စံကြီး ပြုံးနေသည် "
.............................
(၁)
စံမိုးငြိမ်း။
စံကြီး တဲ့။
သူ့ကို ဒီငှက်အော်စမ်းမှာ ခေါ်ကြတာ။
ဒီက အဆောင်လေးခုမှာတော့ စံကြီးက အကောင်။ အကောင်ဆိုတာ တခြားမဟုတ်ဘူး။ အတွေ့အကြုံရင့်။ ဝါရင့်။ သမ္ဘာရင့်။
ဟိုး ကိုးနှစ်သားလောက်ကတည်းက ငှက်အော်စမ်း ကို ဝင်လိုက်ထွက်လိုက်လုပ်နေတာ။
အခု စံကြီး အသက် ၁၅ နှစ်။
၁၅ နှစ်ပဲဆိုလို့ မပြောင်နဲ့ဆရာ။စံကြီးမှာ မိန်းမရှိတယ်။ သူ့မိန်းမက လည်း ၁၅ နှစ်လောက်ဝန်းကျင်ပဲရှိသေးတယ်။ ခုအပြင်မှာ ကျန်ခဲ့တာတောင် ကိုယ်ဝန်နဲ့။
စံကြီးပုံစံကို တစ်ချက်ရှိုးလိုက်ဦး။
ဆံပင်က အပေါ်ကို ထောင်ပြီး ဘေးကို အပြောင်ထိုးထားတာ။ ပန့်ခ်ကေခေါ်မလား။အော်တာခေါ်မလား။နားမှာလည်း နားပေါက်တွေနဲ့။လက်နှစ်ဖက်က တက်တူးတွေက ညာဘက်မှာ ယာကူဇာငါးကြင်းနှစ်ကောင်၊ ဘယ်ဘက်မှာက ဗြဲခေါင်းရုပ်။ လက်ကောက်ဝတ်အထိ အပြည့်ပဲ။
အသားက ဖြူဖြူ၊ စကားပြောရင် လူရည်ကလည်လည်။
စံကြီးက နောက်လဆို ဒီက ပြန်ရတော့မယ်။
ဒီငှက်အော်စမ်းရောက်တာ တစ်နှစ်ရှိပြီပေါ့။
အမှုက ခိုးမှု။
အဲ..ဒီကိုရောက်တိုင်းလည်း ခိုးမှုနဲ့ချည်းကျတာ။
ငှက်အော်စမ်းကို ပထမအကြိမ် စရောက်တော့ စံကြီး ကိုးနှစ်သား။
…………………………….………………………
(၂)
စံကြီး ကို လှည်းကူးနားက မရမ်းချောင်ရွာမှာ မွေးတာ။
စံကြီးရဲ့ အမေဘက်က အဘိုးက အရင်က ကြံတောသင်္ချိုင်းထဲမှာ ဘိန်းဖြူရောင်းတယ်။ စံကြီးအဖွားက အဲ့ဒီထဲ့ အရက်ပုန်းချက်တဲ့ အနာကြီးရောဂါသည်တစ်ယောက်ရဲ့ သမီး။
ဒါပေမယ့် စံကြီးအဘွား မှာ ဒီရောဂါဆိုးမပါဘူး။
ကြံတောကြီးဖျက်တော့ အနာကြီးရောဂါသည်တွေကို အစိုးရက မရမ်းချောင်ကို အတင်းပို့ပစ်တယ်။
စံကြီးတို့ အဘိုးတွေက် အနာကြီးရောဂါသည်တွေမဟုတ်ပေမယ့်လည်း ဒီမှာလည်း နေစရာက မရှိခဲ့ဘူး။
ပြီးတော့ တသက်လုံး နေထိုင်လုပ်ကိုင်လာတဲ့ အသိုင်းအဝိုင်းကို စွန့်ဖို့လည်း ခက်တာမို့ အစိုးရစီမံရာ လိုက်ခဲ့ကြတာပေါ့။
သူတို့တစ်မိသားစုလုံးပြောင်းလာရတော့ စံကြီးအမေ လည်း မရမ်းချောင်သူဖြစ်လာတယ်။အဲ့ဒီကာလက မရမ်းချောင်ဟာ အင်မတန်ဆိုးတယ်လို့ စံကြီးအမေက ပြောပြဖူးတယ်။စစ်သင်တန်းတစ်ခုဖွင့်ခဲ့ဖူးပြီး ငှက်ဖျားရောဂါပေါများလွန်းလို့ ပိတ် လိုက်ရတဲ့နေရာတဲ့။
ရောက်ခါစမှာ သေလိုက်တဲ့လူတွေ။အနာကြီးရောဂါသည်တွေဆို တဖြုတ်ဖြုတ်မျိုးပြုတ်ကုန်တာပဲ။အဲ့ဒီထဲ လူကောင်းသူ ကောင်း စံကြီး အဘိုး ပါ ပါသွားပါလေရော။
စံကြီးအဘွားနဲ့ အမေတို့က မရမ်းချောင်းမရောက်ခင် ကားလမ်းဘေးလေးတစ်နေရာမှာ အကွက်လေးရိုက်ပြီး တဲထိုးနေတယ်။ထမင်းလေး၊ ဟင်းလေး ရောင်းတယ်။
