မိစ္ဆာကျောက်ရုပ်တစ္ဆေ

 မိစ္ဆာကျောက်ရုပ်တစ္ဆေ

စိုးမိုးနိုင်
အကြောင်းတိုက်ဆိုင်စွာပင် လွန်ခဲ့သော နှစ်(၅ဝ)ကျော် ကာလက ချင်းပြည်နယ်သို့ ကျွန်ုပ် ကျောင်းဆရာဘဝဖြင့် သွားရောက် သင်ကြားခဲ့စဉ်ကာလက အဖြစ်အပျက်လေးတစ်ခုကို အမှတ်မထင်ပြန်မြင်ယောင်နေမိတော့၏။ တစ်ကြိမ်၌ ကျွန်ုပ်သည် ဒေသခံမိတ်ဆွေ ကျောင်းဆရာလေး ကိုဖိုးထွေး၏ ဖိတ်ခေါ်ချက်အရ ယဉ်ကျေးမှု မထွန်းကားသေးသော(လူရိုင်းတစ်ပိုင်း) နာဂတိုင်းရင်းသားများ နေထိုင် ရာ “လင်းခေါင်(မ်)” မည်သော ကျေးရွာလေးသို့ အလည်အပတ်အနေ ဖြင့် ရောက်ရှိခဲ့ရ၏။ ထိုအခါ အနော်ရထာမင်းလက်ထက် ပုဂံခေတ် အခါက အသိဉာဏ်မကြွယ်ဝသေး၊ သူတို့ ကိုးကွယ်ကြသော ပုဂံ ပြည်သူပြည်သားများနှင့် ခေါင်းပုံဖြတ် ဂုတ်သွေးစုပ် ခြယ်လှယ်မင်းမူခဲ့ ကြသော အရည်းကြီးများလို အဖြစ်မျိုးကို ရင်နာဖွယ် ထိုဒေသ၌ တွေ့ရှိခဲ့ရလေ၏။
အကြောင်းမူကား တစ်နေ့သ၌ ကျွန်ုပ်သည် နာဂကျေးရွာ လေးအတွင်း အလည်အပတ် ရောက်ရှိနေခိုက် ပျင်းရိလှသည်နှင့် ရွာထဲသို့ တစ်ယောက်တည်း စနည်းနာရန် ထွက်ခဲ့လေ၏။ ထိုအချိန် တွင် ကျွန်ုပ်နှင့်အတူပါလာသူ ကိုဖိုးထွေးမှာကား နာဂရွာသူကြီး ရှီးရခီးနှင့် စကားလက်ဆုံကျနေသတည်း။
ကျွန်ုပ်မှာမူ ပြာရီမှိုင်းနေသော တောင်တန်းပြာကြီးများကြား တွင် တည်ရှိသော ၄င်းရွာလေး၏ သာယာလှပသော နံနက်ခင်းအလှ ကို ခံစားရင်း တစ်ဦးတည်း လမ်းလျှောက်လာခိုက် မင်္ဂလာရှိသော နံနက်ခင်း၏ အလှအပကို ပျက်စီးသွားစေသော၊ တစ်နည်းအားဖြင့်လွန်စွာအရုပ်ဆိုး အကျည်းတန်စေသော မြင်ကွင်းတစ်ခုကို မမျှော်လင့် ဘဲ ရုတ်တရက် ကြုံဆုံလိုက်ရ၏။
ဤအရာကား လင်မယားဖြစ်ဟန်တူသော နာဂတိုင်းရင်း သားနှစ်ဦးသည် လူမျက်နှာပုံနှင့်(ခြေ၊ လက် မပါ) ကျောက်တိုင် သဏ္ဌာန် အရုပ်ကြီးတစ်ခုရှေ့၌ ဒူးတုပ်ထိုင်လျက် အနေအထားဖြင့် ရှိခိုးဦးချနေကြသည်ကို အံ့သြသင့်ဖွယ် တွေ့မြင်လိုက်ရ၏။ ထို့ပြင် ၄င်းကျောက်ရုပ်ကြီး ရှေ့မှောက်၌ ဖယောင်းတိုင်၊ အမွှေးတိုင် စသည် များ ထွန်းညှိပူဇော်ထားသည်ကို တွေ့ရပြီး ၄င်းကျောက်ရုပ်ကြီး၏ မျက်နှာပေါက်မှာကား လွန်စွာခက်ထန် ရုပ်ဆိုးလှပေ၏။ တစ်နည်းအား ဖြင့်ဆိုသော် လွန်စွာရက်စက်ကြမ်းကြုတ်မည့် အသွင်သဏ္ဌာန်ကဲ့သို့ အသက်ဝင် လက်ရာမြောက်လှပေသည်။
ကျွန်ုပ်မှာ ပင်ကိုစရိုက်အားဖြင့် စပ်စုမေးမြန်းတတ်သူ ဖြစ်ရ ကား ထိုလင်မယားအား ၄င်းကျောက်ရုပ်ကြီးနှင့် ပတ်သက်၍ အနည်း ငယ် တီးခေါက်ကြည့်မိချေ၏။
