မေးမိတယ်။
"မထွက်ပါဘူး။ သူ အန်တီ့ကို ကျေးဇူးတင်ခဲ့တာ။ သမီးဟာ သူ့ဘဝရဲ့ အကြီးမားဆုံး လက်ဆောင်ပဲလို့ သူပြောခဲ့တယ်။ သူ အန်တီ့ကို ကတိတစ်ခု တောင်းခဲ့တယ်.။ သူ မရှိတော့တဲ့နောက် သမီးကို စောင့်ရှောက်ပေးပါတဲ့။ အန်တီက သမီးကို ၃၂ နှစ်လုံးလုံး အဝေးကနေ ခဲ့တာ၊ အခုမှ ဘာလို့ အခုမှ ပြောရမှာလဲလို့ ပြန်ပြောခဲ့ပါတယ်။"
"မာဂရက်က အန်တီ့ကို သူ့အခန်းထဲ ခေါ်တယ်။ သမီးအတွက် သူထားခဲ့တဲ့ စာကို ရေးခိုင်းတာ။ သူ တစ်လုံးချင်းစီ ပြောပြတာကို အန်တီ ရေးပေးခဲ့တာပါ။"
သူ့အိတ်ကပ်ထဲက ဘူးလေးတစ်ဘူးကို ထုတ်ပေးတယ်။ အတွင်းထဲမှာ ရွှေဆွဲသီးလေး တစ်ခု။ ဓာတ်ပုံနှစ်ပုံ။ ယှဉ်လျက်သား။ ဘယ်ဘက်မှာ အယ်လီနာက မွေးကင်းစကလေးလေးကို ပွေ့ထားတာ။ ညာဘက်မှာ မာဂရက်က အဲဒီကလေးလေးကို ပွေ့ထားတာ။
"သူ သမီးကို သိစေချင်တာက သမီးဟာ အပယ်ခံ မဟုတ်ခဲ့ဘူး။ သမီးဟာ တခြားလူတွေထက် နှစ်ဆ ပိုအချစ်ခံခဲ့ရတာပါ။"
ကျွန်မ လုံးဝကို ပြိုလဲသွားပါတော့တယ်။ အဲဒီ သန့်ရှင်းရေးပစ္စည်းတွေ ကြားက ရုံးခန်းကျဉ်းလေးထဲမှာ ရှိုက်ကြီးတငင် ငိုကြွေးမိတယ်။
"ကျွန်မ တောင်းပန်ပါတယ်"
လို့ ကျွန်မ ငိုရင်း ပြောမိတယ်။
“ကျွန်မ ရှင့်အပေါ် အရမ်းရက်စက်ခဲ့မိတယ်။ ကျွန်မ မသိလို့ပါ"
"သမီးက စိတ်ဆင်းရဲနေတာပဲလေ" လို့ အယ်လီနာက ကြင်ကြင်နာနာ ပြောပါတယ်။
"သမီး နာကျင်နေလို့ အန်တီအပေါ် ရက်စက်ခဲ့တာပါ။ နာကျင်မှုက ခဏပါ၊ ကြင်နာတတ်တာကမှ သမီးရဲ့ စိတ်ရင်းအစစ်ပါ။ အမေ လည်း သမီးကိုတောင်းပန်ပါတယ်”
ကျွန်မ ပါးစပ်က အလိုလို ထွက်ကျလာတယ်။
“အမေ”
####
ကျွန်မ အဲဒီရုံးခန်းလေးထဲမှာ အချိန်အတော်ကြာ ပွေ့ဖက်နေခဲ့မိတယ်။ အယ်လီနာက ကျွန်မကို အကုန်ပြောပြတယ်။ ကျွန်မ မွေးဖွားခဲ့တဲ့ ညအကြောင်း။ ကျွန်မ ရယ်လိုက်မိတယ်။ မေမေ ဖျားကတည်းက ပထမဆုံးအကြိမ် ရယ်မိတာပါ။
"ဘာလို့ သမီးကို ပေးလိုက်တာလဲ။ တကယ်တမ်း ဘာကြောင့်လဲ။"
"သမီးကို ချစ်လို့ပေါ့" လို့ သူက နောက်ဆုံးမှာ ပြောပြတယ်။
“သမီးဟာ အမေပေးနိုင်တာထက် ပိုကောင်းတာတွေနဲ့ ထိုက်တန်ပါတယ်။ သမီးဟာ မာဂရက်နဲ့ ထိုက်တန်လို့ပါ။"
#####
အယ်လီနာဟာ