စံကြီးအဖေဖြစ်လာမယ့် သူက အဲ့ဒီတောထဲမှာ မီးသွေးဖုတ်လိုက်တယ်။အဲ့ဒီမှာစံကြီးအမေနဲ့ ဖူးစာစုံကြတော့တာ။
အဖေနဲ့ အမေညားပြီး သမီးနှစ်ယောက်မွေးတယ်။နောက်တော့ စံကြီးကို မွေးတယ်။
စံကြီးကို မွေးတဲ့အချိန်မှာ မရမ်းချောင်ဟာ တော်တော်တိုးတက်နေပြီ။အရင်လို အနာကြီးရောဂါသည်တွေချည်း စုနေတဲ့ နေရာမျိုးမဟုတ်တော့ဘူး။အကြွင်းအကျန်လောက်ပဲရှိကြတော့တယ်။
အထကကျောင်းရှိနေပြီ။မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် ထူထောင်ထားတဲ့ မေတ္တာပရဟိတဂေဟာရှိနေပြီ။
စံကြီးအဘွားဆုံးသွားတော့ စံကြီးတို့ မိသားစုလိုက် အဖေ့အမျိုးတွေရှိတဲ့ လှည်းကူးကို ပြောင်းလာကြတယ်။
အဖေက မီးသွေးဖုတ်မလိုက်တော့ဘူး။ဆိုက်ကားနင်းတယ်။
အမေက လှည်းကူးဈေးရှေ့က ကားဂိတ်မှာ လင်ဗန်းနဲ့ ငုံးဥပြုတ်၊ ကြက်ဥပြုတ်တွေ ရောင်းတယ်။
စံကြီးလှည်းကူးမှာပဲ ကြီးပြင်းလာခဲ့တယ်။
စံကြီး ခုနှစ်နှစ်သားလောက် မှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ သူငယ်တန်းစထားတယ်။ဒါပေမယ့် ခဏပါပဲ။ နောက်တစ်နှစ်လောက်မှာ ကျောင်းဆက်မတက်ဖြစ်တော့ဘူး။
အဖေက နောက်မိန်းမယူသွားလို့လေ။ အဖေ မရှိတော့ အဖေ့အမျိုးတွေနဲ့ နီးနီးနားနားမှာ အမေလည်း မနေချင်တော့ဘူး ထင်ပါတယ်။စံကြီးကို ကျောင်းနှုတ်တယ်။ ပြီးတော့ ပဲခူးက လက်ဖက်ရည်ဆိုင်တစ်ခုမှာ စားပွဲထိုးအဖြစ် သွားအပ်တယ်။
လစာငွေ တစ်လ ရှစ်ထောင်နဲ့ ငါးလစာလေးသောင်းယူပြီး ပြန်သွားတာပဲသိတယ်။အဲ့ဒီနောက်ပိုင်း အမေနဲ့ အမနှစ် ယောက်ကို စံကြီးရှာမတွေ့တော့ဘူး။ လိုက်မရှာတာလို့လည်း ပြောလို့ရတယ်။
လက်ဖက်ရည်ဆိုင်က ပဲခူး ဆံတော်တွင်းနားမှာ။တော်တော်ရောင်းရတဲ့ဆိုင်ပါ။
ဆိုင်ပိုင်ရှင်က ညီအစ်ကိုနှစ်ယောက်။ ကောင်တာထိုင်တာလည်း သူတို့ နှစ်ယောက်ပဲ။သူတို့က တစ်ယောက်က မနက် အစောလာထိုင်ရင်နေ့လည်နှစ်နာရီလောက်ပြန်နောက်တစ်ယောက်ကညသိမ်းတဲ့အထိထိုင်ပေးတယ်။ဒီလိုအလှည့်ကျပေါ့
စံကြီးတို့ စားပွဲထိုးတွေကျ အဲ့လို မရှိဘူး။မနက်အစောကြီးကနေ ညနေဆိုင်သိမ်းတဲ့အထိပဲ။
စလောင်းကနေ ဘောလုံးပွဲလာတဲ့နေ့ဆို သေပြီလေ။
စံကြီး မပျော်ဘူး။
စံကြီး လက်ဖက်ရည်ဆိုင်မှာလုပ်တာ လေးလကြာတော့ မုန့်ဆရာကိုသူ ဆိုတာ အသစ်ရောက်လာတယ်။
ကိုသူ က စံကြီးအတွက် စမူဆာတွေ ဘာတွေ ယူထားပြီး ခိုးကျွေးတတ်တယ်။ စံကြီးကို သူက ခင်တယ်။
စံကြီးကလည်း ကိုသူ့ကို ခင်တယ်။
ကိုသူက အသက် (၂၀)လောက်ရှိပြီပေါ့။ စံကြီးဦးလေးအရွယ်ပါ။