**ဗျို့ .. နောင်ကြီးတို့၊ ဒါ ဘာလုပ်နေကြတာလဲခင်ဗျာ”
ထိုအခါ အမျိုးသားဖြစ်သူ နာဂကြီးက ကျွန်ုပ်အား “အလုပ်ရှုပ်ရန်ကော”ဟု အဓိပ္ပာယ်ရသော ရှူတည်တည်အကြည့်မျိုးဖြင့် စိုက်ကြည့်ရင်း . . .““မင်းကြည့်ရတာ ဒီဒေသက မဟုတ်ဘူးနဲ့တူတယ်””
““ဟုတ်ပါတယ်ခင်ဗျာ၊ ကျွန်တော်က မြို့ကနေလာတဲ့ ကျောင်းဆရာလေးပါ ၊ ဒီပြည်နယ်မှာ တာဝန်ကျလို့ပါခင်ဗျာ””
ဟု ယဉ်ကျေးစွာ ပြန်ဖြေလိုက်၏။
ကျွန်ုပ်စကားကြောင့် နာဂကြီးမှ တစ်ချက်ပြုံးလိုက်ပြီး-
““ဪ .. ဒါကြောင့် မင်းက ဒီရွာရဲ့ ဓလေ့ထုံးစံတစ်ခုကို မသိတာကိုး””
“ဗျာ. . ဓလေ့ထုံးစံ ဟုတ်လား””
““ဟုတ်တယ် ကောင်လေး၊ အခု ငါတို့ရွာမှာ မိုးခေါင်ရေရှား နေတယ်၊ ဒါကြောင့် အခု မင်းတွေ့နေရတဲ့ နတ်မင်းကြီးရုပ်တုကို တစ်ပတ် တစ်ခါ ဆိတ်တစ်ကောင် ပူဇော်နေရတယ်””
“ဟာဗျာ၊ ဒီလိုကျောက်ရုပ်ကြီးကို ပူဇော်နေလို့ ဘာအကျိုးရှိမှာတုန်းဗျ””
ကျွန်ုပ်စကားကြားလိုက်ရသော ၄င်းနာဂကြီးမှာ ကျင်စက်နဲ့ အတို့ခံလိုက်ရသူပမာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်ကို တွေ့လိုက် ရ၏။ ထို့ပြင် ၄င်း၏မျက်နှာသည် ကျောင်းအုပ်ဆရာကြီး ရှေ့မှောက်၌ အပြစ်လုပ်မီသော ကျောင်းသားလေးအသွင်ကဲ့သို့ အငြိုငြင်ခံရမည်ကို စိုးရိမ်သွားသော အမှုအရာများ ဖြစ်ပေါ်သွားသည်ကိုလည်း တွေ့ရလိုက်၏။
“ဟာ...မင်း ဘယ်လိုပြောလိုက်တာလဲ ကောင်စုတ်လေး၊ အိုး . . .နတ်မင်းကြီး မသိလို့ပြောမိတဲ့ ဒီအမိုက်အမဲလေးရဲ့ စကားကို ဗွေမယူပါနဲ့ တန်ခိုးရှင်ကြီးရယ်၊ ကျွန်တော်မျိုး တောင်းပန်ပါတယ်””
ကျွန်ုပ်မှာမူ နာဂတိုင်းရင်းသားကြီး၏ အပြုအမူကြောင့် အံ့သြ သင့်ခြင်းစိတ်တစ်ဝက်၊ ရယ်မောလှောင်ပြောင်ချင်စိတ်က တစ်ဝက်နှင့် ရင်ထဲ၌ ဝေဒနာတစ်မျိုး ဖြစ်ပေါ်သွား၏။ သို့သော် နာဂကြီး၏ နောက်ဆက်တွဲစကားတို့ကြောင့် ကြောက်ရွံ့တုန်လှုပ်စိတ်တို့က အစား ထိုးနေရာယူ ဝင်ရောက်သွားကြပြန်၏။
“မင်းက ဧည့်သည်ဆိုတော့ မသိရင်မှတ်ထားပေါ့ ကောင် လေးရာ၊ ငါတို့ အခုလို ဒီနတ်မင်းရုပ်တုကြီးကို ပူဇော်နေရတာ အကြောင်းရှိတယ်ကွ၊ တစ်ခါက ဒီနတ်မင်းရုပ်တုကြီးရှေ့မှာ တို့ရွာက မောင်ဆိုင်းလုလေးက ဆိတ်ကျောင်းနေရင်းနဲ့ ရုပ်တုရှေ့မှာ ဘာတွေ အမှားလုပ်မိတယ် မသိပါဘူး၊ အဲဒီနေ့ညနေမှာ အကောင်းကြီးကနေ ရုတ်တရက် ထူးထူးဆန်းဆန်း သေဆုံးသွားရရှာတယ်ကွဲ့””
““ဆိတ်ကျောင်းနေရင်းနဲ့ မတော်တဆ ပိုးတွေဘာတွေ ထိသွားတာနေမှာပေါ့ ဦးကြီးရဲ့””
““ဒီလိုထင်ရင်တော့ လုံးဝမှားလိမ့်မယ် မောင်ရင်၊ ကျုပ်နဲ့ရွာသူကြီးနဲ့ သွားပြီးစစ်ဆေးကြည့်တော့ ဟောဒီရုပ်တုကြီးရဲ့ နှုတ်ခမ်း မှာ မခြောက်သေးတဲ့ သွေးကွက်သွေးစတွေကို တွေ့ကြရတယ်ကွဲ့””
"qp..."
