ထဘီကြွေး(စ/ဆုံး)
———–
“သားရေ … ရန်ကုန်လိုက်မလား”
အမေကတစ်ည ကျွန်တော့်ကို မအိပ်မီ မေးသည်။ ကျွန်တော်ပျော်သွားသည်။ ရန်ကုန်ဆိုသည့်မြို့ကြီးကို စိတ်ကူးနှင့်မှန်းကြည့်နေရသည်မှာကြာပြီ။
အမေနှင့် ရန်ကုန်လိုက်ရမည်ဆိုသဖြင့် တစ်ညလုံး အိပ်မပျော်။ အိပ်ပျော်နေသောကြောင့် အမေ ထားခဲ့မည်ကို စိုးရိမ်သဖြင့် အမေ့ကို မကြာခဏထကြည့်ရသည်။
“ကောင်လေး အိပ်လေ … အမေနှိုးမှာပေါ့”
အမေကအတင်းအိပ်ခိုင်းသော်လည်း စိတ်မဖြောင့်
“သားရေထတော့လေ ရထားမမီဘဲနေမယ်”
ကျွန်တော်တို့ သားအမိနှစ်ယောက် ဘူတာကို အပြေးလေးသွားလိုက်ရသည်။ ညအိပ်လော်ကယ် ရထားကြီးက နှာတရှူးရှူးမှုတ်နေသည်။
ရထားပေါ်လက်မှတ်ဝယ်ပြီး အပြေးလေးတက်လိုက်ကြသည်။ မိုးကားမလင်းသေး။ ရထားပေါ်တွင် လူတွေ အများကြီးပြည့်နေသည် ခုံတတွေမှာ နေရာမရှိ။ အောက်ခင်းကြမ်းတွင်လည်း လူတွေ ထိုင်နေကြသည်။ အမေက အတက်အဆင်းတစ်နေရာ လွတ်သည့်အကွက်တွင် လွယ်အိတ်ထဲထည့်လာသည့် သတင်းစာ ခေါက်လေးကို ခင်းလိုက်ပြီး
“သား … ထိုင်”
“ဟင် … အမေ ကြမ်းပြင်ကြီးမှာ”
“ခုံတွေက လူပြည့်နေရင် ဒီလိုပဲ လိုက်ရတယ်ကွ”
ကျွန်တော်နှင့်အမေ အတူထိုင်လိုက်သည်။ ကျွန်တော်ညက အိပ်ရေးပျက်သဖြင့် အမေ့ပေါင်ပေါ်တွင် ခေါင်းကိုတင်ထားရာမှ အိပ်ပျော်သွားသည်။
“ကောင်လေး … မုန့်စားရအောင်”
အမေကကျွန်တော့်ကိုနှိုးလိုက်သည်။ အမေ့လက်ထဲတွင် ကောက်ညှင်းထုပ်ကို ဖက်တွေဖြေထားသည်။
“ရော့ … စား”
အမေက ကျွန်တော့်ကို ခွံ့ကျွေးသည်။
“အမေရေသောက်ချင်လိုက်တာ”
“ရှေ့ဘူတာရောက်ရင် သောက်ရမယ်”
မိုးလင်းနေပြီ။ အမေက မတ်တတ်ထပြီး ရထားအပြင်ကို ခေါင်းပြူကြည့်နေသည်။ ဘူတာကို ရထားဆိုက်ပြီ။
“ရေသည် … ရေသည်”
ရေသည်ကလေးတစ်ယောက်က အိုးလေးခေါင်းရွက်ပြီး ပြေးလာသည်။ အမေက ရထားပေါ်မှ ရေခပ်သောက် သည်။ ထို့နောက် ရေနောက်တစ်ခွက်ခပ်ပြီး ကျွန်တော့်ကို တိုက်သည်။ အမေက ရေသည်ကလေးကို အကြွေတစ်စေ့ထုတ်ပေးပြီး ထိုင်မည်အပြုတွင်
“ဆရာမကြီး … ဒီခုံမှာ လာထိုင်ပါခင်ဗျာ”
လူငယ်တစ်ယောက်က သူထိုင်နေသည့် ထိုင်ခုံမှထလာပြီး အမေ့ကို လာခေါ်ခြင်း ဖြစ်သည်။
အမေက ထိုလူငယ်ကိုကြောင်ကြည့်နေသည်။
“ဪ … အေး … အေး … လာ သား”
အမေက လူငယ်ဖယ်ပေးသော ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။ ထိုအချိန်မှ ကျွန်တော် အမေ့ကို သေသေချာချာ ကြည့်လိုက်သည်။
အမေက ထိုခေတ်က စစ္စတာစိမ်းခေါ် ဘဲခေါင်းစိမ်း ထဘီဝတ်ထားသည်။ အင်္ကျီက အဖြူလက်ရှည်၊ အင်းလေး လွယ်အိတ်ကို လွယ်ထားသေးသည်။ ခုမှ ကိုယ့်အမေကို သေသေချာချာကြည့်လိုက်ရာ ကျောင်းအုပ် ဆရာမကြီးစတိုင်ပေါက်နေသည်။