တစ်ည ဆိုင်သိမ်းပြီး စံကြီး ဆိုင်ရှေ့မှာ တံမြက်စည်းလှည်းနေတုန်း ကိုသူ ဆေးလိပ်ဖွာရင်း ရောက်လာတယ်။
ဆိုင်ရှင်တွေက ပြန်ကုန်ပါပြီ။
ဆိုင်မှာ အဖျော်ဆရာရယ်၊ မုန့်ဆရာရယ်၊ စားပွဲထိုး (၅)ယောက်ရယ်ပဲကျန်တော့တာ။
ကိုသူ က ပြောတယ်။
စံကြီး မင်းဒီမှာ လုပ်ရတာပျော်လားတဲ့။
မပျော်ဘူးလေ။ ဘယ်ပျော်ပါ့မလဲ။ ပင်ပန်းတယ်။
ဒါဆို မင်းအိမ်မပြန်ချင်ဘူးလားတဲ့။ မေးပြန်တယ်။ပြန်ချင်တာပေါ့ ကိုသူရယ်..ဒါပေမယ့် ကျွန်တော်ကအခု ဘယ်ပြန်ရမှန်း ကို မသိတာလို့။
မင်း ဘယ်ဇာတိလဲဆိုတော့ လှည်းကူးလို့ဖြေလိုက်တယ်။
လှည်းကူးမှာ ငါ့အကိုရှိတယ်။ ငါဒီဆိုင်မှာနေတာ အလုပ်တစ်ခု ရှိလို့နေနေတာ။ အဲ့ဒါအောင်မြင်ရင် ငါ့အကိုဆီသွားမှာ။ မင်းကို ခေါ်သွားမယ်တဲ့။ကျွန်တော်က ဟိုမှာဘာလုပ်ရမှာလဲဆိုတော့ ငါတို့အလုပ်တွေ ကူလုပ်ပေါ့ကွတဲ့။
ဟာ အကိုတို့ အလုပ်က ဘာလဲဆိုတော့ ဒီည မင်းကို ပြမယ်တဲ့။ မင်းလည်း ဝင်ကူညီမှ ဖြစ်မယ်တဲ့။
စံကြီးလည်း ဒီဆိုင်ကနေ လွတ်မြောက်ချင်နေပြီ။ အလုပ်မလုပ်ချင်တော့ဘူး။ဒီတော့ ကိုသူပြောတာကို သဘောတူလိုက် တယ်။ည နှစ်နာရီလောက်ကျတော့ ကိုသူက စံကြီးကို ခြေမကုပ်ပြီး လာနှိုးတယ်။
မနက်လေးနာရီဆို အဖျော်ဆရာရော၊ ကျန်တဲ့သူတွေပါ အလုပ်ထလုပ်ကြတော့မယ်။နှစ်နာရီဆိုတာ စံကြီးတို့လို လက်ဖက်ရည်ဆိုင်လုပ်သားတွေအတွက် အိပ်အကောင်းဆုံးအချိန်ပေါ့။ကိုသူက စံကြီး ဒီကိုလာဆိုပြီး တိတ်တိတ်ခေါ်သွားတယ်။
ကောင်တာဆီကိုပါ။
ကောင်တာအောက်မှာ သော့ခတ်ထားတဲ့ အံဆွဲတစ်လုံးရှိပါတယ်။
ကိုသူ က အဲ့ဒီအံဆွဲကို သံတူရွင်းအသေးလေးတစ်ခုနဲ့ ကလပ်ထားတာတွေ့ပါတယ်။
''စံကြီး မင်းလက်လေးနဲ့ နှိုက်စမ်းကွာ..ရမှာပါတဲ့''
ဘာနှိုက်ရမှာလဲ ဆိုတော့ အထဲကရှိသမျှတဲ့။
စံကြီးလည်း ကလန့်ပြီး လွတ်နေတဲ့အထဲ သူ့လက်သေးသေးလေးနဲ့ နှိုက်ပါတယ်။
ပိုက်ဆံတွေ။ ငါးထောင်တန်တွေ။
နောက် လက်ပတ်နာရီတစ်လုံး။
ရွှေလက်စွပ်ထည့်ထားတဲ့ ဘူးတစ်ဘူး။
အားလုံးကုန်ပြီဆိုတာနဲ့ ကိုသူက လစ်ကြဖို့ အချက်ပြတယ်။ စံကြီးလက်ကို ဆွဲထုတ်တယ်။ ထုတ်မရဘူး။
ကိုသူက သံတူရွင်းနဲ့ ကလန့်ပေးတယ်။
စံကြီးက လက်ကို ကြောက်လန့်တကြားအားနဲ့ ဆွဲထုတ်တဲ့အခါ ဂျိန်းခနဲအသံနဲ့အတူ နောက်ကိုလွင့်သွားပြီး မုန့်တွေ ထည့်ထားတဲ့ မှန်ပုံးနဲ့ ကျောကုန်း သွားတိုက်မိတယ်။အဖျော်ဆရာရော၊ ကျန်စားပွဲထိုးတွေပါ နိုးသွားပြီး ကောင်တာ ဘက်ဆီ ရောက်လာကြတယ်။
ကိုသူက စံကြီးခိုးပေးတဲ့ပစ္စည်းတွေကို သူ့လွယ်အိတ်လေးထဲထည့်ပြီး ပြေးပါပြီ။စံကြီးထပြေးမယ်ကျန်တော့ အဖျော်ဆရာ က ကုတ်ကို ဆွဲပြီး ဖမ်းထားပါတယ်။ပြီးတော့ နားရင်းကို ထူပူနေအောင် ရိုက်ပါတယ်။