““ရုပ်တုကြီးရဲ့ နှုတ်ခမ်းမှာ သွေးတွေပေကျံနေတယ် ဟုတ် လား
““အစစ်ပေါ့ မောင်ရင်ရယ်””
နာဂကြီး၏ စကားကြောင့် ကျွန်ုပ်မှာ ဘာပြန်ပြောရမှန်း မသိအောင်ပင် နှုတ်တို့ ဆွံ့အကုန်၏။ ကိုယ့်နားကိုကိုယ် မယုံကြည်နိုင် အောင် ဖြစ်ခဲ့ရလေသည်။ (မိတ်ဆွေတို့ပဲ စဉ်းစားကြည့်တော့လေ၊ ဒီလို ဘာအသက်ဝိညာဉ်မှ မရှိတဲ့ ကျောက်ရုပ်တုကြီးရဲ့ နှုတ်ခမ်းမှာ သွေးတွေ တွေ့ရတယ်ဆိုတော့ မည်မျှအံ့သြစရာကောင်းပေသနည်း) တစ်ဆက်တည်းမှာပင် ဤဘဒ္ဒကမ္ဘာကြီး၌ ပုထုဇဉ်လူသားတို့ဉာဏ် ဖြင့် လိုက်မမှီသော လျှို့ဝှက်ဆန်းကြယ်မှုတို့ဖြင့် ပြည့်နှက်နေကြသည် ကို တွေးလိုက်မိ၏။
ကျွန်ုပ်၏အတွေးတို့ ဝေခွဲမရဖြစ်နေချိန်တွင် တစ်ချိန်လုံး ငြိမ်သက်စွာ နားစိုက်ထောင်နေသော နာဂအမျိုးသမီးကြီးက ပါဝင်၍ ပြောလာ၏။
““နောက်ပြီး ရှိသေးတယ် မောင်ရင်လေးရဲ့၊ ဦးအိုက်ပန်းရဲ့နွားအုပ်ထဲက နွားတစ်ကောင်ဟာလည်း ဒီနတ်မင်းရုပ်တုကြီးရှေ့မှာ မြက်စားနေရင်းနဲ့ ရုတ်တရက် လဲကျသေဆုံးသွားခဲ့ဖူးတယ်၊ အဲဒီနွား ကြီး သေဆုံးပုံကလည်း အရမ်းထူးဆန်းတယ်၊ လည်ပင်းမှာ အစွယ်ရာ လို အပေါက်ကြီးနှစ်ပေါက်ကို တွေ့ကြရပြီး တစ်ကိုယ်လုံး´ သွေးစုပ်ခံ ထားရသလိုမျိုး ဖြူဖပ်ဖြူလျော်ဖြစ်ပြီး သေဆုံးသွားရရှာတယ်လေ””
““ဪ. . . ကြားရတာတွေက အရမ်းကို အံ့သြဖို့ကောင်းပါ တယ်ဗျာ””
““ကဲ - ကျွန်တော့်ကို ခွင့်ပြုပါဦး”
အပြန်လမ်းတစ်လျှောက် စဉ်းစားလာသည်မှာ ကျွန်ုပ်သည် ဝါသနာဗီဇအရ ခက်ခဲနက်နဲသော အရာများ၊ ပြဿနာများကို လေ့လာ ရသည်။ အဖြေရှာရသည်ကို ကြိုက်နှစ်သက်သောသူ ဖြစ်သည်။ ထို့ကြောင့် ယခု ကြုံတွေ့နေရသော ပဟေဠိပုစ္ဆာပမာ ၄င်းပြဿနာ၏ အဖြေအား သိရှိရန် ဆုံးခန်းတိုင်သည်ထိအောင် လိုက်လံလေ့လာတော့ မည်ဟု စိတ်ထဲ၌ ခိုင်မာသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်လေတော့ သတည်း။““မောင်ရဲခေါင် . . . မောင်ရဲခေါင် . . .ထစမ်းပါဦး””
နားစည်ထဲသို့ အသံသြဇာနှင့် ပြည့်ဝသော အသံတစ်ခုက အနားနားသို့ကပ်၍ တီးတိုးပြောဆိုလိုက်သည့်နှယ် ကျွန်ုပ်မှာ အိပ်မော ကျနေရာမှ ရုတ်တရက် လန့်၍နိုးသွားရ၏။ လဲလျောင်းနေရာမှ အသံ လာရာဆီသို့ ကိုယ်ကို စောင်းငဲ့၍ ကြည့်လိုက်မိတော့ ခေါင်းပေါင်း အဖြူပေါင်းထားပြီး ဝတ်ဖြူစင်ကြယ် ဝတ်ဆင်လျက် ညာဘက်လက်၌ နဂါးဦးခေါင်းပုံနှင့် တောင်ဝှေးတစ်ချောင်းကို ကိုင်ထားသော အသက် (၇ဝ)အရွယ်ခန့်ရှိ အဘိုးအိုတစ်ဦးကို ထူးဆန်းစွာ တွေ့မြင်လိုက်ရ၏။