ဆေးရုံမှာ အလုပ်မလုပ်တော့ပါဘူး။ အခု သူက ကျွန်မဆီမှာ မိသားစုဝင် တစ်ယောက်အနေနဲ့ နေပါတယ်။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် အသားကျအောင် ကြိုးစားနေရတုန်းပဲ။ ဒါပေမဲ့ ဒါက လက်တွေ့ဘဝပါ။
မေမေ့အုတ်ဂူပေါ်မှာ ကျွန်မ ဓာတ်ပုံနှစ်ပုံ တင်ထားခဲ့တယ်။ ပြီးတော့ တတိယပုံတစ်ခု ထပ်တိုးလိုက်တယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ခရစ္စမတ်တုန်းက ရိုက်ထားတဲ့ အယ်လီနာနဲ့ ကျွန်မပုံပါ။ အုတ်ဂူပေါ်က စာသားကတော့ ”မာဂရက် စာရာ မစ်ချဲလ်၊ ချစ်လှစွာသော မိခင်။ သူ ကတိတည်ခဲ့ပါသည်။"
တစ်ခါတလေ လူတွေက ကျွန်မမိဘတွေအကြောင်း မေးကြတယ်။ ကျွန်မကတော့ "ကျွန်မမှာ မိခင်နှစ်ယောက် ရှိပါတယ်။ တစ်ယောက်က ကျွန်မကို ချစ်လို့ စွန့်လွှတ်ခဲ့တယ်၊ နောက်တစ်ယောက်က ကျွန်မကို ချစ်လို့ မွေးစားခဲ့တယ်။ ကျွန်မ အခုလို ဖြစ်လာတာ သူတို့နှစ်ယောက်လုံးကြောင့်ပါ" လို့ ပြန်ဖြေတတ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ကျွန်မ ကုန်စုံဆိုင်သွားခဲ့တယ်။ သန့်ရှင်းရေးအမျိုးသမီး တစ်ယောက်က ဝင်ပေါက်နားမှာ ကြမ်းတိုက်နေတယ်။ အမျိုးသမီးတစ်ယောက် ဖြတ်လျှောက်သွားရင်း 'ကြမ်းပြင်စိုသည်' ဆိုတဲ့ သတိပေးဆိုင်းဘုတ်ကို တိုက်မိမလို ဖြစ်သွားပြီး "ဒါကို ဘယ်လိုနေရာမှာ လာချထားတာလဲ" လို့ အော်ငေါက်သွားတယ်။ အဲဒီ သန့်ရှင်းရေးအမျိုးသမီးက ဘာမှပြန်မပြောဘဲ ကြမ်းကိုပဲ ဆက်တိုက်နေခဲ့တယ်။ ကျွန်မ ရပ်လိုက်ပြီး သူ့ဆီ ပြန်သွားကာ ပြောလိုက်မိတယ်။
"ဒီနေရာကို သန့်ရှင်းအောင် ထားပေးလို့ ကျေးဇူးတင်ပါတယ်နော်။ ကျွန်မတို့တွေ ဒါကို သိပ်မပြောဖြစ်ကြပေမဲ့ ရှင်လုပ်ပေးတာကို တကယ်ပဲ တန်ဖိုးထားပါတယ်" လို့။
သူ မော့ကြည့်လိုက်ပြီး အံ့သြသွားတယ်။ ပြီးတော့ ပြုံးပြပါတယ်။
“ကျေးဇူးတင်ပါတယ် မမရယ်။ အဲဒီစကားက ကျွန်မအတွက် ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မမ မသိနိုင်ပါဘူး။"
လူတစ်ယောက်ဟာ တကယ်တမ်း ဘယ်သူလဲဆိုတာ သင် ဘယ်တော့မှ မသိနိုင်ပါဘူး။ လူတိုင်းကို ကြင်ကြင်နာနာ ဆက်ဆံပါ။ ဘာဖြစ်လို့လဲဆိုတော့... သင် ဘယ်တော့မှ မသိနိုင်လို့ပါပဲ။
#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန် Daily Lifestyle