''သူခိုး သူခိုး သူခိုး'' ဆိုတဲ့ အော်သံတွေ ဆူညံသွားပါတော့တယ်။
နောက်တော့ ဆိုင်ပိုင်ရှင်တွေ ရောက်လာပါတယ်။
မနက်အတွက် မုန့်ဖိုးနဲ့ လက်ဖက်ခြောက်ဖိုးတွေရှင်းဖို့ ငွေနှစ်သိန်းကို ကောင်တာအံဆွဲထဲ သော့ခတ်ထည့်သိမ်းခဲ့တယ်။
ဘောလုံးပွဲရှုံးတဲ့လူတစ်ယောက်လာပေါင်ထားတဲ့ရွှေလက်စွပ်ကိုပါအမှတ်တမဲ့ထည့်ခဲ့တယ်။ ဒါကိုလေ့လာနေတဲ့ မုန့်ဆရာ ကိုသူ က အပိုင်ကြံတာပါ။စံကြီးက ကြံရာပါပေါ့။
စံကြီးကို ရဲစခန်းအချုပ်ထဲပို့ပြီး မကြာခင်ပဲ ကိုသူပါ အချုပ်ထဲ ရောက်လာတယ်။သူလည်း ပြေးမလွတ်ခဲ့ပါဘူး။
စံကြီးနဲ့ ကိုသူ အမှုတွဲကို ရုံးချိန်း ငါးချိန်းမြောက်မှာ စီရင်ချက်ချပါတယ်။
ကိုသူက ထောင်နှစ်နှစ်။ ပဲခူးထောင်မှာ။
အသက် ကိုးနှစ်ပဲရှိသေးတဲ့ စံကြီးက ငှက်အော်စမ်းလူငယ်လေ့ကျင့်ရေးစခန်းမှာတစ်နှစ်။အမှုတွဲအဖြစ်နဲ့ နေရတဲ့အချိန်မှာ ကိုသူက စံကြီးကို လိပ်စာတစ်ခု၊ ဖုန်းနံပါတ်တစ်ခုပေးသွားပါတယ်။သူ့အကိုဆီ ဆက်သွယ်ဖို့ပါ။
ဒါကတော့ စံကြီးရဲ့ ပထမဆုံးအကြိမ် ငှက်အော်စမ်း အလည်ခရီးလေးပေါ့။
…………………………….………………………
(၃)
ရှစ်လကျော်လောက်မှာ စံကြီး ပြန်ထွက်လာတယ်။ကျောင်းကပေးလိုက်တဲ့ ငွေငါးထောင်နဲ့။စံကြီးမှာ ပြန်စရာမြေမှ မရှိ တာ။ဒါနဲ့ ကိုသူ ပေးထားတဲ့ ဖုန်းနံပါတ်ကို ဆက်ကြည့်တယ်။ကိုသူ့ အမှုတွဲပါလို့ ပြောလိုက်တော့ တစ်ဖက်က ချက်ချင်းပဲ သိလိုက်တယ်။
ပဲခူးအမှုက စံမိုးငြိမ်းလားတဲ့။
ဒီလိုနဲ့ ကိုသူ့ ရဲ့ အကို ကိုရဲ ဆိုတဲ့ လူဆီ စံကြီး ရောက်ခဲ့ပြန်တယ်။
ကိုရဲ နဲ့ ကိုသူက ညီအစ်ကိုပါ။တကယ်တမ်း ဆရာကျတာက ကိုရဲ။
ကိုသူက ကိုရဲနဲ့ စော်ကိစ္စစကားများကြရင်း ပဲခူးမှာ မုန့်ဆရာလာလုပ်တာ။နောက်တော့ ဇမပျောက်ပဲ ဆိုင်က ငွေခိုးတော့ ထောင်ကျတာပေါ့။ စံကြီးပါ အလိုတူ အလိုပါ ဆွဲခေါ်သွားသေး။
စံကြီး ကိုရဲအိမ်ရောက်တော့ ပျော်ပါတယ်။ ကိုရဲက လူပျိုကြီးပါ ။ တစ်ကိုယ်တည်းနေတာပါ။ ဒါပေမယ့်တစ်ခါတစ်လေ လည်း ကောင်မလေးတွေပါလာတတ်ပါတယ်။
ကိုရဲ က လှည်းကူးနဲ့ အင်းတိုင်ကြားက ခြံတစ်ခြံမှာနေပါတယ်။ အဲ့ဒီခြံဟာ ဘယ်သူခြံမှန်းမသိပေမယ့် ကိုရဲ ကတော့ သူ့ကိုယ်ပိုင်လိုပါပဲ။ ပိုင်ရှင်တွေနဲ့ အတော်လေးညက်ပုံရပါတယ်။ခြံထဲက တိုက်ပုလေးမှာ ကိုရဲနေပါတယ်။
ကိုရဲ ရဲ့ တိုက်မှာ တစ်လကို တစ်ခါလောက် သူ့သူငယ်ချင်းလေးငါးယောက် လာစုတတ်ပါတယ်။
ညဘက်ဆို သူတို့ပျောက်သွားပြီး မနက်လင်းအားကြီးပြန်လာတတ်ပါတယ်။နောက်ရက်တွေဆို အဲ့ဒီတိုက်မှာ စားကြ ၊ သောက်ကြ၊ ဖဲတွေရိုက်ကြနဲ့ ပျော်စရာပါ။