နံရံထက်မှ နာရီမှ တစ်ချက်ချက်နှင့် ရွေ့လျားသွားနေသည်။ အချိန်အနည်းငယ်မျှ လက်တံက အံ့သြမှင်တက်မိနေမိ၏။ ထိုအခါ ၄င်းအဘိုးအိုမှ
““မောင်ရဲခေါင် ကြည့်ရတာ အရမ်းအံ့သြနေတယ်နဲ့တူတယ်၊ သိပ်မအံ့သြပါနဲ့၊ ကျုပ်က မောင်ရဲခေါင်ရဲ့ ပဋ္ဌာန်းဆက်ပုဂ္ဂိုလ် တစ်ဦး ان
““ဗျာ ၊ အဘက ကျွန်တော်နဲ့ ပဋ္ဌာန်းဆက် ဟုတ်လား””
““အမှန်ပါပဲကွယ်””
““ဪ… ဒါနဲ့ အဘက ကျွန်တော့်ဆီကို ဘာအကြောင်း ကြောင့် ကြွရောက်လာရပါသလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ”““အိမ်း. . . ပြောပြမှာပေါ့ကွယ်၊ လာရင်းကိစ္စကို ပြောပြချင် လွန်းလို့ပဲ အခုလို မောင်ရင့်ဆီကို ကျုပ် အရောက်လာခဲ့တာပေါ့ကွယ်””
““ဘယ်အကြောင်းများပါလိမ့် အဘရယ်””
““အကြောင်းကတော့ ဒီရက်တွေအတွင်း မောင်ရဲခေါင်ရဲ့ စိတ်ထဲမှာ ဒွိဟဖြစ်နေတဲ့ “လင်းခေါင်ရွာ” က လူပုံသဏ္ဌာန် ကျောက် ရုပ်ကြီးအကြောင်းကို အဘက ပြောပြချင်လို့ပေါ့ကွယ်””
ကျောက်ရုပ်ကြီးဟူသော စကားကို ကြားသည်နှင့် ကျွန်ုပ်၏ မျက်လုံးတို့ အရောင်လက်သွားခဲ့သည်။ သိလိုဇောဖြင့် အဘိုးအို ပြော လာမည့် စကားတို့ကို နားစိုက်ထောင်နေမိ၏။
““တကယ်တော့ ဒီကျောက်ရုပ်ကြီးဟာ နာဂလူမျိုးတွေ ထင် သလို နတ်ဒေဝါတစ်ဦး ဝင်ပူးစီးနေတဲ့ အရုပ်ကြီးတော့ မဟုတ်ပါဘူး လူကလေးရယ်၊ အရမ်းကို စရိုက်ဆိုးသွမ်းရက်စက်တဲ့ နတ်မိစ္ဆာ၊ တစ်နည်းပြောရရင် သက်တမ်းရင့် ဖုတ်တစ္ဆေတစ်ကောင် ဝင်ပူးစီးနေ တဲ့ အရုပ်ကြီးပါ””
““ဗျာ၊ သက်တမ်းရင့် ဖုတ်တစ္ဆေကြီး ဟုတ်လား အဘ””
““အစစ်ပဲ မှောင်မဲခေါင်၊ အရုပ်ကြီးမှာ အခုပူးကပ်နေတဲ့ တစ္ဆေကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂ဝဝ)ကျော်ပြီကွဲ့၊ သူဟာ လူ့ဘဝမှာ ရှိစဉ်အခါတုန်းက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက် နာမည်ကြီး ဓားပြခေါင်းဆောင်တစ်ဦးပေါ့ကွယ်၊ နောက် တော့ ဘုရင့်အမိန့်နဲ့ ရဲမက်တွေက သုတ်သင်ရှင်းလင်းဖြစ်ခဲ့ကြလို့ အခုလို မကျွတ်မလွတ်တဲ့ တစ္ဆေသရဲဘဝကို ရောက်နေရတာပါ ၊ လူ့ဘဝတုန်းက အကုသိုလ်တွေရဲ့ အကျိုးဆက်ပေါ့ကွယ်””