“အမေ”
“ဘာလဲသား”
“အမေက ကျောင်းဆရာမလည်း မဟုတ်ဘဲ ဘာဖြစ်လို့ ဟိုအစ်ကိုကြီး ပေးတဲ့ ခုံကို လက်ခံလိုက်ရတာလဲ”
“အမေက သူ့ကို ဘာပြောလို့လဲ … သူ့ဘာသာသူ ဆရာမကြီးခေါ်ပြီး နေရာပေးတာပဲ”
“အမေက ဆရာမ မဟုတ်ဘူးပြောပေါ့”
“သားပြောလိုက်လေ”
ကျွန်တော်က တံခါးနားတွင်ရပ်နေသည့် အစ်ကိုကြီးဆီကိုသွားပြီး
“အစ်ကိုကြီး”
“ဘာလဲကွ”
“ကျွန်တော့်အမေက ဆရာမ မဟုတ်ဘူး”
“ကျောင်းဝတ်စုံ ဝတ်ထားတာပဲကွ”
“ဘာဝတ်ဝတ် အမေက ဆရာမ မဟုတ်ဘူး”
“အဲဒီတော့ ညီလေးက ဘာလုပ်မလို့လဲ”
“အစ်ကို့ခုံမှာ မထိုင်ချင်ဘူး”
“ညီလေးက မထိုင်ချင်တာလား”
“မဟုတ်ဘူး … အမေလည်း မထိုင်ရဘူး”
“ဘာဖြစ်လို့လဲ”
“အမေက ဆရာမ မဟုတ်လို့”
“အစ်ကို နားလည်ပြီ … ညီလေး အမေက ဆရာမ ဟုတ်လား … မဟုတ်လား အစ်ကို မသိဘူး … အစ်ကိုက ကျောင်းဝတ်စုံဝတ်ထားရင် လေးစားပြီးသား … အစ်ကို့ အမေလည်း ဆရာမပဲကွ”
“အစစ်လား”
“အစစ်ပေါ့ … ပြီးတော့ ညီလေးအမေက အသက်ကြီးပြီ …ဒီနေရာမှာထိုင်ဖို့ မတော်ဘူး … နောက်ပြီး အစ်ကို့ အမေဆရာမအရွယ်မို့လို့ နေရာဖယ်ပေးတာ”
ကျွန်တော်က အမေ့ဆီကို ပြန်လာလိုက်သည်။
“ဘာပြောလဲသား”
“ကျောင်းဝတ်စုံကို လေးစားလို့တဲ့ … ဒါနဲ့အမေက ဘာဖြစ်လို့ ကျောင်းစိမ်းထဘီဝတ်ခဲ့တာလဲ”
“သား … သမက အထည်စတွေ မဲဖောက်ပေးတော့ အမေက ဒီထဘီတစ်ထည်စာကို မဲပေါက်တယ်လေ။ ဒါကြောင့် ချုပ်ဝတ်ရတော့တာပေါ့”
ထိုခေတ်က မှောင်ခိုဖမ်းမိသော အထည်အလိပ်များကို သမခွဲတမ်းဖြင့် ပြန်ပြီး ရောင်းပေးလေ့ရှိသည်။ အမေက မဲပေါက်သော ထဘီတစ်ကွင်းစာ အသစ်လေးကို ချုပ်ဝတ်ခဲ့ခြင်းဖြစ်သည်။
“သား မျက်နှာက ဘာဖြစ်နေတာလဲ”
“အမေက ဆရာမ မဟုတ်ဘဲ … ဆရာမလို့ အထင်ခံတာ စိတ်ထဲတစ်မျိုးကြီးပဲ”
“အမေက ပညာမတတ်တော့ ဆရာမဖြစ်ချင်လည်း လုပ်လို့ မရဘူးကွယ်။ ဒီထဘီလေး မဲပေါက်တော့ ပျော်သွားတာ။ တစ်သက်လုံး ဆရာမ ဖြစ်ချင်တဲ့စိတ်နဲ့ ဒါလေးဝတ်လိုက်ရရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးတွေ ယဉ်ခဲ့ရတာ မောနေတာပဲ။ အမေ ပညာမတတ်တော့ ဆရာမ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အမေလည်း စိတ်ကူးလေးတော့ ယဉ်ချင်တာပေါ့ မဟုတ်ဘူးလား”
အမေက ကျွန်တော့်ကို သူဘေးဆွဲခေါ်ကာ ထိုင်ခိုင်းလိုက်သည်။
“သား … စိတ်ထဲ ဘယ်လိုဖြစ်နေလဲ”
“အမေ …”
“ဘာလဲသား”
“သားကြီးလာရင် ကျောင်းဆရာလုပ်မယ်”
“ဟာ … ဝမ်းသာလိုက်တာကွယ် … သားကဘာဖြစ်လို့ ကျောင်းဆရာ လုပ်ချင်တာလဲ”
“အကြွေးဆပ်မလို့”
“ဘာအကြွေးလဲသား”
“အမေ့ထဘီကြွေး”
“အိုကွယ် … သားရယ်”
ယခု အမေမရှိတော့ပြီ။ ကျွန်တော် အမေ့ထဘီကြွေးကို ဆပ်နေပါသည်။
တင်ညွန့်
၁၉.၁.၂၀၂၀