ကိုရဲသူငယ်ချင်းတွေက သုံးလေးငါးရက်နေမှ ပြန်သွားကြပါတယ်။ကိုရဲမှာ ယိုးဒယားဆိုင်ကယ်တစ်စီးလည်းရှိပါတယ်။
ကိုရဲဟာ စတိုင်လ်ကျကျနေတယ်။ တစ်ခါတစ်လေ ကော်လံကတုံးနဲ့ ယောပုဆိုးနဲ့ သပ်ရပ်နေတာ။တစ်ခါတစ်လေကျ ဂျင်းပန်နဲ့ တီရှပ်နဲ့ နေကာမျက်မှန်နဲ့။
စံကြီး က ကိုရဲအိမ်မှာ နေရင်း ထမင်းကို ပေါင်းအိုးနဲ့ တည်တာလုပ်ပေးရတယ်။ ဟိုခိုင်းဒီခိုင်းဆို ဈေးဝယ်ရတယ်။
အိမ်အလုပ်တွေကူလုပ်ပေါ့။ ကိုရဲအဝတ်တွေလျှောက်ပေးတယ်။ကိုရဲတို့ ညဘက် အလုပ်ကိစ္စထွက်သွားပြီဆို စံကြီးက အိမ်စောင့်။ မနက်လင်းအားကြီးပြန်လာရင် ခြံတံခါးထဖွင့်ပေး။တစ်ညနေမှာတော့ ကိုရဲတို့ ဘော်ဒါတွေ စုံကြပြန်တယ်။ တက္ကစီကားတစ်စင်းလည်း ပါလာတယ်။
ညရောက်တော့ ကိုရဲက စံကြီးကို ခေါ်တယ်။ မင်းလည်း လိုက်ခဲ့တဲ့။ ဒီနေ့ မင်းကို ငါတို့ လုပ်ငန်းခွင်ထဲ စသွင်းမယ်တဲ့။
ည ၁၀ နာရီလောက်မှာ သူတို့ စထွက်ကြတယ်။
လှည်းကူးအထွက်က ဘီယာဆိုင်မှာ နည်းနည်းသောက်ကြသေးတယ်။ စံကြီးတောင် အဲ့ဒီအရွယ်မှာ တစ်ခွက်တစ်ဖလား သောက်တတ်နေပါပြီ။ကိုရဲကြီးတို့ အိမ်မှာနေရင်း သောက်တတ်သွားတာ။
ကိုရဲကြီးတို့ သူငယ်ချင်းသုံးယောက်နဲ့ စံကြီးတို့ ည ၁၁ ခွဲလောက်ရောက်တော့ မှော်ဘီ ကို ထွက်လာတယ်။
မှော်ဘီက လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ကြတယ်။ခဏနေတော့ ကိုရဲကြီးဆီကို ဖုန်းတစ်လုံးဝင်လာတယ်။
စထွက်မယ်တဲ့။
ကားက တိုက်ကြီးဘက် မောင်းသွားတယ်။
အမှောင်ရိပ်တစ်ခုမှာ ရပ်တယ်။
မလှမ်းမကမ်းမှာ အပေါင်ဆိုင်ဆိုတဲ့ အဆောက်အဦတစ်ခုရှိတယ်။
ကိုရဲကြီးရယ်၊ ထွန်းကိုဆိုတဲ့တစ်ယောက်ရယ်၊ စံကြီးရယ် အဲ့ဒီအပေါင်ဆိုင်နားကပ်သွားကြတယ်။
(ကိုဇင်သော်နိုင် ) ဆိုတဲ့ ကားမောင်းတဲ့တစ်ယောက်ကတော့ ကားပေါ်မှာ အစောင့် ပေါ့။အပေါင်ဆိုင်က အုတ်နဲ့ ဆောက် ထားပြီး တံခါးတွေကလည်း သံဘာဂျာတံခါးတွေရော၊ အတွင်းတံခါးတွေရော သုံးလေထပ်ပါ။
''စံကြီး..ငါတို့တွေ အမိုးနဲ့ ယက်မကြားကနေ လှပ်ပြီး အထဲဝင်မယ်။ မင်းက လူကောင်ပေါ့တော့ အမိုးအပြင်က ယက်မကို လက်နဲ့ထိန်းပြီးစောင့်နေ ။ပြီးရင် ငါတို့အထဲကနေ ကမ်းပေးတာတွေကို မင်းက ဒီအိတ်ထဲထည့် ၊ ပြီးရင် ကားပေါ်သွား ထားပြီး အဲ့ဒီကပဲစောင့် ဟုတ်ပြီလား''
စံကြီး သဘောပေါက်ပါတယ်။ ကိုသူတို့ ကိုရဲ တို့လုပ်ငန်းဟာ ဘယ်လိုဆိုတာ။သူ့ဆန်စားမှတော့ ရဲရတာပေါ့။