““ဪ. . .ကျောက်ရုပ်နတ်မိစ္ဆာကြီးရဲ့ အကြောင်းက စိတ် ဝင်စားဖို့ ကောင်းလိုက်တာ အဘရယ်””
““ဒါနဲ့ သူ့ကို နှိမ်နင်းနိုင်မယ့် နည်းလမ်းလေးဘာလေးများ မရှိဘူးလား အဘရယ်””
““သိပ်ရှိတာပေါ့ကွယ်၊ အဲဒီနည်းကို ပြောပြချင်လို့ အဘ လာခဲ့တာပဲ၊ ဒါပေမဲ့ မောင်ရဲခေါင်တို့လို အဘနဲ့ ပဋ္ဌာန်းဆက်ရှိတဲ့ လူက နှိမ်နင်းပေးမှပဲ ရမယ့်ကိစ္စကွဲ့””
““ဟုတ်ကဲ့၊ ပြောမှာသာ ပြောပါ အဘ၊ မသိနားမလည်တဲ့ ရိုးသားတဲ့ လူတွေမှ ရွေးပြီး အနိုင်ကျင့် ရက်စက်တဲ့ ဒီနတ်မိစ္ဆာကောင် ကြီးကို ကျွန်တော်ကိုယ်တိုင် နှိမ်နင်းပေးပါ့မယ်လို့ အဘရှေ့မှာပဲ ကတိပေးပါတယ် အဘ””
““အိမ်း . . ဒီစကားမျိုး ကြားရတာ ဝမ်းသာလှသကွယ်၊ နည်း ကတော့ ဒီလိုပါ လူကလေး””
အဘိုးအိုမှ တခြားသူများ မသိမကြားစေချင်၍လောမသိ။ကျွန်ုပ်၏ နားနားသို့ကပ်၍ တီးတိုးညင်သာသော အသံဖြင့် ကျောက်ရုပ် မိစ္ဆာကြီးကို နှိမ်နင်ရမည့် နည်းလမ်းများကို ပြောပြပြီးသည်နှင့် မျက်စိရှေ့မှာတင် မျက်လှည့်ပြလိုက်သလို ဖျတ်ကနဲ ပျောက်ကွယ်သွားလေ၏။
ဤနေရာအရောက်တွင် ကျွန်ုပ်လည်း အိပ်မောကျနေရာမှ ဖျတ်ကနဲ လန့်နိုးလာချေ၏။ နာရီကို လှမ်းကြည့်လိုက်မိတော့ ည တစ်နာရီ ထိုးနေပြီဖြစ်သည်။ ကျွန်ုပ်လည်း အိပ်ရာကုတင်ပေါ်၌ထိုင်၊ ချမ်းအေးသောကာလ ဖြစ်သော်လည်း ဇောချွေးများပြန်လျက် ဖော်ပြပါ ထူးဆန်းသော အိပ်မက်အကြောင်းကို တစိမ့်စိမ့် တွေးနေမိတော့၏။
နောက်တစ်နေ့ နံနက်ခင်း အရုဏ်အလင်းရောက်သည်နှင့် ကျွန်ုပ်သည် အိပ်မက်ထဲမှ ပဋ္ဌာန်းဆက်ပုဂ္ဂိုလ် ဝတ်ဖြူစင်ကြယ် အဘိုးအို၏ အကြံပေးကူညီခြင်းကို လက်တွေ့အကောင်အထည်ဖော်ရန် အတွက် ညွှန်ကြားထားသော ပစ္စည်းများကို ယူငင်၍ တာဝန်ကျရာ ချင်းပြည်နယ် ဖလမ်းမြို့မှနေ၍ နာဂတိုင်းရင်းသားရွာ “လင်းခေါင်(မ်)” သို့ တစ်ဦးတည်း ထွက်လာခဲ့တော့၏။
ရွာတွင်းသို့ ကျွန်ုပ်ဝင်ရောက်လာသည့်အချိန်တွင် ရွာသူရွာသားအချို့ စုရုံးစုရုံး ဖြစ်နေကြသည်ကို တွေ့ရသောအခါ ကျွန်ုပ်မှာ ခရီး သွားဟန်လွဲ တီးခေါက်ကြည့်မိချေ၏။ ထိုအခါ စကားသွက်ပုံရသော အသက်(၂ဝ)အရွယ်ခန့်ရှိ နာဂလူငယ်လေးတစ်ဦးမှ . . .