အဲ့ဒီညက ရင်တထိတ်ထိတ်နဲ့ သူတို့အောင်မြင်ခဲ့ပါတယ်။ စံကြီးက အထဲကပစ္စည်းထုတ်ကိုကားပေါ်သွားထားပေးပြီးတာ နဲ့ ခဏအကြာ ကိုရဲကြီးတို့ နှစ်ယောက်ပြန်ရောက်လာပါတယ်။တက္ကစီကားမောင်းတဲ့ ကိုဇင်သော်နိုင်ကတော့ စံကြီးတို့ကို လှည်းကူးခြံရှေ့ ချပေးပြီးတာနဲ့ ပစ္စည်းထုတ်နဲ့အတူ ထွက်သွားပါတော့တယ်။
နောက်တစ်နေ့ ညနေခင်းကျ ကိုဇင်သော်နိုင် ပြန်ရောက်လာတယ်။
ငွေတွေအများကြီးပါလာတယ်။
ဝေစုခွဲကြတဲ့အခါ စံကြီး အတွက် ငွေခုနှစ်သောင်းပေးပါတယ်။
စံကြီးက ငြင်းပေမယ့် ကိုရဲကြီးက ဒါသူတို့အလုပ်ရဲ့ ထုံးစံမို့ မယူရင် နောက်မခေါ်ဘူးလို့ ပြောပါတယ်။
စံကြီးယူလိုက်ပါတယ်။
စံကြီး ဘဝမှာ ပထမဆုံး ကိုင်ဖူးတဲ့ အများဆုံးငွေပမာဏပါ။
မကြာခင် ကိုသူ လွတ်လာပါတယ်။လုပ်ငန်းက လူစုံတက်စုံဖြစ်ပါပြီ။
ကိုရဲကြီး တို့ လုပ်ငန်းရဲ့ အဓိက ကတော့ သတင်းအချက်အလက်ပါပဲ။
သတင်းစုဆောင်းသူဟာဖောက်ထွင်းမယ့်နေရာတဝိုက်မှာရှိနိုင်မယ့်ပစ္စည်း၊မြေပြင်အနေအထား၊အဆောက်အဦအခြေအ နေ၊ ပိုင်ရှင်တွေအနေအထားကို အချိန်အကြာကြီးလေ့လာရပါတယ်။အခြေအနေအိုကေပြီဆိုရင် ကိုရဲကြီးတို့ဆီ အသေးစိပ်အချက်တွေပေးပါတယ်။ အလုပ်ပြီးရင် သူ့ဝေစုကလည်း တစ်ပုံပါပါတယ်။ သူတို့ကိုတော့ ကျော်ဦး လို့ နာမည်ဝှက်ပေးထားပါတယ်။
ကျော် တယ်ဆိုတာ သူများပစ္စည်းခိုးတာကို ပြောတာပါ။ အဲ့ဒီလို ခိုးဖို့အတွက် အရင်နေရာဆုံး နေရာ ဦးပြီး သတင်းယူရတာမို့ ခေါ်တယ်လို့ ကိုရဲကြီးဆီက သိရပါတယ်။
တချိန်ကတော့ ကျော်ဦး ဆိုတာ စတိုးဆိုင်တွေမှာ အလစ်သုတ်တဲ့လူတွေကို ခေါ်တာလို့လည်း ပြောပါတယ်။
မကြာခင် အချိန်မှာပဲ စံကြီးဟာ ကျော်ဦးတစ်ယောက်ဖြစ်လာပါပြီ။ ကိုရဲကြီးတို့ ပစ်မှတ်ထားတဲ့နေရာတွေမှာ ဈေးရောင်းသလိုလို၊ အထမ်းသမားလိုလို၊ လေလွင့်ကလေးလိုလိုနဲ့ အခြေအနေစုံစမ်းရပါတယ်။ပြီးရင် ကိုယ်တိုင် ဝင်ပါ သင့်တဲ့ ဟာလည်း ပါရပါတယ်။
ကိုရဲကြီး နဲ့ ကိုသူ ရဲ့ လက်စလက်နတွေကိုလည်း သင်ယူရပါသေးတယ်။
မင်္ဂလာဒုံက အိမ်တစ်လုံးဖောက်ထွင်းပြီး နောက်လေးရက်အကြာမှာတော့ ကိုရဲကြီးတို့အိမ်ကို ရဲက ဝင်ဖမ်းပါတယ်။သူတို့ သုံးတဲ့ တက္ကစီနံပါတ်အတိုင်း လိုက်ရာက ဒီနေရာကို တက္ကစီကားဝင်သွားခဲ့တယ်ဆိုတဲ့ မျက်မြင်သက်သေထွက်ချက်အရ ဝင်စီးတာပါ။အဲ့ဒီအခေါက်မှ ကိုဇင်သော်နိုင် က ပစ္စည်းတွေကို တစ်ခါထဲ ထုဖို့မယူသွားပဲ အိမ်မှာထားခဲ့ပါတယ်။
လမ်းကြောင်းတွေကြပ်နေလို့ နောက်နှစ်ရက်နေမှ လာယူမယ်ဆိုပြီး ထားသွားခြင်းပါ။
ရဲတွေ အိမ်ကို ဝင်စီးတဲ့အချိန် ကိုရဲကြီးရော ကိုသူပါ အပြင်ရောက်နေပြီး သတင်းရတဲ့အခါ ရှောင်တိမ်းသွားကြပါတယ်။
အိမ်မှာကျန်ရစ်တဲ့ စံကြီးသာ အဖမ်းခံလိုက်ရပါတယ်။