““ဪ- - -အားကိုက အခုမှ ဒီကို ပြန်ရောက်တာဆိုတော့ မသိသေးဘူးနဲ့တူတယ်၊ ပြောရရင်တော့ အားကို ခွင့်ယူပြီး မြို့ကို ခဏပြန်သွားတဲ့အချိန်မှာပဲ တစ်ဖက်ရွာက ကောင်မလေးတစ်ယောက် ငါတို့ရွာက နတ်မင်းကြီး ရုပ်တုရှေ့မှာ အရိပ်ခိုဝင်နားနေရင်းက “အမယ်လေး ကယ်ကြပါဦးရှင်” လို့ အော်ဟစ်အကူအညီတောင်းရင်း လဲကျသွားတယ်၊ အော်သံကြားလို့ ငါတို့ရွာကလူတွေ ရောက်သွားတဲ့ အချိန်မှာ အဲဒီမိန်းကလေးဟာ အသက်မရှိတော့ဘူး၊ အံ့သြဖို့ကောင်း တာက သူ့ရဲ့ကျောကုန်းမှာ ကြီးမားတဲ့ လက်ငါးချောင်းရာကြီး စွဲထင် ကျန်နေတာပဲ အားကို””
နာဂတိုင်းရင်းသားလေးမှ ကျွန်ုပ်အား စိတ်ရှည်စွာဖြင့် စီကာ ပတ်ကုံး ပြောပြနေ၏။ ကျွန်ုပ်မှာမူ “ငါလာတာ အနည်းငယ် နောက် ကျသွားတယ်” ဟု စိတ်မကောင်းစွာ တွေးတောနေမိ၏။ တစ်ဆက် တည်းပင် “ဒီနတ်မိစ္ဆာကောင်ကြီး” အား ယနေ့ပင် အပြတ်ရှင်းတော့ မည်ဟု ဆုံးဖြတ်ချက်ချလိုက်မိ၏။
ယနေ့´ ကျွန်ုပ်လာရသည်မှာ ကံကောင်းသည်ဟု ဆိုရပေမည်။အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် “လင်းခေါင်(မ်)”ရွာရှိ ရွာသူ ရွာသားများအားလုံးသည် ကံမကောင်း အကြောင်းမလှစွာ သေဆုံးရရှာ သော တစ်ရွာသူ မိန်းကလေးအပေါ်သို့ အာရုံရောက်နေကြသည်။ ရွာအပြင်သို့ ကျွန်ုပ်လာနေသည့် လမ်းတစ်လျှောက် နှောင့်ယှက်ဟန့် တားမည့်သူ တစ်ဦးမျှ မတွေ့ရ။ လမ်းဘေးဝဲယာတစ်လျှောက် လေ တဖြူးဖြူးနှင့် စိမ်းလန်းစိုပြေနေသော မြက်ရိုင်းပင်ရှည်ကြီးများသာ တွေ့ရ၏။ စင်စစ်ဆိုရသော် “လင်းခေါင်(မ်)”ရွာသည် တောင်တန်းပြာ ကြီးများ ဝန်းရံနေပြီး “ပန်းချီကားတစ်ချပ်”နှယ် သာယာလှပသော ရွာကြီးတစ်ရွာ ဖြစ်ပေ၏။ သို့သော်ငြားလည်း “နတ်ဆိုးမိစ္ဆာ” ဝင်ပူး သောင်းကျန်းနေသည့် ကျောက်ရုပ်တုကြီးကြောင့် ရွှံ့နွံတွေ ညစ်ပေနေ သည့် ကြာဖြူပန်းတစ်ပွင့်နှယ် မိမိမှ မကယ်တင်လျှင် အကျည်းတန်နေ ရပေတော့မည်။
(၁၅)မိနစ်ခန့်မျှ လျှောက်လှမ်းမိပြီးသော် ကျွန်ုပ်သည် ကြောက် မက်ဖွယ် ရုပ်ဆင်းသဏ္ဌာန်နှင့် လွန်စွာအသက်ဝင်လှသော “နတ်ဆိုးမိစ္ဆာ” ကျောက်ရုပ်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိချေတော့၏။ သို့သော် ကျွန်ုပ်သည် ရောက်ရောက်ချင်းပင် ပရိတ်များဖြင့် မန်းမှုတ် သရဇ္ဈာယ် ထားသော သစ်သားတုတ်ချွန်လေးဖြင့် ကျွန်ုပ် ရပ်နေရာ၏ ဘေးပတ်ချာ လည်သို့ စည်းဝိုင်းတစ်ခု (ဝိုင်းထား)တားထားပြီး ဖြစ်နေတော့၏။ထို့နောက် ဝတ်ဖြူစင်ကြယ်အဘိုးအို၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန် ပရိတ်ရေပုလင်းငယ်တစ်ခုကို လွယ်အိတ်ထဲမှ ဆွဲထုတ် လိုက်၏။ ထိုအချိန်တွင် မိစ္ဆာကျောက်ရုပ်တုကြီးမှာကား အသက်ရှိနေ ဘိအလား ကျွန်ုပ်အား မျက်ထောင့်နီကြီးများဖြင့် စူးစိုက်ကြည့်နေပြီး ရန်လိုသည့် အရိပ်လက္ခဏာများကို ပြနေ၏။ ကျွန်ုပ်မှာမူ ၄င်းအား သတိထားကြည့်နေမိသော်လည်း ဂရုမစိုက်သည့်ဟန်ဖြင့် လုပ်စရာ ရှိသည်များကိုသာ ဆက်လုပ်နေတော့၏။
ပြီးနောက် နေအိမ်၌ ပရိတ်ကြီး(၁၁)သုတ်လုံးဖြင့် မန်းမှုတ် ထားသော ပရိတ်ရေဖြင့် ကျောက်ရုပ်တုကြီး ရှိရာသို့ လှမ်း၍ပက်ဖြန်း လိုက်လေရာ . . .
*“ဝုန်း
ပတ်ဝန်းကျင်တစ်ခုလုံး ငလျင်တော်လဲသံကြီးများလို အော် မြည်၍ ဆူညံပွက်လောရိုက်သွားချေတော့၏။ ကျွန်ုပ်မှာ ကျောက်ရုပ်တု ကြီးအား သေသေချာချာ သတိထားကြည့်မိသောအခါ ထူးဆန်းအံ့သြ ဖွယ်ရာ ကျောက်ရုပ်တုကြီး၏ နေရာအနှံ့အပြားမှ သွေးများယိုစီး စိမ့်ကျလာသည်ကို တွေ့ရှိရချေ၏။““အစ်...အစ်...အူး””
ကျောက်ရုပ်တုကြီးဆီမှလည်း ဝက်အော်သံလို အသံအစ်အစ် ကြီးများ ထွက်ပေါ်လာသည်ကို အံ့ဖွယ်ကြားလိုက်ရပြန်၏။ ကျွန်ုပ်မှာ မြွေဆရာ၏ အလမ္ပာယ်ပြကွက်တစ်ခုကို တွေ့မြင်လိုက်ရသော ကလေးငယ်တစ်ယောက်လို ထူးဆန်းသော ဤအချင်းအရာများအား ခေတ္တမျှ ငေးမောမှင်သက်၍ ကြည့်နေမိ၏။
ထိုစဉ်အချိန်မှာပင် ကွက်ကျားငလျင်တစ်ခုလို ကျောက်ရုပ်တု ကြီး၏ အနီးပတ်ဝန်းကျင်တစ်ဝိုက်ရှိ မြေကြီးများမှာ တဖြည်းဖြည်း လှုပ်ရှားကွဲအက်လာကြပြီး . . .