စံကြီးက စစ်တဲ့အခါ ကိုရဲတို့ ကိုသူတို့ ဘယ်မှာမှန်းမသိဘူးလို့ပဲ အစစ်ခံလိုက်ပါတယ်။ တကယ်လည်း စံကြီးမသိပါဘူး။
အဲ့ဒီတုန်းက စံကြီးအသက်က (၁၂)နှစ်သာရှိသေးလို့ ငှက်အော်စမ်းကိုပဲ နောက်ထပ်တစ်နှစ် ရောက်သွားရပြန်ပါတယ်။
…………………………….………………………
(၄)
ငှက်အော်စမ်းမှာ ရှစ်လကြာတဲ့အခါ စံကြီးဆီ ဧည့်တွေ့ရောက်လာပါတယ်။အဲ့ဒါကတော့ ကိုရဲကြီး ကိုယ်တိုင်ပါပဲ။
စံကြီးကို လိပ်စာတစ်ခု ထပ်ပေးပါတယ်။ ထွက်လာရင် ဆက်သွယ်ဖို့။သူတို့ကို မဖော်တဲ့အတွက် စံကြီးကို ကျေးဇူးတင် ကြောင်း၊ စံကြီးဟာ သူတို့ရဲ့ ညီအရင်းလိုဖြစ်ကြောင်းပြောပြီး ပြန်သွားပါတယ်။
စံကြီးထွက်လာတော့ ကိုရဲကြီး ဟာ အခြေအနေကောင်းနေပြန်ပါတယ်။
ဆိုင်ကယ်ပြင်ဆိုင်တစ်ခု ဖွင့်ထားတယ်။
တကယ်တော့ ဆိုင်ကယ်ပြင်ဆိုင်ဆိုတာထက် ခိုးရာပါဆိုင်ကယ်တွေကို တစစီဖြုတ်ပေး၊ ပုံဖျက်ပေးတဲ့ နေရာပါ။ကိုရဲကြီး လိုင်းအတော်စုံမှန်း စံကြီးသိလိုက်ပါတယ်။ကိုရဲကြီး ဆိုင်မှာ စံကြီးနေရင်းကနေ ကျော်ဦးအဖြစ် လုပ်ငန်းတွေ ပြန်လုပ်ဖို့ ကိုသူက နားချပါတယ်။စံကြီး လက်ခံလိုက်ပါတယ်။လက်ခံရမယ့် အကြောင်းကလည်း ရှိနေတာကိုး။
စံကြီး က ကိုရဲကြီးညီအဖြစ်တဲ့ ဆိုင်ကယ်ပြင်ဆိုင်မှာနေရင်း ကားဂိမ်မှာ နာနတ်သီးရောင်းတဲ့ အိပုံ့နဲ့ ငြိနေပါပြီ။
အိပုံ့ကလည်း အသက်ဆယ့်လေးနှစ်၊ စံကြီးကလည်း ဆယ့်လေးနှစ်။
တကယ့်ရင်ခုန်တတ်စအရွယ်တွေ။
စံကြီးဟာ ကျော်ဦး လုပ်ဖို့အတွက် ကိုရဲကြီးတို့အစီအစဉ်အတိုင်း ငှက်ပျောသီးပွဲရုံတစ်ခုမှာ အလုပ်ဝင်လုပ်လိုက်ပါတယ်။ ဝင်လမ်း၊ ထွက်လမ်း အခြေအနေတွေကို လေ့လာပြီးတဲ့အချိန်မှာ သုံးလပြည့်ပါပြီ။
စံကြီးအကြောင်းတစ်ခုပြပြီး အလုပ်ထွက်လိုက်ပါတယ်။နောက်နှစ်လနေတဲ့အခါမှ လုပ်ငန်းစကြပါတယ်။
အိုကေပါတယ်။
စံကြီးအတွက် ဝေစု တစ်ပုံရလိုက်ပါတယ်။သုံးသိန်းဆိုတာ မနည်းတဲ့ငွေပါ။
နာနတ်သီးသည်လေး အိပုံ့ နဲ့ စံကြီး ကိုရဲကြီးအစီအစဉ်နဲ့ ယူလိုက်ကြပါတယ်။
အိပုံ့ အမေခမြာလည်း ကလေးရှစ်ယောက်လောက်နဲ့ဆိုတော့ အိပုံ့ကို ငွေတစ်သိန်းနဲ့ တင်တောင်းတာကိုက သူ့အတွက် မက်မောစရာကြီးပါ။နောက်ပြီး သမက်ကလည်း ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်ရဲ့ ညီမဟုတ်လား။
ကိုရဲကြီး ကိုသူတို့ ဂွင်တွေမှာ စံကြီးက အဓိက ကျော်ဦးအဖြစ် ကစားပေးရင်း အခြေအနေက တင့်တောင်းတင့်တယ်လေးဖြစ်လာပါတယ်။
စံကြီးက အိမ်ကလေးငှားနေပါတယ်။
ဆိုင်ကယ်ခိုးဘီးတွေကို ကြားကနေ ဝယ်ပြီး ပြန်ရောင်းတဲ့ အလုပ်ကလေးလည်း လုပ်တတ်လာပါပြီ။ ငွေလေးချောင် လည်လာတော့ တီဗွီလေးဝယ်၊ အောက်စက်လေးဝယ်နိုင်လာပါတယ်။ တရုတ်ဆိုင်ကယ်အစုတ်လေးတစ်စီးလည်း ဝယ် နိုင်လာပါတယ်။
ကိုရဲကြီးတို့ကလည်း ကျွဲနွားမှောင်ခိုလိုင်းမှာ အဆင်ပြေနေတော့ ဖောက်ထွင်းတာတွေ နားထားပါတယ်။ သူတို့နာမည်က လည်း အရမ်းထွက်နေပြီမဟုတ်လား။စံကြီးကတော့ ဆိုင်ကယ်အပျောက်လိုင်းမှာ အိုကေနေပါတယ်။
ဒါပေမယ့် စံကြီးအတွက် ငှက်အော်စမ်းကို နောက်ထပ်လာစရာ ကိစ္စက မထင်မှတ်ပဲ ဖြစ်လာပါတော့တယ်။ တရက်မှာ တော့ စံကြီး ဆီ ရောင်းနေကျ ငတိတပွေက ဆိုင်ကယ် ခွက်ဈေးနဲ့ လာရောင်းပါတယ်။ ခိုးဘီး ဆိုတော့ စံကြီးက ထုံးစံအတိုင်း ဈေးပေါပေါပဲ ဖြတ်ပြီး ယူထားလိုက်ပါတယ်။ ပြီးတာနဲ့ အိမ်နဲ့ မနီးမဝေးမှာရှိတဲ့ ကိုရဲကြီး ရဲ့ ဆိုင်ကယ်ဆိုင် မှာ ပုံဖျက်ဖို့ မောင်းလာခဲ့လိုက်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ရဲတွေက ကိုရဲကြီး ဆိုင်မှာ ရှိနေတဲ့ ခိုးဘီးတွေကို လာဖမ်းတဲ့အချိန်ဖြစ်နေပါတယ်။ စံကြီးနဲ့ တည့်တည့်တိုး တဲ့အခါ စံကြီးစီးလာတဲ့ဘီးကလည်း မနက်ကမှ ဈေးထဲမှာ ပျောက်သွားတဲ့ ဆိုင်ကယ်ဖြစ်လို့နေပါတော့ တယ်။
ဒီတခါလည်း ဆယ့်ငါးနှစ်သား စံကြီး ငှက်အော်စမ်းဆီ လာခဲ့ပြန်ပါပြီ။
နောက်တစ်ကြိမ်ဆိုရင်တော့ စံကြီးဟာ ငှက်အော်စမ်းမဟုတ်တော့ပဲ အင်းစိန် လူငယ်ထောင်ကို ပို့ခံရတော့မှာပါ။
စံကြီးအသက်က ဆယ့်ငါးကျော်လို့ ဆယ့်ခြောက်ထဲ ဝင်လာခဲ့ပြီလေ။
မှားတယ်။ မှန်တယ်။ ကောင်း၏။ ဆိုး၏ ။ စံကြီးမသိပါဘူး။
စံကြီး ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ စံကြီး ရပ်တည်ရတဲ့ အသက်မွေးမှုအရ ဒါကို စံကြီးလုပ်မှဖြစ်မယ်ဆိုလို့ လုပ်တာပါ။
စံကြီး ကို သွန်သင်မယ့်သူ။ ဆုံးမမယ့်သူလည်း မရှိခဲ့ပါဘူး။
ငှက်အော်စမ်းမှာတော့ လူငယ်ရေးရာ ဟောပြောပွဲတွေရှိတယ်။ လူငယ်အစီအစဉ်တွေရှိတယ်။ဒါပေမယ့် စံကြီး အဲ့ဒါတွေ ကို ဉာဏ်မမှီပါဘူး။
စံကြီး သိတာက သူ့မိန်းမ ကိုယ်ဝန်ကြီးနဲ့ အပြင်မှာ ကျန်ရစ်တယ်။နောက်တစ်လဆို စံကြီး ငှက်အော်စမ်းက ပြန်ရမယ်။ အဲ့ဒီအခါကျ ကိုသူတို့ ကိုရဲကြီးတို့ အခြေအနေစုံစမ်းရမယ်။နောက်တကြိမ်သာ ဒီလိုဖြစ်လို့ကတော့ စံကြီးက ပရိုမိုးရှင်း ရပါပြီ။အင်းစိန်ထောင်ဆီ တည့်တည့်ပါပဲ။ ဒါကိုလည်း စံကြီး ကြောက်ရမှန်းမသိပါဘူး။
ငှက်အော်စမ်းက စံကြီး ဟာ သူလုပ်ခဲ့တာ တွေအတွက် နောင်တမရဘူးလား။ ဒီဘဝက ရုန်းမထွက်ချင်ဘူးလားလို့ မေးတဲ့လူတွေကို လှောင်ပြုံးပြုံးပြီးပဲ ကြည့်နေပါ တယ်။
စံကြီး ပြုံးနေပါတယ်။
ဒါဟာ တလောကလုံးအတွက် လှောင်ပြုံးပါပဲ။
ခက်ဇော်