““ဝုန်း
အူး ကျောက်ရုပ်တုကြီးမှာလည်း အလယ်ခေါင်တည့်တည့်မှ ထက်ခြမ်းကွဲထွက်သွားပြီး အလွန်ကျယ်လောင်သော အသံကြီးနှင့်အတူ မည်းမည်းသဏ္ဌာန်(လူရိပ်နှယ်) အရိပ်ကြီးတစ်ခု မိုးပေါ်သို့ အရှိန်ပြင်းစွာ ဖြင့် ခုန်တက်သွားသည်ကို ကျွန်ုပ်တွေ့မြင်လိုက်ရတော့၏။
ထို့နောက် ၄င်းအရိပ်မည်းကြီးသည် ကျွန်ုပ်အား ရန်မူရန် ပြေးဝင်လာတော့၏။ သို့သော် ကျွန်ုပ်၏ ပတ်ချာလည်၌ စက်ဝိုင်း သဏ္ဌာန် တားထားသော ပရိတ်စည်းဝိုင်းကြောင့် ကျွန်ုပ်ရှိရာ အထဲသို့မဝင်သာဘဲ အပြင်မှာသာ သတ်မည်ဖြတ်မည် တကဲကဲဖြင့် ဟန်ပြင်၍ ခြောက်လှန့်နေတော့၏။
ထိုအခါ ကျွန်ုပ်မှ လွယ်ထားသော လွယ်အိတ်အတွင်းမှ တစ်စုံတစ်ရာကို အပြင်သို့ ထုတ်ယူလိုက်၏။ ဤအရာကား တစ္ဆေ၊ သရဲ၊ ဖုတ်၊ ကျတ်တို့ လွန်စွာကြောက်သော “သိမ်ဝင်သပိတ်ကွဲ” အပိုင်းလေးပင်တည်း။ ၄င်းနောက် ဒေါသတကြီးဖြင့် ရန်မူနေသော အရိပ်မည်းကြီး ရှိရာသို့ ပစ်ပေါက်လိုက်လေတော့၏။
*“ဝုန်း.
““အူး...အစ်. . .အစ်...””
ဤတွင် အရိပ်မည်းကြီးဆီမှ (ဝက်အော်သံကဲ့သို့) နာနာကျင် ကျင် အော်ဟစ်လိုက်သံကြီးကို အသည်းတုန် အူတုန်မျှ ကြားရချေ တော့၏။ ဤနေရာတွင် ကျွန်ုပ် ဉာဏ်မီသမျှ ရှင်းပြရမည်ဆိုပါက ဖုတ်ဝင်သကဲ့သို့ ကျောက်ရုပ်တုကြီးတွင် မှီခိုနေထိုင်၍ လူနှင့် တိရစ္ဆာန် များ၏ အသက်ကို လုယူသွေးစုပ်နေသော နှစ်ချို့ဖုတ်တစ္ဆေကောင်ကြီး ၏ ဇာတ်သိမ်းခန်းဟူ၍ပင် ပြောရချေတော့မည်။ နောက်ဆုံးတွင် ပတ်ဝန်းကျင်တစ်ခွင်လုံး ယခင်ကအတိုင်း တိတ်ဆိတ်ငြိမ်သက်သွားပြီး ကျောက်တုံးလေးများအဖြစ်သို့ တစ်စစီ ပျက်စီးကွဲကြေနေသော ကျောက်ရုပ်တုကြီး၏ အပိုင်းအစများကိုသာ တွေ့မြင်ရတော့၏။ အရိပ်မည်းကြီးကား “သိမ်ဝင်သပိတ်ကွဲ”၏ ဒဏ်ကို မခံနိုင်ဘဲ စုပ်စမြုပ်စ ပျောက်ကွယ်သွားပေတော့သည်။
ကမ္ဘာပျက်သည့်အလား ဆူညံပွက်လောရိုက်သံများကြောင့် လောမသိ။ “လင်းခေါင်(မ်)”ရွာမှ ရွာသူရွာသားတချို့ ကျွန်ုပ်ရှိရာသို့ တဖွဲ့ဖွဲ ရောက်ရှိလာကြ၏။ နောင်များမကြာမီအချိန်မှာပင် “လင်းခေါင်(မ်)” ရွာသူရွာသားများသည် မိမိတို့၏ အသိဉာဏ်ပညာ နည်းပါးမှု၊ ဆင်ခြင်တုံ တရားကင်းမဲ့မှု၊ အကြားအမြင် ဗဟုသုတ နည်းပါးမှု၊ ရိုးရာအစွဲ အလန်းကြီးမားမှုများ၏ အပြစ်ကို သတိမူ ဆင်ခြင်မိကြကုန်၏။ မိမိတို့၏ မှားယွင်းသော အယူအဆများအပေါ် ယူကြုံးမရ ဖြစ်နေကြ တော့၏။ ကျွန်ုပ်ကိုလည်း ရွာသူကြီး ရှီးရခီးမှ အစပြု၍ “လင်းခေါင်(မ်)” တစ်ရွာလုံးမှ ကျေးဇူးတင်မဆုံး ဖြစ်နေကြ၏။ ကျွန်ုပ်၏ အိမ်အပြန်ခရီး တွင်မူ ၄င်းတို့၏ ဒေသထွက် အသီးအနှံများနှင့်တကွ နာဂရိုးရာ အဝတ်အစားများ၊ နာဂရိုးရာ ပစ္စည်းများကို လက်ဆောင်အဖြစ် ပေး လိုက်ကြသည်မှာ တစ်ပုံတစ်ပင် အစုံအလင်ပင် ဖြစ်ပေတော့သတည်း။
စိုးမိုးနိုင်